ဝါးခွဲခြင်းအဟုန်! နတ်ဘုရားရဲစွမ်းသတ္တိအဆင့်ခုတ်ချက်။ (၂)
Vol. 5 Ch. 73
"မင်းက ငါ့လက်ထဲမှာ ပထမဆုံးသေရမယ့် ကိုယ်ခန္ဓာသန့်စင်ခြင်း မဟာအောင်မြင်မှု သိုင်းပညာရှင်ပဲ"
စူးချန်ခုန်းက အလွန်တည်ငြိမ်နေပုံရသည်။ သူသည် နတ်ဘုရားခွန်အားနယ်ပယ်မှ တစ်ယောက်မကသော သိုင်းပညာရှင်များအပါအဝင် လူများစွာကို သတ်ဖြတ်ခဲ့ပြီး ယခုအခါတွင် သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း မဟာအောင်မြင်မှု သိုင်းပညာရှင်တစ်ဦး၏ သွေးများက သူ၏လက်တွင် စွန်းထင်တော့မည်ဖြစ်သည်။
"မာနကြီးနေလိုက်တာ။ သေလိုက်တော့!"
ချောင်ဟုန်၏ မျက်လုံးများသည် ဒေါသမီးများ တဟုန်းဟုန်းတောက်နေလျက်။ သူနောက်တစ်ဖန်ပြန် စတင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်ရင်း အေးစက်သော အလင်းတန်းများက မျက်လုံးထဲ လက်ကနဲ။ ဤတစ်ကြိမ်တွင် သူသည် သူ၏ခါးမှ သံမဏိဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး အေးစက်သော လူသတ်ရောင်ဝါက စတင်ပျံ့နှံ့လာသည်။
"ဓားသွား အစီအရင် ချိုးဖျက်ခြင်း။ တပ်သားတစ်ထောင်ကို အလျားလိုက် သုတ်သင်ခြင်း။"
ချောင်ဟုန်သည် လေးလံလှသော သံမဏိဓားရှည်ကို သူ၏လက်တစ်ဘက်တွင် နတ်ဘုရား ရဲစွမ်းသတ္တိ၏ ခွန်အားဖြင့် ကိုင်ဆောင်ကာ ပြင်းထန်ပြီး တုနှိုင်းမရတဲ့ အားဖြင့် အလျားလိုက် ခုတ်လွှဲလိုက်လေ၏။ သူ့ရှေ့မှ စစ်တပ်ကြီး တစ်ခုလုံးအား လွယ်လင့်တကူ ခုတ်ပိုင်းဖြတ်ချင်နေသည့်အလား။
အလေးအနက်ထား တိုက်ခိုက်နေသော ချောင်ဟုန်ကို ရင်ဆိုင်ရင်း စူးချန်ခုန်းသည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ လွန်ခဲ့သည့် နှစ်လကတည်းက သူ၏ ရန်သူများသည် အားနည်းလွန်းသောကြောင့် သူ့ဓားနှင့် ရန်သူများကို တိုက်ခိုက်ရန် အခွင့်အရေးမရှိသလောက် နည်းပါးခဲ့သည်။ ဓားကို ဆွဲထုတ်လိုက်သည်နှင့် တိုက်ပွဲသည် လျင်မြန်စွာ ပြေလည်သွားပြီး သူ၏ ကျွမ်းကျင်မှုကို သွေးဖို့ အခွင့်အရေး ဆုံးရှုံးသွားစေသည်။ ယခုတော့... သူသည် ချောင်ဟုန်က သူ၏ ထိုးနှက်ချက် မည်မျှအား ခံနိုင်ရည် ရှိသည်ကို သူ မြင်ချင်မိသည်။
“ချွမ်း!”
