သံဖြတ်ဓား၏ လေးနက်သော ကျွမ်းကျင်မှု။
Vol. 5 Ch. 66
မွန်းလွဲပိုင်းတွင် စူးချန်ခုန်းသည် ချင်းရွှေမြို့သို့ သွားရောက်ခဲ့သည်။
ချင်းရွှေမြို့၏ အစိုးရရုံးထဲတွင် တရားသူကြီး ဝမ့်ယွင်နှင့် စူးချန်ခုန်း တွေ့ဆုံခဲ့သည်။
"ပြန်တောင်ရောက်လာပြီလား။"
ဝမ့်ယွင်သည် အနည်းငယ် အံ့အားသင့်သွားလေ၏။ မနက်ခင်းမှ ထွက်ခွာသွားသော စူးချန်ခုန်းသည် နေ့ခင်းဘက်တွင် သူ့ပန်းတိုင်ကို ရောက်သွားပြီလားဟု သိချင်နေမိသည်။
"ဒါက လမိုက်အရှင်ရဲ့ တုံကင်တံဆိပ်ပြားပါ။"
ဝေ့ဝိုက်အနေဘဲ စူးချန်ခုန်းသည် သူ့ရင်ဘက်ထဲမှ ကြာနက်ပန်းဖြင့် ထွင်းထားသော တုံကင်ပြားတစ်ခုကို ချက်ချင်း ထုတ်ယူပြီး လမိုက်အရှင်ထံတွင် သူတွေ့ခဲ့သည့် တုံကင်ပြားကို စားပွဲပေါ်တွင် တင်ထားလိုက်သည်။
“ဒါက ကြာနက်ဂိုဏ်းသားတစ်ယောက်ရဲ့ အထောက်အထား အမှတ်အသားပဲ…”
ဝမ့်ယွင်သည် တုံကင်ပြား၏ မူလဇစ်မြစ်ကို မှတ်မိပြီး ၎င်းသည် လမိုက်အရှင်ထံမှ ရလာမှန်း သူသိပါ၏။
ကြာနက်ဂိုဏ်း၏ တရားဝင်အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် လမိုက်အရှင်သည် အထင်ကြီးလောက်သော သိုင်းပညာ စွမ်းရည်ရှိသော်လည်း အခုတော့ ဝမ်ထိုက်၏လက်ထဲတွင် အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ဝမ့်ယွင်သည် စူးချန်ခုန်းကို သံသယမရှိခဲ့သလို ထိုကိစ္စနှင့် ဆက်စပ်သည့် သတင်းများ မကြာမီ ပျံ့နှံ့လာမည်ဟု ယုံကြည်ခဲ့သည်။
"ဆရာဝမ်က အလုပ်ကြိုးစားခဲ့တာပဲ။ ဒီမှာ ငွေစက္ကူတစ်ထောင်ပါ။ ကျေးဇူးပြုပြီး ယူလိုက်ပါ။"
ထိုအချိန်တွင် ဝမ့်ယွင်က ပြင်ဆင်ထားသည့် ငွေစက္ကူ တစ်ထောင်ကို တရိုတသေနှင့် ထုတ်ကာ လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။
လက်ထဲတွင် ငွေစက္ကူ တစ်ထောင်ရခဲ့လေပြီ။
ဒါက ရိုးရှင်းလောက်တဲ့ပုံပေါက်ပေမယ့် ဒီငွေကိုရှာနိုင်တဲ့သူ များများစားစား မရှိပါပေ။
သာမန် သိုင်းပညာရှင်များသည် ကြာနက်ဂိုဏ်းကို မကြောက်ကြသော်လည်း ဂိုဏ်း၏ ကျွမ်းကျင်ပညာရှင်များအား ကိုင်တွယ်ရန် ခွန်အားမရှိလောက်ပေ။
လမိုက်အရှင်ကို သတ်နိုင်သည့် သိုင်းပညာရှင်များသည် အများအားဖြင့် ကြာနက်ဂိုဏ်းက လက်စားလာချေမှာကို သတိထားနေကြပြီး မိသားစုနှင့် သူငယ်ချင်းများ ပါဝင်ပတ်သက်လာမည်ကို ကြောက်ရွံ့ကြရာ သူတို့အားလုံး ထိုကဲ့သို့သော ပတ်သက်ဆက်ဆံမှုများကို ရှောင်ရှားကြသည်။
