← Chapters

အခန်း (၂၄၃)

Vol. 17 Ch. 243

အခန်း (၂၄၃)

Vol. 17 Ch. 243

“ဂိုဏ်းချုပ်ဟောင်းက ပြိုင်ဘက်ကင်းတယ်”

“ဂိုဏ်းချုပ်ဟောင်းက အနှိုင်းမဲ့တယ်”

“ဒေါသရေနဂါးဂိုဏ်းက လောကကြီးမှာ ပြိုင်ဘက်ကင်းတယ်”

အသက်ရှင်ကျန်ကြသည့် ဒေါသရေနဂါး ဂိုဏ်းသားများက ပျော်ရွှင်စွာ အော်ကြ၏။ အချို့ဆိုလျှင် နေရာမှာတင် ဒူးထောက်ကာ စိတ်လှုပ်ရှားစွာဖြင့်‌ ကောင်းကင်ရှိ မှင်နက်ရောင် ရေနဂါးကို ဦးချကြ၏။

‘မြင်ကြလား’

ဤသည်မှာ သူတို့၏ ဒေါသရေနဂါးဂိုဏ်း ဖြစ်သည်။ သူတို့ဟာ ကြွားဝါနေခြင်း မဟုတ်ပေ။ မှန်တကယ်ကို ရေနဂါးရှိ၏။

ထိုအချိန်၌ ကောင်းကင်မြင့်တွင်..

သူတို့၏ အောင်ပွဲခံသည့် အသံများကို ရင်ဆိုင်ရချိန်၌ ရေနဂါးဟာ အရှေ့ဘက်သို့ ရုတ်တရက် ပျံသန်းသွား၏။

“ဂိုဏ်းချုပ်ဟောင်း အရှေ့ဘက်ကို သွားနေပြီ။ ငါတို့လည်း သွားပြီး ကူရအောင်”

ရှန့်ကွမ်းလီ၏ အရှေ့ဘက်သို့ ပျံသန်းသွားမှုကို‌ တွေ့ရပြီးနောက် လူတိုင်းဟာ သွေးသစ်လောင်းလိုက်သည့်အလား တက်ကြွစွာဖြင့် အရှေ့ဘက်သို့ အပြေးသွားကြ၏။

ယန်ရှိန်က အံကိုကြိတ်ကာ‌ နောက်မှလိုက်သည်။ ဤသည်မှာ သူ့အသက်ကို ပြန်လည်ကယ်တင်နိုင်မည့် အခွင့်ရေး ဖြစ်၏။ မဟုတ်ပါက ဂိုဏ်းချုပ်ဟောင်းသာ ပြီးလျှင် သူလုပ်ခဲ့သည့် ကိစ္စများကို ဖော်ဆောင်ပါက စစ်ဘုရင်တစ်ယောက် ဖြစ်နေလျှင်တောင် ကြီးစွာ ထိခိုက်မှာဖြစ်သည်။

“၁။ ငယ်ရွယ်သည့်ခွင်(မြောက်ဘက်ပင်လယ်တွင် ခွင်ဟုခေါ်သည့် ငါးတစ်ကောင်ရှိသည်။ ခွင်၏ အရွယ်အစားဟာ အလွန်ကြီးမားပြီး မိုင်ထောင်ပေါင်း မည်မျှရှိသည်ကို မည်သူမှ မသိပေ။ ငယ်ရွယ်သည့် ခွင်ဟာ ပိုမိုသေးငယ်ပေမယ့် ရေကိုထိန်းချုပ်နိုင်ပြီး နက်ရှိုင်းသည့် ပင်လယ်အတွင်းတွင် ပုန်းအောင်းနိုင်သည်)”

