လမိုက်ည လေပြင်းတိုက်ခြင်း။ မရဏဂြိုလ် ကောင်းကင်ယံ၌ ပေါ်လာချိန်။
Vol. 5 Ch. 69
"အစ်ကိုကြီး!"
ကြမ်းပြင်မှ ရုန်းကန်ထရင်း ကုန်းယန်မော့သည် စူးချန်ခုန်း၏ လက်ချက်တစ်ချက်ဖြင့် အသတ်ခံလိုက်ရသော ကုန်းယန်စွင်းကို တွေ့လိုက်ရပြီး ဝမ်းနည်းသံနှင့် ဒေါသသံတို့ ရောယှက်နေသည့် အော်သံကြီးကို ထုတ်လွှတ်လိုက်သည်။
"ငါမင်းကိုသတ်မယ်။ ငါမင်းကိုသတ်ပစ်မယ်!" ကုန်းယန်မော့က သွေးရူးတန်းရူး ဖြစ်နေပုံရပြီး သူ့အတွက် အန္တရာယ်ကို လုံးဝဂရုမစိုက်တော့ဘဲ စူးချန်ခုန်းထံ ပြေးဝင်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
စူးချန်ခုန်းက ကုန်းယန်စွန်းဆီက လုယူလာတဲ့ သံမဏိခေါက်ယပ်တောင်ကို ကိုင်ထားပြီး သူ့ရဲ့ ချီစွမ်းအင်ကို ထိုအထဲသို့ ထည့်သွင်းလိုက်သည်။ သူ့လက်ကောက်ဝတ်ကို ခေါက်ပြီး ယပ်တောင်ကို ဓားပျံကဲ့သို့ ပစ်ထုတ်လိုက်ရာ ကုန်းယန်မော့၏နဖူးကို ထိမှန်သွားလေ၏။
"ဒုတ်"
ယပ်တောင်၏ ချွန်ထက်သော သံမဏိရိုး ထိပ်ဖျားသည် ကုန်းယန်မော့၏ ဦးခေါင်းခွံနှင့် ဦးနှောက်ထဲသို့ ထိုးဖောက်သွားသည်။ ရှေ့သို့ ခြေလှမ်းပေါင်းများစွာ ယိုင်ကျလာနေချိန်တွင် သူ၏ မျက်လုံးများက ပြူးထွက်နေလျက်။ *အီနားရှားသဘောတရားက သူ့ကို မြေပြင်ပေါ်သို့ ပြုတ်ကျသည်အထိ သယ်ဆောင်သွားခဲ့သည်။
(T/N *အီနားရှား= အရာဝတ္ထုတို့၏ ဆက်လက်တည်မြဲလိုသော သဘော။ ရွေ့နေသော အရာသည် ဆက်လက်ရွေ့လျားလိုပြီး ရပ်နေသောအရာတို့သည် ဆက်လက်ရပ်တန့်နေလိုသော သဘော။)
ကုန်းယန်ညီအစ်ကို နှစ်ယောက်စလုံး စူးချန်ခုန်း၏လက်ထဲ၌ ကွယ်လွန်သွားကြောင်း မကြေငြာမီတွင် နှစ်ဖက်အကြား တိုက်ပွဲသည် အသက်တစ်ဒါဇင် ရှူရှိုက်စာမျှသာ ကြာမြင့်ခဲ့သည်။
ကြာနက်ဂိုဏ်း၏ တပည့်နှစ်ယောက်ကို ရင်ဆိုင်ရသောအခါ စူးချန်ခုန်းသည် သနားညှာတာမှု တစ်စက်ကလေးမျှ မထားခဲ့။ ထိုညီအစ်ကိုများသည် မရေမတွက်နိုင်သော မကောင်းမှုများစွာကို ပြုလုပ်ခဲ့ကြပြီး သူတို့အား မြေအောက်ကမ္ဘာသို့ ပို့ဆောင်ခြင်းသည် ကြီးမြတ်သော ကြင်နာမှုတစ်ခုဖြစ်သည်။
"အား"
"လူသတ်သမား၊ ဒီမှာ လူသတ်သမား"