သို့သော် စူးချန်ခုန်းလို သူ၏သရုပ်မှန်ကို ဂရုတစိုက်ဖုံးကွယ်ကာ မထင်ရှားသော ဂုဏ်သတင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းသတ္တိရှိသူ တစ်ယောက်အတွက်တော့ လက်တုံ့ပြန်ရန် မကြောက်ဘဲ သူ့တွင် ဤငွေရှာရန် အရည်အချင်းများရှိလေသည်။
"အင်း..တခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်တော် သွားလိုက်ပါဦးမယ် အရှင်။”
စူးချန်ခုန်းသည် ငွေစက္ကူတစ်ထောင်ကို အိတ်ထဲထည့်ကာ ထွက်ခွာမသွားမီ ဝမ့်ယွင်ထံ နှုတ်ဆက်စကားဆိုလိုက်သည်။
စူးချန်ခုန်း ထွက်သွားပြီးနောက် ဝမ့်ယွင်သည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေကာ သူ့မျက်နှာပေါ်မှ မျှော်လင့်ချက်များ အရိပ်အယောင်များ ထွက်ပေါ်လာလေ၏။ "အပတ်တိုင်း ကြာနက်ဂိုဏ်းဝင်တစ်ယောက် သေရလိမ့်မယ်။ သေမှာ မကြောက်တဲ့ ဂိုဏ်းဝင်တွေတောင် ကြောက်လန့်ပြီး သိုသိုသိပ်သိပ် နေနေကြမယ်လို့ ငါယုံကြည်တယ်!"
ဝမ့်ယွင်လုပ်ဖို့ လိုအပ်တာက သူ့ကိုယ်ပိုင်အာဏာကို အသုံးပြုပြီး ချင်းရွှေမြို့ရဲ့ နယ်မြေအတွင်းမှာရှိတဲ့ ကြာနက်ဂိုဏ်းရဲ့ တပည့်တွေအကြောင်း အချက်အလက် စုဆောင်းကာ သတ်ဖြတ်ဖို့ တာဝန်ကို လုပ်ဆောင်မည့် စူးချန်ခုန်းကို လွှဲပြောင်းပေးဖို့ပင်။
ကြာနက်ဂိုဏ်း၏ တရားဝင်အဖွဲ့ဝင်များသည် အမှန်တကယ် ရှားပါးလာပြီး တစ်ခုချင်းစီကို ဖယ်ရှားလိုက်သည်နှင့် ချင်းရွှေမြို့ရှိ ဂိုဏ်း၏လွှမ်းမိုးမှုသည် တခြားမြို့များထံ ထပ်ပြီး နယ်မချဲ့နိုင်လောက်အောင် နည်းနည်းချင်း လျော့ကျသွားလိမ့်မည်။
သေချာတာပေါ့။ အဓိကလိုအပ်ချက်ကတော့ စူးချန်ခုန်းက လွဲချော်လို့မရပါ။
စူးချန်ခုန်း ကျရှုံးသွားခဲ့ရင် ဒါမှမဟုတ် ကြာနက်ဂိုဏ်းက သူ့ကို ဝမ့်ယွင် လွှတ်လိုက်တဲ့သူ တစ်ယောက်အနေနဲ့ သူ့အထောက်အထားကို သိသွားခဲ့ရင် ဒုက္ခရောက်မှာပင်။
အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ဝမ့်ယွင်သည် သတိကြီးကြီးထားပြီး ကြာနက်ဂိုဏ်းနှင့် ရှေ့တန်းတင် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် သူ့မှာ ရှိသမျှ စွမ်းအား အားလုံးကို စုစည်းရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပါ။
“တကယ်ပါပဲ… လူသတ်ပြီးတော့ ပိုက်ဆံတွေထောနေပြီ။”
သံနက်အိမ်တော်သို့ ပြန်သွားရာ လမ်းတွင် စူးချန်ခုန်းသည် သူ၏ ဖောင်းကားနေသော ကျောပိုးအိတ်ကို ပွတ်သပ်ကာ မပြောဘဲ မနေနိုင်ပေ။
