← Chapters

အမည်ခံ ဓားအင်မော်တယ်ဘွဲ့

Vol. 20 Ch. 248

အမည်ခံ ဓားအင်မော်တယ်ဘွဲ့

Vol. 20 Ch. 248

"ထာဝရဓားတဲ့လား"

ယွမ်ရှောင်က ဓားကျင့်ကြံသူ သိန်းပေါင်းများစွာ၏ အနောက်တွင် ရပ်နေရင်း နက်ရှိုင်းသော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ စိုက်ကြည့်နေသည်။ ဓားအပျက်အစီးနယ်မြေ၏ တံခါးရှေ့တွင် အနက်ရောင် ယဇ်ပလ္လင်တစ်ခု ရှိပြီး ၎င်း၏ မျက်နှာပြင်အထက်၌ မရေမတွက်နိုင်သော ဓားဒဏ်ရာများ ခုတ်ထစ်ထား၏။ ရုပ်ပိုင်းဆိုင်ရာအရ ဓားများ မရှိသော်လည်း ဓားအလင်းများမှာ နေရာတိုင်းတွင် ပုန်းအောင်းနေပုံရသည်။ ဓားနှစ်ချင်းအခမ်းအနားတွင် ပါဝင်ဆင်နွှဲရန် အသင့်အနေအထားပြင်ထားသော လူငယ်များက အကြီးအကဲများ၊ ဆရာများနှင့်အတူ အသက်ရှူအောင့်ထားကြပြီး သူတို့၏ မျက်လုံးများ မျှော်လင့်တကြီးဖြင့် ယဇ်ပလ္လင်ကို စိုက်ကြည့်ရင်း တောက်ပနေကြသည်။

"အဲ့ဒါ လာနေပြီ"

တစ်စုံတစ်ယောက်က အသံ တုန်တုန်ရီရီဖြင့် ညင်သာစွာ တီးတိုးရေရွတ်လိုက်သည်။

ဘုန်း

ဓားတောင်ထွတ် ၉၉၉ ခုက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွား၍ ကျောက်တုံးများ နှင့် သစ်ပင်များ တဝေါဝေါ ပြိုလဲကာ ငှက်များ နှင့် သားရဲများကို ထိတ်လန့်စေသည်။ ကြီးမားသော မြေငလျင်လှိုင်းတစ်ခု ယွမ်ရှောင်၏ ခြေထောက်အထိ ပြန့်ထွက်လာသဖြင့် မရေမတွက်နိုင်သော လူများ ယိမ်းယိုင်၍ လဲကျလုနီးပါး ဖြစ်ကုန်သည်။

"အဲ့ဒါက…"

မျက်တောင်မခတ် စောင့်ကြည့်နေသော ယွမ်ရှောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဓားပုံစံ တောင်တန်းများအကြားတွင် စိတ်ကူးနိုင်သမျှ အရောင်မျိုးစုံ တောက်ပနေသော ဓား အလင်းများ ပျံဝဲ၍ ကောင်းကင်ကို ထိုးဖောက်နေ၏။ တောက်ပသော မီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားပြီးနောက် အရောင်စုံ ဓားအလင်းများမှာ သည်းထန်သော မိုးကဲ့သို့အနက်ရောင် ယဇ်ပလ္လင်ထံ ဆင်းသက်လာသည်။

ဘန်း

သန်းပေါင်းများစွာသော ဓားအလင်းများ ယဇ်ပလ္လင်အထက်တွင် စုဆုံမိပြီး ပေါင်းစပ်သွားကာ ဧရာမ ရောင်စုံဓားကြီး အဖြစ် လျင်မြန်စွာ ဖွဲ့စည်းသွားသည်။ မီတာ ၃,၀၀၀ ကျော် ရှည်လျားသော ၎င်းက ကောင်းကင် နှင့် မြေကြီးအကြား နတ်ဘုရားဆန်ဆန် ထွန်းလင်းတောက်ပနေကာ ဓားအပျက်အစီးနယ်မြေကို လွှမ်းမိုးသွား၏။ ၎င်း၏ တောက်ပမှုက ဓားကျင့်ကြံသူများစွာ၏ မျက်နှာများ နှင့် မျက်လုံးများကို ရောင်စုံထင်ဟပ်၍ လောကကြီးတစ်ခုလုံး သက်တံ့အောက်တွင် တည်ရှိနေသကဲ့သို့ တောင်တန်း နှင့် မြစ်ပေါင်းများစွာတစ်လျှောက် ပျံ့နှံ့သွားကာ ထာဝရ ဓားဟု အမည်ရပေသည်။

