ဝါးခွဲခြင်းအဟုန်! နတ်ဘုရားရဲစွမ်းသတ္တိအဆင့်ခုတ်ချက်။
Vol. 5 Ch. 72
"သတိထား!"
အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင် တစ်ဦးက ထိတ်လန့်စွာ အော်ပြောလိုက်သည်။
“ကလောက် ဂလောက်”
စူးချန်ခုန်း ချက်ချင်း လှုပ်ရှားလိုက်သောအခါ မိုးခြိမ်းသံတမျှ ပေါက်ကွဲသံများသည် တောအုပ်အတွင်း ပဲ့တင်ထပ်သွားလေ၏။ သူသည် လက်သီးနှစ်ဖက်လုံးကို တစ်ပြိုင်တည်း ပစ်ကျွေးလိုက်ရာ မူးဝေနေဆဲဖြစ်သော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ အဖွဲ့ဝင်နှစ်ဦးသည် စူးချန်ခုန်း၏ လေးလံလှသော လက်သီးများကြောင့် တစ်မီတာ သို့မဟုတ် နှစ်မီတာသို့ လွင့်ထွက်သွားကာ ရင်ဘတ်များ စုတ်ပြတ်သတ်သွားပြီး အတွင်းအင်္ဂါများက သွေးများနှင့် ရောလျက် ပါးစပ်မှ ပန်းထွက်လာလေ၏။
ထိုအနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းသမားက သူ့သရုပ်မှန်အား မမျှော်လင့်ဘဲ ထုတ်ပြောလိုက်ခြင်းကြောင့် စူးချန်ခုန်းသည် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ မဖြစ်နိုင်တော့ကြောင်း သဘောပေါက်သည်။ အကယ်၍ ထိုသို့ဖြစ်ပါက အားသာချက်ရရှိရန် ဦးစွာ စတင်ရမည်ဖြစ်သည်။ သတ်မလား အသတ်ခံမလား ရွေးချယ်ရမည့် တိုက်ပွဲတစ်ခုသာ။
"သူ့ကိုသတ်!"
အနက်ရောင်မြင်းတပ်ဂိုဏ်း သိုင်းပညာရှင်အချို့သည် ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး စူးချန်ခုန်း ရှောင်တိမ်းနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ကာ ဓားများဆွဲလျက် သူ့ဆီသို့ အပြေးဝင်လာရင်း အပိုင်းပိုင်းဖြတ်ရန် ကြံရွယ်လိုက်ကြသည်။
ဝူချင်းရှီ၊ ပျံဝဲကြိုးကြာ။
စူးချန်ခုန်းက ခြေကိုထောက်ပြီး သူ့ခန္ဓာကိုယ်က ငှက်တစ်ကောင်လို ဝဲကာ ပျံကာနှင့် သွက်လက်ချက်ချာစွာ လွှင့်ပျံလာသည်။ ဓါးတွေ မထိုးမိခင်မှာ သူ့နောက်တွင် အရိပ်များသာ ကျန်ရစ်ခဲ့လေ၏။
“ဂျွတ် ဂျက်”
စူးချန်ခုန်းသည် ချက်ချင်းပင် မျောက်ဝံတစ်ကောင်လို ဖြန့်လိုက်ပြီး သူ့လက်များကို လှုပ်ခါလိုက်သည်နှင့် ခွန်အားသန့်စင်ခြင်းနယ်ပယ်ရှိ အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ပညာရှင်များစွာသည် သူတို့၏ ခြေဖဝါးမှ အလဲထိုးခံလိုက်ရကာ အရိုးနှင့် အရွတ်များ ကျိုးသွားပြီး နောက်သို့ လွင့်ပျံသွားကြသည်။
ကွာဟချက်က တော်တော်လေး ကြီးမားလှသည်။
ဤအနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင်များသည် ခွန်အားသန့်စင်ခြင်းနယ်ပယ်တွင် ရန်သူများစွာကို အနိုင်ယူနိုင်သော လက်ရွေးစင် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသော်လည်း စူးချန်ခုန်း၏ မျက်လုံးထဲတွင်တော့ ဘာမှ မထူးခြားပေ။ သူတို့ကို တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပစ်နိုင်သည်။ သို့မဟုတ် သတ်ပစ်နိုင်သည်။