“၂။ မှင်နက်ရောင် ရေနဂါး(နဂါးသဏ္ဍန်၊ ခြေလေးချောင်း၊ ဦးချိုမရှိသည့် ရေစွမ်းရည် အချိုးအစား ရေနဂါးတစ်ကောင် ဖြစ်သည်။ ရေနဂါးတစ်ကောင် ပေါ်လာတိုင်းတွင် တောင်များ အက်ကွဲပြီး ရေများ ပေါက်ကွဲသည်။ မြွေတစ်ကောင်ဟာ နှစ်ပေါင်း၅၀၀ ကြာပြီးပါက ရေနဂါးအဖြစ် ပြောင်းလဲနိုင်သည်။ ရေနဂါးဟာ နှစ်ပေါင်း၁၀၀၀ ကြာပြီးပါက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်သည်။ ၎င်းဟာ နဂါးသွေးမျိုးဆက် တစ်စိတ်တစ်ပိုင်းဖြင့် မွေးဖွားသည်) (ပြောင်းလဲမှု ကျန်ရှိချိန်- ၃မိနစ်)”

ဓါးပြများစွာတို့ကို တစ်ခါတည်း‌ ခြောက်သွေ့အောင် စုပ်ယူပြီးနောက် ဟနကျောက်ဟာ အောက်ရှိ အားပေးမှုများကို လစ်လျူရှုကာ တိမ်များကို စီးနင်းပြီး အရှေ့ဘက်သို့ ထွက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် စနစ်မျက်နှာပြင်တွင် နံပါတ်၏ ပြောင်းလဲချိန်ဟာ ၃မိနစ်သာ ကျန်တော့သောကြောင့် ဖြစ်၏။

ရေနဂါးအဖြစ် ပြောင်းလဲပြီးနောက်တွင် သူဟာ မူလခွန်အား အကန့်အသတ်ထက် ကျော်လွန်သည့် စွမ်းရည်ကို ထုတ်လွှတ်နိုင်ပါသည်။

တစ်နည်းအားဖြင့် အားအနည်းဆုံး သာမန် ရေနဂါးတစ်ကောင်ဟာ လူသားသိုင်းသမားများ၏ ဖင်းစုဆောင်းခြင်း သိုင်းသူတော်စင်အဆင့်နှင့် နှိုင်းယှဉ်နိုင်ပါသည်။

သူကတော့ ချီတစ်ဆင့် စစ်ဘုရင်အဆင့်၌သာ ရှိ၏။

သို့ရာတွင် နဂါးမျိုးနွယ်ဟာ စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်နှင့် အံ့ဩစရာ ကောင်းလှသည့် ကြံ့ခိုင်မှုတို့ဖြင့် ကျော်ကြားသည်။ သူဟာ ချီတစ်ဆင့် စစ်ဘုရင်တစ်ယောက်သာ ဖြစ်ပေမယ့် စိတ်ဝိညာဉ်သားရဲ၏ စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်နှင့် ကြောက်စရာကောင်းသည့် စွမ်းရည်များကို ပေါင်းလိုက်ပါက ထုတ်လွှတ်နိုင်သည့် စွမ်းအားဟာ ချီငါးဆင် စစ်ဘုရင်တစ်ယောက်နှင့် သေချာပေါက် နှိုင်းယှဉ်နိုင်ပါသည်။

မဟုတ်ပါက ဟန်ကျောက်ဟာ စစ်ဘုရင်နှစ်ယောက်တို့ကို အလွန်လွယ်ကူစွာ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ စစ်ဘုရင်အဆင့် သိုင်းသမား တစ်ယောက်ပင်လျှင် နီးကပ်သည့် နဂါးဟိန်းသံကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဟန်ကျောက်ဟာ သူတို့၏ နားများသို့ ကပ်ခါပင် အော်ခဲ့သေး၏။

ဒီဗိုင်းလက်နက် မိသားစုနှင့် စိတ်ဝိညာဉ်သားရဲ မိသားစုရှိ လူများဟာ လက်ရှိ သိုင်းသမားများကို အလေးအနက် မထားတာ အံ့ဩစရာ မရှိပေ။ သူဟာ ရှန့်ကွမ်းလီ၏ ခန္ဓာကိုယ်အတွင်းရှိ ရေနဂါးသွေးကို စုပ်ယူရန် မစောင့်နိုင်တော့ပေ။

“သုံးမိနစ်ကျန်သေးတယ်.. ငါမြန်မြန်လုပ်ရမယ်”

ဟန်ကျောက်၏ မြင်ကွင်းအတွင်းတွင် မြေမျက်နှာပြင်ဟာ လျှင်မြန်စွာဖြင့် နောက်တွင် ကျန်ရစ်ခဲ့၏။ လောကကို ခြေဆန့်နိုင်သည့် ခံစားချက်ဟာ အမှန်တကယ်ကို ရစ်မူးဖို့ ကောင်းလှသည်။

အမှောင်ဖီးနစ်ကျွန်း၏ အရှေ့မြောက်ဘက်တွင်..

