← Chapters

ဓားတာအိုမှာ ငါက အရာအားလုံးကို အုပ်စိုးမယ်

Vol. 20 Ch. 250

ဓားတာအိုမှာ ငါက အရာအားလုံးကို အုပ်စိုးမယ်

Vol. 20 Ch. 250

"ထိပ်တန်း ဓားတရားသူကြီး ချင်ထျန်း"

"သူက အသက်အငယ်ဆုံး ထိပ်တန်းတရားသူကြီးတွေထဲက တစ်ဦးပဲ။ အဆင့်တက်ဖို့ အလားအလာတွေ ရှိနေသေးတယ်"

ဓားအပျက်အစီးနယ်မြေ၏ ထိပ်တန်း တရားသူကြီးတစ်ယောက်က ငရဲ ကိုးထပ်၏ တိမ်တိုက်များအထက်မှ ဆင်းသက်လာသောအခါ ယွမ်ရှောင်သည် လင်းချန်၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်ကို သတိပြုလိုက်မိသည်။ တစ်ဖက်လူ၏ မျက်ဝန်းများတွင် နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

"ဝူချွဲ၊ ငါ မင်းကို တပည့်အဖြစ် လက်ခံချင်တယ်။ မင်း လက်ခံသလား။"

ချင်ထျန်း၏ မျက်လုံးများ ပိုင်ဝူချွဲကို ကြည့်နေရင်း တောက်ပနေသည်။ ယခုထိ မူးဝေနေဆဲဖြစ်သော်လည်း မိခင်ဖြစ်သူက သူ့ကို ရှေ့သို့ ချက်ချင်း တွန်းပို့၍ ဒူးထောက်စေလိုက်၏။

"တပည့် ဝူချွဲ၊ ဆရာသခင်ကို အရိုအသေပေးပါတယ်"

ပိုင်ဝူချွဲ၏ အသံက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ထွက်ပေါ်လာပြီး ပျော်ရွှင်ဖွယ် ရလဒ်မှာ လျှပ်တပြက် ရောက်ရှိလာသည်။ သူ နှင့် ကျောက်ယွီ စုံတွဲတွင် တစ်ယောက်က ကောင်းကင်သို့ တက်လှမ်းသွားစဥ် အခြားတစ်ဦးမှာ ငရဲသို့ ပြုတ်ကျသွားသည်။ လောကကြီး၏ ကြမ်းတမ်းသော လက်တွေ့တရားပင်။

"ကောင်းတယ်"

ချင်ထျန်းက ကျေနပ်စွာ ပြုံးလိုက်သောအခါ ပတ်ဝန်းကျင်တွင် မနာလိုငြူစူသော အကြည့်များ ကျန်ရစ်ခဲ့သည်။

"ဝူချွဲ၊ ညီလေးအတွက် ငါ ဝမ်းသာတယ်"

ခရမ်းရောင်ဝတ် လူငယ်တစ်ယောက်က ချင်ထျန်းအနောက် ထွက်လာ၍ ချီးကျူးလိုက်ခြင်း ဖြစ်၏။ သူက ဖြောင့်စင်းသော နှာတံ နှင့် နက်ရှိုင်းပြီး တွက်ချက်တတ်သော မျက်လုံးများ ရှိကာ ပိုင်ဝူချွဲထက် ပို၍ လိမ္မာပါးနပ်ပုံရသည်။

"အစ်ကိုလော့"

ပိုင်ဝူချွဲက ချက်ချင်း ဦးညွှတ်ပြီး အပြုံးဖြင့် နှုတ်ဆက်သည်။ နှစ်ယောက်တည်း နားလည်နိုင်သော အပြုံးမျိုး ဖလှယ်လိုက်ကြသည်။ ထိုအချိန်၌ လင်းချန်သည် ချင်ထျန်း နှင့် ချင်လော့၊ ဤသားအဖ နှစ်ယောက်အပေါ် သတ်ဖြတ်လိုစိတ်များ ပွက်ပွက်ဆူနေသည်။

