သံဖြတ်ဓား၏ လေးနက်သော ကျွမ်းကျင်မှု။ (၂)
Vol. 5 Ch. 67
လစာတိုးဖို့ မတောင်းဆိုတာက အကြောင်းပြချက်က ရှင်းပါသည်။ ပန်းပဲလုပ်ခြင်းကနေ ရရှိတဲ့ငွေဟာ သူ့ရဲ့ ကျင့်ကြံမှုလိုအပ်ချက်အတွက် လုံလောက်မှု မရှိသေးပါ။ စူးချန်ခုန်းသည် ပန်းပဲထုလုပ်ခြင်းကို နှစ်သက်ပြီး ကျင့်ကြံမှုပုံစံအဖြစ် သဘောထားသောကြောင့် နေ့တိုင်း ပန်းပဲထုလုပ်ခြင်းကို ဆက်လက်လေ့ကျင့်ခဲ့သည်။
ပန်းပဲထုလုပ်ခြင်းအားဖြင့် သူ၏ကိုယ်နှင့် စိတ်တို့ကို သံမဏိအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
"အလုပ်နားချိန်၊ အလုပ်နားချိန်!"
ညနေဘက်မှာတော့ တစ်နေ့တာ ပင်ပန်းမှုတွေ ပြီးဆုံးသွားလေပြီ။ စူးချန်ခုန်းသည် သူ့နဖူးမှ ချွေးတွေကို မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ပြီး အလုပ်ရုံမှ ထွက်လာခဲ့သည်။
ဝူချင်းရှီ၊ ဓားလေ့ကျင့်ခြင်းနှင့် လိပ်အသက်ရှူခြင်း နည်းပညာအားလုံးသည် စူးချန်ခုန်းဘဝ၏ အစိတ်အပိုင်းများဖြစ်လာသည်။
ခြံဝင်းထဲတွင် စူးချန်ခုန်းသည် သူ၏ဓါးနည်းပညာကို လေ့ကျင့်နေ၏။
စူးချန်ခုန်းသည် သူ၏ခြေချောင်းလေးများနှင့် လှမ်းမလိုက်ပြီး လက်သီးအရွယ် ကျောက်စရစ်ခဲတစ်လုံးကို လေထဲသို့ ပစ်တင်လိုက်သည်။
ထိုအချိန်တွင် စူးချန်ခုန်းသည် သူ့ဓားနှင့် ရုတ်တရက် ခုတ်လိုက်သည်။
"ရွှီး ရွှီး ရွှီး"
ဓါးမီးပွားလေးများသည် အလင်းရောင်ကဲ့သို့ ဖြာထွက်သွားလေ၏။ ဓားချက်တစ်ခုစီသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လှပြီး အမြန်နှုန်းနှင့် ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ထည့်သွင်းထားရာ မျက်စိပသာဒ တင့်တယ်လှပေ၏။
လက်သီးဆုပ်အရွယ်ရှိသော ကျောက်စရစ်ခဲသည် ပြန့်ကျဲနေသော ကျောက်တုံးများကြားတွင် အေးခဲသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပြန်မကျသွားဘဲ စူးချန်ခုန်း၏ ဓားအလင်းဖြင့် ဖုံးလွှမ်းနေသည်။
စူးချန်ခုန်းသည် အာရုံစူးစိုက်မှုအပြည့်နှင့် သူ့ဓားကို အရှိန်ပြင်းပြင်းဖြင့် အဆက်မပြတ် လှုပ်ရှားနေသည်။ သူက အသက်ကို မှန်မှန်ရှူရင်း သူ့လက်တွေ ဘယ်တော့မှ မပင်ပန်းသည့်နှယ်။ ထို့အပြင် သူသည် မျက်တောင်တောင် တစ်ချက်မခတ်ပေ။ လေးလံသော သံဖြတ်ဓားသည် သူ့လက်ထဲတွင် အလေးချိန်မရှိသလို ခံစားရသည်။
ဒါကို အပြင်လူတွေ မြင်ရင် လူငယ်လေးတစ်ယောက်ဟာ ဒီလို ဓါးသွားပညာကို နက်နက်နဲနဲ ကျွမ်းကျင်တယ်ဆိုတာ ယုံနိုင်မှာမဟုတ်ပေ။