"ဓားဝိညာဉ် မဟုတ်ဘူး၊ မှော်ရတနာလည်း မဟုတ်ဘူး၊ ဒီဓားက ဘာလဲ"

ယွမ်ရှောင်က အဖြေထုတ်ရန် အတွေးနက်နေပြီး ဓားအပျက်အစီးနယ်မြေတွင် သူမှလွဲ၍ လူတိုင်း ထိုဓားအကြောင်း သိနားလည်ပုံရသည်။ ထောင့်တစ်နေရာတွင် ရပ်နေသော လင်းချန်ပင် နားလည်ပြီး ခပ်ယဲ့ယဲ့ ပြုံးနေခဲ့၏။

"ထာဝရ ဓား"

အော်သံများက လူငယ် ဓားကျင့်ကြံသူများ၏ နှလုံးသားများအတွင်းမှ ပေါက်ကွဲထွက်လာသကဲ့သို့ စိတ်အားထက်သန်နေသဖြင့် ထာဝရ ဓားအပေါ် အစွန်းရောက်ယုံကြည်မှုကို ထင်ဟပ်ပြနေသည်။

"ယွမ်ရှောင်၊ မင်း ထာဝရ ဓားအကြောင်း သိချင်နေတာလား"

ပိုင်ဝူချွဲက ထိုအချင်းအရာကို သတိထားမိသောကြောင့် ကူညီလိုဟန်ဖြင့် စကားဦးသန်းခဲ့သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါ။ အစ်ကိုပိုင်"

ယွမ်ရှောင် ပြောသည်။

"ထာဝရ ဓားက ဘိုးဘေးများစွာရဲ့ ဓားရည်ရွယ်ချက် ပေါင်းဆုံရာပဲ"

ပိုင်ဝူချွဲက ခြောက်ကပ်ကပ် ပြုံးရယ်၍ ဧရာမ ထာဝရ ဓားကို မော့ကြည့်ရင်း လေးနက်စွာ ပြောလာသည်။

"မရေမတွက်နိုင်တဲ့ ဘိုးဘေးတွေရဲ့ ဓားရည်ရွယ်ချက်လား"

ယွမ်ရှောင်က နားမလည်ဟန်ဖြင့် ထပ်ခါတလဲလဲ ရေရွတ်မိသည်။

"မရေမတွက်နိုင်တဲ့ ဘိုးဘေးတွေက ချန်ထားရစ်ခဲ့တဲ့ ဓားရည်ရွယ်ချက်ပဲ။ မရေမတွက်နိုင်ဘူးလို့ ပြောလို့ရပေမယ့် တကယ်တော့ သန်းပေါင်းများစွာ ရှိတယ်"

ပိုင်ဝူချွဲက ဂုဏ်ယူသော အရိပ်အယောင်ဖြင့် ဆက်ပြောသည်။

" ငါတို့ ထာဝရ ဓားအကျဉ်းထောင်က ဓား တာအိုသခင် မျိုးဆက်ရဲ့ အံ့ဩဖွယ်ရာ ဖန်တီးမှုပဲ"

စကား၏ ဆိုလိုရင်းမှာ ရှင်းလင်းပြီး ယွမ်ရှောင်က ထာဝရ ဓားအကျဉ်းထောင်အတွက် အပြင်လူတစ်ယောက်သာ ဖြစ်ကြောင်းပင်။

"ဓားရည်ရွယ်ချက်ကရော ဘာလဲ"