ယနေ့တွင် သူသည် လမိုက်အရှင်ကို သတ်ခဲ့ပြီး ငွေစက္ကူ ခုနစ်ရာမှ ရှစ်ရာတန်ကြေးရှိ ငွေစက္ကူများနှင့် ဝမ်ယွမ်ထံမှ အခကြေးငွေ တစ်ထောင် စုစုပေါင်း ဝင်ငွေ နှစ်ထောင်နီးပါး ရရှိခဲ့သည်။
တစ်နေ့တည်းနှင့် သူသည် အခြားသူများ တစ်သက်လုံး မမြင်နိုင်သော ငွေကြေးဥစ္စာများကို ရရှိခဲ့သည်။
"သိုင်းခံပညာ၊ ကိုယ့်ကိုကို သန်မာလာအောင် လုပ်တာက တကယ်ကို အရေးကြီးတာပဲ။"
စူးချန်ခုန်း၏ ပိုသန်မာလာအောင် လုပ်ဖို့ သန္နိဋ္ဌာန်က ပို၍ပင် ပြတ်သားသည်။ ငွေသည် သူ၏စွမ်းရည်ကို မြှင့်တင်ဖို့ ကျင့်ကြံရေးပစ္စည်းများကို ဝယ်ယူအသုံးပြုရန်အတွက် လိုအပ်သော ပြင်ပအရင်းအမြစ် တစ်ခုထက် မပိုပေ။
သံနက်အိမ်တော် ပြန်ရောက်သောအခါ စူးချန်ခုန်းသည် ပုံမှန်အတိုင်း သိုင်းပညာကို ဆက်လက်လေ့ကျင့်ခဲ့သည်။ အရင်ကနဲ့ မတူတော့တာက ဝမ့်ယွင်ကို အပတ်တိုင်း တွေ့ဖို့ ချင်းရွှေမြို့ကို သွားရောက်ပြီး ကြာနက်ဂိုဏ်းအကြောင်း သတင်းရယူဖို့ တံခါးသွားခေါက်ရပြီး သတ်ဖြတ်ဖို့ အသင့်ပြင်ရတာပါပဲ။
သေချာတာပေါ့။ အပတ်တိုင်း ဒီလိုကံကောင်းမှုမျိုးတော့ မရပါပေ။ သတင်းအချက်အလက်က နောက်ကျနေပြီး တစ်ခါတစ်ရံ စူးချန်ခုန်း ရောက်သွားသည့်အချိန်တွင် ကြာနက်ဂိုဏ်းအဖွဲ့ဝင်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကာ လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။ တစ်ခါတစ်ရံတွင် ဝမ့်ယွင်သည် သတင်းကို မရရှိနိုင်ပေ။
သို့သော် ဆယ်ရက်တစ်ကြိမ် သို့မဟုတ် တစ်လလျှင် တစ်ကြိမ်သာ အခွင့်အရေးရခဲ့ရင်တောင် စူးချန်ခုန်းအတွက် လုံလောက်ပါသည်။
လုံလောက်သော ငွေကြေးများကြောင့် စူးချန်ခုန်း၏ နေထိုင်မှုပုံစံသည်လည်း ပို၍ အသုံးဖြုန်းကြီးလာသည်။
ယခင်က စူးချန်ခုန်းသည် တစ်လလျှင် ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဆေး ၃၀ ခွက်အတွက်သာ အသုံးပြုခဲ့သော်လည်း သူ၏ အတွင်းအားက ပိုမိုလေးနက်လာသည်နှင့်အမျှ ပဓာနချီစွမ်းအင် ပျံ့နှံ့ခြင်းဆေး၏ ထိရောက်မှုမှာ အားနည်းသွားခဲ့သည်။ ထို့ကြောင့် စူးချန်ခုန်းသည် ဆေးကို နှစ်ဆတိုးလိုက်သည်။
ဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဆေးကို အလျင်အမြန် ဆက်တိုက် သောက်သုံးခြင်းသည် အလုံးစုံ အကျိုးသက်ရောက်မှု အားနည်းပြီး ဖြုန်းတီးသလိုဖြစ်နေသော်လည်း သူ့မှာ ပိုက်ဆံရှိနေပြီဖြစ်ရာ တတ်နိုင်လေသည်။
