အကြံကိုယ်စီ
Vol. 20 Ch. 244
"ဓားကျွန်"
ထိုအချိန်မှာပင် အေးစက်ကြည်လင်သော စကားသံတစ်ခုက လင်းချန်၏ ကြီးကျယ်ခမ်းနားသော အတွေးများကို ဖျက်ဆီးပစ်လိုက်သည်။ သူက ဦးခေါင်းကို မော့လိုက်သောအခါ မျက်လုံးများတွင် ယခင်က ရှိနေခဲ့သော စိတ်ရှုပ်ထွေးမှု နှင့် နိမ့်ကျမှုများ ဖယ်ရှားခဲ့သည်။ ယခုအခါတွင် သူ၏ အသွင်အပြင်မှာ အတိတ်ဘဝမှ မြင့်မြတ်သော နတ်ဓားဧကရာဇ်အလား လောကကို ကျော်လွန်နေသည့် မျက်နှာထားမျိုးဖြင့် အစားထိုးလိုက်သည်။ ၎င်းမှာ စိတ်၏အတွင်းပိုင်းမှ ထွက်ပေါ်လာသော မြင့်မြတ်မှုတစ်ခုပင်။
"မင်းက ဘာလာကြည့်နေတာလဲ။ ဓားသေတ္တာကို ယူခဲ့စမ်း"
ပိုင်ဝူချွဲက နိမ့်ကျသော ဤဓားကျွန်အပေါ် ငြီးငွေ့နေဟန်ဖြင့် ခိုင်းစေခဲ့သည်။ ချင်လော့ကို သိမ်းသွင်းရန် သူက ဤကျွန်ကို နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခဲ့သော်လည်း ယခုအခါ ပျင်းစရာကောင်းလာသည်။ လင်းချန်၏ ကျောဘက်တွင် လေးလံသော သေတ္တာတစ်ခုကို ထမ်းထားပြီး သူ့အရပ်ထက်ပင် ရှည်လျား၍ အလေးချိန်အောက်တွင် ကိုင်းညွှတ်နေရသဖြင့် ခါးကိုင်းစပြုလာ၏။ ဤဓားသေတ္တာသည် ဓားကောင်းကင်တွင် လင်ချန် သယ်ဆောင်နေကျ ဓားအိမ်နှင့် ဆင်တူပြီး နတ်ဆိုး ရိုးတွင်းခြင်ဆီ အရည်တစ်မျိုး ပါဝင်သည်။ ၎င်းကို ရေရှည် နစ်ထားခြင်းဖြင့် ဓားဝိညာဉ် နှင့် ဓားအော်ရာကို မြှင့်တင်နိုင်သည့်အပြင် အဆင့်ကိုလည်း တိုးတက်စေနိုင်၏။ ဒဏ္ဍာရီလာအရ ဓားသေတ္တာကို သိုလှောင်အိတ်ထဲတွင် ထားရှိလျှင် ၎င်း၏ အရည်အသွေးကို ကျဆင်းစေသောကြောင့် ထာဝရ ဓားအကျဉ်းထောင်၌ ဓားကျွန်များကို အလုပ်ပေးခဲ့သည်။ သခင်ဖြစ်သူ၏ ဓားသေတ္တာကို သယ်ဆောင်ရန် တာဝန်ပေးအပ်ထားသော အစေခံများ ဖြစ်ကာ ဓားဝိညာဉ်ကို အချိန်မရွေး၊ နေရာမရွေး ပျိုးထောင်ပေးရန် တာဝန်ယူရ၏။ မွေးဖွားချိန်တွင် အံ့ဖွယ်ဖြစ်ရပ်များကို ဖြစ်ပေါ်စေခဲ့သော ပါရမီရှင်တစ်ယောက်မှာ ဓားကျွန်တစ်ယောက်အဖြစ် နိမ့်ကျသွားပြီး လိုအပ်ချက်တိုင်းကို နှိမ့်နှိမ့်ချချဖြင့် ဖြည့်ဆည်းပေးနေရသောကြောင့် ပိုင်ဝူချွဲအတွက် ဤအရာမှာ အမှန်တကယ် ကျေနပ်စရာကောင်းသည်။ လင်းချန်မှာ ရောက်လေရာ အထင်သေးသော အကြည့်များကြောင့်
လောကကြီး၏ အေးစက်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း ထိုအရာအားလုံးမှာ အတိတ်တွင် ချန်ရစ်ခဲ့ရပေလိမ့်မည်။
"ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ၊ အားကောင်းတဲ့ ကျောထောက်နောက်ခံ မရှိလို့ ငါ မင်းကို နောက်ဆုံးတစ်ကြိမ် သည်းခံလိုက်မယ်။ ဓားနှစ်ချင်း မင်္ဂလာပြီးရင်၊ သုံးနှစ်အတွင်း ငါ ခံစားခဲ့ရတဲ့ အရှက်တရားအတွက် နှစ်ဆ ပြန်ပေးဆပ်ခိုင်းမယ်"
လင်းချန်၏ မျက်လုံးများ အေးစက်သွားကာ ခါးကို တည့်မတ်ပြီး ပိုင်ဝူချွဲထံ ချဉ်းကပ်သွားသည်။
ဖြန်း
ပိုင်ဝူချွဲက ရုတ်တရက် မျက်နှာကို ရိုက်လိုက်သဖြင့် လက်ငါးချောင်းရာ ကျန်ရစ်ခဲ့သည်။
"မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ အရူးတစ်ယောက်လို အဲ့မှာ ရပ်နေတယ်။ ဓားသေတ္တာကို ဖွင့်စမ်း။ ငါ မင်းကို နှစ်ခါ ပြောရမှာလား"
ပိုင်ဝူချွဲ၏ အသံက အေးစက်နေသည်။
"ဟုတ်ကဲ့"
လင်းချန်က ဒေါသကို မျိုသိပ်၍ တစ်ဖက်လူမှာ ဧကရာဇ်နယ်ပယ် ကျင့်ကြံသူဖြစ်နေပြိး သူ့အနေဖြင့် ယခုမှ ပြန်လည်မွေးဖွားကာစဖြစ်သောကြောင့် သည်းခံနေရသည်။ သူက စိတ်ထဲတွင် ဤရိုက်ချက်ကို အတေးအမှတ်ထားခဲ့ပြီး တစ်ချိန်က တန်ခိုးထွားခဲ့သော ကောင်းကင် နတ်ဓားဧကရာဇ်သည် လက်ရှိ အခြေအနေအထိ နိမ့်ကျသွားသည်။ သူက နောက်တစ်ကြိမ် ခေါင်းငုံ့၍ ဓားသေတ္တာကို ဖွင့်ကာ ပိုင်ဝူချွဲရှေ့တွင် ချထားလိုက်သည်။
ဘန်း
ပြန်လည်မွေးဖွားခြင်းသည် ချီစွမ်းအင် အလွန်အကျွံ ကုန်ဆုံးစေသောကြောင့် ဓားသေတ္တာမှာ သူ၏ လက်ထဲက လွတ်ကျသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျ၍ ဖုန်မှုန့်များ တထောင်းထောင်း ဖြစ်ပေါ်လာစေသည်။
"အား"
အနီးအနားမှ ဆွဲဆောင်မှုရှိသော မိန်းကလေး ဓားကျင့်ကြံသူတစ်ဦးက သူမ၏ ဝတ်ရုံ ညစ်ပတ်သွားသဖြင့် နောက်ဆုတ်သွားသည်။
"မောင်လေးပိုင်၊ မင်းရဲ့ ဓားကျွန်က တကယ် ညံ့ဖျင်းလိုက်တာ။ ငါ့ ဝတ်စုံကို အကုန် ညစ်ပတ်သွားအောင် လုပ်လိုက်တယ်"
သူမက မျက်မှောင်ကြုတ်၍ ညည်းညူလိုက်၏။
"ကျွန်တော် တောင်းပန်ပါတယ်၊ အစ်မတော် ကျောက်ယွီ"
လင်းချန်က နှိမ့်ချဟန်ဖြင့် တောင်းပန်ခဲ့သည်။
"ဓားကျွန်၊ မင်းကများ ငါ့ကို အစ်မတော်လို့ ခေါ်ရဲလား။ ရူးနေတာလား"
သူမက လင်းချန်ကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်သဖြင့် အနားတွင် ရပ်နေသော ပိုင်ဝူချွဲ၏ မျက်လုံးများ တခဏအတွင်း အေးစက်သွားသည်။
"ငါက ဒါကို လွှတ်ထားမလို့ပဲ၊ ဒါပေမယ့် မင်းက သေချင်လို့ တောင်းဆိုနေတာပဲကွ"