ယွမ်ရှောင်၏ နှလုံးသားက ထိုအခေါ်အဝေါ်ကို နောက်တစ်ကြိမ် ကြားလိုက်ရသဖြင့် လှုပ်ရှားသွားသည်။ သူ၏ပိုင်ဆိုင်မှုများတွင် အနက်ရောင် ဓားငယ်တစ်လက် ရှိပြီး အသူရာ ကြယ်ဧကရာဇ် အင်မော်တယ် တရားရုံးမှ ကြီးမြတ်သော အာကာသ အင်မော်တယ်တစ်ပါး၏ လက်ဆောင် ဖြစ်သည်။

"မင်း ဓားရည်ရွယ်ချက်ကိုတောင် မသိဘူးလား။ အံ့ဩစရာ မရှိပါဘူး၊ မင်းရဲ့ လောကမှာ တာအို နှလုံးသား နယ်ပယ်က ကျင့်ကြံသူတစ်ယောက်တောင် မရှိမှတော့ ဓားရည်ရွယ်ချက်လည်း မရှိလောက်ဘူး"

ပိုင်ဝူချွဲက အထင်သေးစွာ ပြုံးရယ်သည်။

"မှန်ပါတယ်"

ယွမ်ရှောင်က ခေါင်းညိတ်သည်။

"ဓားရည်ရွယ်ချက်အကြောင်း ရိုးရိုးရှင်းရှင်း ပြောရရင် ဓားအော်ရာ နဲ့ ဓားစက်ကွင်းကို ကျော်လွန်တဲ့ တတိယမြောက် စွမ်းအားပုံစံတစ်ခုပဲ။ ဓားအော်ရာ နဲ့ ဓားစက်ကွင်းတွေနဲ့ နှိုင်းယှဉ်ရရင် ဓားရည်ရွယ်ချက်က ပိုပြီး အရေးပါတယ်၊ ဓားဝိညာဉ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်။ ဓားအော်ရာ နဲ့ ဓားစက်ကွင်းတွေက ဓားဝိညာဉ်ရဲ့ အပေါ်ယံ စွမ်းအားတွေဖြစ်ပြီး ဓားရည်ရွယ်ချက်ကတော့ ဓားဝိညာဉ်ရဲ့ အဓိက စိတ်ဆန္ဒပဲ၊ တာအို နှလုံးသားနဲ့ ဆက်စပ်နေတယ်။ ဓားနှလုံးသား ပိုင်ဆိုင်နိုင်တာက ဓားရည်ရွယ်ချက်ကို ကျင့်ကြံဖို့ အဓိကသော့ချက်ပဲ။ ဓားရည်ရွယ်ချက်က ဓားဝိညာဉ်နဲ့ တာအို နှလုံးသားကို သဟဇာတဖြစ်စေတယ်။ ကောင်းကင် နဲ့ မြေကြီးရဲ့ နိယာမတွေကို ပိုပြီး အားကောင်းကောင်းနဲ့ ဆွဲယူနိုင်သလို ငါတို့ ဓားကျင့်ကြံသူတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးတယ်"

ပိုင်ဝူချွဲ၏ မျက်လုံးများတွင် ဓားရည်ရွယ်ချက်ကို တပ်မက်စိတ်များ ပြည့်နှက်လာခဲ့သည်။

"ဓားရည်ရွယ်ချက်က အဲ့လောက် အရေးကြီးတာပေါ့"

"ဒါပေါ့။ လူတစ်ယောက်ချင်းစီရဲ့ ဓားရည်ရွယ်ချက်က တစ်မူထူးခြားတယ်။ ဓားရည်ရွယ်ချက်က ဓားကျင့်ကြံသူတွေအတွက် ကောင်းကင်ဘုံဆီ တက်လှမ်းဖို့ စစ်မှန်တဲ့ လမ်းကြောင်း၊ တာအို နှလုံးသားရဲ့ ဆင့်ကဲပြောင်းလဲမှုနဲ့ အင်မော်တယ် ကျင့်ကြံမှုရဲ့ အဓိကအချက်ပဲ။ ဒါက တိုက်ခိုက်ရေး စွမ်းအားသက်သက်တင် မဟုတ်ဘဲ ဉာဏ်အလင်းရခြင်း နဲ့ မွေးရာပါ အရည်အချင်းအတွက် သင်္ကေတတစ်ခုပဲ။ အဲ့ဒါကြောင့် ထာဝရ ဓားအကျဉ်းထောင်မှာ ဓားဝိညာဉ် အဆင့်မြင့်တာက အရေးမကြီးဘူး။ ဓားအော်ရာများစွာ ရှိတာလည်း အရေးမကြီးဘူး။ ဓားရည်ရွယ်ချက် အဆင့်မြင့်မှသာ စစ်မှန်တဲ့ ဓားအင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်တယ်"

