လမိုက်ည လေပြင်းတိုက်ခြင်း။ မရဏဂြိုလ် ကောင်းကင်ယံ၌ ပေါ်လာချိန်။ (၂)
Vol. 5 Ch. 70
"ဒုခေါင်းဆောင်"
မကြာမီတွင် ထိုအနက်ရောင်၀တ်စုံနှင့် သိုင်းပညာရှင်အားလုံးက ဦးညွတ်လိုက်ကြသည်။ တစ်ဖက်မှ ခါးတွင် ဓားရှည် တပ်ဆင်ထားသည့် လူသန်ကြီးသည် သိုင်းပညာရှင် သုံးဦး ဝန်းရံလျက် ချဉ်းကပ်လာသည်။
ဤလူသန်ကြီးသည် သူမတူအောင် ထွားကြိုင်းကာ သူ၏အနက်ရောင်ဆံပင်ကို သာမန်ကာလျှံကာ ထုံးပတ်ထားသည်။ သူ၏တစ်ကိုယ်လုံးသည် လူတို့၏စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော ရောင်ဝါတစ်ခု ထွက်ပေါ်နေ၏။ သူ့ထံမှ အော်သံတစ်ချက် သို့မဟုတ် အကြည့်တစ်ချက်လောက်နှင့် လူတစ်ယောက်ကို ရင်ထိတ်စေနိုင်သည့်နှယ်။
ဆံပင်နက်နက် သန်သန်မာမာနှင့် ဤအမျိုးသားကို မြင်လိုက်ရတော့ ထိုအမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာ ပို တောင့်တင်းမာလာကာ ဓါးကိုဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်က ပိုတင်းကြပ်လာလေ၏။
"သခင်မလေး ယွီကျောင်း၊ မင်း တကယ်ကြီး ပြေးနိုင်တာပဲ။ ငါ မင်းကို လိုက်နေတာ လီတစ်ရာကျော်နေပြီ။"
ဆံပင်နက်နက် သန်သန်မာမာနှင့် အမျိုးသားက ထိုအမျိုးသမီးကို မြင်တော့ ပြုံးစိစိနဲ့ ဆိုလေ၏။
ယွီကျောင်းက အံတင်းတင်း ကြိတ်ရင်း "ဒုခေါင်းဆောင်ချောင်၊ ဘာလို့ ဒီလောက်ထိ အတင်းအကြပ်လုပ်နေရတာလဲ။ ကျွန်မတို့ကြားမှာ အာဃာတတွေ မရှိပါဘူး။ ကျွန်မရှင့်ကို တစ်နည်းနည်း စော်ကားမိခဲ့တယ်ဆိုရင် ကျွန်မ တောင်းပန်ပြီး ပြန်လျော်ပေးပါ့မယ်!"
"အာဃာတ မရှိဘူးတဲ့လား။ မင်းရဲ့ ကျောက်စိမ်းဂိုဏ်းက ငါ့အစ်ကိုကြီးရဲ့ တစ်ဦးတည်းသောသားကို သတ်ပစ်လိုက်တာလေ။ ငါတို့ဂိုဏ်းနှစ်ခုကြားက ရန်ငြိုးတွေက မီးနဲ့ရေလိုပဲ။ ဒီလောက်ကာလ ရှည်ကြာနေပြီ။ ဘယ်မှာ အာဃာတ ကင်းမဲ့နေလို့လဲ"
ဆံပင်နက်နက် သန်သန်မာမာနှင့် အမျိုးသားက အပြုံးမမည်သော အပြုံးဖြင့် ဆိုလေသည်။
"အာဃာတ မရှိဘူးတဲ့လား။ သူတို့တွေက ကျောက်စိမ်းဖြူဂိုဏ်းနဲ့ မြင်းတပ်နက်ဂိုဏ်းကလား"
ချုံပုတ်ထဲတွင် အသက်အောင့်ပြီး သွေးစီးဆင်းမှု အလွန်အမင်း နှေးကွေးထားသည့် စူးချန်ခုန်းသည် နှစ်ဖက်ကြားက စကားကို ကြားလိုက်ရသည့်အတွက် အနည်းငယ် အံ့အားသင့်သွားသည်။
လိုက်ခံနေရသည့် အမျိုးသမီးမှာ ယွီကျောင်းဟုခေါ်ပြီး ကျောက်စိမ်းဖြူဂိုဏ်းမှ ဖြစ်သည်။ ဆံပင်နက်နက် သန်သန်မာမာနှင့် အမျိုးသားသည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှဖြစ်ပြီး ယွီကျောင်း ခေါ်လိုက်သည့် စကားအရ အနှီအမျိုးသားမှာ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဒုတိယ ခေါင်းဆောင် ချောင်ဟုန်ဖြစ်သည်။