"လင်းချန်"

အခြေအနေများ ငြိမ်သက်မသွားခင်မှာပင် ဓားနှစ်ခြင်းအခမ်းအနားကို ကြီးကြပ်သော အကြီးအကဲက နောက်ထပ် လူငယ်တစ်ယောက်၏ နာမည်ကို ခေါ်လိုက်သည်။

"ညီလေးလင်း၊ မင်းအလှည့်ပဲ"

ယွမ်ရှောင်က သူ့ပခုံးကို ပုတ်၍ ပြောလိုက်သည်။

"ငါ့ကို စောင့်ကြည့်ထား"

လင်းချန်က ယုံကြည်မှုအပြည့်ဖြင့် မှာကြားရင်း ယဇ်ပလ္လင်အထက်သို့ ခြေလှမ်းလိုက်သော်လည်း မည်သူမှ အာရုံမစိုက်ခဲ့ပေ။ လူအများ ပိုင်ဝူချွဲကို မနာလိုဖြစ်နေကြပြီး ပိုင်ချင်းရွှယ်နှင့် ချင်မျိုးနွယ်က ပျော်ရွှင်စွာ စကားစမြည်ပြောနေသည်။

"လင်းချန်လား"

ချင်လော့က ထိုနာမည်ကို ရုတ်တရက် ကြားလိုက်ရသောအခါ နောက်ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

"အဲ့ဒီကလေးက ဘာလို့ ခုထိ အသက်ရှင်နေသေးတာလဲ"

ချင်ထျန်းက မလိုလားဟန်ဖြင့် ပြောသည်။

"အဖေ၊ ဓားကျင့်ကြံမှုလို ငြီးငွေ့စရာ လမ်းကြောင်းပေါ်မှာ ကစားစရာကောင်းကောင်းတစ်ခု ရှာရတာ မလွယ်ဘူး"

ချင်လော့က တစ်ချက်ပြုံး၍ ပြောသည်။

"မင်းရဲ့ စကားပြောပုံက ဦးနှောက်မရှိတဲ့ လူဆိုးတစ်ယောက်လိုပဲ"

ချင်ထျန်းက မှတ်ချက်ချသည်။

"သူ့မှာ ဓားအရိုးတောင် မရှိတော့ဘူး။ အခွံသက်သက်နဲ့ ဓားဝိညာဉ်ပဲ ရှိတယ်။ သူက ကျင့်ကြံသူတောင် ဖြစ်နိုင်သေးလို့လား"

ချင်လော့က လှောင်ပြောင်နေသည်။

" သူ့ကို နေ့တိုင်း အနိုင်ကျင့်နေတာ၊ တစ်ခါမှတောင် သူက အခြေအနေကို ပြောင်းပြန်လှန်နိုင်တာမျိုးလုပ်တာ မမြင်ဖူးဘူး"

ပိုင်ဝူချွဲက ထောက်ခံ၍ ရယ်မောလိုက်သောအခါ သူခိုးဓားပြတစ်စု ကျေနပ်စွာ လှောင်ပြောင်နေကြ၏။

"ကောင်းပြီ။ ရက်အနည်းငယ်အတွင်း ငါက သူ့ မိဘတွေအပေါ် အပြစ်ပုံချဖို့ အကြောင်းပြချက်တစ်ခု ရှာလိုက်မယ်။ ပြီးရင် မင်းက သူ့ကို တိတ်တဆိတ် ရှင်းပစ်လိုက်။ ဒီလို လူတစ်ယောက် အသက်ဆက်ရှင်နေရင် မင်းရဲ့ အနာဂတ် ဂုဏ်သတင်းကို စွန်းထင်းစေလိမ့်မယ်"

