သံဖြတ်ဓား၏ လေးနက်သော ကျွမ်းကျင်မှု။ (၃)
Vol. 5 Ch. 68
ကုန်းယန်မော့၊ ကုန်းယန်စွင်း၊ သူတို့တွေက ဒီတစ်ခေါက်အတွက် ပစ်မှတ်တွေပါ။
"ကောင်းပြီ ဒါဆို ကျွန်တော် မေပယ်မြို့ကို တစ်ချက်သွားကြည့်လိုက်မယ်။"
စူးချန်ခုန်းသည် စာလိပ်ကို သိမ်းလိုက်ပြီး ဝမ့်ယွင်ကို ပြောလိုက်သည်။
"လမ်းခရီးမှာ ဂရုစိုက်ပါ ဆရာဝမ်"
ဝမ့်ယွင်က သူ့ကို ဆက်နေဖို့ မတိုက်တွန်းခဲ့ပါ။ မြန်မြန်ဆန်ဆန် လုပ်ဆောင်တာက အကောင်းဆုံးဖြစ်ပြီး သူ နောက်ကျသွားရင် ကုန်းယန်ညီအစ်ကိုတွေက မေပယ်မြို့ကနေ ထွက်သွားပြီးလောက်သည်။
စူးချန်ခုန်းသည် မေပယ်မြို့သို့ ချက်ချင်း ထွက်ခွာခဲ့သည်။ လေးရာလီရှိသော ခရီးသည် သုံးနာရီကြာခဲ့ပြီး ရောက်သောအခါ မွန်းတည့်ချိန်ဖြစ်လေသည်။
(T/N တစ်လီ=၀.၅ ကီလိုမီတာ)
မေပယ်မြို့သည် ချင်းရွှေမြို့ အစွန်းရှိ မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး လမ်းတစ်လျှောက် မေပယ်ပင်များဖြင့် စီတန်းကာ လှပသောရှုခင်းကို ဖန်တီးနေလေ၏။
မေပယ်ရွက်အဆောက်အဦးသည် ကြွယ်ဝချမ်းသာသော ဒေသခံများမှသာလျှင် သွားရောက်ကြသည့် ဖျော်ဖြေရေးနေရာတစ်ခုဖြစ်သည်။
"ကုန်းယန် ညီအစ်ကိုတွေက ညဘက်လာလောက်တယ်။ ငါအခုကတည်းက စောင့်နေပြီး မသိမသာလေး စောင့်ကြည့်နေမယ်။"
မေပယ်ရွက်အဆောက်အဦအတွင်းရှိ စားပွဲတစ်ခုတွင် စူးချန်ခုန်း တစ်ယောက်တည်း ထိုင်နေ၏။
ကုန်းယန် ညီအစ်ကိုနှစ်ယောက်စလုံးသည် ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့ကြပြီး နောက်ပိုင်းတွင် ကြာနက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ကြကာ သူတို့၏ ကိုယ်ခံပညာကို ထူးထူးခြားခြား ကျင့်ကြံခဲ့ကြသည်။
အချိန်က စက္ကန့်နှင့်အမျှ ကုန်ဆုံးခဲ့လေ၏။
နေ့အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့လာသည်နှင့် မေပယ်ရွက်အဆောက်အဦးသည် ပိုမိုစည်ကားလာပြီး ပျော်ရွှင်စရာကောင်းသော သီချင်းသံများ၊ အကများဖြင့် တောက်ပစွာ ထွန်းလင်းတောက်နေသည်။
"သခင်လေး၊ ဘာလို့ အပေါ်ထပ်ကို မလာတာလဲဟင်။"
ပိန်ပိန်ပါးပါး၊ မိတ်ကပ်လိမ်းထူထူနှင့် အမျိုးသမီးတစ်ဦးသည် ထောင့်တစ်နေရာတွင် တစ်ယောက်တည်းထိုင်နေသော စူးချန်ခုန်းကို သတိထားမိပြီး ဆွဲဆောင်မှုရှိသော အသံများဖြင့် သူ့ကို လှမ်းအော်လိုက်သည်။
"ငါ့ကို မနှောင့်ယှက်နဲ့!"