စူးချန်ခုန်းသည် လက်တစ်ဖက်တွင် ဓားအိမ်ကို ကိုင်ထားပြီး သူ၏ ကိုယ်ဟန်အနေအထားနှင့် ထောင့်ကို ချိန်ညှိကာ ကျန်တစ်ဖက်တွင် ဓားလက်ကိုင်ကို မြှားတစ်စင်းကဲ့သို့ ထိန်းထားသည်။ သတ္တုပွတ်တိုက်သံက ပြတ်သားစွာ ထွက်ပေါ်လာလေ၏။
မြန်ဆန်လှသည်! အသံထက်ပင် ပိုမြန်သည်။
ငွေချည်မျှင်ကဲ့သို့ အေးစက်သော ဓါးတစ်ချောင်းသည် လေကိုခွင်းကာ အလျားလိုက် လွှဲရမ်းရင်း ၎င်းနောက်တွင် ပုံရိပ်များစွာ ကျန်ရစ်ခဲ့လေ၏။
သံဖြတ်ဓားနည်းပညာသည် ဓားဆွဲခြင်းနည်းပညာနှင့် ပေါင်းစပ်ပြီးနောက် ပိုမိုအားကောင်းလာခဲ့သည်။ စိတ်အားထက်သန်စွာ လေ့ကျင့်ပြီးနောက် ၎င်းသည် ဝူချင်းရှီပြီးလျှင် စူးချန်ခုန်း ကျွမ်းကျင်သည့် လေးနက်သော ကျွမ်းကျင်မှု အဆင့် (၇) ရှိ ဒုတိယ ပညာရပ်တစ်ခု ဖြစ်လာခဲ့သည်။ ယခုလည်း ပထမဆုံး အကြိမ်အဖြစ် သူသည် ရန်သူကို ဆန့်ကျင်ရာတွင် ၎င်းကို အသုံးပြုခဲ့သည်။
ချောင်ဟုန်က အရင်စခုတ်ပေမယ့် စူးချန်ခုန်းရဲ့ ခုတ်ချက်က ပိုမြန်ရုံတင်မကဘဲ ချောင်ဟုန်ဆီမှလာသော သန့်စင်သည့် သံမဏိဓားကို ထိပ်တိုက် ရင်ဆိုင်နိုင်လေသည်။ ဓားနှစ်စင်း ထိမိကြလေ၏။
“ချွမ်း”
ဓါးသွားများ အချင်းချင်း ပွတ်တိုက်မိနေစဉ် ကြည်လင်ပြတ်သားသော စူးရှလှသည့် သတ္တုသံများက လေထဲသို့ ပျံ့နှံ့သွားသည်။ မီးပွားများက အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။ ချောင်ဟုန်သည် စူးချန်ခုန်း၏ ထိုးနှက်ချက်သည် ထိတ်လန့်စရာကောင်းလောက်အောင် လျင်မြန်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် လေးလံကာ ပေါင်တစ်ထောင်ရှိသော တူဖြင့် ထုချလိုက်သည့်နှယ် သူ့လက်မောင်းကို ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ထို့အပြင် သံမဏိဓားရှည်ကြီး ခုတ်ခံထိသော နေရာတွင် ဓားက ချိုင့်ဝင်သွားခဲ့သည်။
"ဘာ?"
ချောင်ဟုန်သည် မယုံနိုင်ဖြစ်မိသည်။ ခုတ်ချက် တစ်ချက်တည်းဖြင့် သူသည် လေးလံကြီးမားပြီး ကြောက်စရာကောင်းသော ဖိအားတစ်ခုနှင့် တုန်လှုပ်ခြင်းတို့ကို ခံစားခဲ့ရသည်။ ဒါက သူ့ကို သတ်ပစ်နိုင်လောက်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
သံဖြတ်ဓါးနည်းပညာ။ အပေါ်သို့ ခုတ်ပိုင်းခြင်း။
တစ်ချက်တည်းနှင့် စူးချန်ခုန်းသည် ချောင်ဟုန်ကို ဖိနှိပ်နိုင်သည်။ စူးချန်ခုန်း၏ လိပ်အသက်ရှူခြင်း ချီစွမ်းအားသည် ရပ်နားခြင်းမရှိ။ ရှည်လျား၍ အဆုံးလည်းမရှိပေ။ ဓါးသွားကို သံဖြတ်ဓားနည်းပညာဖြင့် ပေါင်းစပ်ရင်း ဓါးကို လှည့်ကာ အပေါ်သို့ ဖြတ်တောက်လိုက်သည်နှင့် တစ်လက်မအထူရှိသော ရောင်ဝါ ထွက်ပေါ်လာလေ၏။
၎င်းက မီးတောင်ပေါက်ကွဲပြီး မြေပြင်မှ ကောင်းကင်သို့ ပစ်လွှတ်လိုက်သကဲ့သို့ပင်။