အခုမှပဲ အဆောက်အဦထဲက တခြား ဖောက်သည်တွေက သရဲမျက်နှာဖုံးဝတ်ထားတဲ့ စူးချန်ခုန်းကို ကြောက်လန့်နေတဲ့ မျက်လုံးတစ်စုံနဲ့ စိုက်ကြည့်ရင်း အချက်ပေး အော်ဟစ်သံတွေ မြင့်တက်လာ၏။
စူးချန်ခုန်းက အခြားသူများကို လျစ်လျူရှုထားသည်။ သူက ခေါင်းငုံ့ပြီး ကုန်းယန်ညီအစ်ကိုတွေရဲ့ အလောင်းတွေကို ငုံ့ကြည့်လိုက်လေ၏။ တံဆိပ်ပြားအပြင် ငွေစက္ကူပေါင်း ငါးရာကျော်ကို တွေ့သောအခါတွင် သူ၏မျက်နှာဖုံးအောက်၌ အပြုံးတစ်ခုပေါ်လာသည်။
ကြာနက်ဂိုဏ်း၏ တပည့်များသည် များသောအားဖြင့် အလွန်ချမ်းသာကြပြီး စူးချန်ခုန်းကို အံ့အားသင့်စေလေ့ရှိသည်။
မေပယ်အဆောက်အဦး၏ လုပ်ငန်းကို အနှောင့်အယှက်ပေးသည့်အတွက် လျော်ကြေးအနေနှင့် စူးချန်ခုန်းသည် ငွေစက္ကူ ၁၀ ရွက်ကို ယူကာ အနီးနားရှိ စားပွဲပေါ်တင်ခဲ့ပြီး စကားတစ်ခွန်းမှ မဆိုဘဲ အမှောင်ထဲသို့ လှည့်ထွက်ကာ ပျောက်ကွယ်သွားတော့သည်။
“အာဏာပိုင်တွေကို သတင်းပို့၊ အာဏာပိုင်တွေကို သတင်းပို့”
စူးချန်ခုန်း ထွက်သွားပြီး သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က တုံ့ပြန်ပြီး အာဏာပိုင်တွေကို သတင်းပို့ဖို့ ထွက်သွားလေ၏။
ဒေသဆိုင်ရာ တာဝန်ရှိသူတွေက တုံ့ပြန်လိုက်တဲ့ အချိန်မှာတော့ စူးချန်ခုန်းက သေချာပေါက် ခရီးအဝေးကြီးကို ရောက်နှင့်လေပြီ။
"ငါနည်းနည်းနောက်ကျသွားပြီ။ အရင်ဆုံး မနက်ဖြန် အရုဏ်တက်ချိန် သံနက်အိမ်တော်ကို မပြန်ခင်မှာ ချင်းရွှေမြို့မှာပဲ တစ်ည အနားယူလိုက်တော့မယ်။" စူးချန်ခုန်းက သူ့ဘာသာသူ တွေးလိုက်သည်။
သံနက်အိမ်တော်သည် ညဘက်တွင် တံခါးများကို ပိတ်ထားပြီးဖြစ်သည်။ မနက်ပိုင်း အလုပ်မစခင် ပြန်ရောက်ရင် ရပါပြီ။
စူးချန်ခုန်းသည် တောထဲတွင် တစ်ယောက်တည်း လမ်းလျှောက်ပြီး သွားရန် အလျင်မလိုပေ။
လီတစ်ရာလောက် သွားပြီးနောက် အပြေးအလွှား လာနေသော မြင်းခွာသံ တဒုတ်ဒုတ်ကို ကြားလိုက်ရချိန်တွင် စူးချန်ခုန်း၏ နားရွက်များ လှုပ်ခတ်သွားလေ၏။
"ညီအစ်ကိုတို့၊ ဒီမိန်းမရဲ့မျက်နှာကို မထိခိုက်စေနဲ့။ မဟုတ်ရင် ပျော်ဖို့အလှည့်ရောက်တဲ့ခါကျရင် ငါအရမ်း စိတ်မကောင်းဖြစ်ရလိမ့်မယ်။" ညဘက်တွင် ရယ်မောသံများ ပဲ့တင်ထပ်နေ၏။