စူးချန်ခုန်းသည် ထိုမိန်းမအပေါ်မှ အနံ့စူးစူးကို ရှူရှိုက်မိသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်သော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
“ဟုတ်…ဟုတ်ကဲ့”
စူးချန်ခုန်း၏ အကြည့်ကြောင့် ထိုအမျိုးသမီးက ဖိတ်ဖိတ်တုန်သွားပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ မနေဝံ့ဘဲ အမြန်ထွက်သွားတော့သည်။
"သူတို့ မလာသေးဘူးလားဟ။"
စူးချန်ခုန်း လက်ဖက်ရည်တစ်ခွက်ကို ကောက်ကိုင်လိုက်သည်။ ကုန်းယန် ညီအစ်ကိုတွေက သူတို့ကိုယ်သူတို့ ကိုယ်ထင်မပြသေးပေ။
"ထန်မော့နဲ့ ထန်ဆန်းတို့ အရှင်နှစ်ပါး ရောက်လာပြီပဲ။ ကောင်မလေးတို့ ဧည့်သည်တွေကို ဘာလို့ သွားမနှုတ်ဆက်ကြတာလဲ"
လုံးဝမှောင်မိုက်တဲ့ အချိန်မှာ မေပယ်ရွက်အဆောက်အဦး အ၀င်ဝ၌ တက်ကြွနေတဲ့ ပြည့်တန်ဆာခေါင်းရဲ့ အသံက ထွက်ပေါ်လာလေ၏။
"အရှင်ထန်တို့ ရောက်ပြီလား။"
မေပယ်ရွက်အဆောက်အဦးမှ မိန်းကလေးများသည် ပျော်လည်းပျော် လန့်လဲလန့်နေကြသည်။ ဤထန်အရှင်နှစ်ပါးသည် ရက်ရော၍ မတွန့်တိုသောကြောင့် ပျော်ရွှင်မိသော်လည်း သာမန်လူတစ်ယောက် မခံနိုင်လောက်သည့် သူတို့၏ ဆူပွက်လွယ်သော ဒေါသနှင့် ထူးထူးဆန်းဆန်း အကြိုက်များအတွက် ကြောက်ရွံ့မိလေ၏။
"အရှင်ထန်၊ စွေ့အာက အရှင့်ကို အရမ်းလွမ်းနေတာ။"
"ဒီနေ့ တစ်ညလုံးနေပါနော်။ အရှင့်ကို ကောင်းကောင်း ဝန်ဆောင်မှုပေးမှာပါ"
သို့တိုင် မေပယ်သစ်ရွက် အဆောက်အအုံမှ မိန်းကလေးအုပ်စု အများအပြားက သူတို့ကို ဝိုင်းအုံကာ မြောက်ပင့်လျက် မျက်နှာချိုသွေးနေကြသည်။
"ဟာဟားဟား၊ ဒီညတော့ သနားစရာကောင်းတဲ့ မင်းတို့လေးတွေကို သေချာပေါက် ငိုအောင်လုပ်တော့မှာ။ အသနားခံကြပေတော့။”
ပျော်ရွှင်မြူးထူးနေသော ရယ်မောသံများ ထွက်ပေါ်လာသည်။
စူးချန်ခုန်းက ရယ်မောနေသည့် ဘက်ကို ကြည့်လိုက်သည်။ ထိုရယ်သံက ဗလတောင့်တောင့် ပခုံးကျယ်ကျယ် ဒေါင်ကောင်းကောင်း မုတ်ဆိတ်မွေးကားကားနှင့် လူတစ်ယောက်ထံမှ လာတာဖြစ်သည်။
လူထွားကြီး၏ဘေးတွင် အသက်သုံးဆယ်ခန့်ရှိသော ရုပ်ရည်သန့်သန့်နှင့် အမျိုးသားတစ်ဦးရှိသည်။
"သူတို့က ကုန်းယန် ညီအစ်ကိုတွေပဲ!"