"ဓားသွား အစီအရင် ချိုးဖျက်ခြင်း။ *အိုးဖျက် ဖောင်ဖျက် တိုက်ခိုက်ခြင်း။"
(T/N 破釜沉舟" အိုးဖျက် ဖောင်ဖျက် တိုက်ခိုက်ခြင်း ဆိုတဲ့ တရုတ်စကားပုံရဲ့ အဓိပ္ပါယ်က “နောက်ပြန်လမ်းကို ဖြတ်တောက်ပြီး၊ ရှုံးနိမ့်ခြင်းကို လက်မခံဘဲ တိုက်ခိုက်ခြင်း” ဖြစ်ပါတယ်။ ဒီစကားပုံက တရုတ်သမိုင်းမှာ စစ်သူကြီးတစ်ဦးရဲ့ ဖြစ်ရပ်ကနေ ပေါ်ပေါက်လာတာဖြစ်ပြီး သူက သူ့တပ်ဖွဲကို နိုင်အောင်တိုက်ဖို့ အိုးခွက်တွေနဲ့ လှေသင်္ဘောတွေကို ဖျက်ဆီးလိုက်ပါတယ်။ ဒါကြောင့် စစ်သားတွေမှာ နောက်ပြန်လမ်းမရှိတော့ဘဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီအတိုင်း သူတိုအနိုင်ရခဲ့ကြတာပါ။ ဘုရင့်နောင် ဖောင်ဖျက်တိုက်ပွဲနဲ့ အတူတူပါပဲ။)
ချောင်ဟုန်သည် သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ တိုးညင်းသော ညည်းတွားသံနှင့်အတူ သူသည် စူးချန်ခုန်း၏ သံဖြတ်ဓားကို ဟန့်တားဖို့ ကြိုးပမ်းရန် ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်ထားပြီး အပြင်းအထန် ခုခံလိုက်သည်။ ထို့သို့မဟုတ်ပါက ဤထိုးနှက်မှုအောက်တွင် သူကွဲထွက်သွားလိမ့်ပေမည်။
“ချွမ်း”
သူတို့၏ဓားများ ထပ်မံတိုက်မိသွားရာ ချောင်ဟုန်သည် သူ၏ ခွန်အားက ပစ်မှတ်ကို မထိရောက်သည့်နှယ် စွမ်းအားမဲ့သွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ စူးချန်ခုန်း၏ ထိုးနှက်ချက်သည် မြန်လွန်းပြီး လေးလံလွန်းသဖြင့် သူ၏ စွမ်းဆောင်ရည် အပြည့်ကို မထုတ်မီ သူ့အား ထိုးသွင်းလိုက်သည်။
“ဒုတ်”
ပြင်းထန်သော တွန်းအားကြောင့် ချောင်ဟုန်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်စွာ နောက်သို့ ဆုတ်သွားပြီး ရင်ထဲ ထိတ်လန့်သွား၏။ သူသည် ဓားပညာတွင် နှစ်သုံးဆယ်ကြာ နစ်မြုပ်ထားခဲ့သော်လည်း ယခုအခါ အကွက်အနည်းငယ် ဖလှယ်ရုံမျှနှင့် သူက အားယုတ်နေပြီဖြစ်သည်။
စူးချန်ခုန်း၏ သံဖြတ်ဓားနည်းပညာသည် လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုများစွာ မရှိပါ။ လျင်မြန်မှု၊ တိကျမှုနှင့် ရက်စက်မှုတို့သာ ရှိသည်။ ရိုးရှင်းပြီး တည့်တိုးဆန်သည်။ နှေးကွေးမှုကို ကျော်လွှားရန် အရှိန်နှင့် အားနည်းချက်ကို ကျော်လွှားရန် ခွန်အားကို အသုံးပြုထားသည်။
ချောင်ဟုန်က နောက်ပြန်ဆုတ်သွားရင်း သူ့အရှိန်က ပျောက်ကွယ်သွားလေ၏။ တစ်ဖက်တွင် စူးချန်ခုန်းသည် သူ၏သွေးများဖြင့် ပွက်ပွက်ဆူနေပြီး သူ၏ စစ်မှန်သော ချီစွမ်းအင်သည် လျင်မြန်စွာ လည်ပတ်နေရာ သူ့လက်မောင်းတစ်လျှောက် သွေးပြန်ကြောများ ဖောင်းထွက်ကာ သူ့လက်မောင်း ကြွက်သားများ ဖောင်းကားလာသည်ကို ခံစားလိုက်ရသည်။
သံဖြတ်ဓါးနည်းပညာ။ ဟက်တက်ခွဲခြင်း။
“သတ်!”