ချင်ထျန်းက တည်ငြိမ်စွာ ဆုံးဖြတ်လိုက်ပြီး ဤသို့ဖြင့် လင်းချန် သေဆုံးသွားလျှင် မကြာမီ မေ့ပျောက်ခံရလိမ့်မည်ဟု ထင်မှတ်ထားသည်။ သူတို့ စကားပြောဆိုနေစဉ် ဓားကျင့်ကြံသူများစွာက လင်းချန်ကို စူးစမ်းလိုသော အကြည့်များဖြင့် စောင့်ကြည့်နေရင်း စိတ်ဝင်စားမှု တိုးလာသည်။

"အဲ့ဒီ နာမည်ကို ရင်းနှီးသလို မခံစားရဘူးလား"

"လင်းချန်လား။ သူက လင်းမျိုးနွယ်ရဲ့ ဒုက္ခိတလေး မဟုတ်ဘူးလား"

"ဟုတ်တယ်၊ အဲ့ဒါ သူပဲ"

"ခုထိ အသက်ရှင်နေတုန်းပေါ့။ ဟုတ်လား"

"ပိုးဟပ်တစ်ကောင်လို အသက်ပြင်းတာပဲ"

လင်းမျိုးနွယ်၏ နာမည်ဆိုးမှာ အာရုံစိုက်မှုအချို့ကို ဖြစ်ပေါ်စေခဲ့ပြီး ချင်ထျန်း မျှော်လင့်ထားသည့်အတိုင်းပင်။ လူတစ်ယောက်က အမြင့်သို့ ရောက်လေလေ၊ ဂုဏ်သိက္ခာကို ပို၍ တန်ဖိုးထားလေလေ ဖြစ်ကာ ချင်ထျန်း၊ ချင်လော့နှင့် လင်းမျိုးနွယ် ဒုက္ခိတ၏ ဇာတ်ကြောင်းမှာ ပုံပြင်ဟောင်းများ နှင့် ကောလာဟလများကို အလွယ်တကူ ထွက်ပေါ်လာစေနိုင်၏။

"ချင်လော့ရဲ့ အံ့ဩဖွယ်ရာ ဓားအရိုးက ဒီ လင်းမျိုးနွယ်ဆီကနေ လုယူခဲ့တာလို့ ငါ ကြားဖူးတယ်"

"မင်းရဲ့ပါးစပ်ကို သတိထား။ ဒါတွေက ကောလာဟလတွေပဲ"

"လင်းမျိုးနွယ်၊ တစ်ချိန်က ဓားအပျက်အစီးနယ်မြေရဲ့ ထင်ရှားတဲ့ မျိုးနွယ်တစ်ခုက တခြားသူတွေကို အပုပ်ချပြီး အသက်ရှင်လမ်း ရှာဖွေရလောက်အောင် အောက်တန်းကျသွားပြီလား"

လူအများစုက လင်းချန်ဘက်ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်ကြသည်။ သို့သော် လူငယ်မှာ အထင်သေးမှုအားလုံးကို လျစ််လျူရှုထားပြီး ထာဝရ ဓား၏ အလင်းအောက်တွင် ရပ်နေခဲ့၏။ သူက ကျောက်ယွီ၏ သွေးများအပေါ် နင်းလျှောက်၍ ယဇ်ပလ္လင်အထက်သို့ ခြေလှမ်းတက်လိုက်သည်။ သူက ဓားကို မော့ကြည့်၍ သူ၏ မျက်လုံးများ ပြင်းထန်သော အလင်းဖြင့် တဖြတ်ဖြတ် လက်နေ၏။

"မင်းရဲ့ အရသာအရှိဆုံး သိုးဝဝလေးက ငကြွား လုပ်တော့မယ်"

ကြယ်ပြာက တစ်ချက်ပြုံးလိုက်ပြီး ယွမ်ရှောင်သည် လင်းချန်ကို အေးစက်သော မျက်ဝန်းဖြင့် ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။

"သူ့ကို နောက်ထပ် နည်းနည်းလွှတ်ပေးထားပြီး ပွဲရှာခိုင်းလိုက်မယ်"