ဓားသေတ္တာတစ်ခု ယူခိုင်းရုံသာ ဖြစ်သော်လည်း ဤအရူးက အဆက်မပြတ် မှားယွင်းနေသည်။ အရာအားလုံးကို သည်းခံနေရသော ဓားကျွန်၏ အကြည့်များ တင်းမာနေကြောင်း သူက သတိထားမိသည်။ အမြဲတမ်း နှိမ့်ချနေထိုင်ရမည်ဖြစ်သော ဓားကျွန်တစ်ယောက်က ရုတ်တရက် အခြားလူ တစ်ယောက်ပမာ ပြောင်းလဲသွားသဖြင့် လက်စားချေလိုသော အတွေးများကို အရူးတစ်ယောက်မဟုတ်လျှင် လူတိုင်း နားလည်နိုင်ပေသည်။
ထန်
ပိုင်ဝူချွဲက နောက်ထပ် ဆူငေါက်မနေတော့ဘဲ သူ၏ ဓားဝိညာဉ်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ ၎င်းကို ဓားရှည်အဖြစ် ပြောင်းလဲ၍ လင်းချန်၏ လည်ပင်းထံ တမဟုတ်ချင်း ပိုင်းချခဲ့သည်။ ဓားချက်က လျင်မြန် ပြင်းထန်၍ ဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။ ဤမျက်စိစပါးမွှေးစူးစရာ ကျွန်ကောင်ကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ်ရန် ကျဆင်းလာခဲ့၏။
" ရက်စက်လှချည်လား"
လင်းချန်က အလန့်တကြား ဖြစ်သွားပြီး ကောင်းကင်နတ်ဓားဧကရာဇ်မှာ ပြန်လည်မွေးဖွားလာ၍ အားအနည်းဆုံး အခိုက်အတန့်တွင် သေစေနိုင်သော ဓားချက်ကြောင့် ထိတ်လန့်သွားရသည်။ သူက ဤကျင့်ကြံသူများကို အရူးများဟု ထင်ခဲ့သော်လည်း သူ၏ နတ်ဓားကို လုယူရန် ကြံစည်ခဲ့သူ ညီတော်၊ လျှို့ဝှက်ဆန်းကြယ် ဓားဧကရာဇ်ထက်ပင် ပို၍ ရက်စက်နေကြ၏။
ထန်
ထိုအချိန်တွင် အပြာရောင် ဓားအလင်းတစ်ချက် ရုတ်တရက် ရောက်ရှိလာပြီး ပိုင်ဝူချွဲ၏ ဓားချက်ကို ဟန့်တားပေးခဲ့သည်။ ၎င်းက ဓားချက်၏ လားရာကို ပြောင်းလဲပစ်လိုက်သဖြင့် ပိုင်ဝူချွဲ၏ ဓားမှာ လင်းချန်၏ ပခုံးကို ရှပ်ထိသွားကာ အရေပြား တစ်လွှာ ပြုတ်ကျသွား၏။ လင်းချန်က မြေကြီးပေါ် ဘုန်းခနဲ လဲကျသွား၍ မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး ချွေးများ အလွန်အကျွံ ထွက်နေသည်။ သူက ခုလေးတင် ပြန်လည်မွေးဖွားလာသော်လည်း ကျင့်ကြံရန် အချိန်မရှိသေးခင် သေမင်းနှင့် လက်တစ်လုံးခြား လွတ်မြောက်ခဲ့သည် မဟုတ်ပါလော။
"ငါ့ကို ဘယ်သူ ကယ်လိုက်တာလဲ"
ရိုးရှင်းစွာ ဝတ်ဆင်ထားသော အဖြူရောင်ဝတ် လူငယ်တစ်ဦး ရပ်နေသည်ကို လင်းချန် မြင်တွေ့လိုက်ရသည်။ ထိုလူငယ်မှာ ချောမောပြီး နတ်ဘုရားတစ်ပါးပမာ အသွင်အပြင်မျိုးဖြင့် နတ်ဆိုးတိုက်ကြီး၏ ဒေသခံတစ်ယောက် ဖြစ်သော်လည်း နိမ့်ကျသော ဟန်ပန်မျိုး မရှိချေ။
"ယွမ်ရှောင်"