အစပိုင်းတွင် ကျောက်စိမ်းဖြူဂိုဏ်းနှင့် မြင်းနက်ဂိုဏ်းတို့သည် တောင်တစ်လုံးတည်းမှာနေသည့် ကျားနှစ်ကောင်နှင့်တူပြီး တစ်ကောင်နှင့် တစ်ကောင် သည်းမခံနိုင်ကြပေ။ သံနက်အိမ်တော်မှ သူ၏ ညီအစ်ကိုများအတွက် လက်စားချေရန် စူးချန်ခုန်းသည် ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်တစ်ဦးအဖြစ် အသွင်ဆောင်ကာ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ်လေးကို လုပ်ကြံ သတ်ဖြတ်ခဲ့ပြီးနောက် ဂိုဏ်းနှစ်ခုကြားရှိ ဟန်ဆောင်မျက်နှာဖုံးများကို လုံးဝကွာကျသွားစေခဲ့သည်။ မကြာသေးမီနှစ်များအတွင်းက တိုက်ပွဲငယ်လေးများအတွင်း နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
အဆင့်အတန်း မနိမ့်ကျတဲ့ ကျောက်စိမ်းဖြူဂိုဏ်းဝင် ယွီကျောင်းဟာ အခုတော့ ချောင်ဟုန်ရဲ့ အမဲလိုက်ခြင်းကို ခံနေရသည်။
"ရန်ငြိုးဖွဲ့တာကို ဆွဲကိုင်ထားတာထက် ဖြေရှင်းတာ ပိုကောင်းပါတယ်။ ကျွန်မအဖေက ကျောက်စိမ်းဖြူဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင် ယွီရှားပါ။ ရှစ်ဟန်ရှန်ကို သတ်ခဲ့တဲ့ တပည့်ကို အနက်ရောင်မြင်းတပ်ဂိုဏ်းကို တောင်းပန်ဖို့ အမိန့်ပေးခိုင်းလိုက်ပါ့မယ်" ဟု ယွီကျောင်းက အံကြိတ်ကာ ပြောလိုက်သည်။
ရှစ်ဟန်ရှန်ကို သတ်သည့် လူသတ်သမားသည် ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်ဟု လူအများစုက ယုံကြည်ခဲ့ကြသော်လည်း ဒုဂိုဏ်းခေါင်းဆောင်၏သမီးဖြစ်သူ ယွီကျောင်းက ထိုသို့မဟုတ်မှန်း သိထားသည်။ လူသတ်သမား၏ သရုပ်မှန်ကို ကျောက်စိမ်းဖြူဂိုဏ်းမှ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယခုအချိန်တွင် ယွီကျောင်းသည် သူမအသက်ကို ကယ်တင်နိုင်ဖို့ အခွင့်အရေးအတွက် မဖြည့်ဆည်းပေးနိုင်သော အချည်းနှီး ကတိများကို ပေးနေသည်။
"ဟမ့်... ငါတို့ ဂိုဏ်းနှစ်ခုကြားက စစ်ပွဲက ငါ့တူကြောင့်တင် မဟုတ်ဘူး။ ကျောက်စိမ်းဖြူဂိုဏ်း မပျက်သုဉ်းမချင်း စစ်ပွဲက ရပ်မှာ မဟုတ်ဘူး။"
ချောင်ဟုန်က မတုန်လှုပ်ပါပေ။ အရင်က ဂိုဏ်းနှစ်ဂိုဏ်းကြား ရန်လိုမုန်းတီးမှုများသည် ယခုအခါ စစ်မှန်သော ရန်လိုမှုများအဖြစ်သို့ ပြောင်းလဲသွားပြီး သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။ တစ်ဖက်က ဖျက်ဆီးခံရရင် စစ်ပွဲက ပြီးသွားလိမ့်မည်။
"ပြီးတော့ ဒီဓားသွားကျင့်ကြံခြင်း နည်းပညာက... အရမ်းတန်ဖိုးကြီးတယ်။ ဂိုဏ်းခေါင်းဆောင်အတွက် မွေးနေ့လက်ဆောင်အဖြစ် အစက ရည်ရွယ်ထားတာ။ ရှင့်ကိုလည်း ကျွန်မ ပေးနိုင်ပါတယ်။"
