← Chapters

ပိုင်ဝူချွဲ၏ အဆင့်အတန်း

Vol. 20 Ch. 249

ပိုင်ဝူချွဲ၏ အဆင့်အတန်း

Vol. 20 Ch. 249

"ကျောက်ယွီ၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။"

ပိုင်ချင်းရွှယ်က စင်အောက်မှ အားပေးလိုက်သည်။ ဓားနှစ်ခြင်းအခမ်းအနားအတွက်၊ ကျွမ်းကျင်မှုတစ်ခုတည်းထက် ပို လိုအပ်ပြီး နှလုံးရည်လည်း မရှိမဖြစ်ပင်။

"ဟုတ်ကဲ့"

ကျောက်ယွီက သူမ၏ အဖော်များနှင့် ပိုင်ဝူချွဲကို တစ်ချက်ကြည့်လိုက်သဖြင့် အနည်းငယ် ပိုပြီး စိတ်အေးလက်အေး ခံစားလိုက်ရသည်။ သူမ၏ ဓားဝိညာဉ်မှာ အဆင့်မြင့်ပြီး ကျင့်ကြံမှု နယ်ပယ်မှာလည်း မနိမ့်ကျသော်လည်း ဓားရည်ရွယ်ချက် ပိုင်ဆိုင်နိုင်သော အရည်အချင်းအတွက်မူ လုံးဝ ကွဲပြားသော ကိစ္စတစ်ရပ် ဖြစ်၏။ ထို့ကြောင့် လက်ရှိ၌ အရာအားလုံး ကံကြမ္မာအပေါ် မူတည်သောကြောင့် သူမက နက်ရှိုင်းစွာ အသက်ရှူလိုက်ပြီး လိမ္မော်ရောင် ဓားဝိညာဉ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၎င်းကို သူမ၏ ဦးခေါင်းအထက်တွင် မြင့်မားစွာ မြှောက်ကိုင်လိုက်သော အခိုက်အတန့်တွင် သူမ၏ နူးညံ့သိမ်မွေ့သော ကိုယ်လုံးအပေါ် ထာဝရ ဓား၏ အရောင်စုံ နတ်ဘုရားအလင်းများ တောက်ပစွာ ဖြာကျနေသည်။

၎င်းက ဓားနှစ်ချင်းအခမ်းအနား ဖြစ်၍ ထာဝရ ဓား၏ နတ်ဘုရားဆန်ဆန် တောက်ပမှု ဆင်းသက်လာသည်နှင့်တပြိုင်နက် သူမ၏ လိမ္မော်ရောင် ဓားဝိညာဉ်နှင့် တွေ့ဆုံသွားခဲ့သည်။ ဓားဝိညာဉ် နှင့် ဓားရည်ရွယ်ချက်က တခဏအတွင်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး ထုံးတမ်းစဉ်လာအရ ပါဝင်သူ လူငယ်၏ တာဝန်မှာ ကိုယ်ပိုင် ရည်ရွယ်ချက်ဖြင့် ဘိုးဘေးတစ်သန်း၏ ဓားရည်ရွယ်ချက်ကို အသုံးချရန် ဖြစ်သည်။ လောကကို ပြောင်းလဲနိုင်သော ထိုးထွင်းသိမြင်နိုင်မှု အရည်အချင်းဖြင့် ထာဝရ ဓား၏ ပဲ့တင်သံကို အသက်ဝင် နိုးထလာစေရန် ကြိုးစားရပေလိမ့်မည်။

"သူမက ဓားစီရင်သူ နှစ်ယောက်ရဲ့ မျိုးဆက်ပဲ။ ဓားအပျက်အစီးနယ်မြေကို အဆင့်အတန်းတစ်ခုနဲ့ ဝင်ရောက်ဖို့ အနည်းဆုံး ပဲ့တင်ထပ်မှု နှစ်ကြိမ်၊ သုံးကြိမ်လောက် ရသင့်တယ်"