ပိုင်ဝူချွဲက သူ၏ ဓားဝိညာဉ်ကို တစ်ချက်ကြည့်လိုက်ရာ အနက်ရောင် အစက်အပြောက်တစ်ခု ရှိနေသည်။ တစ်ကိုယ်လုံးသို့ ဓားအရိုး၏ အတွင်းမှ နာကျင်မှု ရောက်ရှိနေပြီး တစ်ဖက်လူမှာ ဓားကျွန်တစ်ယောက်ကို ကယ်တင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့အပြင် နတ်ဆိုးတိုက်ကြီး၏ ဒေသခံတစ်ယောက်အနေဖြင့် ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"အစ်ကိုပိုင်၊ ကောင်းကင်ဘုံက အသက်ကို တန်ဖိုးထားတယ်။ သနားကရုဏာထားပြီး ဒီညီလေးကို အသက်ချမ်းသာပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်"
ယွမ်ရှောင်က ရှေ့တက်၍ တောင်းဆိုလိုက်ခြင်းဖြစ်ရာ ပိုင်ဝူချွဲ ခဏတာ မင်သက်သွားသည်။
"မင်း သေချာလား"
"ဒီလို ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ၊ နတ်ဆိုးတွေနဲ့ မိစ္ဆာတွေကြောင့် အန္တရာယ်များနေပြီး ကျွန်တော်က ဒီလောကကြီးထဲမှာ မွေးဖွားလာခဲ့တယ်။ ပြည်သူတွေအနေနဲ့ ရန်သူကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်ဖို့ အမြဲတမ်း လှုံ့ဆော်ခဲ့တယ်။ လူသားမျိုးနွယ်ဝင်အချင်းချင်း စည်းလုံးမှသာ ငါတို့ မျိုးနွယ်က ကြီးပွားတိုးတက်နိုင်မှာပါ"
တစ်ဖက်လူ၏ စကားကြောင့် ပိုင်ဝူချွဲက ကျောက်ယွီနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်သည်။ သူတို့၏ အမြင်တွင် တစ်ဖက်လူမှာ သူရဲကောင်းဝင်လုပ်ခြင်း ဖြစ်ကာ ဓားကျွန်ကို ထာဝရဓားအကျဥ်းထောင်နှင့် ဝေးရာတွင် သတ်ပစ်ရန် ကြံစည်ထားကြ၏။ သူက ယွမ်ရှောင်ကို မကြောက်သော်လည်း ကုပိုင်ရီ၏ နောက်ဆုံး တပည့်ဖြစ်ပြီး လူသား မျိုးနွယ်အပေါ် ကောင်းကျိုးပြုခဲ့သဖြင့် ကိုင်တွယ်ရ ခက်ခဲစေသည်။ ထို့ကြောင့် သူက သူ၏ အဘိုးဘက် လှည့်ကြည့်ကာ ဆုံးဖြတ်ချက် တောင်းခံခဲ့၏။
"ပြဿနာ မရှာနဲ့"
"ဟုတ်ကဲ့"
အဘိုးပိုင်၏ စကားကြောင့် ပိုင်ဝူချွဲက နားလည်သွားကာ လင်းချန်ကို အေးစက်စက် သတိပေးခဲ့သည်။
"မင်းရဲ့ ကယ်တင်ရှင်ကို ကျေးဇူးတင်လိုက်တာ ပိုကောင်းမယ်။ နောက်တစ်ခါ ဉာဏ်တုံးတုံး လုပ်ရပ်တွေ"
ထို့နောက် သူက ယွမ်ရှောင်ကို လှမ်းပြောသည်။
"ညီလေးယွမ်၊ ဒီလိုအဆင့်နိမ့် လောကမှာ မွေးဖွားလာပေမယ့် ဓားသိုင်းပညာ ထူးချွန်တာ အမှန်တကယ် ချီးကျူးစရာပါပဲ။ မင်းအနေနဲ့ ဓားနှစ်ချင်း မင်္ဂလာမှာအထွတ်အထိပ်ကို ရောက်ရှိလာဖို့ ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုပိုင်။ ဒီနေ့ ကျွန်တော့်ရဲ့ ဓားကို မဆင်မခြင် ဆွဲထုတ်ခဲ့တာအတွက် ခင်ဗျား ခွင့်လွှတ်ပေးလိမ့်ဖို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ ခင်ဗျားရဲ့ သင်ကြားမှုတွေကို နာခံပြီး ခင်ဗျားရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာပါမယ်"