ခဏလေးအတွင်းမှာပင် စူးချန်ခုန်းသည် လူလေးငါးဦးကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်က သူ၏စွမ်းအားနှင့် အပြတ်အသတ်ကို ကွာလေသည်။
"မျိုးမစစ်လေး"
ထိုအချိန်တွင် မိုးခြိမ်းတမျှ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နားကျိန်းလောက်အောင် မြည်ဟည်းလာသည်။
စူးချန်ခုန်းက ရုတ်တရက် လှုပ်ရှားမည်ဟု မမျှော်လင့်ထားရာ ချောင်ဟုန်သည် ဒေါသစိတ်ဖြင့် မျက်လုံးများ ပြူးလာ၏။ သို့သော် သူ အလျင်အမြန် တုံ့ပြန်ခဲ့သည်။ ဒေါသတကြီး အော်ဟစ်ပြီးနောက် သူရှေ့ကို ခြေလှမ်းလိုက်သည်။ သူ၏ လက်မောင်းတွင် သာမန်လူ တစ်ယောက်၏ ပေါင်လုံးအရွယ် ကြွက်သားများရှိပြီး ၎င်းတို့က ဝုန်းကနဲ ပေါက်ကွဲထွက်လာသည်။ ထို့နောက်သူက စူးချန်ခုန်း၏ နောက်ကျောဆီသို့ လက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။
လက်သီးတောင် မရောက်သေးပေမယ့် ပြင်းထန်တဲ့ ဖိအားတစ်ခုက သူ့ကို ချေမှုန်းနေလေပြီ။
"နတ်ဘုရား ရဲစွမ်းသတ္တိအဆင့်!"
စူးချန်ခုန်းသည် ချောင်ဟုန်ကို နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်မှ အစွမ်းထက်သော ကျင့်ကြံသူအဖြစ် ချက်ချင်း အကဲဖြတ်မိသောအခါ စူးချန်ခုန်း ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားသည်။
ဒါက သူ မမျှော်လင့်ထားသည့် အရာပင်။ ချင်းရွှေမြို့ဒေသတစ်ဝိုက်ကို လွှမ်းမိုးနိုင်သော ဂိုဏ်းတစ်ခုအနေဖြင့် အနက်ရောင်မြင်းတပ်ဂိုဏ်းတွင် ထုံးစံအတိုင်း သိုင်းပညာ ကျွမ်းကျင်အဆင့်များ ရှိပါ၏။ သူတို့၏ဂိုဏ်းခေါင်းဆောင် ရှစ်ဇီကျန်း၏ ကျော်ကြားမှုက လူသိများပြီး ဒုတိယနှင့် တတိယ ခေါင်းဆောင်များအပါအဝင် သူ၏လက်အောက်ခံများသည် ချင်းရွှေမြို့ပတ်ဝန်းကျင်ရှိ ထိပ်တန်း တိုက်ခိုက်ရေးသမားများထဲမှ ဖြစ်ကြသည်။
ချောင်ဟုန်သည် အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဒုခေါင်းဆောင်တစ်ယောက်အနေဖြင့် လွန်ခဲ့သည့်နှစ်တွေကတည်းက နတ်ဘုရားရဲစွမ်းသတ္တိအဆင့်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ချောင်ဟုန်လို ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရတော့ စူးချန်ခုန်း မပေါ့ဆရဲပေ။ သူသည် လိပ်အသက်ရှူခြင်း၏ စစ်မှန်သော ချီစွမ်းအားကို သူ့ခန္ဓာကိုယ်အတွင်း ဖြန့်ကျက်လိုက်ရာ သူ၏ စွမ်းအင်လမ်းကြောင်းမှ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ကြွက်သားတိုင်းသည် စွမ်းအားများဖြင့် ဖောင်းကားလာပြီး သူ့အမြင်တွင် အရာအားလုံး နှေးကွေးသွားပုံရသည်။
စူးချန်ခုန်းသည် သူ၏ခွန်အားကို စုဆောင်းကာ နောက်လှည့်လိုက်သည်။ သူ၏ အနောက်မှ လာသောသူကို ထိပ်တိုက်တွေ့ရန် သူ၏ညာလက်သီးကို ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်သည်။
"ဘုန်း!"