လူအုပ်ထဲမှ အများအပြားက တီးတိုးပြောကြသည်။ ထာဝရ ဓားအကျဉ်းထောင်တွင် ဓားအစောင့်အရှောက်၏ သားစဉ်မြေးဆက်များပင် ဤ ထုံးတမ်းစဉ်လာကို လွန်ဆန်ခွင့်မရှိပေ။ သို့မဟုတ်လျှင် ဓားအပျက်အစီးနယ်မြေတွင် လေ့ကျင့်ရာ၌ တရားဝင် အဆင့်အတန်း ကင်းမဲ့သောကြောင့် ဤနယ်မြေ၏ စီရင်ဆုံးဖြတ်မှု တစ်မျိုး ဖြစ်ပေသည်။

"အား"

လူအများ တီးတိုးဆွေးနွေးနေစဥ် ယဇ်ပလ္လင်ပေါ်မှ မိန်းကလေးက နာကျင်စွာ အော်ဟစ်ပြီး မြေကြီးပေါ်သို့ ပြိုလဲကျသွားကာ သူမ၏ ဓားဝိညာဉ် ခန္ဓာကိုယ်အတွင်း ပြန်လည် ဝင်ရောက်သွားခဲ့သည်။ ထိုအချိန်၌ ထာဝရဓားသည် ကောင်းကင်သို့ ပြန်လည် တက်လှမ်းသွားကာ ၎င်း၏ တောက်ပမှုဖြင့် ကောင်းကင် နှင့် မြေကြီးကို ထွန်းလင်းစေသော်လည်း လဲကျသွားသော မိန်းကလေးအပေါ် မှိန်ဖျော့ဖျော့သာ ကျရောက်နေခဲ့၏။

"ကျောက်ယွီ"

ပိုင်ဝူချွဲ၏ မျက်နှာထားက ဤမြင်ကွင်းကြောင့် ပြောင်းလဲသွားသည်။

"ဒီကလေးမလေးက သနားစရာပဲ။ ဒါပေမယ့် အခုကစပြီး မင်း သူမနဲ့ ဝေးဝေးမှာ နေရမယ်"

ပိုင်ချင်းရွှယ်က သက်ပြင်းတစ်ချက်ချ၍ ခပ်ပြတ်ပြတ် အမိန့်ပေးခဲ့သည်။ ဤမြင်ကွင်းအရ ကျောက်ယွီ၏ အရည်အချင်းမှာ ဓားရည်ရွယ်ချက်အတွက် ဆိုးရွားလှသဖြင့် ထာဝရ ဓားမှ ပဲ့တင်ထပ်မှု တစ်ကြိမ်တောင် မရှိပေ။ ၎င်းမှာ ကံကြမ္မာ၏ တရားစီရင်မှုဖြစ်ကာ ဓားစီရင်သူများ၏ မျိုးဆက် ဖြစ်လင့်ကစား ဓားအပျက်အစီးနယ်မြေတွင် တပည့်တစ်ဦးပင် မဖြစ်နိုင်တော့ချေ။

"ဘယ်လောက် နှမြောစရာကောင်းလဲ၊ ဟုတ်တယ်မလား။"

"သူမက မိဘတွေကို အရှက်ရစေခဲ့ပြီ"

"သူမရဲ့ ဘဝလည်း အခု ပျက်စီးသွားပြီ။"

"အဲ့ဒီကောင်မလေး… သူမက ဓားစီရင်သူ မိဘတွေကြောင့် အမြဲတမ်း မာနကြီးခဲ့တယ်။ အခု သူမက ဓားအပျက်အစီးနယ်မြေမှာ အနိမ့်ဆုံး တပည့်တောင် မဖြစ်နိုင်တော့ဘူး။ ဒါက ကံကြမ္မာပဲ"