စူးချန်ခုန်း၏ မျက်လုံးများ စူးရှလေ၏။ ဝမ့်ယွင် ပေးခဲ့သော စာလိပ်တွင် ကုန်းယန် ညီအစ်ကိုများ၏ ပုံတူများပါရှိသည်။
ဤအရှင်ထန်နှစ်ပါးဆိုတာ ကုန်းယန် ညီအစ်ကိုများ၏ အမည်တုများဖြစ်သည်။ သူ၏ပစ်မှတ်များ နောက်ဆုံးတွင် ပေါ်လာလေပြီ။
စူးချန်ခုန်းသည် ခေါင်းကို တိတ်တဆိတ်ငုံ့ကာ ရင်ဘတ်ထဲမှ ကြက်သွေးရောင် သရဲမျက်နှာဖုံးကို ယူ၍ သူ့မျက်နှာပေါ်တွင် တင်လိုက်သည်။
"လူသတ်သမား ရောက်လာပြီ။"
တစ်ချိန်တည်းမှာပင် မိန်းကလေးအုပ်စုကြားမှ ကုန်းယန် ညီအစ်ကိုများသည် မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး အရိုးခိုက်အောင် အေးစက်ခြင်းကိုလည်း သိသိသာသာ ခံစားလိုက်ရသည်။
"ထွက်သွား!"
ကုန်းယန် ညီအစ်ကိုထဲမှ ညီဖြစ်သူ လူထွားကြီး ကုန်းယန်မော့က အော်ဟစ်လိုက်ပြီး ဝိုင်းအုံနေသော မိန်းကလေးများကို နောက်ပြန်တွန်းကာ မြေပေါ်သို့ လဲကျသွားစေခဲ့သည်။
သိမ်မွေ့သော ကုန်းယန်စွင်းသည်လည်း မျက်နှာထက်တွင် အလေးအနက်ထား၍ ကြည့်နေ၏။
သူတို့နှစ်ဦးစလုံးသည် ပထမထပ်၏ ထောင့်တစ်နေရာ၌ စားပွဲဘေးမှ မတ်တပ်ထရပ်ကာ သူတို့ကို စိုက်ကြည့်နေသော အနီရောင် သရဲမျက်နှာဖုံး ဝတ်ဆင်ထားသည့် လူတစ်ဦးကို တွေ့လိုက်ရသည်။
"သရဲမျက်နှာ!"
ကုန်းယန်မော့နှင့် ကုန်းယန်စွင်း၏ နှလုံးများသည် ကြောက်ရွံ့မှုနှင့်အတူ တုန်လှုပ်သွားကြသည်။
လွန်ခဲ့သည့် နှစ်လအတွင်း ဘယ်နေရာမှကမှန်းမသိ ပေါ်ပေါက်လာခဲ့သည့် သရဲမျက်နှာသည် လျှို့ဝှက်ဆန်းကြယ်သော အသွင်ရှိပြီး ကြာနက်ဂိုဏ်း၏ တပည့်များကို အထူးပစ်မှတ်ထားခဲ့သည်။ တိုတောင်းသော နှစ်လတာအတွင်း ချင်းရွှေမြို့နယ်မြေအတွင်းရှိ ကြာနက်ဂိုဏ်းမှ တပည့်ခြောက်ဦး သို့မဟုတ် ခုနစ်ဦးသည် သူ၏သေမင်းလက်ချက်ကြောင့် သားကောင်ဖြစ်ခဲ့ရသည်။
အခု သူတို့ရှေ့မှာ သရဲမျက်နှာ ပေါ်လာတော့ သူ့ရည်ရွယ်ချက်က မေးစရာမလိုဘဲ ရှင်းနေပါပြီ။
"သတိထား။"
ကုန်းယန်စွင်းက သူ့ညီကို သတိပေးဖို့ အော်ပြောလိုက်သည်။
ဝူချင်းရှီ။ ကျားအစာလိုက်ခြင်း။
စူးချန်ခုန်းသည် မလိုအပ်သည့် ဘာစကားမျှမဆိုဘဲ ရက်စက်သော ကျားတစ်ကောင်က သားကောင်ထံ ခုန်အုပ်ကာ ရှေ့သို့ ဝင်လုံးသကဲ့သို့ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူလာရာလမ်းတလျှောက်ရှိ စားပွဲများနှင့် ကုလားထိုင်များကို အပိုင်းပိုင်းကွဲကြေသွားကာ ချီတက်ခါသော လေအဟုန်ကြောင့် ဖယောင်းတိုင်မီးတောက်များ ပြင်းထန်စွာ လှုပ်ခတ်သွားလေ၏။
မီတာများစွာအကွာအဝေးသည် လျှပ်တစ်ပြက်သာ ကြာခဲ့ပြီး စူးချန်ခုန်း၏ ညာလက်သီးချက်သည် လေကိုခွင်းသည့် အသံနှင့်အတူ လွင့်ပျံလာ၏။
“တောင်ဖြိုလက်သီး!”