တစ်လအတွင်း သူယူခဲ့သော ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဆေးသည် ငွေခြောက်ရာမှ ခုနစ်ရာအထိ ကုန်ကျပြီး အခြားသူများကို အံ့အားသင့်စေမည့် ပမာဏဖြစ်သည်။
"ချန်ခုန်း၊ မင်းရဲ့ ပန်းပဲစွမ်းရည်က တော်တော်လေး တိုးတက်လာပြီပဲ။" ပူပြင်းသော နွေရာသီတွင် ယန်ချောင်သည် အလုပ်ရုံထဲတွင် တောက်ပြောင်နေသော ဓားရှည်ကိုကိုင်ဆောင်ထားကာ မချီးကျူးဘဲ မနေနိုင်။
“စိတ်ရောကိုယ်ရော နှစ်ပြီး အားထုတ်လို့ ရလာတဲ့ အသီးအပွင့်တွေပေါ့ဗျာ။”
ခိုင်ခံ့သော ခန္ဓာကိုယ် အပေါ်ပိုင်းဗလာဖြင့် ပူပြင်းသော ပန်းပဲဖိုဘေးတွင် ရပ်နေသော စူးချန်ခုန်းသည် ယန်ချောင်၏ စကားကိုကြားသောအခါ အပြုံးလေးဖြင့် တုံ့ပြန်ခဲ့သည်။
စူးချန်ခုန်း၏ ပန်းပဲစွမ်းရည်များသည် စဉ်ဆက်မပြတ် တိုးတက်နေပြီး သူဖန်တီးထားသော လက်နက်များ၏ အရည်အသွေးသည် ထုံးစံအတိုင်း ပိုကောင်းပြီးရင်း ကောင်းလာသည်။
“အိမ်တော်သခင် အနားယူသွားတဲ့အခါ… သံနက်အိမ်တော်ရဲ့ အိမ်တော်အရှင်ရာထူးက စူးချန်ခုန်းကို လွှဲပြောင်းပေးနိုင်ဖို့ ဖြစ်နိုင်ချေများတယ်။”
အခြားသော ပန်းပဲဆရာများသည် စူးချန်ခုန်းကို အလွန်ပင် မနာလိုဖြစ်ခဲ့ကြသည်။
ငယ်စဉ်ကပင် စူးချန်ခုန်း၏ ပန်းပဲစွမ်းရည်သည် ပြိုင်ဘက်မရှိပေ။ သူက လိမ္မာပါးနပ်မှုရှိသော ရိုးသားသူဖြစ်ပြီး အခြားသူများနှင့် ငြင်းခုံခြင်းလည်း မရှိပါ။ လူတိုင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်တတ်သည်။ ကိုယ့်ကိုယ်ကို နှိမ့်ချကာ ခပ်လျှိုလျှိုသာ နေထိုင်တတ်၏။ သူလုပ်သော လက်နက်များသည် အခြားသူများထက် များစွာသာလွန်သော်လည်း သူ၏ အရည်အချင်းများကြောင့် မည်သည့်အခါမျှ မောက်မာခြင်း မရှိခဲ့ပေ။
သူက တကယ်ကို ကျွမ်းကျင်ပြီး ရိုးရိုးသားသားပင် နေလေ၏။
မော့ထျဲမှာ သားမရှိတာကြောင့် နောက်ဆုံး အငြိမ်းစားယူတဲ့ အချိန်မှာ သံနက်အိမ်တော်ကို စူးချန်ခုန်းထံ လွှဲပြောင်းပေးလောက်သည်။
စူးချန်ခုန်းသည် အခြားသူများ မနာလိုတာကို ခံနေရပြီး သူ့အခြေအနေကို ကောင်းစွာ သိရှိထားသောကြောင့် သူသည် သံနက်အိမ်တော်တွင် ထာဝရနေရန် မဖြစ်နိုင်ပေ။ ပြင်ပကမ္ဘာကြီးက ကျယ်ပြောလှသည်။ သိပ်မကြာခင်မှာပဲ ဒီထောင့်တစ်နေရာကနေ သူ ထွက်သွားပြီး အမြင့်တစ်နေရာကို တက်လှမ်းလောက်ပေသည်..