ရှင်းပြအပြီးတွင် ပိုင်ဝူချွဲက ယွမ်ရှောင်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ ဓားအော်ရာက တကယ်ပဲ ချီးကျူးစရာကောင်းပေမယ့် ဓားအပျက်အစီးနယ်မြေမှာ လေ့ကျင့်ဖို့ မလုံလောက်ဘူး။ ဓားရည်ရွယ်ချက်နဲ့ ခိုင်မာတဲ့ နှလုံးသားမရှိရင်၊ ဓားအော်ရာ နဲ့ ဓားစက်ကွင်းတွေက အပေါ်ယံစွမ်းအား သက်သက်ပဲ။ ဒါကြောင့် အခု ဓားနှစ်ချင်းအခမ်းအနားမှာ ကြိုးစားကွာ"

"သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ်"

ယွမ်ရှောင်က လေးစားစွာ ဦးညွှတ်လိုက်သော်လည်း နှိမ့်ချခြင်းမရှိသောကြောင့် ပိုင်ဝူချွဲ၏ သာလွန်မှုကို သိမ်မွေ့စွာ တန်ပြန်နိုင်ခဲ့သည်။ သူက ထာဝရဓား၏ တောက်ပမှုကို မော့ကြည့်ရင်း ဆက်မေးသည်။

"ဒါဆိုရင် ခင်ဗျား ပြောချင်တာက ဘိုးဘေးတွေ ကွယ်လွန်သွားပြီဖြစ်ပေမယ့် သူတို့ရဲ့ ဓားရည်ရွယ်ချက်က ဆက်လက်တည်တံ့နေပြီး ထာဝရ ဓားအဖြစ် ပေါင်းစပ်သွားတယ်။ အနာဂတ် မျိုးဆက်တွေကို ကောင်းချီးပေးနေတာပေါ့"

"မှန်တယ်။ ပုံမှန် အချိန်တွေမှာ ထာဝရဓားက တပည့်တွေရဲ့ ဓားရည်ရွယ်ချက် ဖြစ်တည်လာဖို့အတွက် မွေးရာပါ အရည်အချင်းကို တိုင်းတာတယ်။ သင်ကြားပေးတယ်။ ဒါပေမယ့် အကျပ်အတည်း ရောက်လာရင်လည်း ဓားအပျက်အစီးနယ်မြေရဲ့ အဓိက လက်နက် ဖြစ်လာပြီး ကောင်းကင်ကို ဖျက်ဆီး၊ မြေကြီးကို ချေမှုန်းနိုင်တဲ့ စွမ်းအားမျိုးနဲ့ တခြားငရဲရှစ်ထပ်ကို ရင်ဆိုင်ပေးတယ်"

ထာဝရ ဓား တည်ရှိမှုအပေါ် ဂုဏ်ယူကြောင်း ပိုင်ဝူချွဲ၏ အသံတွင် ထင်ရှားနေသည်။ ထာဝရ ဓားက မရေမတွက်နိုင်သော မျိုးဆက်များ၏ ဓားရည်ရွယ်ချက်ကို ပုံဖော်ထားသော ယုံကြည်မှု ဖြစ်သည်။