အသက်တစ်ဒါဇင်ကျော် ရှူရိုက်ပြီးနောက်တွင် စူးချန်ခုန်းသည် ရာနှင့်ချီသော တိုက်ခိုက်မှု ပြီးဆုံးသွားရာ သူ၏ဓားကို ဓားအိမ်ထဲသို့ ရုတ်တရက် ပြန်ထည့်လိုက်လေ၏။ ထိုအချိန်မှ ကျောက်စရစ်ခဲက ပြုတ်ကျလာရာ ဖမ်းယူဖို့ လက်လှမ်းလိုက်သည်။
ကျောက်စရစ်ခဲကို ထိလိုက်သည်နှင့် ပူကျစ်နေပြီး ၎င်း၏မျက်နှာပြင်သည် မညှာမတာ ဖြတ်တောက်မှုနှင့် ပွတ်တိုက်မှုများကြောင့် အပူရှိန် တက်နေလေ၏။
အနီးကပ် စစ်ဆေးပြီးနောက် တစ်ချိန်က အဖုအထစ်များနှင့် ပုံစံမမှန်သော ကျောက်ခဲသည် အရွယ်အစားသေးသွားသော်လည်း ပြီးပြည့်စုံသော စက်လုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
၎င်းက သဘာဝအတိုင်း ဖွဲ့စည်းထားသကဲ့သို့ သို့မဟုတ် လက်သမားဆရာမှ ဂရုတစိုက် ပွတ်တိုက်ထားသကဲ့သို့ အလွန်ကောင်းမွန်လှသည်။
သို့သော် ၎င်းကို လက်သမားတစ်ဦးမှ ဖန်တီးထားခြင်းမဟုတ်သော်လည်း ခဏလေးအတွင်းမှာပင် သံဖြတ်ဓါးကို အသုံးပြု၍ စူးချန်ခုန်း ပုံသွင်းခဲ့တာပင်။
လေးလံသော သံဖြတ်ဓားကို အသုံးပြု၍ ကျောက်စရစ်ခဲကို ပုံမှန် စက်လုံးပုံသဏ္ဍာန်အဖြစ် ပြုလုပ်ခြင်းသည် အံ့ဩစရာဖြစ်ပြီး မကြားဖူး သလောက်ပင်။ ၎င်းကို စကားလုံးခြောက်လုံးဖြင့် လေးနက်သော ကျွမ်းကျင်မှုဟုသာ သတ်မှတ်နိုင်သည်။
သံဖြတ်ဓါးနည်းပညာ ( အဆင့်၇ နယ်ပယ် နက်နဲသောကျွမ်းကျင်မှု 1%)
"ငါ့ရဲ့ သံဖြတ်ဓါးနည်းပညာက နောက်ဆုံးတော့ သတ္တမနယ်ပယ်သို့ ရောက်သွားပြီပဲ။"
သူ့လက်ထဲက ချောမွတ်တဲ့ ကျောက်လုံးလေးကို ခံစားလိုက်ရတော့ စူးချန်ခုန်းရဲ့ မနေနိုင်ဘဲ နှုတ်ခမ်းတွေပေါ်မှာ အပြုံးတစ်ခုပေါ်လာလေ၏။
ဤနွေရာသီတွင် စူးချန်ခုန်း၏ဓါးနည်းပညာသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး နက်နဲသော ကျွမ်းကျင်မှုနယ်ပယ်သို့ ကူးပြောင်းသွားခဲ့သည်။
စူးချန်ခုန်း၏ ဓါးသွားကျွမ်းကျင်မှုက ကိုယ့်ခြေ ကိုယ်လက်လို တစ်သားတည်း ဖြစ်လာသည်။ သူသည် လေးလံမာကျောလှသော သံဖြတ်ဓားကို ကိုင်ဆောင်ကာ တို့ဟူးပျော့ပိုင်းလေးများ ဖြတ်သလို လက်ရာမြောက်သော ပုံစံများကို ထွင်းထုနိုင်သည်။
ဝူချင်းရှီနှင့် လိပ်အသက်ရှူနည်း တိုးတက်မှုသည် ခန္ဓာကိုယ်ကြီးထွားမှုကဲ့သို့ပင် နေ့ချင်းညချင်း မဖြစ်လာနိုင်။ ဆေးတစ်ချိုက်တည်းသောက်၍ ဝဖြိုးလာမည်လည်း မဟုတ်ပေ။ ဖြေးဖြေးချင်း စုဆောင်းရန်လိုအပ်သည်။
