← Chapters

လူသတ်သမား သရဲမျက်နှာ။ အနက်ရောင် မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် ခေါင်းဆောင်။(၄)

Vol. 5 Ch. 65

လူသတ်သမား သရဲမျက်နှာ။ အနက်ရောင် မြင်းတပ်ဂိုဏ်း၏ စတုတ္ထမြောက် ခေါင်းဆောင်။(၄)

Vol. 5 Ch. 65

လမိုက်အရှင်၏ အတွင်းအားသည် အသင့်အတင့်ရှိသော်လည်း သူသည် နတ်ဘုရားခွန်အားနယ်ပယ်သို့ပင် မရောက်သေးပေ။ များသောအားဖြင့် သူ့အဆင့်က ယန်စုန့်နဲ့ အတူတူလောက်ပင်။ ထို့အပြင် စူးချန်ခုန်းသည် သူ၏အဝတ်အောက်တွင် ရွှေပိုးချည်ကွင်း သံချပ်ကာကို ၀တ်ဆင်ထားသောကြောင့် ထိုလက်ဖဝါးရိုက်ချက်နှင့် ရင်ဆိုင်ရသောအခါ ရှောင်တိမ်းရန်ပင် မစဉ်းစားခဲ့။

“စောင့်…စောင့်နေ…” လမိုက်အရှင်သည် သူ၏လက်နက်ပုန်းများဖြင့် အားသာချက်ကို ဦးစွာ ရယူခဲ့ပြီး အစွမ်းကုန် ပစ်ခတ်ခဲ့သော်လည်း စူးချန်ခုန်းက ဒဏ်ရာ အနည်းငယ်မျှပင် မရရှိခဲ့ပေ။ မကြာမီ ကျရောက်တော့မည့် ဘေးဒုက္ခကို သိသောကြောင့် သူသည် ထိတ်လန့်တကြား အော်ဟစ်ကာ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာသည်။

"အရင်ဆုံး ငါ့ဆီက တစ်ချက်လောက် ထိုးခံလိုက်။"

စူးချန်ခုန်းက စကားဆက်ပြောဖို့ စိတ်မ၀င်စားပေ။ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လမိုက်အရှင်၏ စကားကို ဖြတ်ပြောလိုက်သည်။ နတ်ဘုရားရဲစွမ်းသတ္တိအဆင့်၏ အံ့ဩစရာကောင်းသော စိတ်ဝိဉာဉ်များဖြင့် ပြည့်နှက်နေသည့် သူ၏အော်သံကြောင့် လမိုက်အရှင်၏ ဦးခေါင်း မူးဝေသွားလေ၏။ စူးချန်ခုန်း၏ ညာလက်သီးကို မြှောက်လိုက်ပြီး သူ့ခေါင်းကို သံတူဖြင့် ရိုက်ချလိုက်သည့်နှယ် ထုခွဲလိုက်သည်။

လမိုက်အရှင်သည် ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ လေးလံလှသော ထုရိုက်မှုကြောင့် သူ့စိတ်ထဲ ချာချာလည်သွားသလို ခံစားလိုက်ရသည်။ နတ်ဘုရား စွမ်းအား၏ ကျင်းတစ်ထောင်အလေးချိန်ရှိသော စူးချန်ခုန်း၏လက်သီးသည် လမိုက်အရှင်၏ ဦးခေါင်းပေါ်သို့ အတုံးလိုက် ကျရောက်လာတာ ဖြစ်သည်။

“ဒုတ်!”

ရိုက်ခတ်မှု၏ ပြင်းထန်သော အသံကြောင့် လမိုက်အရှင်၏ခြေဖဝါးအောက်ရှိ သစ်သားပျဉ်ပြားများ အတွင်းသို့ ကျွံဝင်သွားပြီး သူ့ခြေထောက်များ နစ်ဝင်သွားခဲ့သည်။ သူ၏ ခေါင်းထိပ်က ကွဲကြေလျက် အထဲသို့ ချိုင့်ဝင်ပြီး ဉီးခေါင်းခွံသည် ရင်ဘတ်နားထိ ကြေမွသွားတော့သည်။

သွေးတွေက မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စီးကျလာ၏။ စူးချန်ခုန်း၏ လက်သီးချက်ကြောင့် နေရာတွင်ပင် သူ့ကို ရက်စက်စွာ မသတ်မီ အော်ဟစ်ရန်ပင် အခွင့်အရေး မရခဲ့။

တစ်ခဏလောက်ကြာအောင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ဖုန်းရှီမြို့မှ မြို့သူမြို့သားများအတွက် လေနှင့်မိုးကို အမိန့်ပေးနိုင်သည့် နတ်ဘုရားတစ်ဆူအဖြစ် အထင်ကြီးနေကြသော လူကို မျက်လုံးတစ်မှိတ်အတွင်း သရဲမျက်နှာနှင့်လူ ထုသတ်လိုက်သည့် မြင်ကွင်းမှာ အံ့အားသင့်စရာပင်။