ဓားနှစ်ချင်းအခမ်းအနားဟု ခေါ်ဆိုသောအရာမှာ ထာဝရ ဓားအကျဉ်းထောင်ရှိ အရည်အချင်းပြည့်မီသော လူငယ် ဓားကျင့်ကြံသူအားလုံးကို ထာဝရဓား၏ နတ်ဘုရားအလင်းအောက်တွင် ဓားရည်ရွယ်ချက် အရည်အချင်းကို တိုင်းတာခြင်းဖြစ်သည်။ ၎င်း၏ ဆုံးဖြတ်မှုမှတစ်ဆင့် သူတို့၏ အဆင့်အတန်း နှင့် ရာထူးကို ဆုံးဖြတ်ပေးသည်။ ထာဝရဓားနှင့် ပဲ့တင်မှု တစ်ခု ဖြစ်လာလျှင် ဓားရည်ရွယ်ချက်အတွက် အရည်အချင်းရှိကြောင်း ညွှန်ပြ၍ အနာဂတ်တွင် ကျင့်ကြံနိုင်မည့် လက္ခဏာတစ်ခုလည်း ဖြစ်၏။ ထာဝရ ဓားအကျဉ်းထောင်တွင် ဓားရည်ရွယ်ချက်မရှိသော ဓားကျင့်ကြံသူတစ်ယောက်အတွက် တက်လမ်းမရှိပေ။

ထာဝရဓားနှင့် ပဲ့တင်ထပ်နိုင်သော အကြိမ်အရေအတွက်မှာ လူငယ် ဓားကျင့်ကြံသူတစ်ယောက်၏ အနာဂတ် အဆင့်အတန်း၊ ရာထူး၊ အရင်းအမြစ်များနှင့် ဓားအပျက်အစီးနယ်မြေရှိ ဆရာကို ဆုံးဖြတ်သည်။ လူတစ်ယောက်က တစ်သက်တွင် ဓားနှစ်ချင်းအခမ်းအနားတွင် ပါဝင်ဆင်နွှဲရန် တစ်ကြိမ်သာ အခွင့်အရေး ရရှိသည်။ ဓားအပျက်အစီးနယ်မြေ၏ ရှေးကျသော စည်းမျဉ်းများအရ တစ်ကြိမ် ပဲ့တင်ထပ်ခြင်းမှာ အဝါရောင် အဆင့် တပည့်၊ နှစ်ကြိမ် ပဲ့တင်ထပ်ခြင်းမှာ အနက်ရောင် အဆင့် တပည့်၊ သုံးကြိမ် ပဲ့တင်ထပ်ခြင်းမှာ မြေ အဆင့် တပည့်၊ လေးကြိမ် ပဲ့တင်ထပ်ခြင်းမှာ ကောင်းကင် အဆင့် တပည့် အဖြစ် သတ်မှတ်ပေးပြီး ငါးကြိမ် ပဲ့တင်ထပ်နိုင်လျှင် အံ့ဩဖွယ်ရာ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ဓားတောင်ထွတ် ၉၉၉ ခုရှိ တောင်သခင်များတွင် တပည့်ခံရန် ထိုက်တန်သည်။ ဓားအပျက်အစီးနယ်မြေ၏ အစစ်အမှန် တပည့် ဖြစ်လာကာ ကျင့်ကြံရေးလမ်းကြောင်းကို အခြားသူများထက် မြင့်မားစွာ စတင်ရပေလိမ့်မည်။ ခြောက်ကြိမ် ပဲ့တင်ထပ်ခြင်းမှာ ကောင်းကင်ကို တုန်လှုပ်စေနိုင်သော အရည်အချင်းတစ်ခုကို ညွှန်ပြသဖြင့် အစွမ်းထက် ဓားတရားသူကြီးများထံတွင် တပည့်ခံရန် ထိုက်တန်ပြီး ဓားအပျက်အစီးနယ်မြေ၏ ထိပ်တန်း တပည့် ဖြစ်လာကာ ဓားစီရင်သူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်အတန်း ပိုင်ဆိုင်၍ လောကတစ်ခွင် ကျော်ကြားပေလိမ့်မည်။ ထိပ်တန်း၊ အစစ်အမှန်၊ ကောင်းကင်၊ မြေ၊ အနက် နှင့် အဝါ စသည်တို့မှာ ဓားအပျက်အစီးနယ်မြေရှိ တပည့်များ၏ အဆင့်ခြောက်ဆင့် ဖြစ်ကာ ဓားနှစ်ချင်းအခမ်းအနားသည် ရိုးရှင်းသော်လည်း အဆင့်အတန်းခွဲခြားပစ်နိုင်သဖြင့် ရက်စက်သည်။ နောက်ပိုင်းတွင် ကြိုးကြိုးစားစား ကျင့်ကြံရင်း မူလ အဆင့်ကို ကျော်လွန်နိုင်သော တပည့်များ ဥပမာအနေဖြင့် ရှိသော်လည်း အလွန်တရာ နည်းပါးပေသည်။

