← Chapters

ထိပ်တန်းတပည့် ယွမ်ပေချန်

Vol. 20 Ch. 256

ထိပ်တန်းတပည့် ယွမ်ပေချန်

Vol. 20 Ch. 256

နတ်ဆိုးတိုက်ကြီးရှိ တားမြစ်မီးတောင်အတွင်း အရိပ်များ အမှောင်ကျနေပြီး အဖြူရောင်မီးတောက်များက ဆန်းကြယ်စွာ ပျောက်ကွယ်သွား၏။ တစ်ချိန်က မီးဘီလူးကြီးပမာ ကြောက်စရာကောင်းခဲ့သော မီးတောင်မှာ ငြိမ်သက်သွားကာ အပြင်ဘက်ရှိ ချောက်နက်များမှ သားရဲဟိန်းသံများသာ ပဲ့တင်ထပ်နေသည်။ သို့ရာတွင် အနက်ဆုံးအပိုင်းတွင် ငွေရောင်မီးလုံး တစ်လုံး တောက်လောင်နေကာ မြေခွေးပုံရိပ်တစ်ခု ထင်ဟပ်နေကာ လျှို့ဝှက်ဆန်းကြယ်ပုံရသည်။ အချိန်တစ်ခုအကြာတွင် ၎င်းသည် အချိန်ကြာမြင့်စွာ အိပ်မောကျနေရာမှ နိုးထလာဟန်ဖြင့် မျက်လုံးအစုံ ဖွင့်လိုက်သောအခါ အမှောင်ထုကို ထိုးဖောက်၍ ကောင်းကင်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ အမြှီးသုံးချောင်းဘေးတွင် အမြှီးအသစ်တစ်ချောင်း ထပ်မံ ထွက်ပေါ်လာကာ သုံးပေစီ ရှည်လျား၍ လက်နက်များအလား မီးပွားတဖွားဖွား လောင်ကျွမ်းနေသည်။ အမြှီးလေးချောင်း နတ်ဆိုးမြေခွေးက လနတ်သားအဖြစ် အသွင်ပြောင်းကာ အဝတ်ဗလာကိုယ်ထက်တွင် မြေထိအောင် ဖြာကျနေသော ဆံပင်ရှည်များ ဖုံးကွယ်ထားသည်။ မျက်နှာအထက်တွင် ပန်းပုတစ်ရုပ်အလား သပ်ရပ်လှပသော အစိတ်အပိုင်းများ တည်ရှိနေ၍ ယောကျ်ားတစ်ယောက်ဖြစ်သော်လည်း ရင်သပ်ရှုမောဖွယ် ကောင်းပေသည်။ လက်တစ်ဖက်အယမ်းတွင် ရှေးဟောင်းချပ်ဝတ်တစ်စုံ ပျံသန်းရောက်ရှိလာကာ ဝတ်ရုံရှည်အဖြစ် ခြုံလွှမ်းသွားခဲ့သည်။

"ပျက်စီး နတ်ဆိုးနှလုံးသား"

လနတ်သားက မျက်လုံးမှိတ်၍ တီးတိုးရေရွတ်လိုက်ပြီး နတ်ဆိုး တာအိုနှလုံးသားအကြောင်း ယွမ်ရှောင် ထပ်မံနားလည်သွားခဲ့သည်။ ကျင့်ကြံရေး လမ်းစဥ်တွင် နတ်ဆိုးဖြစ်စေ မိစ္ဆာဖြစ်စေ လူသားဖြစ်စေ လောကကြီးနှင့် ချိတ်ဆက်ကာ အခြေခံ တည်ဆောက်ရပေသည်။ နတ်ဆိုးနှလုံးသား၏ စွမ်းအားသည် သဘာဝတရားမှ မြစ်ဖျားခံလာခြင်းဖြစ်ကာ ပျက်စီးနတ်ခန္ဓာ၏ အလိုတော်သည် နတ်ဆိုးမြေခွေး၏ မျိုးဆက်သွေးကို အဆင့်မြင့်သွားစေ၏။ မြေခွေးတစ်ကောင်အတွက် အမြှီးတစ်ချောင်းချင်းစီက ဓားပမာ ထင်မှတ်ရပြီး လေးချောင်းမြောက် အမြှီးသည် လက်နက်အသစ်တစ်ခု ရလိုက်သည့်ပမာ သတ်မှတ်နိုင်သည်။