သို့ပေမယ့် သိုင်းပညာ တိုးတက်ဖို့အတွက် ဒီလို ကန့်သတ်ချက်တွေ မရှိပါ။
သိုင်းပညာ ကျင့်ကြံခြင်းကဲ့သို့ပင် လူတစ်ဦးတွင် ညံ့ဖျင်းသော အရည်အချင်းများရှိနေလျှင်ပင် အရင်းအမြစ်မြောက်များစွာ ပေးနိုင်ပါက သာမန် သိုင်းပညာရှင်တစ်ဦးကို နတ်ဘုရား ခွန်အားနယ်ပယ်အထိ မြင့်တင်ပေးနိုင်သည်။ သို့မဟုတ် ခန္ဓာကိုယ် သန့်စင်ခြင်း ကြီးမြတ်သော အောင်မြင်မှုကိုပင် ရရှိနိုင်သည်။
သို့သော်လည်း ကျွမ်းကျင်မှုအမျိုးအစားအောက်တွင် ကျရောက်နေသည့် ဓားသွားနည်းပညာနှင့် သိုင်းပညာ ကျွမ်းကျင်မှုကဲ့သို့သော နည်းစနစ်များသည် အရင်းအမြစ်များဖြင့် မြှင့်တင်ရုံနှင့် မရပေ။ မလေ့ကျင့်ပါက ကျွမ်းကျင်တတ်မြောက်မည် မဟုတ်ပေ။
ကျော်ကြားသော ဆရာတစ်ဦး၏ လမ်းညွှန်မှုဖြင့်ပင်လျှင် အရည်အချင်းနှင့် နားလည်နိုင်စွမ်း ညံ့ဖျင်းပါက တိုးတက်မှုမှာ အကန့်အသတ်ရှိသည်။ အတိုင်းအတာတစ်ခုအထိ သိုင်းပညာကျွမ်းကျင်မှုအဆင့်သို့ တက်လှမ်းခြင်းသည် သတ်မှတ်ထားသောအဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သိုင်းပညာနယ်ပယ်တွင် အဆင့်တက်ခြင်းထက် ပို၍ပင် ခက်ခဲလာသည်။
၁၅ မှတ်အထိ မြင့်တက်သော စွမ်းရည်တန်ဖိုးတစ်ခုဖြင့် စူးချန်ခုန်းသည် သိုင်းပညာ ပါရမီအဆင့် စွမ်းရည်များနှင့် နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်မှာ သေချာသောကြောင့် ငယ်ရွယ်စဉ်တွင် သူ၏ ဓားသွားနည်းပညာတွင် ဤကဲ့သို့ အဆင့်ကို ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီလို ဓါးနည်းပညာနဲ့ဆိုရင် တူညီတဲ့နယ်ပယ်က တခြားသူတွေတောင် ငါ့ကို ယှဉ်နိုင်ဖို့ ခက်ခဲမှာပဲ။ ဟုတ်တယ်မလား။"
စူးချန်ခုန်းသည် သူ့ဘာသာ တွေးနေသော်လည်း သူသည် မာနကြီးခြင်း သို့မဟုတ် ကျေနပ်ခြင်း မရှိပါပေ။ ပိုကောင်းတဲ့သူ ရှိစမြဲဆိုတာ သူသိပြီး စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်တာက ခွန်အားအတွက် စစ်မှန်တဲ့ လမ်းစဉ်ပဲဆိုတာ သူသိသည်။
"မနက်ဖြန်ကျရင် ချင်းရွှေမြို့ကို ခရီးထွက်မယ်။ ဒီတစ်ခါ အလဟဿမဖြစ်ဖို့ မျှော်လင့်ရတာပဲ။"
စူးချန်ခုန်း၏ ဓါးလေ့ကျင့်ခြင်း ပြီးဆုံးသွားလေ၏။ ညရောက်တော့ အခြားလူများ အိပ်ပျော်သွားသည်နှင့် စူးချန်ခုန်းသည်လည်း စောစောအိပ်ပြီး သူ့စိတ်ဓာတ်နှင့် ခွန်အားကို ပြန်လည်ရရှိစေရန် လိပ်အသက်ရှူနည်းပညာကို လေ့ကျင့်သည်။ နောက်နေ့တွင် ဝမ့်ယွင်နှင့် တွေ့ဆုံရန် လိုအပ်သောကြောင့် ဖြစ်လေသည်။