ပြင်းထန်သော လက်သီးနှစ်လုံးသည် ဘာဟန်ပန်မှ မပါဘဲ အချင်းချင်း တိုက်မိသွားကာ ခဏလောက် ငြိမ်သက်သွားပြီးနောက် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်လာလေ၏။ ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ရပ်က ညီတူညီမျှ ဖြစ်နေသည်။ သစ်ကိုင်းခြောက်များ လွှင့်ထွက်သွားပြီး ခြေထောက်အောက်ရှိ သစ်ရွက်ခြောက်များ ဝဲတက်လာကာ ဆယ်ပေပတ်လည် ဧရိယာကို လုံးဝဗလာ ဖြစ်သွားစေခဲ့သည်။
“ဒုတ် ဒုတ် ဒုတ်”
စူးချန်ခုန်းနှင့် ချောင်ဟုန် နှစ်ဦးစလုံးသည် သူတို့၏ပြိုင်ဘက်ထံမှ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရပြီး အထိန်းအကွပ်မဲ့ တုန်လှုပ်သွားကာ နှစ်ယောက်လုံး သုံးလှမ်းစီ နောက်ပြန်ဆုတ်သွားကြသည်။ ခြေလှမ်းတိုင်းတွင် သူတို့၏ခြေထောက်များသည် မြေပြင်ပေါ်သို့ ရှင်းလင်းပြတ်သားသော ခြေရာများ ချန်ရစ်ခဲ့သည်။
သူတို့ အချင်းချင်း အင်အားမျှနေ၏။
"ဒီချောင်ဟုန်က မရိုးရှင်းဘူး... ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုအဆင့်မှာ ရောက်နေတဲ့အပြင် အတွင်းအားကိုလည်း ကျင့်ကြံထားသေးတယ်။" စူးချန်ခုန်းက သူ့ဘာသာသူ တွေးနေမိသည်။
ယေဘုယျအားဖြင့် သိုင်းပညာရှင် အများအပြားသည် ရလဒ်များ စုဆောင်းရန် ရေရှည်လေ့ကျင့်မှု လိုအပ်သောကြောင့် အတွင်းအားကို မလေ့ကျင့်ကြပေ။ အတွင်းစွမ်းအားအတွက် လက်စွဲစာအုပ်များသည် ရှားပါးပြီး အဖိုးတန်သောကြောင့် လူအများစုအတွက် ရရှိရန် ခက်ခဲပါသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း မဟာအောင်မြင်မှုသို့ ရောက်ရှိပြီးနောက် ချောင်ဟုန်သည် စွမ်းရည်များကို ဖွင့်ထုတ်ရန် အတွင်းအားကို ဝီရိယစိုက်ထုတ်ကာ ပိုပြီး အဆင့်တက်ရန် တောင့်တခဲ့သည်။ "ဒီကောင်လေးက အရမ်းငယ်သေးပေမယ့် ဒီအဆင့်ကို ရောက်နေပြီလား။ တောနက်စီရင်စု တစ်ခုလုံးမှာတောင်မှ သိုင်းပညာ ပါရမီရှင်လို့ သတ်မှတ်ခံရမှာ သေချာတယ်။"
သူတို့ ထိပ်တိုက်တွေ့ပြီးနောက် ချောင်ဟုန်သည် သူ့စိတ်ထဲတွင် ပိုလေးလာသလို ခံစားရသည်။ သူ အသာစီးမရခဲ့ပေ။
စူးချန်ခုန်းသည် လိပ်အသက်ရှူနည်းမှ အရိုးကျုံ့နည်းကို လေ့ကျင့်ခဲ့ပြီး သူ၏အရိုးတည်ဆောက်ပုံ လူငယ်တစ်ဦး၏အသွင်အပြင်ကို ပြောင်းလဲထားတာတောင်မှ ချောင်ဟုန်ကို ထိတ်လန့်စေခဲ့သည်။ ဒီလို ကျင့်ကြံမှုအဆင့်နဲ့ ဒီလိုအရွယ်က ချင်းရွှေမြို့ဒေသအပြင်ဘက်တွင်ပင် ရှားလှပါသည်။
"သူ... သူက တကယ်ပဲ ကျောက်စိမ်းဖြူဂိုဏ်း တပည့်အယောင်ဆောင်ပြီး ရှစ်ဟန်ရှန်ကို ခုတ်သတ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်များလား။”
အနှီအခိုက်တွင် ယွီကျောင်းသည် တုန်လှုပ်ချောက်ချားစွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေသည်။ ချောင်ဟုန်ကို ရင်ဆိုင်ရာတွင် နောက်ကျမကျန်ခဲ့သော ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် နတ်ဘုရားရဲစွမ်းသတ္တိအဆင့်ရှိသည့် သန်မာသောသူဖြစ်ကြောင်း ပြသနေသည်။