ပြန်လည်မွေးဖွားလာသော ကောင်းကင် နတ်ဓားဧကရာဇ်ကိုယ်တွင်းရှိ ဖန်ဆင်းရှင်မျိုးစေ့၏ အရည်အချင်းကို တဖြည်းဖြည်း လှုံ့ဆော်ပေးရန် လိုအပ်သည်။ အကယ်၍ နတ်ဆိုးတိုက်ကြီးတွင် ပိုင်ဝူချွဲက လင်းချန်ကို သတ်ဖြတ်ခဲ့လျှင် ယွမ်ရှောင်အနေဖြင့် အကျိုးအမြတ်များကို လွယ်ကူရိုးရှင်းစွာ ရိတ်သိမ်းနိုင်သော်လည်း ဓားအပျက်အစီးနယ်မြေကို ဆူဆူပူပူ ဖြစ်လာစေရန် ကယ်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ဇာတ်လိုက်များကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးဆွဲရခြင်းမှာ ကိုယ်တိုင်လှုပ်ရှားသည်ထက် ပို၍ ကောင်းမွန်သည်မဟုတ်ပါလော။

"အခု စမယ်"

လင်းချန်က အေးစက်စက်ပြုံး၍ လက်ကို ကောင်းကင်သို့ ဆန့်တန်းလိုက်ရာ သူ၏ လက်ချောင်းထိပ်မှ အရောင်ကိုးမျိုး ဓားဝိညာဉ်တစ်ခု ထွက်လာသည်။ ၎င်းက ကောင်းကင် အထက်မှ ထာဝရ ဓားနှင့် တောက်ပမှုချင်း ယှဉ်ပြိုင်နေ၏။

"ဟင်"

ဓားကျင့်ကြံသူ သိန်းပေါင်းများစွာနှင့် ဓားအပျက်အစီးနယ်မြေ၏ အစွမ်းထက် ကျင့်ကြံသူများ ထိတ်လန့်တကြားဖြစ်သွားကာ မီးခိုးရောင်ဝတ် လူငယ်ထံ အာရုံစိုက်လာကြ၏။ အရောင်ကိုးမျိုး ဓားဝိညာဉ်ကို မည်သူမှ မမြင်ဖူးခဲ့သောကြောင့် ၎င်း နှင့် ထာဝရ ဓားကြားမှ ပဲ့တင်ထပ်မှု အတိုင်းအတာသည် လူများစွာကို နှလုံးခုန်မြန်သွားစေခဲ့သည်။

"အဲ့ဒါက ဘာကြီးလဲ"

ချင်လော့ နှင့် ပိုင်ဝူချွဲက ခဏအတွင်း မင်သက်သွားသကဲ့သို့ ချင်ထျန်း နှင့် ပိုင်ချင်းရွှယ်လည်း မျက်မှောင်ကြုတ်လိုက်သည်။

ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခုက အရာအားလုံးကို ရုတ်တရက် လွှမ်းခြုံသွားသည်။

"ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းက ဒီမှာ စတင်တယ်"

လင်းချန်က သူ၏ ဓားကို ကောင်းကင်သို့ ချက်ချင်း မြှောက်ပြလိုက်သောအခါ ထာဝရ ဓားသည် သံလိုက်တစ်ခုမှ ဆွဲယူနေသကဲ့သို့ မိုးခြိမ်းသံပမာ မြည်ဟီး၍ ဆင်းသက်လာကာ အရောင်ကိုးမျိုး ဓားဝိညာဉ်နှင့် ပေါင်းဆုံသွားသည်။ ထို အခိုက်အတန့်တွင် အင်မော်တယ် နှင့် မိစ္ဆာပုံရိပ် ကိုးခုက ထာဝရ ဓားကို ဝန်းရံနေသကဲ့သို့ ထင်မှတ်ရပြီး ဟင်းလင်းပြင် ပုံပျက်စေသော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်စေသည်။ ၎င်းမှာ နယ်နိမိတ် အဆုံးသတ်မရှိသော စကြဝဠာ ကိုးခု ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရပြီး ဒေါင်ခနဲ မြည်သံဖြင့် ထာဝရ ဓားမှာ တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။

ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်။

ထို့နောက် တခဏအတွင်း နောက်ထပ် ငါးကြိမ် ပဲ့ထင်ထပ်သွားကာ ပဲ့တင်ထပ်မှု ခြောက်ကြိမ် ချက်ချင်းဖြစ်တည်လာ၏။

"ထိပ်တန်း တပည့်တစ်ယောက်"

ပိုင်ဝူချွဲ နှင့် ပိုင်ချင်းရွှယ် မင်သက်သွားကာ မျက်လုံးများ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်လာ၏။ ချင်ထျန်း နှင့် ချင်လော့က အချင်းချင်း ကြည့်လိုက်မိကြပြီး တစ်နည်းနည်းဖြင့် သူတို့ကိုယ်သူတို့ ကျိန်စာတိုက်မိလိုက်သည့်ပမာ ခံစားနေရသည်။

"မင်းရဲ့ ဉာဏ်နည်းမှု​က ဘာတွေ ဖြစ်လာစေခဲ့လဲ ကြည့်စမ်း။"

ချင်ထျန်းက သူ၏ သားကို စိုက်ကြည့်၍ ကြိမ်းမောင်းလိုက်သည်။ သူက လင်းချန်ကို လက်စားချေရန် အခွင့်အရေးတစ်ခု မပေးလိုသောကြောင့် ယဇ်ပလ္လင်အောက်တွင် ရပ်နေရာမှ ဓားစွမ်းအင် အလင်းတန်းတစ်ခု ပစ်ခတ်လိုက်သည်။ ၎င်းက လင်းချန်၏ နဖူးကို တည့်တည့် ချိန်ရွယ်ထားသဖြင့် အသေသတ်လိုသော တိုက်ကွက်ပင် ဖြစ်နေသော်လည်း လင်းချန်မှာ ဟက်ဟက်ပက်ပက် ရယ်မောခဲ့သည်။

ဒေါင်

ထာဝရ ဓားမှ ခုနစ်ကြိမ်မြောက် ပဲ့တင်သံ ထွက်ပေါ်လာပြီး ကောင်းကင် နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

" ပဲ့တင်ထပ်မှု ခုနစ်ကြိမ်၊ ကြယ်သခင်လေး ထွက်ပေါ်လာပြီ"

ဓားကျင့်ကြံသူ သိန်းပေါင်းများစွာ တုန်လှုပ်သွားကြပြီး သူတို့၏ မျက်လုံးများ မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်ရင်း လင်းမျိုးနွယ်၏ ဒုက္ခိတဟု အမည်ရသူကို ကြောင်ကြည့်နေမိသည်။

ဘုန်း

ရွှေရောင် စွမ်းအင် တံခါးတစ်ခု လင်းချန်ရှေ့တွင် ပွင့်ထွက်လာကာ ချင်ထျန်း၏ သဓားအလင်းကို ဝါးမျိုသွားသည်။

"ဓားအစောင့်အရှောက် တံခါး ပွင့်လာပြီ"

ဓားကျင့်ကြံသူ သိန်းပေါင်းများစွာ တစ်လှိုင်းပြီးတစ်လှိုင်း ရူးသွပ်မှုဖြင့် ဒူးထောက်ကျသွားကာ တစ်ညီတစ်ညွတ်တည်း ကြွေးကြော်တိုင်တည်ခဲ့ကြ၏။

"ကောင်းကင်ဘုံ ဓားအစောင့်အရှောက်ကို အရိုအသေပြုပါတယ်"