ဓားကျင့်ကြံသူ သိန်းပေါင်းများစွာ၏ တီးတိုးစကားသံများ လေထဲတွင် ပြည့်နှက်နေသည်။ လူငယ် ကျင့်ကြံသူများစွာသည်လည်း အဆင့်အတန်း မြင့်မားစွာ မွေးဖွားလာသူတစ်ယောက်၏ ကျဆုံးမှုကို တိတ်တဆိတ် ပျော်ရွှင်နေကြသည်။ ယခင်က မောက်မာခဲ့သော်လည်း နိမ့်ကျသွားသောအခါ ထာဝရဓားမှာ ကြမ်းတမ်းသော လက်တွေ့တရားနှင့် စစ်ဆေးမှုတစ်ခု ဖြစ်ပေသည်။

ဘုန်း

ကျောက်ယွီက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်သွားကာ စိတ်ထဲတွင် ဗလာကျင်းသွားပြီး ထိုနေရာတွင် မင်သက်စွာ ရပ်နေမိသည်။ သူတစ်ပါးဒုက္ခတွေ့လျှင် ဝမ်းသာခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် လှောင်ပြောင်ခြင်းကိုသာ ဖော်ပြနေသော မျက်နှာများစွာကို စိုက်ကြည့်နေမိခဲ့သည်။

"အစ်ကိုပိုင်…"

ကျောက်ယွီက သစ်သားရုပ်တစ်ရုပ်ကဲ့သို့ ဦးခေါင်းလှည့်ကာ ချစ်ခင်မြတ်နိုးရသော လူငယ်ကို လူအုပ်အကြား ရှာဖွေလိုက်၏။ ပိုင်ဝူချွဲက သူမအပေါ် ကြင်နာခဲ့ပြီး သူမ၏ အပျိုစင်ဘဝကို အပြောချိုချိုဖြင့် စွန့်လွှတ်စေခဲ့သဖြင့် သူမ၏ မိဘများကိုပင် မပြောရဲသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ပိုင်ဝူချွဲက သူမကို မသိချင်ယောင်ဆောင်၍ ကျောခိုင်းသွားသောကြောင့် စိတ်နှလုံးကြေကွဲစရာပင်။

"အား… လောကကြီးက အရမ်း ရက်စက်တာပဲ…"

ကျောက်ယွီက တီးတိုးရေရွတ်ရင်း သူမ၏ မောက်မာမှုများ တခဏအတွင်း ပျောက်ကွက်သွားကာ တုန်တုန်ရီရီဖြင့် ဓားဝိညာဉ်ကို ဆုပ်ကိုင်ထားရင်း မျက်ရည်များ သူမ၏ မျက်နှာပေါ်တွင် စီးကျလာသည်။

ဇွပ်

သူမက ဓားကို နှလုံးသားသို့ ထိုးစိုက်လိုက်ရာ ယဇ်ပလ္လင်ပေါ်မှ နောက်ပြန် ပြိုကျသွားကာ သွေးများ နေရာတိုင်းတွင် ဖိတ်စင်သွားသည်။ သူမ နောက်ဆုံး မြင်တွေ့ခဲ့သောအရာမှာ ကောင်းကင်တွင် တည်ရှိနေသော တောက်ပသည့် ထာဝရ ဓားဖြစ်ကာ မြေပြင် မိုင်ပေါင်းများစွာ နှင့် အဆုံးမရှိသော ဓားကျင့်ကြံသူများကို ကောင်းချီးပေးနေသော်လည်း သူမကိုတော့ မဟုတ်ပေ။ ဓားသမားပေါင်းများစွာက သူမ၏ အဆုံးသတ်ကို အေးစက်စက် စိုက်ကြည့်ရင်း လျစ်လျူရှုထားကြ၏။

"အလောင်းကို ဖယ်လိုက်စမ်း။ နောက်တစ်ယောက်"