"ငရဲကိုးထပ်မှာ ကမ္ဘာဦးနတ်ဆိုးငရဲ တစ်ခု တည်ရှိပြီး အဆုံးမဲ့ ငရဲပြည်နဲ့ သိပ်မဝေးဘူး။ အဲ့ဒီနေရာမှာလည်း ပျက်စီးအဆီအနှစ်တွေနဲ့ ဖန်ဆင်းရှင်မျိုးစေ့တွေ ရှိလိမ့်မယ်။ ဒီနေရာမှာ လုပ်စရာ သိပ်မကျန်တော့ဘူး။ ငါ့အနေနဲ့ အမှားလုပ်လို့တော့ မဖြစ်ဘူး"

လနတ်သား၏ တောက်ပနေသော မျက်ဝန်းများက အေးစက်စက် အရောင်လက်သွားကာ မြေခွေးအဖြစ် အသွင်ပြန်ပြောင်းပြီး ငွေရောင်အလင်းတန်းဖြင့် ထွက်ခွာသွားခဲ့၏။

"သာမန်နယ်ပယ်ရှစ်ခုကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ငါက တကယ်အစွမ်းထက်လာတာပဲ"

သူက ပျော်ရွှင်စွာ ရေရွတ်၍ ကြွက်သားတစ်ခုချင်းစီတွင် စွမ်းအားများ ပေါက်ကွဲမတတ် ပြည့်လျှံနေခဲ့သည်။ ထို့နောက် သူက ငွေရောင်ကြယ်တံခွန်ပမာ နတ်ဆိုးတိုက်ကြီးကို ဖြတ်သန်း၍ နတ်ဘုရားတိုက်ကြီး၏ ကောင်းကင်နယ်မြေအထိ ခရီးဆက်လာခဲ့သည်။ ချန်ရှောင်၏ အုပ်ချုပ်မှုကောင်းမွန်သောကြောင့် စစ်ပွဲမတိုင်မီအချိန်ကဲ့သို့ စည်ကားသက်ဝင်နေကာ သူက အရုဏ်တက် နတ်နန်းတော်အတွင်း တိတ်တဆိတ် ဝင်ရောက်လာခဲ့၏။ ဓားသူတော်စင်စွန်းနှင့် ချန်ရှောင်က နေ့စဥ်အလုပ်များနေပြီး ကျယ်ဝန်းသော ခန်းမကြီးအတွင်း အနားပင်မယူနိုင်ကြပေ။ ထိုအချိန်တွင် ချန်ရှောင်သည် သတိအနေအထား ဖြစ်သွားကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင် မျက်စိရှေ့၌ ငွေရောင်ဆံပင်နှင့် လနတ်သား ရောက်နေပြီဖြစ်၏။

"လနတ်သား"

သူက တအံ့တသြရေရွတ်လိုက်ပြီး တစ်ဖက်လူမှာ နတ်ဆိုးတိုက်ကြီး၏ ဧကရာဇ်အသစ်ဖြစ်လာကြောင်း သတင်းရထားသည်။

"ကျုပ်က ယွမ်ရှောင်ရဲ့ မိတ်ဆွေ"

လနတ်သား၏ စကားက သူ၏ သတိအနေအထားကို ပြေလျော့သွားစေပြီး တိုက်ကြီးနှစ်ခု၏ အစွမ်းအထက်ဆုံး လူငယ်နှစ်​ယောက် မဟာမိတ်ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။

"သူက ကျုပ်ကို သတင်းတစ်ခုပါးခိုင်းလိုက်တယ်"