ယွမ်ရှောင်က ဦးညွှတ်၍ ပြောသည်။
"ပြဿနာမရှိပါဘူး"
ပိုင်ဝူချွဲက ယဉ်ကျေးပျူငှာသော အပြုံးတစ်ခု ဟန်လုပ်လိုက်သည်။
"အဘိုးပိုင်၊ ဒီ ယွမ်ရှောင်က ဓားသိုင်းပညာမှာ အရည်အချင်း မြင့်မားပေမယ့် ဉာဏ်ကောင်းပုံ မရဘူး။ သူ့ကို ဓားအပျက်အစီးနယ်မြေဆီ ခေါ်သွားခဲ့ရင်တောင် ကြာရှည် အသက်ရှင်မှာ မဟုတ်ဘူး။ ဘာလို့ ဒုက္ခခံနေရမှာလဲ"
အခြားတစ်ဖက်တွင် ဓားစီရင်သူတစ်ယောက်က တီးတိုးပြောလာသည်။
"ကုပိုင်ရီက သူ့ရဲ့ ဓားစက်ကွင်းတွေကို ဒီကောင်လေးဆီ ယုံကြည်စွာ အပ်နှံခဲ့တယ်။ သေဆုံးသူကို လေးစားတဲ့အနေနဲ့ ငါတို့ သူ့ကို မျက်နှာသာပေးသင့်တယ်။ အထူးသဖြင့် ကုပိုင်ရီက ကောင်းကင်ဘုံမြေကို ရှာဖွေတွေ့ရှိပြီး ကြီးကြီးမားမား အကျိုးဆောင်ခဲ့တယ်မလား"
အဘိုးပိုင်က ခေါင်းတစ်ချက်ယမ်းပြ၍ ယွမ်ရှောင်ကို လှမ်းကြည့်လိုက်သည်။
"ဓားတာအိုက လူသားမျိုးနွယ်ရဲ့ အသေအပျောက်အများဆုံး တာအိုပဲ။ ဒါပေမယ့် သူက ကြင်နာမှုနဲ့ ကျင့်ကြံနေလို့ အသက်ရှည်မယ် မထင်ဘူး။ ဒါပေမယ့် သူက ငါတို့ပိုင်မျိုးနွယ်ရဲ့ လက်ထဲမှာ မသေသရွေ့ ပြဿနာနဲ့ အတင်းအဖျင်းတွေ ရှိလာမှာကို ကြောက်စရာမလိုဘူး"
"အဘိုးပိုင်၊ ကျုပ်တို့အားလုံး ခင်ဗျားအကြောင်း သိပါတယ်။ ဒီကလေး သေသွားခဲ့ရင်တောင် ဒါကို နတ်ဆိုးတွေနဲ့ မိစ္ဆာတွေအပေါ် အပြစ်ပုံချရမှာပဲ"
ဓားစီရင်သူများက အချင်းချင်း နားလည်ဟန်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။
"ဟုတ်တာပေါ့"
အဘိုးပိုင်က အပြင်ပန်းတွင် ပြုံးရယ်နေသော်လည်း ထိုလူများမှာ အချင်းချင်း ချောက်ချရန် ချောင်းမြောင်းနေသည့် မြေခွေးများ ဖြစ်ကြောင်း နားလည်ထားသည်။ ပိုင်ဝူချွဲသည် ယွမ်ရှောင်အပေါ် အပြင်ပန်း၌ ယဉ်ကျေးပြနေသော်လည်း ရန်လိုစိတ်ကို သိုဝှက်ထားသည်။ လင်းချန်ကဲ့သို့ ဓားကျွန်တစ်ယောက်ကို သတ်ရန် သူက အလွယ်တကူ ဓားဆွဲထုတ်နိုင်သော်လည်း ယွမ်ရှောင်ကဲ့သို့ အဆင့်အတန်းတစ်ခုရှိသူအတွက် ခက်ခဲပေသည်။ သို့ရာတွင် သူ့အနေဖြင့် တစ်စုံတစ်ယောက်ကို မျက်မုန်းကျိုးနေလျှင် သတ်ပစ်ရန် ကိုယ်တိုင်လုပ်စရာ မလိုအပ်ချေ။
"ဒီလိုသူရဲကောင်းမျိုးက ဓားအကျဥ်းထောင်မှာ သုံးရက်တောင် မခံဘူး"
ကျောက်ယွီက တိတ်တဆိတ် နှာခေါင်းရှုံ့သည်။
"သုံးနာရီလောက်ခံရင်ကို အထင်ကြီးစရာပဲ"