ဓားအပျက်အစီးနယ်မြေအတွင်းမှ တည်ငြိမ်သော ကြေညာချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ် ပုံရိပ်တစ်ခု ယဇ်ပလ္လင်အထက်သို့ တက်လှမ်းသွားကာ ကျောက်ယွီ၏ ခြေထောက်များမှ ဆုပ်ကိုင်ပြီး သူမကို ဆွဲထုတ်သွားသဖြင့် သွေးစွန်းလမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။ သွေးများကို သန့်စင်ရန် မည်သူမျှ ဒုက္ခမခံခဲ့သောကြောင့် အနီးကပ် ကြည့်လိုက်လျှင် ယဇ်ပလ္လင်အထက်၌ ခြောက်သွေ့နေသော သွေးများဖြင့် ဖုံးလွှမ်းထားပြီးဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာ မရေမတွက်နိုင်သောလူငယ်များ ဤနေရာတွင် သေဆုံးခဲ့ကြပြီး သွေးကို မသန့်စင်ကြသည်မှာ နောက်ထပ် လူငယ်များ သူတို့၏ ဘဝကို ဤနေရာတွင် အဆုံးသတ်ရန်နှင့် လောကကြီးကို နှုတ်ဆက်ရန် မျှော်လင့်ထားသောကြောင့်ဟု ထင်မှတ်ရသည်။ တစ်ခါတစ်ရံတွင် ကိုယ့်ကိုကိုယ် သတ်သေရလောက်သော ဖိအားမျိုးမှာ မိမိကိုယ်တိုင်မှသာမက မျိုးနွယ် နှင့် ချစ်ရသူများထံမှလည်း လာတတ်သည်မဟုတ်ပါလော။

ဓားနှစ်ချင်းအခမ်းအနား တစ်ခုတည်းက ဘဝတစ်ခု၏ အနိမ့်အမြင့် အတက်အကျကို ဆုံးဖြတ်သည်။ ထိုသို့ ရက်စက်ကြမ်းကြုတ်သော တရားစီရင်မှုမှာ လူငယ်များအတွက် ခံနိုင်ရည်ရှိရန် အလွန် ပြင်းထန်လွန်း၍ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတစ်မျိုး ဖြစ်၏။ မူလကတည်းက နိမ့်ကျသူများအတွက် ဆုံးရှုံးစရာ မရှိသောကြောင့် ထိခိုက်စရာမရှိသော်လည်း အမြင့်တစ်နေရာမှ လူများ လက်ရှိအဆင့်အတန်းမှ အကျနာခဲ့လျှင် သေခြင်းတရားကို လွတ်လမ်းအဖြစ် မကြာခဏ အလွယ်လိုက်တတ်ကြ၏။ ကျောက်ယွီ၏ သေဆုံးမှုကို အားလုံးက လျစ်လျူရှုထားသော်လည်း အခြေအနေသည် ပို၍ တင်းမာလာပြီး လူငယ် ဓားကျင့်ကြံသူတိုင်း၏ နှလုံးသားများတွင် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။ မြေကြီးပေါ်တွင် လဲကျ၍ အလောင်း ဆွဲထုတ်ခံရမည့် နောက်တစ်ယောက်မှာ သူတို့ မဖြစ်နိုင်ဟု မည်သူမှ အတပ်မပြောရဲချေ။

"အမေ"

ပိုင်ဝူချွဲက သူ၏ လက်သီးများကို တင်းကြပ်စွာဆုပ်၍ မျက်လုံးများ သွေးရောင်သန်းနေသည်။

"အဆင်ပြေပါတယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်"

ပိုင်ချင်းရွှယ်က သူ၏ လက်မောင်းကို ဆုပ်ကိုင်၍ နှစ်သိမ့်သည်။

"ဟုတ်ကဲ့"

ပိုင်ဝူချွဲ ခေါင်းညိတ်သည်။

"သူမကို မေ့လိုက်တော့"

"ဟုတ်ကဲ့"