"ပြောပါ"

လနတ်သားသည် ချန်ရှောင်ကို ထာဝရဓားအကျဥ်းထောင်နှင့် အဆုံးမဲ့ငရဲပြည်အကြောင်း အသေးစိတ်ရှင်းပြခဲ့ပြီး ဓားအပျက်အစီးနယ်မြေ၌ ကျင့်ကြံရန် ယွမ်ရှောင် ရောက်နေသည်ဟု အကြောင်းကြားပေးခဲ့၏။ သမက်ဖြစ်သူ၏ လှုပ်ရှားမှုက အလွန်တရာမြန်ဆန်သောကြောင့် သူက တအံ့တသြဖြစ်သွားသည်။ ကောင်းကင်နယ်မြေသို့ ရောက်လာသည်မှာ အချိန်မကြာသေးသော်လည်း လက်ရှိတွင် သူ၏သမက်က ငရဲကိုးထပ်အထိ ခြေဆန့်နေပြီဖြစ်၏။

"သူက တိုက်ကြီးနှစ်ခုလုံးကို ဆက်ပြီးကာကွယ်ပေးလိမ့်မယ်။ မင်းလုပ်ဖို့ လိုအပ်တာက ကောင်းကင်နယ်မြေကို မူလအကြံအတိုင်း ထိန်းသိမ်းထားဖို့ပဲ။ လူသားမျိုးနွယ်ကို စုစည်းပြီး စစ်တပ်အင်အား စုဆောင်းထားရမယ်"

လနတ်သားက မှာကြားလိုက်ပြီး အံ့သြနေသော ချန်ရှောင်ကို သတိပြန်ဝင်လာစေကာ လူသားမျိုးနွယ်၏ ကပ်ဘေးမှာ လောလောဆယ် ငြိမ်းချမ်းသွားကြောင်း သိလိုက်ရ၏။ အကယ်၍ ချန်ရီ၏ အကြံအတိုင်း တိုက်ခိုက်လျှင် နတ်ဆိုးတိုက်ကြီး ပျက်စီးမည်မှာ သေချာသော်လည်း နတ်ဘုရားတိုက်ကြီး အထိအခိုက်များပေလိမ့်မည်။ ယွမ်ရှောင်က သူမကိုယ်စား တာဝန်ယူ၍ ဖန်ဆင်းရှင်အင်မော်တယ် ဟူသော ကိန်းရှင်ဖြစ်နိုင်ချေကြောင့် အခြေအနေကို ပြောင်းလဲနိုင်ခဲ့သည်။ သို့ရာတွင် နတ်ဆိုးဧကရာဇ်တစ်ယောက်ဖြင့် ဤသတင်းပေးပို့လိုက်ခြင်းက စစ်သေနာပတိချုပ်ကို အတွေးရခက်သွားစေကာ ယုံကြည်ရန် သင့်မသင် အကြံအိုက်နေ၏။

"ဒါနဲ့ ငါ့ကို တခြားအင်မော်တယ် နတ်ပြည်ထောင်တွေရဲ့ နတ်ဆိုးလက်ပါးစေတွေကို စာရင်းလုပ်ပေး။ အကုန်သတ်ပေးမယ်"

"ဒီမှာပါ"

လနတ်သား၏ စကားအဆုံးတွင် ချန်ရှောင်က စာလိပ်တစ်ခု ချက်ချင်းကမ်းပေးလာသောကြောင့် အံ့အားသင့်သွားစေသည်။ တစ်ဖက်လူက ကြိုတင်စာရင်းလုပ်ထားပြီး သစ္စာဖောက် အရာရှိများ၏ နာမည်များ ပါဝင်ကာ သေဒဏ်ထိုက်ကြသူများပင်။