ကမ်းခြေမှ ကီလိုမီတာ အနည်းငယ် ကွာဝေးသည့် ပင်လယ်ပြင်တွင် ဇိမ်ခံသင်္ဘောနှင့် တူညီသည့် တင့်တယ်သည့် သင်္ဘောတစ်စီး ရှိပါသည်။

သင်္ဘော၏ ထိပ်ဆုံးအလွှာရှိ သီးသန့်ခန်းအတွင်းတွင် ရွှယ်ဟန်၊ ဟယ်ရွှမ်နှင့် ကောင်းပိုင်ကျယ်တို့ဟာ စားပွဲတွင်ထိုင်ကာ ဝိုင်နှင့် လက်ဖက်ရည်တို့ကို သောက်နေ၏။

သက်တောင့်သက်သာနှင့် လက်ရာမြောက်ကာ အရသာရှိသည့် အစားအသောက်များကို စားနေသည်။

မလှမ်းမကမ်းရှိ ကမ်းပေါ်တွင် ဒေါသရေနဂါးဂိုဏ်းနှင့် ဓါးပြများဟာ သွေးလွှမ်းသည့် တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။ သို့ပေမယ့် သူတို့သုံးယောက်ဟာတော့ ဒီနေရာသို့ ပျော်ပွဲစားဖြင့် ရောက်လာသည့်အလား သက်တောင်သက်သာ အေးဆေးနေပါသည်။

သူတို့ဟာ အမြင့်တွင် ထည်ဝါစွာ ပြုမူနေထိုင်ရတာ အသားကျပြီး ဖြစ်၏။ သာမန်လူများ၏ သေခြင်းရှင်ခြင်းကို ဘယ်လိုလုပ်ပြီး ဂရုစိုက်မည်နည်း။

ရွှယ်ဟန်က လက်ဖက်ရည်ကို သောက်ကာ ပွဲအား ကြည့်နေ၏။

မကြာခင် သူမဟာ အနည်းငယ် ပျင်းရိစွာ ခံစားလာရသည်။ ဒီသိုင်းသမားများ အားလုံးဟာ အလွန် အားနည်းလှ၏။ အချို့အကွက်များမှ လွဲ၍ ကျန်သည်များဟာ ပြောပလောက်စရာ မရှိပေ။

သူမဟာ လက်ဖက်ရည်ခွက်ကို ချကာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“ဟိုဝက်ခေါင်းက ဘာလဲ.. ဓမ္မပူဇော်ဖို့အတွက် သိုင်သမားအရေအတွက်က စံချိန်ကို ရောက်တော့မယ်။ သူကဘာလို့ မရောက်သေးတာလဲ”

“အစ်ကိုကျုရဲ့ ငါးပျံကျွန်းက ဒီနေရာနဲ့ အဝေးဆုံးပဲ။ သူလမ်းမှာ ကြာနေတာလားမှ မသိတာ”

ရွှယ်ဟန်က အနည်းငယ် မရေရာစွာ ပြောသည်။ အချိန်အရ လမ်းတွင် ကျန့်ကြာနေလျှင်တောင် ယခုအချိန်၌ ရောက်နေသင့်ပါပြီ။

“နည်းနည်းလောက် ထပ်စောင့်တာပေါ့။ အချိန်ကျလို့မှ ပေါ်မလာသေးရင် ဓမ္မပူဇော်ခြင်းကို ငါတို့သုံးယောက်ပဲ လုပ်လိုက်မယ်။ ဒီဗိုင်းလက်နက်က ငရဲကိုးခုစံအိမ်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူးပေါ့”

ကောင်းပိုင်ကျယ်က အသံနိမ့်စွာ‌ ပြောသည်။

“ကျွန်မလည်း အစ်ကိုကောင်းရဲ့ စကားကို သဘောတူတယ်။ ဝက်ခေါင်းကို ကြည့်ရတာ အဆင်မပြေတာကြာပြီ”