ပိုင်ဝူချွဲက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်၍ ပြန်ဖွင့်လိုက်သည့်အခိုက်တွင် စိတ်ပိုင်းဖြတ်ထားမှုဖြင့် တောက်လောင်နေသည်။ လူငယ် ဓားကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရှေ့တိုးလာကြသည်။ အချို့ ထွက်ခွာသွားကြပြီး အချို့က ကိုယ့်ကိုကိုယ် သတ်သေ၍ ထာဝရ ဓား၏ ပဲ့တင်သံကို ဖြစ်ပေါ်စေသူများမှာ အပျော်လွန်နေကြသည်။ ဤနေရာတွင် လမ်းကွဲသွား၍ ဘဝအချို့က ပျော်ရွှင်မှုများ ပြည့်နှက်နေသော်လည်း အခြားသူများမှာ ဝမ်းနည်းပူဆွေးနေရသည်။ သူတို့အနောက်တွင် ရှိနေသော မျိုးနွယ်များက အရည်အချင်းအပေါ် မူတည်၍ ကောင်းကင် သို့မဟုတ် ငရဲသို့ ဂုဏ်သိက္ခာများ ရောက်ရှိသွားရသည်။ ၎င်းမှာ ထာဝရ ဓားအကျဉ်းထောင်ဟု ခေါ်တွင်သော ရက်စက်ခါးသီးလှသည့် လောကကြီးတစ်ခု ဖြစ်ကာ ဓားတာအိုအပေါ် စွဲလန်းနေသူများမှ ဖန်တီးထားခြင်း ဖြစ်ပေ၏။

မျက်စိတစ်မှိတ်အတွင်း လူငယ်ပေါင်းများစွာ ဓားနှစ်ခြင်းအခမ်းအနားကို ခံယူခဲ့ကြပြီး လက်ရှိအချိန်အထိ လူငယ် ဓားကျင့်ကြံသူများ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ ဖယ်ရှားခံလိုက်ရကာ ဓားအပျက်အစီးနယ်မြေသို့ ခြေချခွင့် ထာဝရ တားမြစ်ပိတ်ပင်ခံခဲ့ရ၏။ ကျန်ရှိနေသော ဆယ်ရာခိုင်နှုန်းတွင် အများစုမှာ ထာဝရ ဓား၏ ပဲ့တင်ထပ်မှု လေးကြိမ်ထက် နည်းပါးသဖြင့် အဝါ၊ အနက်၊ မြေ သို့မဟုတ် ကောင်းကင်အဆင့် တပည့်များ ဖြစ်လာကြသည်။ အနာဂတ်တွင် ဓားစီရင်သူများ ဖြစ်လာနိုင်ကာ ဓားအပျက်အစီးနယ်မြေရှိ တိုက်ခိုက်ရေး အင်အား၏ ပင်မကျောရိုး ဖြစ်လာပေလိမ့်မည်။ ထာဝရဓားနှင့် ပဲ့တင်ထပ်မှု ငါးကြိမ်အထိ ဖြစ်ပေါ်စေနိုင်သူများက တောင်ထိပ်သခင်များ၏ အစစ်အမှန် တပည့်များ ဖြစ်လာနိုင်သော်လည်း မယုံနိုင်လောက်အောင် ရှားပါးသည်။

လက်ရှိတွင် လူငယ် တစ်ဆယ့်ရှစ်ဦးသာ ဤအဆင့်ကို အောင်မြင်ခဲ့ပြီး ငါးကြိမ် ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေသည်နှင့်တပြိုင်နက် ဓားအပျက်အစီးနယ်မြေ အတွင်းပိုင်းသို့ လှစ်ခနဲ ခေါ်ဆောင်သွားခြင်း ခံရသည်။ အစစ်အမှန် တပည့်များက ထာဝရ ဓားအကျဉ်းထောင်၏ အနာဂတ် အထက်တန်းလွှာများ ဖြစ်ကာ ဓားအပျက်အစီးနယ်မြေ၏ အထက်ပိုင်း အကြီးအကဲများ ဖြစ်လာရန် ကံကြမ္မာပါလာသည်။ ခြောက်ကြိမ်မြောက် ပဲ့တင်သံအတွက်မူ၊ ၎င်းကို အခုထိ မမြင်ရသေးပေ။