"နောက်ထပ် တစ်ခု ပြောစရာရှိတယ်။ စုလန်လန်ကို ဓားနယ်​မြေဆီ စေလွှတ်ပြီး ဓားပင်လယ်မှာ ကျောင်းတော်တစ်ခု တည်ဆောက်ခိုင်းလိုက်။ နင်ရန်ဆိုတဲ့ မိန်းမက အသေးစိတ် ကိုင်တွယ်ပေးလိမ့်မယ်။ ​ပါရမီထူးချွန်တဲ့ ကျင့်ကြံသူတွေကို စုစည်းပြီး ဓားဂူသုံးခုမှာ ကျင့်ကြံခွင့်ပေးလိုက်"

"ကိစ္စမရှိဘူး"

လနတ်သား၏ ညွှန်ကြားချက်ကို ချန်ရှောင်က ချက်ချင်းခေါင်းညိတ်၍ အတွင်းစိတ်ထဲတွင် နတ်ဆိုးတစ်ယောက်သည် ဓားလမ်းစဥ် တိုးတက်လာစေရန် ကူညီပေးနေသဖြင့် အတွေးများလာခဲ့သည်။ သူက လနတ်သားကို တစ်ချက်ကြည့်၍ ယွမ်ရှောင်နှင့် မရှင်းမလင်း ဆက်ဆံရေးမျိုး ရှိသလားဟုပင် တွေးလိုက်မိသည်။

"ဒီနေ့ခေတ်ကလေးတွေရဲ့ အကြိုက်ကတော့ကွာ"

သူ၏ စိတ်ထဲတွင် ဤအတွေးကို မျိုသိပ်ထားကာ ယဥ်ကျေးစွာ ပြုံးပြလိုက်သည်။ လနတ်သားက သူ့ကို မိုးကြိုးကျောက်တစ်ခု ပေးအပ်၍ အန္တရာယ်ရှိလျှင် အချက်ပေးရန် မှာကြားပြန်၏။

"မင်းတို့သာ ပူးပေါင်းနေရင် တိုက်ကြီးနှစ်ခုလုံးက စစ်ဖြစ်စရာ အကြောင်းမရှိတော့ဘူး။ တကယ့်အန္တရာယ်က အဆုံးမဲ့ငရဲပြည်က မိစ္ဆာမျိုးနွယ် ဖြစ်လာပြီလား"

ချန်ရှောင်က တစ်ချက်တွေး၍ မေးလိုက်ခြင်း ဖြစ်သည်။

"မဟုတ်ဘူး။ တကယ့်ရန်သူက နယ်ခြားဓားကျင့်ကြံသူတွေပဲ"

လနတ်သားက နက်ရှိုင်းစွာ စိုက်ကြည့်၍ သတိပေးလိုက်သဖြင့် သူ့ကို တုန်လှုပ်သွားစေသည်။

"ကျုပ်ပြောသလိုသာ လုပ်စမ်းပါ"

ထို့နောက် မြေခွေးနတ်ဆိုးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ချန်ရှောင်မှာ ခန်းမအတွင်း အတွေးများစွာဖြင့် ကျန်ရစ်ခဲ့သည်။ နတ်ဆိုးဧကရာဇ်တစ်ယောက်က လူသားမျိုးနွယ်ကို ကာကွယ်ပေးနေပြီး နယ်ခြား လူသားမျိုးနွယ်ကို သတိထားရန် လိုအပ်နေသောအခါ ထူးဆန်းလွန်းသော အခြေအနေဖြစ်၍ သူက သက်ပြင်းချလိုက်မိသည်။

"သမီးလေး အခု ဘယ်ကိုများရောက်နေမလဲ။ အဖေ သတိရမိတယ်ကွယ်"

သူက ချန်ရီ ပျောက်ကွယ်သွားသော အချိန်တွင် တည်ငြိမ်နေခဲ့သော်လည်း မည်သည့်အချိန်တွင် ပြန်တွေ့ခွင့်ရမည်ဖြစ်ကြောင်း တွေးမိသောအခါ ဝမ်းနည်းပူဆွေးလာခဲ့သည်။