ရွှယ်ဟန်က ပြုံး၏။

“ဒါက မင်းတို့နှစ်ယောက်လုံးရဲ့ သဘောထားဆိုရင် ငါလည်း ဟယ်မိသားစုရဲ့ ကိုယ်စား သဘောတူတယ်”

ဟယ်ရွှမ်က ခဏတာ စဉ်းစားပြီးနောက် သဘောတူ၏။ အဖွဲ့လေးခုတို့ အထဲတွင် နတ်ဆိုးများဟာ အသောင်းကျန်းဆုံး ဖြစ်သည်။ သုံးဖွဲ့သာ အတူတူပူးပေါင်းကာ ကျုကန်ရီ၏ ငရဲကိုးခု စံအိမ်ကို ဖယ်ထုတ်လိုက်ပါက ဒေသခံဖြစ်သည့် ဟယ်မိသားစုဟာ အကျိုးအများဆုံး ဖြစ်မှာပါ။

“ဒါဆိုရင် ပျော်ရွှင်စရာ ပူးပေါင်းမှု ဖြစ်ပါစေ”

ရွှယ်ဟန်က သူမ၏ ဖန်ခွက်ကို မြှောက်သည်။

အုပ်စိုးသူမိသားစုများနှင့် နတ်ဆိုးများအကြားရှိ ဆက်ဆံရေးဟာ အလွန် ရှုပ်ထွေးပါသည်။

အထက်ပိုင်းရှိ ပုဂ္ဂိုလ်များဟာ အေးအေးချမ်းချမ်းဖြင့် ညှိနှိုင်းစွာ နေကြပြီး အောက်ပိုင်းရှိ လူများကတော့ ဓါးဆွဲတုတ်ဆွဲ အခြေအနေတွင် ရှိ၏။

နတ်ဆိုးများ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးပုံဆောင်ခဲဟာ အုပ်စိုးသူ မိသားစု မျိုးဆက်များ၏ သွေးမျိုးဆက်ကို သန့်စင်နိုင်ပြီး ဒီဗိုင်းလက်နက်များ၏ စွမ်းအားကိုလည်း အားဖြည့်ပေးနိုင်သည်။

အုပ်စိုးသူ မိသားစု မျိုးဆက်များ၏ အသွေးအသားဟာလည်း နတ်ဆိုးများအတွက် ကြီးမားသည့် အာဟာရဖြစ်၏။

အခြေအနေများကသာ ခွင့်ပြုလာပါက ထိုဆွဲဆောင်မှုကို နတ်ဆိုးများပဲဖြစ်ဖြစ်၊ အုပ်စိုးသူ မိသားစုမှ မျိုးဆက်များပဲဖြစ်ဖြစ် ငြင်းဆန်နေမည် မဟုတ်ပါ။

စိတ်ဝိညာဉ်စောင့်ရှောက်သူများဟာ အင်ပါရီယာ ရုံးတော်၏ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး နတ်ဆိုးများနှင့် လုံးဝ ရန်သူများ ဖြစ်ကြသည်။ အုပ်စိုးသူ မိသားစုမှ မျိုးဆက်များစွာတို့ဟာ ထိုအဖွဲ့အစည်း အတွင်းသို့ ဝင်ရောက်ကြခြင်းမှာ သာမန်လူများအား နတ်ဆိုးများရန်မှ ကာကွယ်ရန် မဟုတ်ပေ။

အများစုဟာ နတ်ဆိုးများ၏ ခန္ဓာကိုယ်မှ နတ်ဆိုးပုံဆောင်ခဲကို လိုချင်သောကြောင့် ဖြစ်၏။

“ပျော်ရွှင်စရာ ပူးပေါင်းမှုပါ”

ကောင်းပိုင်ကျယ်က ခဏတာ စဉ်းစားပြီးနောက် သူ၏ ဖန်ခွက်ကို မြှောက်ကာ သူတို့နှစ်ယောက်နှင့် ခွက်တိုက်သည်။

“ငါတို့ရဲ့…”