အမှောင်ထဲမှာ လူအုပ်စုနှစ်စုက လိုက်နေကြသည်။ ထွက်ပြေးလာသူမှာ အသက်သုံးဆယ် မပြည့်သေးသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမက မျက်နှာလှလှလေးနှင့် တင်းတင်းကြပ်ကြပ် ၀တ်ဆင်ထားသော်လည်း သူမ၏မျက်လုံးများတွင် အေးစက်နေပြီး ချဉ်းကပ်၍မရနိုင်သည့် လူသတ်ရောင်ဝါများ ရှိနေသည်။
ထိုအချိန်တွင် သူမဘေးမှ စီးနင်းလာသည့် အမျိုးသားတစ်ဦးက အလောတကြီး ဆိုလေ၏။ "သခင်မလေးယွီ၊ ကျွန်တော် သူတို့ကို ထိန်းထားလိုက်မယ်။ ပြေးနှင့်ပါ။"
"သတိထား"
အမျိုးသမီးသည် သူမ၏ မျက်နှာထား မပြောင်းလဲမီတွင် တစ်စုံတစ်ရာပြောရန် အခွင့်အရေးမရသောကြောင့် သူ့အား သတိပေးလိုက်သည်။
"ဒုတ်"
သို့ပေမယ့် တော်တော့်ကို နောက်ကျသွားလေပြီ။ အနောက်မှ မြှားတစ်စင်း ပျံသန်းလာပြီး ထိုလူ၏နောက်ကျောကို ထိုးဖောက်ကာ သွေးများ လွင့်စင်လျက် အသားများ စုတ်ပြဲသွားလေ၏။ သူက ညည်းတွားလိုက်ပြီး မြင်းပေါ်ကနေ ပြုတ်ကျသွားတော့သည်။
"လျိုလွေ့!"
ထိုအမျိုးသမီးသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း မရပ်လိုက်ပေ။ သူမက မြင်းကို မြန်မြန် ပြေးဖို့ ကြာပွတ်နဲ့ ရိုက်ရင်း သူမကိုယ်တိုင်ကတော့ မြင်းပေါ်ကနေ ခုန်ချကာ အနီးနားက တောအုပ်ထဲကို လှစ်ကနဲ ပြေးလေး၏။
"လိုက်! သူ တောထဲဝင်သွားတာ။ မင်း အဲဒီလမ်းကနေ သူ့ကို ဖြတ်လိုက်!"
မြင်းစီးသူ တစ်ဒါဇင်ကျော်သည် ထိုအမျိုးသမီး၏လမ်းကြောင်းကို ပိတ်ဆို့ရန် တောင်ပေါ်မှ သစ်ပင်များကြားတွင် အရှိန်အဟုန်ဖြင့် စီးနင်းလိုက်ပါရင်း အနောက်ဘက်မှ အော်သံများ ထွက်ပေါ်လာသည်။
ထိုအမျိုးသမီးသည် တောထဲသို့ ဝင်သွားသော်လည်း သစ်ပင်ကြီးတစ်ပင်အောက်မှ အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်ကို မြင်လိုက်ရသဖြင့် ရုတ်ခြည်း ရပ်တန့်သွားလေ၏။ ထိုပုဂ္ဂိုလ်က သူမကို ရပ်ကြည့်နေသော လူငယ်တစ်ယောက်ပင်။
"နောက်ထပ် လူတစ်ယောက်လား။" သူမသည် ညဉ့်နက်ကြီး တစ်စုံတစ်ယောက်ကို တွေ့ရတော့ ထိတ်လန့်သွားသည်။
ထိုအနက်ရောင်ဝတ်စုံနှင့်လူက စူးချန်ခုန်းဖြစ်သည်။
"သူက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေကြသလိုပဲ။"