နတ်ဆိုးတိုက်ကြီးရှိ ထာဝရ ဓားအကျဥ်းထောင်၏ ဝင်ပေါက်အနားတွင် အလင်းတန်းတစ်ခုက လေဟာနယ်ကို ထိုးဖောက်ရောက်ရှိလာပြီး သပ်ရပ်လှပစွာ ဆင်းသက်၍ ကြယ်သဏ္ဍာန်များ ချည်ထိုးထားသည့် ဝတ်ရုံရှည်နှင့် လူငယ်တစ်ယောက် ဖြစ်လာ၏။

"ထိပ်တန်းတပည့်"

အနားတွင် ရှိနေသော ဓားအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများ ချက်ချင်း အရိုအသေပေးလိုက်ကြသည်။

"ပိုင်မျိုးနွယ်ဝင် ဘယ်မှာလဲ"

လူငယ်က ခေါင်းဆောင်တစ်ယောက်အလား ပြုမူ၍ မေးခွန်းထုတ်လိုက်၏။

"လာပါပြီ"

တောင်သခင်တစ်ယောက်ဖြစ်သော်လည်း လူငယ်ရှေ့သို့ အဘိုးပိုင်က ရိုရိုကျိုးကျိုး ရောက်ရှိလာခဲ့သည်။

"သခင်လေး ပေချန် ဓားအပျက်အစီးနယ်မြေက သတင်းအသစ်ရှိလို့လား"

သူက တစ်ချက်ပြုံး၍ အကျိုးအကြောင်း မေးမြန်းသည်။

"ပိုင်ချန်ဟုန် မင်းလည်း ကံအတော်ဆိုးတာပဲ"

ယွမ်ပေချန်က တစ်ချက်ပြုံး၍ လှောင်ပြောင်လိုက်သည်။

"သခင်လေးပေချန် ကျေးဇူးပြုပြီး ဒီအဘိုးကြီးကို အကျိုးအကြောင်းပြောပြပေးပါ။ ကျုပ်က မင်းအဘိုးရဲ့ သစ္စာရှိနောက်လိုက်တစ်ယောက်ပါ"

ပိုင်ချန်ဟုန်က ရင်ထိတ်သွားကာ စိုးရိမ်တကြီး တောင်းဆိုခဲ့၏။

"ခင်ဗျားအကြောင်း မဟုတ်ပါဘူး။ ခင်ဗျားရဲ့ မြေး ပိုင်ဝူချွဲအကြောင်းပါ။ သူက ပဲ့တင်သံ ခြောက်ကြိမ်အောင်မြင်ပြီး ထိပ်တန်းတပည့် ဖြစ်လာခဲ့တယ်"

ယွမ်ပေချန်က ရယ်ချင်စိတ်ကို အောင့်ထားရင်း အသိပေးလိုက်သောအခါ ဝမ်းသာစရာ သတင်းဖြစ်နေသောကြောင့် အနားရှိလူများ စဥ်းစားမရ ဖြစ်ကုန်သည်။ ထို့နောက် ယွမ်ရှောင်နှင့် လင်းချန်အကြောင်း အသေးစိတ် သတင်းများ သိလိုက်ရသောအခါ ပိုင်ချန်ဟုန်မှာ ဖင်ထိုင်ကျသွား၍ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်လာကာ ကျန်လူများလည်း ကိုယ့်နားကိုယ် မယုံနိုင်ကြပေ။ သူကိုယ်တိုင် ဤလူငယ်နှစ်ယောက်ကို ဓားအပျက်အစီးနယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီး အမည်ခံ ဓားအင်မော်တယ်များ ဖြစ်လာစေရာ ကိုယ့်ပေါင်ကိုယ် ဓားနှင့်ထိုးခြင်းပင်။

"ဝူချွဲရဲ့ အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပေးနိုင်မလား"

သတင်းအသစ်ကြောင့် တုန်ရီနေသော ပိုင်ချန်ဟုန်က ယွမ်ပေချန်ရှေ့တွင် ဒူးထောက်ကာ နောင်တကြီးစွာဖြင့် တောင်းဆိုလိုက်သည်။