သုံးယောက်သားက ခွက်များကို မြှောက်ကာ သောက်မည်အပြုတွင် ရွှယ်ဟန်က ထပ်ပေါင်းပြော၏။

“ရိုးဝါး”

သီးသန့်ခန်းအတွင်းရှိ လူအားလုံး၏ နားထဲသို့ စူးရွားသည့် အသံတစ်ခု ဝင်ရောက်လာ၏။ အရပ်မျက်နှာ အားလုံးတို့ဆီမှ အသံလှိုင်းများ ပျံ့နှံ့လာခဲ့သည်။ သူတို့၏ နားစည်များ ဆွဲဖြဲခံရသည်ဟု ခံစားရ၏။ ဦးခေါင်းများဟာ အသံများမြည်နေပြီး မူးဝေလာခဲ့သည်။

“ငါ့နားတွေ”

သူတို့သုံးယောက်၏ ဘေးရှိ နောက်လိုက်များက နားများကိုအုပ်ကာ နာကျင်စွာ‌ အော်ကြသည်။ ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကုန်၏။

“ခရက်၊ ခရက်၊ ခရက်”

သီးသန့်ခန်း၏ သစ်သားနံရံနှင် ကြမ်းပြင်တို့တွင် အက်ကွဲကြောင်းကြီးများ ပေါ်လာခဲ့သည်။ ချက်ချင်းပင် ယိုင်နဲ့ကုန်၏။

“ဒါက.. နဂါးဟိန်းသံလား”

ရွှယ်ဟန်၏ မျက်လုံးများက ပြူးကျယ်နေ၏။

ကောင်းကင်ထောက်တိုင်တောင်ရှိ နဂါးသတ်ခြင်းတွင် တိမ်စီရင်စု၏ အုပ်စိုးသူ မိသားစုသုံးခုမှ တစ်ခုဖြစ်သည့် ရွှယ်မိသားစုသည်လည်း လူများကို စေလွှတ်ခဲ့။ ထိုအချိန်က သူမဟာ လနှစ်စင်းမြို့တွင် ရှိနေသောကြောင့် အပျော် သွားကြည့်ခဲ့၏။

မထင်မှတ်စွာပင် အဝေးရှိ နဂါးဟိန်းသံဟာ သူမ၏ အနက်ရောင် အကာအကွယ်အလွှာကို ချိုးဖျက်လုမတတ် ဖြစ်စေခဲ့သည်။ ထိုအသံကို အိပ်မက်ထဲ၌ပင်လျှင် ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

“ဘုန်း”

တုန်ခါနေသည့် မျက်နှာကျက်ဟာ ပြုတ်ကျလာပြီး ဟယ်ရွှမ်၏ အတွင်းအားတို့ မြင့်တက်လာ၏။ လက်သီးတစ်ချက်ကို ထုတ်ကာ ပြင်းထန်သည့် အတွင်းအားနှင့် အစစ်အမှန်ချီကို အသုံးပြုပြီး အားလှိုင်းတစ်ခု ထုတ်လွှတ်ကာ အမိုးကို လွင့်စင်သွားစေသည်။

မြောက်ဘက်တွင် မီတာ၂၀ကျော်သည့် ကြမ်းကြုတ်သည့် မှင်နက်ရောင် ရေနဂါးတစ်ကောင်ဟာ ကောင်းကင်ရှိ တိမ်တိုက်များအကြား၌ ကူးခတ်နေ၏။ ၎င်းဟာ ကမ္ဘာပြိုမတတ် နဂါးဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဒါက မှင်နက်ရောင် ရေနဂါးပဲ’

ကောင်းပိုင်ကျယ်၏ ပါးစပ်က ပွင့်ဟနေ၏။

“ဒီနေရာက.. မှင်နက်ရောင် ရေနဂါးက ဘာလို့ ဒီမှာရှိနေတာလဲ”

ရွှယ်ဟန်ဟာ တုန်ခါသွား၏။ သူမဟာ အရင်ကကဲ့သို့ ဟန်ဆောင်ပန်ဆောင်လုပ်ခြင်း မဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်ဟာ အမှန်တကယ်ကို အလွန်ကြောက်ရွံ့သဖြင့် တုန်ယင်နေခြင်း ဖြစ်၏။

All Chapters