လူထွားကြီး ကုန်းယန်မော့သည် ဒေါသတကြီးဖြင့် ထွက်လာပြီး သူ့ကြွက်သားများ ထွားကြိုင်းလာကာ မျက်လုံးများကို ဒေါသတကြီးဖြင့် ဖွင့်လိုက်သည်။ သူသည် မည်သည့်အခွင့်အရေးကိုမျှ မယူဝံ့ဘဲ သူ၏ခွန်အားကို အထွတ်အထိပ်သို့ တွန်းပို့ခဲ့သည်။ စူးချန်ခုန်း၏ အားပြင်းသော လက်သီးနှင့် ပြင်းပြင်းထန်ထန် ထိလိုက်စဉ် သူ၏ ညာဘက်လက်မောင်း ကြွက်သားများ တင်းမာလာပြီး သွေးကြောများ ဖောင်းကားလာသည်။
“ဝုန်း!”
လက်သီးနှစ်လုံးသည် ပြင်းထန်စွာ တိုက်မိပြီး မီးရှူးမီးပန်းသဖွယ် ပေါက်ကွဲသွားလေ၏။
ဂျွတ်!
အရိုးများ ဂျွတ်ကနဲ ကျိုးသွားသည့် အသံကြောင့် ကုန်းယန်မော့၏ လက်ချောင်းများ ကွဲအက်သွားကာ သူ့လက်ကောက်ဝတ်သည် ထူးဆန်းစွာ တွန့်လိမ်သွားလေ၏။ ကြီးမားသော အင်အားတစ်ခုက ၎င်းကို ဖြိုခွဲလိုက်သောကြာင့် သူ့လက်မောင်းက အသုံးမဝင်တော့ပေ။ သူ၏ ခန္ဓာကိုယ်ကြီးက နောက်ပြန်ဆုတ်သွားကာ တံခါးဘောင်နှင့် တိုက်မိပြီး လုံးဝရုန်းသုန်းကားနှင့် ပက်လက် လဲကျသွားသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုကို ရရှိပြီး နတ်ဘုရားရဲစွမ်းသတ္တိအဆင့်ကို ရောက်ရှိသွားသော ဒီလို သိုင်းပညာရှင်မျိုးကို ချင်းရွှေမြို့တစ်ဝိုက်တွင် လက်ချိုးရေလို့ ရလေသည်။
စူးချန်ခုန်းသည် တစ်ချက်တည်းဖြင့် လူထွားကြီး ကုန်းယန်မော့ကို အနိုင်ယူခဲ့သည်။
“ဝှစ်”
ကုန်းယန်စွင်းသည်လည်း အလဟဿ ရပ်နေတာ မဟုတ်ပေ။ စူးချန်ခုန်းက ကုန်းယန်မော့ကို အမှောက်သိပ်လိုက်သည်နှင့် သူသည် သန့်စင်သော သံမဏိဖြင့် ပြုလုပ်ထားသည့် ယပ်တောင်ကို စွဲကိုင်လိုက်သည်။ ၎င်း၏ ချွန်ထက်သော ထိပ်ဖျားသည် ဓားမြှောင် သို့မဟုတ် ဓားနှင့် မခြားပေ။ သူက စူးချန်ခုန်းရဲ့ နှလုံးသားကို လှည့်ပြီး ထိုးချလိုက်လေ၏။
ဤထိုးချက်သည် စူးချန်ခုန်းကို အငိုက်ဖမ်းလိုက်ပုံရသည်။ ၎င်းက ခိုင်ခိုင်မာမာနှင့် ကျရောက်လာလေ၏။ ပုံမှန်အားဖြင့် ရေပြင်ညီမာကြောခြင်းအတတ်ကို လေ့ကျင့်ထားသော သိုင်းပညာရှင်ပင်လျှင် ဤမျှ ချွန်ထက်သော လက်နက်များ၏ ထိုးဖောက်ခြင်းကို ခံနိုင်ရည်မရှိပေ။