တံခါးအနောက်တွင် ကြီးမားသော ပုံရိပ်တစ်ခု ရပ်နေပြီး ဓား စွမ်းအင်များ ခြုံလွှမ်းကာ ဦးခေါင်းကို ဖြည်းညှင်းစွာ မော့လာ၍ ချင်ထျန်းအပေါ် သတိပေးလိုဟန်ဖြင့် အကြည့်တစ်ချက် ကျရောက်လာသည်။ ချင်ထျန်းမှာ မိုးကြိုးထိမှန်သွားသကဲ့သို့ ယိမ်းယိုင်သွားကာ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့၍ ဖြူဖပ်ဖြူရော်ဖြင့် ခြေလှမ်းသုံးလှမ်းတိတိ နောက်ဆုတ်သွားရသည်။

"ကြယ်သခင်လေး၊ ဓားအပျက်အစီးနယ်မြေရဲ့ အမွေဆက်ခံသူ…"

ပိုင်ဝူချွဲ နှင့် ပိုင်ချင်းရွှယ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မျက်နှာများ သွေးဆုတ် ဖြူဖျော့သွားသည်။

"အဖေ၊ ဘာတွေ ဖြစ်နေတာလဲ"

ချင်လော့က အံကြိတ်ထားပြီး မျက်လုံးများ သွေးနီရောင် တောက်ပနေ၏။

"ပါးစပ်ပိတ်ထားစမ်း"

ချင်ထျန်းက ဟောက်လိုက်သည်။

"ထိပ်တန်း တရားသူကြီး ချင်ထျန်း။ မင်းက ဒါလောက်လေးနဲ့ ကြောက်နေပြီလား"

လင်းချန်က ကောင်းကင်ဘုံတွင် ရပ်နေသကဲ့သို့ လက်နှစ်ဖက်နောက်ပစ်၍ ခရမ်းရောင်ဝတ် လူလတ်ပိုင်းကို အေးစက်စက် ကြည့်လိုက်သည်။

"မင်း...မင်း ဘယ်လိုလုပ်။ မင်းမှာ ဓားအရိုးလည်း မရှိဘူး"

ချင်ထျန်း၏ အသံက တုန်ရီနေပြီး လက်ချောင်းများ တဆတ်ဆတ် တုန်ခါနေသည်။

"တန်ဖိုးမရှိတဲ့ အရိုးတစ်ချောင်းက မင်းရဲ့ သားအတွက် လက်ဆောင်ပေးလိုက်တာပါ။ အမှိုက်တစ်ခုကို မစွန့်ပစ်ရင် နတ်ဘုရားဓားအရိုးကို ငါ ဘယ်လိုလုပ် ရနိုင်မှာလဲ။ သေချာကြည့်ထားစမ်း"

လင်းချန်က ကောင်းကင်သို့ အေးစက်သော အပြုံးတစ်ခုဖြင့် မော့ကြည့်ရင်း ဓားဝိညာဥ်ကို နောက်တစ်ကြိမ် ဆုပ်ကိုင်လိုက်သည်။

ဒေါင်

ထာဝရဓားက ရှစ်ကြိမ်မြောက် မြည်ဟီးလာသောကြောင့် ဓားအပျက်အစီးနယ်မြေရှိ ဓားကျင့်ကြံသူတိုင်း ရူးသွပ်သွားကြသည်။

"ကောင်းကင်နေမင်း သခင်လေး ဆင်းသက်လာပြီ။ ငါတို့ ထာဝရဓားအကျဉ်းထောင်က ငရဲဘုံ ကိုးထပ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီး အုပ်စိုးတော့မယ်"

"ဘိုးဘေး ဓားသင်္ချိုင်းဂူက သူ့အတွက် ပွင့်လာပြီ"

လေဟာနယ်ထဲတွင် ခါးကုန်းကုန်းနှင့် ဆံပင်ဖြူ အဘိုးကြီးတစ်ဦး ရုတ်တရက် ပေါ်လာကာ တိမ်တိုက်များအထက်တွင် ရပ်နေပြီး လင်းချန်ကို စိုက်ကြည့်ရင်း ဝမ်းသာမျက်ရည်များ စီးကျလာ၏။