စူးချန်ခုန်းလည်း အံ့အားသင့်သွား၏။ ထိုအမျိုးသမီးသည် ဤတောအုပ်ထဲသို့ ပြေးဝင်ကာ သူ့ဆီ ရောက်လာချိန်တွင် အပြင်ဘက်မှ အသံများကို ကြားလိုက်ရသည်။
လှမ်းကြည့်လိုက်တော့ စူးချန်ခုန်းဟာ သူမကို သွက်သွက်လက်လက် လိုက်ရှာနေသည့် လူတစ်စုကို တွေ့လိုက်ရသည်။
“ပုန်း”
မဆိုင်းမတွပင် စူးချန်ခုန်းသည် အနီးနားရှိ ချုံပုတ်တစ်ခုထဲသို့ ခုန်ဆင်းကာ လိပ်အသက်ရှူနည်းပညာနှင့် အသက်ရှုခြင်းကို ဖုံးကွယ်ရန် လုပ်ဆောင်ခဲ့သည်။ သူ့အသက်ရှူသံကို ထိန်းထားပြီး မလှုပ်မယှက်ဘဲ နေနေတော့ သူ့နှလုံးခုန်သံနဲ့ သွေးတွေ စီးဆင်းမှု ရပ်တန့်လုနီးနီးပင်။
လိပ်အသက်ရှူနည်းပညာ၏ အဓိက အင်္ဂါရပ်များထဲမှ တစ်ခုမှာ အသက်ရှူလမ်းကြောင်းကို ဖုံးကွယ်ထားခြင်းဖြစ်သည်။ အသက်အောင့်ပြီး ငြိမ်သက်နေတဲ့ အခြေအနေအောက်မှာ သူက သာမန်မျက်လုံးနဲ့ မမြင်နိုင်လောက်တဲ့ သစ်သားတစ်စနဲ့ ခွဲခြားလို့မရနိုင်ပါ။
ဒီအမျိုးသမီးက လိုက်ဖမ်းခံနေပြီး စူးချန်ခုန်းဟာ အမှတ်မထင်ဘဲ ပြဿနာထဲ ဝင်ပါလိုစိတ် မရှိပါ။ ပုန်းအောင်းခြင်းသည် အသိဥာဏ်အရှိဆုံး လုပ်ရပ်ဖြစ်သည်။ "ဖြတ်သွားဖြတ်လာတစ်ယောက်လား?" ဒီလို ညဉ့်နက်သည့် အချိန် ဖြတ်သွားဖြတ်လာတစ်ဦးနှင့် တွေ့လိုက်ရသောကြောင့် အံ့သြတုန်လှုပ်မိသော်လည်း မကြာမီတွင် အနက်ရောင် ဝတ်ရုံနှင့် သိုင်းပညာရှင်များက သူမအား ပြေးစရာ နေရာလွတ်မရှိအောင် အဘက်ဘက်မှ ဝိုင်းရံလာသောအခါ ထိုအဖြစ်ကို ဂရုမစိုက် အားတော့ပေ။
ထိုအမျိုးသမီး၏ လက်ဖဝါးသည် သူမ၏ခါးမှ ဓားကွေးလက်ကိုင်ကို ဆုပ်ကိုင်ထားရင်း တိုက်ပွဲအတွက် အသင့်ပြင်လိုက်သည်။ သူမ၏ အသားအရေ ဖြူဖျော့နေသော်လည်း သူမသည် အေးဆေးတည်ငြိမ်ပြီး ထိုသို့သော အခြေအနေမျိုးတွင် တွေ့ကြုံဖူးပုံရသည်။
ဒါဇင်လောက်ရှိသော အနက်ရောင် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဤနေရာတစ်ဝိုက်ကို လုံး၀ ဝိုင်းရံထားသော်လည်း တိုက်ခိုက်ခြင်း မပြုသေးပေ။ ထိုမိန်းမသည် ချစ်စရာကောင်းသော ရုပ်ရည်ရှိသော်လည်း ရိုးရှင်းသော ပစ်မှတ်မဟုတ်ကြောင်း သူတို့သိသည်။ သူမသည် သူတို့၏ ညီအစ်ကိုများစွာကို သတ်ပစ်ခဲ့ပြီး သတိမထားခဲ့ပါက သူတို့လည်း သေကြေပျက်စီးရချေမည်…