“ချွမ်း”
သို့ပေမယ့် စူးချန်ခုန်းရဲ့ နှလုံးသားကို ထိရိုက်မိရာတွင် ကုန်းယန်စွင်းရဲ့ ယပ်တောင်ဟာ သတ္တုနဲ့ ထိလိုက်သလိုမျိုး ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာ၏။
စူးချန်ခုန်း၏ အဝတ်အစားများအောက်တွင် ရွှေပိုးကွင်းချည်ဖြင့်ပြုလုပ်ထားသော သံချပ်ကာအင်္ကျီသည် နှလုံးကဲ့သို့ အရေးကြီးသောနေရာများတွင် ခုခံမှု အားကောင်းစေရန်အတွက် အထူးသဖြင့် ထူထဲသည်။ ကုန်းယန်စွန်း၏ ပန်ကာထိပ်သည် လုံးဝမထိုးဖောက်နိုင်ပါ။
"အတွင်းခံ သံချပ်ကာလား။"
ကုန်းယန်စွန်းသည် စူးချန်ခုန်းလို ထူးချွန်သော သိုင်းပညာရှင်တစ်ဦးသည် သတ္တုအတွင်းခံချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားမည်ကို မမျှော်လင့်ဘဲ အံ့အားသင့်သွားခဲ့သည်။ သူ ဘယ်လောက်တောင် သေဖို့ ကြောက်နေလိုက်မလဲ။
စူးချန်ခုန်း၏လက်က ဆန့်ထွက်လာပြီး ကုန်းယန်စွန်း၏ လက်ကောက်ဝတ်ကို သံကဲ့သို့ တင်းကျပ်နေအောင် ဆုပ်ကိုင်ထားသည်။
“ဂျွတ် ဂျက် ဂျက်”
ကုန်းယန်စွန်းက စူးစူးဝါးဝါး အော်ထုတ်လိုက်သည်။ သူ၏ လက်ကောက်ဝတ်အရိုးများ ကြေမွသွားကာ နာကျင်မှုကြောင့် နဖူးပေါ်မှ ချွေးအေးများ စီးကျလာ၏။
ကုန်းယန်စွန်းက မရုန်းကန်ဝံ့ဘဲ နဖူးထက်ဝယ် ချွေးစေးများနှင့် အော်ပြောလိုက်လေ၏။ "တော်... တော်တော့! ငါတို့က ကြာနက်ဂိုဏ်းရဲ့ တပည့်တွေပဲ။ စကားပြောကြမယ်လေ။"
သို့သော် စူးချန်ခုန်း၏ပစ်မှတ်မှာ ကြာနက်ဂိုဏ်း၏တပည့်များ ဖြစ်သည်။ သနားငဲ့ညာမနေဘဲ ကုန်းယန်စွန်း၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားစဉ် သူ၏ဘယ်လက်သီးသည် ကုန်းယန်စွန်း၏ မျက်နှာဆီသို့ ထိုးကြိတ်လိုက်လေ၏။
"ဒုန်း"
သူ၏ လေးလံသော သံလက်သီးသည် ကုန်းယန်စွန်း၏ နှာတံပေါ် ကျလာပြီး မျက်နှာတစ်ခုလုံး လက်သီးရာကြီး ချိုင့်ဝင်ကာ ပွဲချင်းပြီး သေဆုံးသွားတော့သည်..