ပိုင်ဝူချွဲက အထင်သေးဟန်ဖြင့် ပြောသည်။ ယွမ်ရှောင်က ဓားအပျက်အစီးနယ်မြေ၏ အထက်တန်းလွှာ တပည့်များအတွင်း ကံကောင်းစွာဖြင့် ဝင်ရောက်နိုင်ခဲ့သည့်တိုင်အောင် ဓားကျွန်တစ်ယောက်အတွက် သူ့ကိုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ အကယ်၍ ၎င်းမှာ ဦးနှောက်မရှိခြင်း မဟုတ်လျှင် ရူးသွပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
"မင်း ငါ့ကို ကယ်တင်ရဲတယ်ပေါ့။ သေမှာ မကြောက်ဘူးလား"
လင်းချန်လည်း တစ်ဖက်လူ၏ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေ၏။
"လမ်းပေါ်မှာ မတရားမှုကို မြင်ရရင် ကူညီဖို့ ဓားကို ဆွဲထုတ်တာက ငါတို့လို ဓားကျင့်ကြံသူတွေရဲ့ မွေးရာပါ ဗီဇပဲ။ ငါ အများကြီး မစဉ်းစားခဲ့ဘူး"
ယွမ်ရှောင်က သိမ်မွေ့စွာ ပြုံး၍ လင်းချန်ကို ထူမပေးခဲ့သည်။
"သြော်"
လင်းချန်က ခေါင်းတစ်ချက်ယမ်း၍ စိတ်ထဲတွင် အားကောင်းသူများသာ သနားကရုဏာဖြင့် ဆုံးဖြတ်နိုင်ကြောင်း နားလည်ထား၏။
" လူငယ်လေး၊ မင်း ကံကောင်းတယ်။ လောကမှာ ကြီးမားတဲ့ အရည်အချင်းနဲ့ မွေးဖွားလာတာ မဟုတ်ရင် မင်းလည်း ဒီလောက် ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
လင်းချန်က စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း ကျေးဇူးတင်စကားပြောရန် မေ့လျော့မနေခဲ့ပေ။
"ဘာပဲဖြစ်ဖြစ်၊ မင်းက ငါ့ရဲ့ အနိမ့်ပါးဆုံးအချိန်မှာ ငါ့အသက်ကို ကယ်တင်ခဲ့တယ်။ ကြင်နာမှု တစ်စက်အတွက် ငါက အဆတစ်ရာ အကြွေးပြန်ဆပ်မယ်။ ငါသာ ကောင်းကင်ကို တဖန် ပြန်လည် မြင့်တက်လာရင် မင်းကိုလည်း အတူခေါ်သွားပေးမယ်"
"ဒါဆိုရင်တော့ ငါ မင်းကို ကြိုပြီး ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်က ခေါင်းညိတ်သည်။
" ဒီလူငယ်လေးက အတောက်ပဆုံး ပါရမီရှင် မဟုတ်ပေမယ့် ကံကောင်းတယ်။ ငါ့ကို မတော်တဆ ကယ်တင်ပေးခဲ့လို့ သူ့ကို ဓားတာအို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးပြီး ငါ့ရဲ့ ညာလက်ရုံးဖြစ်ခွင့် ပေးလိုက်မယ်။ သူ့ကို ငါ့ရဲ့ ကောင်းကင်နတ် ဓားတရားရုံးမှာ နေရာတစ်ခု ပေးလိုက်မယ်"
အတွေးများနေသော လင်းချန်နှင့် ယွမ်ရှောင်က အကြည့်ချင်း ဆုံသွားကာ ကိုယ်စီ အကြံများဖြင့် ပြုံးပြလိုက်မိကြသည်။
"ဒီ အခက်အခဲကို ဖြေရှင်းပြီးပြီဆိုတော့ ငါတို့ ဓားနှစ်ချင်း မင်္ဂလာကို စောင့်ရမယ်"
လင်းချန်က စိတ်လှုပ်ရှားနေဟန်ဖြင့် ပိုင်ဝူချွဲကို တစ်ချက်လှမ်းကြည့်၍ ရေရွတ်ခဲ့သည်။