"ကျုပ်အဘိုးက ကြီးကြပ်သူတစ်ယောက်ပါပဲ။ လင်းချန်ကို ကာကွယ်ဖို့ တာဝန်ပေးခံထားရတယ်။ တကယ်လို့ အမည်ခံ ဓားအင်မော်တယ်က သတ်ချင်တယ်ဆိုရင် ဘယ်သူမှ မတားနိုင်ဘူး။ နားလည်လား"

တစ်ဖက်လူ၏ မထီမဲ့မြင်စကားကြောင့် သူက မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။

"ဒါပေမယ့် လောလောဆယ် ဒီကောင်က ဓားကျွန်အဖြစ် အသက်ရှင်နေတယ်ဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် ချင်မျိုးနွယ်ကတော့ ချင်လော့ကလွဲရင် အကုန်သေကုန်ပြီ"

"ဓားကျွန်တစ်ယောက် ဖြစ်ရတာလည်း သေတာထက်စာရင် မဆိုးပါဘူး"

ပိုင်ချန်ဟုန်၏ အသံက တုန်ရီနေပြီး ချင်မျိုးနွယ်၏ ကံတရားအကြောင်း သိလိုက်ရသောအခါ ကျောရိုးတလျှောက် အေးစိမ့်သွားသည်။

"သခင်လေးလင်းက ကျုပ်တို့ဘက်မှာ ရှိနေတာ ကံကောင်းတယ်။ ပိုင်မျိုးနွယ်သာ သစ္စာရှိမယ်ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်။ ဒီသတင်းကို အဘိုးက ခင်ဗျားဆီ ပြောခိုင်းလိုက်တာပဲ"

ယွမ်ပေချန်က လေးနက်စွာ မှာကြားလိုက်၏။

"ကျုပ်တို့ဘက်မှာ ဟုတ်လား။ ဓားအစောင့်အရှောက်နဲ့တောင် ဆန့်ကျင်ဘက်လုပ်နေပြီလား"

ပိုင်ချန်ဟုန်က အသက်ပြင်းပြင်း ရှူ၍ သုံးသပ်တွက်ချက်နေသည်။

"ဒါဆိုရင် ဘာကြောင့် ယွမ်ရှောင်ကို တွန်းအားပေးရမှာလဲ။ ကံဆိုးတာက အမည်ခံ ဓားအင်မော်တယ်ဆိုတာ အဆင့်သတ်မှတ်ချက် တစ်ခုခုပဲ။ တစ်​ယောက်​ယောက်ကတော့ လူရယ်စရာ ဖြစ်တော့မယ်"

ယွမ်ပေချန်က ပခုံးတွန့်ပြလိုက်သည်။

"မှန်တာပေါ့။ ထာဝရဓားက အ​ကြိမ်တစ်သိန်းတောင် ပဲ့တင်ထပ်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ပိုင်ချန်ဟုန်သည် သူ၏ ရပ်တည်အချက်ကို ရှာတွေ့သွားဟန်ဖြင့် မည်သည့်ဖိနပ်ကို လျှက်ရမည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။

"နတ်ဆိုးတိုက်ကြီးရဲ့ ကိစ္စကို ကောင်းကောင်းကိုင်တွယ်ပြီး သခင်လေးလင်းရှေ့မှာ နာမည်ကောင်းရအောင် ကြိုးစား။ သူက အင်မော်တယ် ဓားသတ်မှတ်ချက်ပြိုင်ပွဲမှာ ပါဝင်မယ်လို့ ပြောထားတယ်။ အဲ့တာပြီးရင် ကောင်းကင်ဘုံမြေကို လာသိမ်းယူမှာဆိုတော့ ပိုင်မျိုးနွယ်ရဲ့ အသက်က စွမ်းဆောင်ရည်အပေါ် မူတည်နေပြီ"

ယွမ်ပေချန်က ခဏတာ ရပ်တန့်သွားပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်လေသည်။

All Chapters