ယွီကျောင်းသည် အသက်ရှင် ကျန်ရစ်မည့် အခွင့်အရေးအတွက် အသည်းအသန် ကြိုးစားနေပြီး သူမ၏ကမ်းလှမ်းချက်ကို အလျင်အမြန် လုပ်ဆောင်ခဲ့သည်။
"တော်လောက်ပြီ ယွီကျောင်း၊ ငါ့ရှေ့မှာ ဒီလိုအသုံးမကျတဲ့လှည့်ကွက်တွေကို တော်လိုက်တော့။ မင်းက မြွေတစ်ကောင်လို ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမတစ်ယောက်ဆိုတာ ငါသိတယ်။ ဒီ ‘ဓားသွားကျင့်ကြံခြင်း နည်းပညာ' လမ်းညွှန်စာအုပ်ကြောင့်နဲ့ သွမ့်ရမ်ခယ့် မိသားစုတစ်ခုလုံးကို မင်း သုတ်သင်ပစ်လိုက်တာ။ အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ ပြန်တိုက်ပြီး အသေခံလိုက် ဒါမှမဟုတ် လက်နက်ချဖို့ စဉ်းစားလိုက်။ မင်းက အဲဒီလူအိုကြီး ယွီရှားရဲ့သမီးမို့လို့ ငါ မင်းရဲ့အသက်ကို အခုချိန်ထိ ချမ်းသာပေးထားတာ!"
သို့သော် ယွီကျောင်းကို ဟာသလုပ်ရန် ရည်ရွယ်ချက်မရှိဘဲ ချောင်ဟုန်၏ ပါးစပ်ထောင့် အနည်းငယ် တွန့်ချိုးသွားခဲ့သည်။
ယွီကျောင်း၏ မျက်နှာလှလှလေးသည် ယခုအချိန်တွင် ပိုဆိုးရွားလာပြီး အရောင်ဖျော့လာသည်။
ရက်အနည်းငယ်အတွင်းတွင် ကျောက်စိမ်းဖြူဂိုဏ်းခေါင်းဆောင် ပိုင်ထျန်းဟောက်၏ အသက်ငါးဆယ်ပြည့် မွေးနေ့ကျရောက်မည်ဖြစ်ပြီး ယွီကျောင်းသည် လက်ဆောင်တစ်ခုပေးရန် စဉ်းစားခဲ့သည်။
ချင်းရွှေမြို့၏အနီးတစ်ဝိုက်တွင် သွမ့်ရမ်ခယ့်ဟု လူသိများသောကျော်ကြားသော ဓါးပညာရှင်တစ်ဦးရှိခဲ့ပြီး ချင်းရွှေမြို့၌ သူ၏ နာမည်က သိုင်းလောကကို ကြောက်ရွံ့ရိုသေမှုနှင့်အတူ တုန်လှုပ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သွမ့်ရမ်ခယ့်သည် တော်ရုံတိုက်ခဲသော်လည်း သူလုပ်ရှားလိုက်သည်နှင့် နတ်ဘုရားခွန်အားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် နှစ်ဦးအပါအဝင် သူ၏ပြိုင်ဘက်များကို ဓါးတစ်ချက်တည်းဖြင့် အဆက်မပြတ် ဖြတ်တောက်ပစ်သောကြောင့်ပင်။ ဤဖြစ်ရပ်က သူ၏ ဂုဏ်သတင်းကို သေချာပေါက် တဟုန်ထိုး မြင့်တက်စေခဲ့ပြီး သူ့နာမည်ကို ကြားရသူတိုင်းအား ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
သွမ့်ရမ်ခယ့်၏ ကြောက်မက်ဖွယ်ကောင်းသော ဓါးနည်းပညာသည် "ဓားသွားကျင့်ကြံခြင်းပညာ" ကို မတော်တဆ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကောလဟာလများ ရှိသည်။
ယွီကျောင်းသည် ကျောက်စိမ်းဖြူဂိုဏ်းခေါင်းဆောင်၏ ငါးဆယ်နှစ့်ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ဤ " ဓားသွားကျင့်ကြံခြင်းပညာ" ကို ရယူရန် ကြံရွယ်ခဲ့ပြီး သွမ့်ရမ်ခယ့်ကို စောင့်ကြည့်ခဲ့သည်။