"ဒါ ဘိုးဘေး ဓားသင်္ချိုင်းဂူရဲ့ အစောင့်အရှောက်၊ အရိုးခြောက် စောင့်ရှောက်သူပဲ။"

"ငါ အသက်ရှင်နေတုန်း ဒီလို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို မြင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"

ဓားအပျက်အစီးနယ်မြေအတွင်း မရေမတွက်နိုင်သော ဓားကျင့်ကြံသူများက ကောင်းကင်သို့ ခုန်တက်သွားကာ အပြင်ဘက်တွင် လူပေါင်းများစွာ ခေါင်းပင် မမော့ရဲဘဲ ဒူးထောက်နေကြသည်။ သူတို့က လင်းချန်၊ ဓားအစောင့်အရှောက် တံခါး၊ နှင့် အရိုးခြောက် စောင့်ရှောက်သူကို ကြည့်ရှုနေရင်း သူတို့၏ စိတ်များ အံ့ဩမှုကြောင့် ပေါက်ကွဲမတတ် ဖြစ်နေသည်။

"လင်းချန်။ နေမင်း ကောင်းကင်သခင်လေး"

အော်ဟစ် အားပေးသံများ ဓားအပျက်အစီးနယ်မြေတစ်လျှောက် ပဲ့တင်ထပ်နေပြီးနောက် ထာဝရ ဓားအကျဉ်းထောင်တစ်ခွင် ပျံ့နှံ့သွားသည်။

ချင်ထျန်း၊ ပိုင်ချင်းရွှယ်၊ နှင့် အခြားသူများ နေရာတွင် အေးခဲနေကြပြီး မျက်လုံးများ ပြူးထွက်နေသဖြင့် အက်ကြောင်းထင်စပြုလာ၏။ ချင်ထျန်း ဒူးထောက်ကျကာနီး အချိန်တွင် လင်းချန်က ရယ်ရယ်မောမောဖြင့် သတိပေးလိုက်၏။

"ဟေး။ ဒါလောက်လေးက မင်းတို့ကို ခြောက်လှန်ဖို့ လုံလောက်တာလား"

"ဘာ…"

ဓားကျင့်ကြံသူ တစ်သန်းကျော် မင်သက်သွားကာ နောက်ထပ်ပဲ့တင်ထပ်မှု ရှိမရှိ သေချာစေရန် ထာဝရ ဓားထံ ပြိုင်တူ ကြည့်လိုက်မိသည်။ ထိုအချိန်တွင် လင်းချန်သည် အရောင်ကိုးမျိုး ဓားဝိညာဉ်ကို ခပ်မြင့်မြင့် မြှောက်ကိုင်လိုက်သောအခါ ပြန်လည်မွေးဖွားလာသော အင်မော်တယ်တစ်ဦးကဲ့သို့ ထင်မှတ်ရသည်။

"ဓားတာအိုမှာ ငါ တစ်ယောက်တည်းက အရာအားလုံးကို အုပ်စိုးမယ်။ ငါက မရှုံးနိမ့်နိုင်ဘူး။ စကြဝဠာနဲ့ ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်း ဖြစ်ရမယ်"

သူ၏ စကားအဆုံးတွင် ထာဝရဓားသည် ဒေါင်ခနဲ မြည်ဟီးကာ နဝမမြောက်နှင့် နောက်ဆုံး ပဲ့ထင်ထပ်သံကို ထုတ်လွှတ်ပေးလိုက်၏။

"အမည်ခံ ဓားအင်မော်တယ်တစ်ယောက် ထွက်ပေါ်လာပြီ"

လူတိုင်း ရူးမတတ် ဖြစ်နေစဥ် လင်းချန်က ဟားတိုက်ရယ်မောနေခဲ့ပြီး ယွမ်ရှောင်သည်လည်း စိတ်ထဲမှ ဝါးလုံးကွဲ အော်ရယ်နေခဲ့လေသည်။

All Chapters