"ပိုင်ဝူချွဲ"

ထာဝရဓား၏ အလင်းတန်းက ထိုလူငယ်အပေါ် ကျရောက်ရန် အလှည့်ကျလာသောအခါ မရေမတွက်နိုင်သည့် စူးစမ်းလိုသော မျက်လုံးများ သူ့အပေါ် ကျရောက်လာသည်။

"သူက ဓားအပျက်အစီးနယ်မြေမှာ တောင်သခင်တစ်ယောက်ဖြစ်တဲ့ ပိုင်ရှောင်ဖုန်းရဲ့ မြေးပဲ"

ပါဝင်သူအားလုံးကြားတွင် သူက အလွန် မြင့်မားသော အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထား၏။

"ဝူချွဲ၊ ကောင်းကင်အထက်မှာ ပျံဝဲနိုင်ပါစေ၊"

ပိုင်ချင်းရွှယ်က သူမ၏ သားကို အောင်မြင်မှုအတွက် ဆုတောင်းပေးလိုက်သည်။ ပိုင်ဝူချွဲက အံကြိတ်၍ ခြေလှမ်းအနည်းငယ်ဖြင့် သွေးစွန်းနေသော ယဇ်ပလ္လင်အထက်သို့ တက်လှမ်းသွား၏။ သူက မျက်လုံးများကို မှိတ်ပြီး ဓားဝိညာဉ်ကို ကောင်းကင်ဘုံသို့ မြှောက်ပြရင်း ထာဝရဓားထံ ပူဇော်လိုက်သည်။

"ဘိုးဘေးတို့၊ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ"

လူအုပ်၏ အာရုံစိုက်နေသော မျက်လုံးများအောက်တွင် ထာဝရဓား၏ အလင်းတန်း ဆင်းသက်လာကာ သူ၏ဓားဝိညာဉ်နှင့် ရောနှောသွားသည်။

ဒေါင်

ထာဝရ ဓား၏ ပထမဆုံးအနေဖြင့် အေးစက်စက် ပဲ့တင်ထပ်သံတစ်ခု ထွက်ပေါ်လာသည်။ ပထမဆုံး ပဲ့တင်သံကို ကြားလိုက်ရသောအခါ သေဆုံးစရာ မလိုတော့သဖြင့် ပိုင်ဝူချွဲ၏ နှလုံးသား တင်းမာမှု အနည်းငယ် ပြေလျော့သွားသည်။

ဒေါင် ဒေါင် ဒေါင် ဒေါင်

နောက်ထပ် ပဲ့တင်ထပ်မှု လေးကြိမ် ဆက်တိုက် လိုက်ပါလာသဖြင့် သူ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ စိတ်အားထက်သန်နေ၏။ စုစုပေါင်း ပဲ့တင်ထပ်မှု ငါးကြိမ်​ဖြင့်ဆိုလျှင် သူက အစစ်အမှန် တပည့်တစ်ဦး ဖြစ်လာရန် ကံကြမ္မာပါလာသည်။ သူ၏ မျိုးနွယ်တွင် ၎င်း အမြင့်ဆုံး အရည်အချင်းများအနက် ပါဝင်သဖြင့် စင်အောက်တွင် ရှိနေသော ပိုင်ချင်းရွှယ်ပင် မျက်ရည်များ သူမ၏ မျက်ဝန်းတွင် ပြည့်လျှံနေသည်။ သူမ၏ သားက လူပေါင်းများစွာ၏ အကြည့်အောက်တွင် သေစေနိုင်လောက်အောင် ပြင်းထန်သော ဤအခက်အခဲကို ကျော်လွှားနိုင်ခဲ့သည် မဟုတ်ပါလော။

"ပြီးသွားပြီလား"

ပိုင်ဝူချွဲက အံ့ဩနေစဥ် အရေးပါသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