"မင်းရဲ့ အကြည့်ကို သတိထား။ မဟုတ်ရင် သူက မင်း လက်စားချေဖို့ ကြံစည်နေတယ်လို့ ခန့်မှန်းသွားနိုင်လိမ့်မယ်"
ယွမ်ရှောင်၏ သတိပေးချက်ကြောင့် လင်းချန် မင်သက်သွားကာ ချောင်းတစ်ချက်ဟန့်၍ မသိဟန်ဆောင်ပြီး လှည့်ထွက်သွားခဲ့သည်။
နတ်ဆိုးတိုက်ကြီး၏ အခြားတစ်ဖက်တွင် တင်းကျပ်သော အနက်ရောင် ဝတ်စုံဖြင့် စစ်မင်းသမီး ရပ်နေသည်။ သူမ၏ ခန္ဓာကိုယ်အထက်တွင် မိစ္ဆာ သွေးဖြင့် ဖွဲ့စည်းထားသော သွေးနဂါးများ ရစ်ပတ်ထားသည်။ ဤနဂါးများက သူမ၏ ခါး နှင့် ခြေထောက်များပတ်လည်တွင် ရစ်ပတ်လျက် တင်းကျပ်စွာ ချည်နှောင်ထားသည်။ ၎င်းက သူမ၏ ကိုယ်ပိုင် သွေးဖြစ်သော်လည်း ထူးဆန်းသော ခံစားမှုတစ်ခု ရနေပြီး တစ်ကိုယ်လုံး တုန်လှုပ်စေခဲ့သည်။ မိစ္ဆာမျိုးနွယ်၏ မင်းသမီးတစ်ယောက်ဖြစ်သော်လည်း ယွမ်ရှောင်က သူမ၏ ခန္ဓာကိုယ်ဖြင့် ကျင့်ကြံနေခြင်းကို ရပ်ကြည့်နေရုံသာ တတ်နိုင်၏။ ထို အခိုက်အတန့်တွင် နှလုံးသား၊ သွေးလွှတ်ကြော၊ သွေးကြောများနှင့် သွေးအားလုံး သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေသည်။
"ဒီလို ရက်တွေ ဘယ်တော့မှ ပြီးဆုံးမှာလဲ"
စစ်မင်းသမီးက တစ်ကိုယ်စာ ကြားစေရန် တီးတိုးရေရွတ်မိသည်။
"မင်း သေတဲ့နေ့ပေါ့"
သူမ၏ နှလုံးသားအတွင်းမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းအနေနဲ့ နည်းနည်းလောက် စာနာထောက်ထားပေးလို့ မရဘူးလား"
သူမက နာကျင်မှုကြောင့် နှုတ်ခမ်းကိုက်ထားသည်။
"ငါ့ရဲ့ စိတ်ခံစားမှုက လူအပေါ် မူတည်ပြီး ကွဲပြားတယ်။ တကယ်လို့ မင်းသာ ငါ့ရဲ့ အစ်မကျောက် ဖြစ်ခဲ့ရင်၊ ငါ အများကြီး ကြင်နာမိမှာပဲ"
ယွမ်ရှောင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"ဘယ်က အစ်မကျောက်လဲ။ ငါ သိထားသလောက်ဆိုရင် မင်းက နတ်ဧကရီရဲ့ ယောက်ျား မဟုတ်ဘူးလား။ နောက်ထပ် မိန်းမတစ်ယောက် ရှိသေးတာလား။ တော်တော်မျက်နှာများတဲ့ကောင်"
ထိုစကားက သူမကို အေးခဲသွားစေသည်။
"အဲ့တာက မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက ငါ့ရဲ့ ကပ်ဘေးမိစ္ဆာသွေးကြောင့် အစွမ်းထက်လာတာကို ကျေနပ်နေတာ မဟုတ်ဘူးလား"
ယွမ်ရှောင်က တစ်ချက် ပြုံး၍ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်ကို ရုတ်တရက် မြှင့်တင်လိုက်ရာ သွေးနဂါးများ၏ ရစ်ပတ်မှု ပို၍ပင် တင်းကျပ်လာသဖြင့် အသက်ပင် မရှူနိုင်တော့ပေ။