စူးချန်ခုန်းသည် လမိုက်အရှင်က အားနည်းတာ မဟုတ်ဘဲ သူ့ကိုယ်ပိုင်စွမ်းအားက အလွန်အမင်း အစွမ်းထက်နေတာသည်ကို သိသည်။ ခန္ဓာကိုယ် သန့်စင်ခြင်း၏ မဟာအောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိပြီးနောက် ချင်းရွှေမြို့၏ မိုင်ရာပေါင်းများစွာအတွင်း သူနှင့် လက်ရည်တူများကို ရှာဖွေရန် ခဲယဉ်းပေလိမ့်မည်။ ခြွင်းချက်အနည်းငယ်မှလွဲ၍ အခြားသော သိုင်းပညာရှင်အားလုံးသည် စူးချန်ခုန်း၏ အမြင်တွင် ကလေးငယ်များကဲ့သို့ နုနယ်လှသည်။

လမိုက်အရှင်ကို လက်သီးတစ်ချက်ဖြင့် အလွယ်တကူ သတ်လိုက်ပြီးနောက် စူးချန်ခုန်းသည် ကျန်ရစ်နေသော တာအိုဘုန်းကြီးနှစ်ပါးဆီသို့ အေးစက်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

လမိုက်အရှင်အား လက်သီးတစ်ချက်ဖြင့် ရက်စက်စွာ သတ်ခဲ့သည်ကို တွေ့လိုက်ရသောကြောင့် တာအိုဘုန်းကြီး နှစ်ပါးသည် တုန်ယင်လာကာ မိုးရေလိုလို အခြားအရာတစ်ခုခုလိုကြောင့် ဘောင်းဘီအနားများ၌ အရည်များဖြင့် ရွှဲနစ်လာတော့သည်။

"အသက်ကို ချမ်းသာပေးပါ သူရဲကောင်းကြီး၊ ကျွန်တော်တို့ကို ချမ်းသာပေးပါ! အားလုံးက လမိုက်အရှင်ရဲ့... လမိုက်အရှင်ရဲ့ အကြံအစည်ပါ။ ကျွန်တော်တို့က အမိန့်အတိုင်းလိုက်လုပ်ရုံပါ"

တာအိုဘုန်းကြီးနှစ်ပါးသည် ဒူးထောက်လျက် ငိုယိုကာ အသနားခံကြသည်။ အညှာတာမဲ့ လူသတ်သမားရဲ့ မျက်နှာမှာ လမိုက်အရှင်နဲ့ တူညီတဲ့ ကံကြမ္မာကို သူတို့ တွေ့ကြုံရမှာကို စိုးရိမ်နေမိသည်။

သို့ပေမယ့် စူးချန်ခုန်းက သူတို့နဲ့ လေကုန်ခံပြီးပြောဖို့ စိတ်မ၀င်စားပါ။ သူလုပ်ဖို့ ဆုံးဖြတ်ထားပြီ ဆိုမှတော့ ဘယ်သူ့ကိုမှ ချမ်းသာပေးလို့မဖြစ်ပေ။

“ဂျွတ် ဂျွတ်”

စူးချန်ခုန်းသည် သူတို့နှစ်ယောက်ဆီသို့ လျှောက်သွားကာ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူတို့လည်ပင်းတွေ ဆတ်ကနဲ ကျိုးသွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ ကြောက်စရာကောင်းတဲ့ စူးချန်ခုန်းကို ရင်ဆိုင်ရင်း သူတို့မှာ ပြန်တိုက်ဖို့တောင် သတ္တိ မရှိခဲ့။

ယခင်က ဒဏ်ရာရကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော တာအိုဘုန်းကြီးနှစ်ပါးကို စူးချန်ထျန်း အာရုံပြန်ရသွားသည်။ ထို့ကြောင့် သူရှေ့သို့လှမ်းကာ လည်ပင်းကို ချိုးလိမ်လိုက်လေ၏။

ထို့နောက်တွင်တော့ စူးချန်ခုန်းသည် အခြားမည်သူမျှ မရှိသကဲ့သို့ အလောင်းများကို စတင်ရှာဖွေခဲ့သည်။

နောက်ဆုံးတွင် စူးချန်ခုန်းသည် လမိုက်အရှင်၏ကိုယ်ပေါ်တွင် ကြာနက်ဂိုဏ်း၏ တုံကင်တံဆိပ်ပြားကို တွေ့ရှိခဲ့ပြီး ငွေခုနစ်ရာ သို့မဟုတ် ရှစ်ရာတန်ဖိုးရှိ ငွေစက္ကူများကို ရှာတွေ့ခဲ့သည်။

၎င်းတို့ကို အိတ်ထဲထည့်ရင်း စူးချန်ခုန်းက သူလုပ်စရာတွေ ပြီးသွားတော့ စကားတစ်ခွန်းမှ မပြောဘဲ စင်မြင့်အထွက်ဘက်ကို ဦးတည်ပြီး မြင်ကွင်းကနေ ထွက်သွားတော့သည်။

သူ့ဆီမှ ဖြာထွက်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် မြို့သူမြို့သားများက ဘေးကပ်ကာ သူ့အတွက် လမ်းဖွင့်ပေးခဲ့သည်။