"အမြင့်ဆုံးက ကိုးကြိမ် ပဲ့တင်ထပ်တာ၊ ဟုတ်တယ်မလား"

ယွမ်ရှောင်က ပိုင်ဝူချွဲကို မေးသည်။

"ခုနစ်ကြိမ်၊ ရှစ်ကြိမ်၊ ကိုးကြိမ် ပဲ့တင်ထပ်တာက နှစ်ပေါင်းသောင်းချီရင်တောင် အလွန် ရှားပါးတဲ့ ဖြစ်စဉ်ပဲ"

ပိုင်ဝူချွဲက မဖြေချင်ဖြေချင်ဖြင့် ပြောလိုက်၍ ယွမ်ရှောင်နှင့် ထိုသို့သော မြင့်မြတ်ရှားပါး ကိစ္စရပ်များကို ဆွေးနွေးရန် စိတ်ဝင်စားပုံမရချေ။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်း၍ ထာဝရဓားအပေါ် စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် ဓားအပျက်အစီးနယ်မြေရှိ ကိစ္စများကို တာဝန်ယူထားသော အကြီးအကဲက ဓားနှစ်ချင်းအခမ်းအနား စတင်ကြောင်း ကြေညာလိုက်သည်။ အကဲဖြတ်ခြင်း ပြီးမြောက်ရန် အနည်းဆုံး တစ်ရက်တစ်ည လိုအပ်ပြီး ဓားကျင့်ကြံသူ လူငယ်များစွာ ရှေ့တက်သွားသောကြောင့် ယွမ်ရှောင် နှင့် လင်းချန်က အနောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။

"ညီလေးယွမ်၊ ထာဝရ ဓား ခုနစ်ကြိမ်၊ ရှစ်ကြိမ်နဲ့ ကိုးကြိမ် ပဲ့တင်ထပ်ရင် ဘယ်လိုနောက်ဆက်တွဲမျိုး ဖြစ်လာစေနိုင်လဲဆိုတာ ကျုပ် သိတယ်"

လင်းချန်က ရုတ်တရက် စကားပြောလာ၍ ဤအခမ်းအနားတွင် ပါဝင်သူတစ်ဦးထက် ကြည့်ရှုသူပရိသတ်တစ်ဦးကဲ့သို့ ပေါ့ပါးနေပုံရသည်။

"ကျုပ်ကို ပြောပြပါဦး အစ်ကိုလင်း"

"ညီလေးယွမ်၊ ခင်ဗျား ထာဝရ ဓားကို ခုနစ်ကြိမ်ထက် ပိုပြီး ပဲ့တင်ထပ်အောင် လုပ်ဖို့ စဉ်းစားနေတာမလား"

လင်းချန်က အမေးနှင့် တုံ့ပြန်သည်။

"ခြောက်ကြိမ် ပဲ့တင်ထပ်ရင်တောင် ထိပ်တန်းတပည့် ဖြစ်လာနိုင်တယ်။ ကျုပ်က ဓားအပျက်အစီးနယ်မြေကို ဝင်ရောက်ဖို့ ပဲ့တင်ထပ်မှု တစ်ကြိမ်တည်းဆိုရင်တောင် ကျေနပ်ပါတယ်"

အမှန်တကယ်၌ ခြောက်ကြိမ်အထက် ပဲ့တင်ထပ်ရန် ကြံစည်နေသူမှာ လင်းချန်ဖြစ်နေပြီး စိုးရိမ်နေသောကြောင့်သာမဟုတ်လျှင် ယွမ်ရှောင်ကို စကားစလာမည် မဟုတ်ချေ။