နောက်တစ်နေ့နံနက်တွင် စူးချန်ခုန်းသည် ခရိုင်တရားသူကြီး ဝမ့်ယွင်နှင့်တွေ့ဆုံရန် ချင်းရွှေမြို့သို့ စောစောထွက်လာခဲ့သည်။
"ဆရာဝမ် နောက်ဆုံးတစ်ခေါက် တွေ့တုန်းကထက် ပိုကျန်းမာလာတဲ့ပုံပဲနော်။"
ဝမ့်ယွင်က အပြုံးလေးနှင့် ဆိုလေ၏။
စူးချန်ခုန်းသည် ဝမ့်ယွင်နှင့် နှစ်လကြာ အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်တွင် စူးချန်ခုန်းသည် စုစုပေါင်း ကြာနက်ဂိုဏ်း၏တပည့်ခြောက်ယောက်ကို တစ်ချက်မျှ အမှားအယွင်း မရှိဘဲ သတ်ပစ်ခဲ့ရာ စူးချန်ခုန်း၏ စွမ်းဆောင်ရည်ကို ဝမ့်ယွင် တော်တော်လေး အထင်ကြီးနေမိသည်။
"ဒီတစ်ခေါက် သတင်းအချက်အလက်က ဘာတွေလဲ"
စူးချန်ခုန်း လိုရင်းကိုသာ တည့်ပြောလိုက်သည်။
“ကျွန်တော်တို့ ဒီအချိန် ရထားတဲ့ အချက်အလက်တွေက အရင်ကနဲ့ မတူဘူး။ ကြာနက်ဂိုဏ်းရဲ့ တပည့်နှစ်ယောက်ရှိတယ်။”
ဝမ့်ယွင်က စာလိပ်တစ်လိပ်ကို ထုတ်ပြီး စူးချန်ခုန်းကို ပေးရင်း မဝံ့မရဲနဲ့ ဆိုလေ၏။
"နှစ်ယောက်?"
စူးချန်ခုန်း၏ ရုတ်တရက် စိတ်ဝင်စားသွားသည်။ ကြာနက်ဂိုဏ်း တပည့်နှစ်ယောက်သည် ငွေ ၂၀၀၀ကို ဆိုလိုသည်။
သေချာတာကတော့ စူးချန်ခုန်းက သူ့သတိကို မလျှော့ပါ။ သူသတိထားရမယ်ဆိုတာ သူသိသည်။ မဟုတ်ရင် သူ မြောင်းထဲ ကျသွားနိုင်သည်။
စူးချန်ခုန်းသည် စာလိပ်ကိုယူ၍ အကြောင်းအရာများကို သေသေချာချာ စစ်ဆေးလိုက်သည်။
"ကုန်းယန်မော့နဲ့ သူ့အစ်ကို ကုန်းယန်စွင်းတို့က နန်ဝမ့်မြို့က ကုန်းယန်မိသားစုမှာ ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့ကြတယ်။ သူတို့က နယ်ခံသူဌေးတွေဖြစ်ကြပေမဲ့ ကြာနက်ဂိုဏ်းကို သူတို့ရဲ့ စည်းစိမ်တွေအားလုံးကို ပေးခဲ့ပြီး တပည့်တွေဖြစ်လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ဟော့နန်ရွာမှာ ပေါ်လာပြီး လူထုစမ်းသပ်မှုတွေ လုပ်ခဲ့ကြတယ်။ ကြာနက်ဂိုဏ်းကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တဲ့ ရွာသူရွာသားတွေကို မီးရှို့သတ်ခဲ့တယ်။"
“အချက်အလက်တွေအရ သူတို့နှစ်ယောက်ဟာ ချင်းရွှေမြို့နဲ့ မိုင်လေးရာအကွာမှာရှိတဲ့ မေပယ်မြို့မှာ နေထိုင်ကြပြီး ညတိုင်း အပျော်အပါးတွေ လိုက်စားဖို့ မေပယ်ရွက်အဆောက်အဦးကို မကြာခဏ လာလည်ကြတယ်။”
အချိန်အတော်ကြာအောင် အချက်အလက်ကို လေ့လာပြီးနောက် စူးချန်ခုန်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။