စူးချန်ခုန်းသည် လူစုလူဝေးကို ဖြတ်ကျော်သွားပြီးနောက်တွင် မြို့တော်ဝန်ဖြစ်ပုံရသော အကြီးအကဲတစ်ဦးက အော်ပြောလိုက်သည်။ "ဆရာ့နာမည်ကို သိလို့ ရမလားခင်ဗျ။ ဆရာက ဖုန်းရှီမြို့မှာရှိတဲ့ ကြာနက်ဂိုဏ်းရဲ့ ဆရာတော်တစ်ယောက်ကို သတ်လိုက်တော့ တစ်ယောက်ယောက်က ကျွန်တော်တို့ကို တာဝန်ခံခိုင်းရင် ဘယ်လိုတုံ့ပြန်ရမလဲ"

လမိုက်အရှင်၏ သေဆုံးမှုအတွက် တစ်စုံတစ်ယောက်က လက်စားချေရန် လာရှာပြီး သူတို့ပါ ဆွဲထည့်ခံရမည်ကို ထိုအကြီးအကဲက စိုးရိမ်မိသည်။

"ငါက အနက်ရောင် မြင်းတပ်ဂိုဏ်းရဲ့ စတုတ္ထမြောက် ခေါင်းဆောင် သရဲမျက်နှာပဲ။ လက်စားချေလိုသူတွေ ဒါမှမဟုတ် ရန်တုံ့ပြန်လိုသူတွေက ငါ့ကို အနက်ရောင် မြင်းတပ်ဂိုဏ်းကို လာရှာနိုင်တယ်။ သူတို့ကို ဝမ်းပန်းသနာနဲ့ ကြိုဆိုမှာပါ။" စူးချန်ခုန်းသည် လမ်းလယ်တွင် ခေတ္တရပ်လိုက်ပြီး ဖုန်းရှီမြို့မှ ရွာသားများကြားတွင် သူ၏ လေသံမာမာကြီးက ပဲ့တင်ထပ်သွားလေ၏။

ပေါက်ကွဲမတတ် ကျယ်လောင်သော အသံများကြားတွင် ရာနှင့်ချီသော မျက်လုံးများက စောင့်ကြည့်နေကြသည့်အထဲမှ စူးချန်ခုန်း၏ အသွင်သဏ္ဌန်သည် မိုးသည်းထဲတွင် ပျောက်ကွယ်သွားတော့သည်။

သူသည် လမိုက်အရှင်တို့၏ အလောင်းများကို ဖုန်းရှီမြို့ခံများနှင့်အတူ ချန်ရစ်ခဲ့ပြီး ကျန်သည့်သူများက ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

"အနက်ရောင် မြင်းတပ်ဂိုဏ်း... ဒီလို သူရဲကောင်းဆန်တဲ့ပုဂ္ဂိုလ်က အနက်ရောင် မြင်းတပ်ဂိုဏ်းထဲမှာ တကယ် ရှိတာလား။"

ဗဟုသုတပိုရှိသော မြို့သူမြို့သားအချို့က အံ့သြသွားကြသည်။ အနက်ရောင် မြင်းတပ်ဂိုဏ်း၏အမည်သည် ချင်းရွှေမြို့ ဝန်းကျင်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး လုယက်မှုနှင့် အကြမ်းဖက်မှုများဖြင့် နေထိုင်ကြသော ဓားပြဂိုဏ်းတစ်ခုအဖြစ် လူတိုင်းသိကြသည်။

ယခုလည်း ဖုန်းရှီမြို့၌ မသိနားမလည်သူများကို ငွေညှစ်ပြီး လှည့်ဖြားနေသော ကြာနက်ဂိုဏ်းမှ လူဆိုးသည် အနက်ရောင် မြင်းတပ်ဂိုဏ်း၏ စတုတ္ထခေါင်းဆောင်ကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သေချာတာပေါ့။ အနက်ရောင် မြင်းတပ်ဂိုဏ်းရဲ့ စတုတ္ထမြောက် ခေါင်းဆောင်ဖြစ်တဲ့ သရဲမျက်နှာလိုမျိုး မရှိဘူးဆိုတာကို သူတို့ မသိကြပါ။

စူးချန်ခုန်းသည် လူအုပ်ကြီးကို ရှုပ်ထွေးသွားစေရန် အခင်းဖြစ်သည့်နေရာတွင် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြသခြင်းမျှသာဖြစ်သည်။ ပထမအချက်မှာ အမှန်တရားကို ဖုံးကွယ်ရန်နှင့် ဒုတိယအချက်မှာ ကြာနက်ဂိုဏ်းက အနက်ရောင် မြင်းတပ်ဂိုဏ်း၏ လုပ်ရပ်ဖြစ်ကြောင်း အမှန်တကယ် ယုံကြည်သွားပါက သူတို့ကို အချင်းချင်း တိုက်ခိုက်ခွင့်ပေးခြင်းက အကျိုးအရှိဆုံးဖြစ်သည်။ အနည်းဆုံးတော့ ထိုကိစ္စကြောင့် အနက်ရောင် မြင်းတပ်ဂိုဏ်း ဒုက္ခရောက်တော့မှာပင်..

All Chapters