"ဓားအပျက်အစီးနယ်မြေရဲ့ စည်းမျဉ်းတွေအရ ထာဝရ ဓားနဲ့ ခုနစ်ကြိမ် ပဲ့တင်ထပ်ခြင်းက လူတစ်ယောက်ကို ဓားအပျက်အစီးနယ်မြေရဲ့ ကြယ်သခင်လေး ဖြစ်စေနိုင်တယ်။ အနာဂတ်မှာ ဓားကြယ်ဧကရာဇ် ဖြစ်လာမယ့် အဆင့်အတန်းကို ဆိုလိုတယ်။ အဲ့ဒီအချိန်မှာ ဓားအစောင့်အရှောက် တံခါးက ယဇ်ပလ္လင်ပေါ်ကို ဆင်းသက်လာလိမ့်မယ်။ ဓားအပျက်အစီးနယ်မြေရဲ့ ဓားအစောင့်အရှောက်က သူ့ကို တပည့်အဖြစ် လက်ခံပြီး ထာဝရ ဓားအကျဉ်းထောင်ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်လိမ့်မယ်။ ထိပ်တန်း ဓားတရားသူကြီးတစ်ဦးရဲ့ အဆင့်အတန်းနဲ့ ဓားအပျက်အစီးနယ်မြေရဲ့ အမြင့်ဆုံး ကျင့်ကြံမှု သယံဇာတတွေကို ခံစားခွင့်ရလိမ့်မယ်"

လင်းချန်သည် ရောင်စုံအလင်းများ ထင်ဟပ်ဖြာကျနေသည့် လက်ချောင်းများကို ငုံ့ကြည့်ရင်း လေးနက်စွာ ပြောလာသည်။

"ခုနစ်ကြိမ် ပဲ့တင်ထပ်ရုံနဲ့တင် ဓားအပျက်အစီးနယ်မြေရဲ့ ဆက်ခံသူ ဖြစ်သွားနိုင်တာလား"

ယွမ်ရှောင်က အံ့ဩတကြီး ရေရွတ်၍ ဓားအပျက်အစီးနယ်မြေက အမှန်တကယ် နောက်ပြောင်နေခြင်း မဟုတ်သောကြောင့် ခုနစ်ကြိမ်အထက် ပဲ့တင်ထပ်နိုင်လျှင် ဖြစ်ပေါ်လာမည့် ရလဒ်ကို စဥ်းစားခန်းဝင်နေခဲ့၏။

" ရှစ်ကြိမ်မြောက် ပဲ့တင်ထပ်သံ ထွက်ပေါ်လာရင် သူက ဓားအပျက်အစီးနယ်မြေရဲ့ နေမင်းကောင်းကင် သခင်လေး ဖြစ်လာမယ်။ ဓားကြယ်ပွင့်ရဲ့ အခွင့်အရေးအားလုံးကို ရရှိရုံသာမက ဘိုးဘေး ဓားသင်္ချိုင်းဂူမှာ ကျင့်ကြံဖို့အတွက် ဝင်ရောက်ခွင့်လည်း ရတယ်။ ဘိုးဘေး တစ်သန်းကျော်ရဲ့ ဓား တာအိုကို ဆင်ခြင်နိုင်ပြီး ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် ငရဲဘုံ ကိုးထပ်ရဲ့ အုပ်စိုးရှင်ဖြစ်လာပြီး ဓား တာအိုရဲ့ ရွှေခေတ်တစ်ခုကို ဆောင်ကြဉ်းပေးဖို့ ကံကြမ္မာပါလာတယ်လို့ သတင်းတွေ ရှိတယ်"

လင်းချန်က တည်ငြိမ်စွာ ဆက်ပြောသည်။

"အထင်ကြီးစရာပဲ၊"

ယွမ်ရှောင်က ခေါင်းညိတ်၍ စစ်မင်းသမီး၏ ကိုးဆင့် သွေးမျိုးရိုးအကြောင်း အမှတ်ရသွားသည်။ ပြောရလျှင် သူမ၏ အဆင့်အတန်းသည် နေမင်းကောင်းကင် သခင်လေးနှင့် တူညီ၍ ငရဲကိုးထပ်၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်ဟုလည်း ​သတင်းထွက်နေ၏။