ယွီကျောင်းသည် သွမ့်ရမ်ခယ့်ကို ချက်ချင်း ထိပ်တိုက်တွေ့ခဲ့ပေ။ ထိုအစား သူမသည် လက်အောက်ငယ်သားများစွာကို ခေါ်ဆောင်ကာ သူ၏ ဇနီးနှင့်ကလေးကို ပြန်ပေးဆွဲပြီး “ဓားသွားကျင့်ကြံခြင်းပညာ” လက်စွဲစာအုပ်ကို လွယ်လင့်တကူ အပ်နှံခိုင်းစေခဲ့သည်။
ထို့နောက်တွင် ယွီကျောင်းသည် သွမ့်ရမ်ခယ့် မိသားစုတစ်ခုလုံးကို တိတ်တဆိတ် ကိုင်တွယ်လိုက်ပြီး ခြေရာလက်ရာများအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့သည်။ အရာအားလုံးက ချောမွေ့နေခဲ့ပုံပင်။
သို့သော် မထင်မှတ်ပဲ ဒီမှာ လာဖမ်းမိနေသည်။ ရှိခိုးကောင်က ပုစဉ်းရင်ကွဲ ချောင်းနေရာမှ အနောက်ဘက်က ငှက်ကို သတိမထားမိခဲ့သလိုမျိုးပင်။ ယွီကျောင်းနဲ့ သူ့အဖွဲ့ကို အနက်ရောင် မြင်းတပ်ဂိုဏ်းရဲ့ ဒုခေါင်းဆောင် ချောင်ဟုန်က အပြန်ခရီးမှာ ပစ်မှတ်ထားခဲ့သည်။ သူတို့သည် မဆုတ်မနစ် လိုက်လာခဲ့ပြီး ယွီကျောင်း၏ အဖော်များအားလုံး သေဆုံးခဲ့ရသည်။ ယွီကျောင်းသာ ထွက်ပြေးလာနိုင်ခဲ့သော်လည်း သူမသည် ဤတောထဲတွင် ပိတ်မိနေဆဲဖြစ်သည်။
ယွီကျောင်း၏ အသားအရေက ပြောင်းလဲသွားသည်။ ပြန်တိုက်ရမလား။ ချောင်ဟုန် တစ်ယောက်တည်းကိုပင် အနိုင်ရရန် အခွင့်အရေးမရှိပေ။ သူနှင့် အတူပါလာသော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ လက်ရွေးစင်ဆယ်ယောက်နှင့်ဆိုလျှင် ပြောစရာမလိုတော့ပြီ။
လက်နက်ချဖို့အတွက်ကတော့... ယွီကျောင်းသည် သူမပတ်ဝန်းကျင်တွင် သူမ၏ အသွင်သဏ္ဍာန်ကို တောင့်တနေကြသည့် ဝံပုလွေလို မျက်လုံးတွေကို မြင်နေရသည်။ အရှုံးပေးလိုက်ရင် သူ့ကံကြမ္မာက သေတာထက် ပိုဆိုးလိမ့်မယ်ဆိုတာ သူမ ကောင်းကောင်း သိလေသည်။
ရုတ်တရက် ယွီကျောင်းစိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာ၏။ သူမသည် ချုံပုတ်တစ်ခုဆီသို့ လှမ်းကြည့်ကာ "ပြေးတော့။ ပြန်သွားပြီး ငါ့ကို သတ်တဲ့သူက မြင်းတပ်နက်ဂိုဏ်းရဲ့ ဒုခေါင်းဆောင် ချောင်ဟုန်လို့ ငါ့အဖေကို ပြန်ပြောလိုက်" ဟုဆိုကာ အော်ပြောလိုက်လေ၏။
"ဒီယုတ်မာတဲ့ မိန်းမကတော့!"
ချုံပုတ်များအတွင်း ပုန်းကွယ်ကာ အသက်အောင့်ထားသည့် စူးချန်ခုန်း၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားလေ၏။ စိတ်ထဲတွင် ကျိန်ဆဲရင်း သူ့မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များက လက်ကနဲ။
ယွီကျောင်းထံမှ ရုတ်တရက် အော်ဟစ်သံက ချောင်ဟုန်နှင့် အခြားသူများကို အာရုံပြောင်းရန် သူ့အား ရုန်းရင်းဆန်ခတ်မှုထဲ ဆွဲထည့်ဖို့ ရည်ရွယ်ထားကြောင်း သိသာပါသည်။ ဒါမှလည်း သူမ အသက်ရှင်ဖို့ အခွင့်အလမ်း အနည်းအကျဉ်းလောက်ဖြစ်ဖြစ် ရမှာပင်..