ယွီကျောင်းသည် လွတ်မြောက်ဖို့ အခွင့်အလမ်း အနည်းငယ်ဖြစ်ဖြစ် ရရှိရန် စူးချန်ခုန်း၏ ပုန်းအောင်းရာနေရာကို ဖော်ထုတ်ခဲ့သည်။ သို့သော် ဤဖြတ်သွားဖြတ်လာက ကျောက်စိမ်းဖြူဂိုဏ်းမှ စုံစမ်းရန်ပင် ရုန်းကန်ခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်တစ်ယောက် အမှန်တကယ်ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ဤသည်မှာ ချင်းရွှေမြို့ ဒေသတစ်ခုလုံးတွင်ပင် ရှားပါးသော ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှုရှိသည့် ပညာရှင်တစ်ဦးဖြစ်သည်။
"မင်းတို့ အဲ့ဒီမိန်းမကို ရှင်းလိုက်။ ချက်ချင်း သတ်ပစ်လိုက်။ ငဲ့ညှာမနေနဲ့။ ဒီကောင်လေးကို ငါနဲ့ လွှဲထားခဲ့!" ချောင်ဟုန်က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ပြတ်သားမှုတို့ အထင်းသား။ သူက စိတ်လှုပ်ရှားနေသော်လည်း မုဆိုးတစ်ယောက်၏ စိတ်ဓာတ်တို့ နိုးကြားလာသည့်နှယ်။ သူ့အဆင့်နှင့် ချင်းရွှေမြို့၏ ဧရိယာတွင် ပြိုင်ဘက်ကို ရှာတွေ့ရန် ခက်ခဲလှသည်။ ထို့ကြောင့် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်ရခြင်းကြောင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူ၏သွေးများ စတင်ဆူပွက်လာခဲ့သည်။
“ဟုတ်ကဲ့!”
ကျန်ရှိသော အနက်ရောင်မြင်းတပ်ဂိုဏ်း သိုင်းသမားတို့သည် ထိုစကားကိုကြားသောအခါ စိတ်သက်သာရာရပြီး တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။
စူးချန်ခုန်းသည် အလွန်ကြောက်စရာကောင်းပြီး မျက်စိတစ်မှိတ်အတွင်း လူလေးငါးယောက်ကို ရှင်းပစ်လိုက်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်ကို ရင်ဆိုင်စရာ မလိုပါက သူတို့အတွက် သေချာပေါက် သက်သာရာရစေသည်လေ။
"မင်းငါ့ကိုသတ်ချင်တာလား။ ဒါဆိုလာစမ်းကြည့်လေ။"
အသန်မာဆုံး ချောင်ဟုန်သည် စူးချန်ခုန်းကိုရင်ဆိုင်တော့မှာကို မြင်လိုက်ရတော့ ယခင်က စိတ်ပျက်အားငယ်နေခဲ့သော ယွီကျောင်းအတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့သည်။ တောက်ပနေသော ဓားကောက်ကို ခါးမှဆွဲထုတ်ကာ သူမဆီသို့ ပြေးလာနေသော အနက်ရောင်မြင်းတပ်ဂိုဏ်းမှ သိုင်းပညာရှင်တို့ကို တန်ပြန်တိုက်ခိုက်သောအခါ သူမ၏ ချစ်စဖွယ်မျက်နှာထက်ဝယ် သတ်ဖြတ်လိုစိတ်များက အထင်းသား။
ကျန်နေသည့် ဂိုဏ်းသားများသည်လည်း စူးချန်ခုန်းက ချောင်ဟုန်ကို ရင်ဆိုင်နေစဉ်တွင် ယွီကျောင်းကို တိုက်ခိုက်ခဲ့ကြသည်။
စူးချန်ခုန်းကို ကြည့်ရင်း ချောင်ဟုန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "သနားစရာပဲ... မင်းက ငါ့အစ်ကိုကြီးရဲ့ တစ်ဉီးတည်းသော သားကိုသတ်လိုက်တာဆိုတော့ မင်းခေါင်းကို ယူဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးပဲ။"