"တကယ်လို့ နေမင်းကောင်းကင် သခင်လေးကတောင် ဒီလောက်အဆင့်အတန်းမြင့်နေရင် ကိုးကြိမ် ပဲ့တင်ထပ်တာကရော လွန်လွန်ကျူးကျူး ဖြစ်မနေဘူးလား"

ယွမ်ရှောင်က နောက်ဆုံးအနေဖြင့် မေးခွန်းထုတ်ခဲ့၏။

"ကိုးကြိမ် ပဲ့တင်ထပ်တာက ထာဝရ ဓားအပေါ် ထားရှိတဲ့ မျှော်လင့်ချက်သက်သက်ပါပဲ။ ၎င်း တည်ရှိကတည်းက ဘယ်သူမှ ကိုးကြိမ် ပဲ့တင်ထပ်တာကို မအောင်မြင်ခဲ့ဖူးဘူး"

လင်းချန်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြသည်။

"တကယ်လို့ ဒီလိုပါရမီရှင်တစ်ယောက် ဒီနေ့ ပေါ်လာခဲ့ရင်ရော"

ယွမ်ရှောင်က ပြုံးလျက် စကားဆက်သည်။

"ဓားအပျက်အစီးနယ်မြေရဲ့ စည်းမျဉ်းတွေအရ၊ ဒီလိုပါရမီရှင်မျိုးက အစစ်အမှန်အင်မော်တယ် တစ်ယောက် ပြန်လည်မွေးဖွားလာတယ်လို့ သတ်မှတ်တယ်။ ဓားအပျက်အစီးနယ်မြေက သူ့ကို ဓားအင်မော်တယ် ဘွဲ့ကို ချီးမြှင့်လိမ့်မယ်။ ထာဝရ ဓားအကျဉ်းထောင်ရဲ့ အရင်းအမြစ် သယံဇာတအားလုံးကို သုံးခွင့် ပေးထားတယ်။ ဓားအပျက်အစီးနယ်မြေရဲ့ ဓားအစောင့်အရှောက်နဲ့ တန်းတူထားပြီး ထာဝရ ဓားအကျဉ်းထောင်ကို ပူးတွဲ အုပ်ချုပ်ခိုင်းမှာပဲ"

လင်းချန်၏ မျက်လုံးများက စကားပြောနေရင်း အနည်းငယ် တောက်ပလာသည်။

" ဓားအင်မော်တယ် ဟုတ်လား။ စစ်မှန်တဲ့ အင်မော်တယ် ပြန်လည်မွေးဖွားလာတာပေါ့"

ယွမ်ရှောင်က တီးတိုးရေရွတ်သည်။

ကောင်းကင် နတ်ဓားဧကရာဇ်က ပြန်လည်မွေးဖွားလာသောကြောင့် ဤအရာအားလုံးကို လက်လှမ်းမီနိုင်သည်။ လက်ရှိအချိန်တွင် လူတိုင်းက အသက်ပင်မရှူဘဲ စောင့်ကြည့်နေကြပြီး ထာဝရဓား၏ အလင်းက လူငယ် မိန်းကလေးတစ်ဦးအပေါ်

ကျပန်းဆင်းသက်၍ ထွန်းလင်းတောက်ပသွားသည်။ သူမသည် ဂိုဏ်းတူအစ်မ ကျောက်ယွီဖြစ်ပြီး ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် တုန်ခါနေရင်း ဓားယဇ်ပလ္လင်အထက်သို့ တက်လှမ်းသွား၏။

"ကျောက်ယွီ၊ မင်းရဲ့ ဓားဝိညာဉ်ကို ဆင့်ခေါ်လိုက်"

ထိုညွှန်ကြားချက်က လူပေါင်းများစွာကို တိတ်ဆိတ်သွားစေပြီး ရင်သပ်ရှူမော စောင့်ဆိုင်းစေခဲ့လေသည်။

All Chapters