စူးချန်ခုန်းက အော်ဟစ်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရှေ့ကို ချီတက်လိုက်သည်။ အမြင့်တစ်နေရာမှ ကျလာသော ဓားချက်သည် ချောင်ဟုန်ကို ခုတ်ပိုင်းရန် ရည်ရွယ်ထားပြီး စူးချန်ခုန်း၏ မျက်လုံးများတွင် သူသည် လူမဟုတ်တော့ဘဲ ကျောက်တုံးတစ်တုံး သို့မဟုတ် သံတစ်ပိုင်းအလား။ မည်မျှမာကျောသည်ဖြစ်စေ သူသည် ချောင်ဟုန်ကို အပိုင်းပိုင်းဖြတ်တောက်ရန် စိတ်ပိုင်းဖြတ်ထားသည်။
ရိုက်ချက်မကျလာမီ အချိန်တွင်ပင် ဥက္ကာခဲကဲ့သို့ ပြင်းထန်သော ဖိနှိပ်မှု အင်အားက ပြိုကျလာပြီး ချောင်ဟုန်၏ အသက်ရှုသံများအား ရပ်တန့်လုနီးပါး ဖြစ်စေခဲ့သည်။ ဖုန်မှုန့်တွေလို ခြေမွခံရတော့မည့်နှယ် သူ့နှလုံးသားက အထိန်းအကွပ်မဲ့စွာ ခုန်နေ၏။ သူ ပြေးချင်ပေမယ့် ပြေးမလွတ်နိုင်တော့။
“အား”
ချောင်ဟုန်သည် အရူးအမူး အော်ဟစ်လျက် ခုခံရန် ဓားကို မကာ စူးချန်ခုန်း၏ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိမည်ဟု မျှော်လင့်ပြီး သူ၏ ခွန်အားကို အထွတ်အထိပ်သို့ တွန်းပို့လိုက်သည်။
"ချွမ်း"
လေးလံသော သံဖြတ်ဓားသည် မထိုးဖောက်နိုင်သော အင်အားကို သယ်ဆောင်ကာ ခုတ်ချလိုက်သည်။ ဓားချင်း ထိလိုက်သည့် အခိုက်အတန့်တွင် သတ္တုကွဲအက်သံနှင့်အတူ ချောင်ဟုန်၏ သန့်စင်သော သံမဏိဓားရှည်သည် စူးချန်ခုန်းထံမှ ယခင်က ရိုက်ချက်နှစ်ခုကို ခံခဲ့ရသောကြောင့် နှစ်ပိုင်းကျိုးသွားတော့သည်။ သံဖြတ်ဓားသည် အညှာတာမဲ့စွာ ဆင်းသက်လာလေပြီ။
“မဟုတ်ဘူး!”
ချောင်ဟုန်၏ မျက်လုံးများသည် ဒေါသစိတ်နှင့် ပြူးကျယ်သွားသော်လည်း နောက်တခဏတွင် သူ့ခေါင်းက နာကျင်ကိုက်ခဲလာသဖြင့် ဟိန်းဟောက်သံ ရုတ်ခြည်း ပြတ်တောက်သွားလေ၏။ ထက်လှသော သံဖြတ်ဓားက အပေါ်မှ ကျလာပြီး တင်ပါးများအထိ ပြင်းထန်စွာ ကွဲထွက်သွားသည်။
ချောင်ဟုန်၏ မျက်လုံးများသည် နာကြည်းမှုများ ပြည့်နှက်နေ၏။ သူ စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ့မျက်ခုံးကြားတွင် သွေးများ ပြန့်ကျဲနေသဖြင့် သူ့ခန္ဓာကိုယ် ဟန်ချက်ပျက်သွားပြီး နှစ်ဖက်စလုံး လဲကျသွားတော့သည်။ သွေးညှီနံ့သည် လေထဲသို့ စိမ့်ဝင်သွားပြီး တိတ်ဆိတ်သောည၏ အေးမြမှုကို တိုးလာစေသည်။
ချင်းရွှေမြို့တစ်ဝိုက်တွင် နာမည်ကြီးသော ကျွမ်းကျင်ပညာရှင်ဖြစ်သည့် အနက်ရောင် မြင်းတပ်ဂိုဏ်း၏ ဒုခေါင်းဆောင် ချောင်ဟုန်သည် စူးချန်ခုန်း၏ သံဖြတ်ဓားဖြင့် တိုက်ခိုက်မှုအတွင်း အနည်းငယ် နှစ်ပိုင်းကွဲသွားခဲ့လေပြီ။
ဖူး
ထိုမှသာလျှင် စူးချန်ခုန်းသည် သူ၏ရင်ဘတ်မှ လိပ်အသက်ရှူနည်း အပြာဖျော့ဖျော့ ချီစွမ်းအင်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ရာ နောက်ဆုံးတွင် သူ၏ အသက်ရှူသံသည် တည်ငြိမ်လာလေ၏။
"သူ့ကိုသတ်ဖို့ သုံးချက် ခုတ်ခဲ့ရတယ်။ အနက်ရောင် မြင်းတပ်ဂိုဏ်းရဲ့ ဒုခေါင်းဆောင် ဖြစ်ထိုက်ပါတယ်လေ။ ငါတို့ကြားက ကွာဟချက်က တော်တော်လေး ပါးတာပဲ။" လို့ စူးချန်ခုန်းက သူ့ဘာသာသူ တွေးတော ကောက်ချက်ချလိုက်သည်။ တိုက်ပွဲက တိုတောင်းပေမယ့် စူးချန်ခုန်းက သုံးကြိမ် ခုတ်ခဲ့ရတာကြောင့် ဒါက ချောင်ဟုန်နဲ့ တခြားသူတွေကြားက ကွာခြားချက်ကို ပြသနေလေသည်..