ဒေါင်

ပါဝင်သူများစွာအနက် ပထမဆုံးအကြိမ်အဖြစ် ထာဝရ ဓားထံမှ ခြောက်ကြိမ်မြောက် ပဲ့တင်ထပ်ခြင်း ထွက်ပေါ်လာသည်။

"ဓားနဲ့ ပဲ့တင်ထပ်မှု ခြောက်ကြိမ်၊ အထွတ်အထိပ် လမ်းကို ဖွင့်လှစ်ခြင်း"

ဓားကျင့်ကြံသူပေါင်းများစွာက သံပြိုင်ရေရွတ်လိုက်မိပြီး သူတို့၏ မျက်လုံးများတွင် အံ့ဩမှု နှင့် မနာလိုစိတ်များ ထင်ဟပ်နေသည်။

"ငါက ထိပ်တန်း တပည့် ဖြစ်လာတာလား"

ပိုင်ဝူချွဲ ခဏတာ မင်သက်သွားကာ ပျော်ရွှင်မှုကြောင့် အရူးတစ်ပိုင်း ဖြစ်သွားသည်။ ထို့နောက် ဓားအလင်းများ ပြန်လည်ဆုတ်ခွာသွားသဖြင့် စမ်းသပ်ခြင်း ပြီးဆုံးသွားခဲ့၏။

"အမေ"

ပိုင်ဝူချွဲက ယဇ်ပလ္လင်အထက်မှ ပြေးဆင်းလာကာ မိခင်ကို ပွေ့ဖက်လိုက်သည်။

"ဝူချွဲ၊ ကောင်းတယ်၊ ကောင်းတယ်"

ပိုင်ချင်းရွှယ်က ဝမ်းသာမျက်ရည်များ ကျဆင်းနေကာ သူမ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။

"အမေ၊ ဒါက ဘာကို ဆိုလိုတာလဲ"

ပိုင်ဝူချွဲက စိတ်လှုပ်ရှားစွာ မေးခွန်းထုတ်သည်။

"ဒါက မင်းဟာ အဘိုးကို ကျော်တက်နိုင်လိမ့်မယ်လို့ ဆိုလိုတယ်။ ဒါက မင်းအနေနဲ့ ငါတို့ ပိုင်မျိုးနွယ်ကို အဆင့်သစ်တစ်ခုဆီ ဦးဆောင်နိုင်မယ်လို့ ဆိုလိုတယ်။ တစ်နေ့မှာ၊ မင်းက ဓားအပျက်အစီးနယ်မြေရဲ့ ထိပ်တန်း ဓားတရားသူကြီးတစ်ဦး ဖြစ်လာနိုင်တယ်"

ပိုင်ချင်းရွှယ်၏ အသံက ဝမ်းမြောက်ဝမ်းသာဖြင့် တုန်ခါနေသည်။ ၎င်းမှာ စစ်မှန်သော အောင်ပွဲတစ်ခုဖြစ်၍ ဓားအပျက်အစီးနယ်မြေ အတွင်း နှင့် အပြင်ဘက်တွင် မရေမတွက်နိုင်သော မျက်လုံးများက သူတို့ကို မလိုလားဟန်ဖြင့် စိုက်ကြည့်နေကြသည်။

ဘုန်း

ဓားအပျက်အစီးနယ်မြေ၏ အတွင်းမှ ဓား အလင်းတစ်ခု ပြေးထွက်လာကာ အဖိုးတန် ခရမ်းရောင် ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦး သူတို့ရှေ့မှောက်တွင် ထွက်ပေါ်လာသည်။ မျက်ခုံးများက ဓားကဲ့သို့ ချွန်ထက်ပြီး ဆံပင်က မင်ကဲ့သို့ အနက်ရောင် ဖြစ်ကာ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ သူက ဓားအပျက်အစီးနယ်မြေတွင် ယွမ်ရှောင် မြင်ဖူးသမျှ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်ကာ အဘိုးပိုင်ထက်ပင် ပို၍ ကြောက်စရာကောင်းလေသည်။

All Chapters