ဆုံးဖြတ်ခြင်း
Vol. 20 Ch. 253
"ဘာလို့ ဒါက အကြိမ် တစ်သိန်းတောင် မြည်ရတာလဲဟ"
ယွမ်ရှောင်က သုံးရက်လုံးလုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ၏ ဓား တာအို အရည်အချင်းမှာ ထိပ်တန်းဖြစ်ကြောင်း သိထားပြီး ဓားပညာများကို အဆင့်မြှင့်တင်နိုင်သည်ထိ လက်စောင်းထက်သော်လည်း ယခုတစ်ခေါက်၌ အလွန်အကျွံ ဖြစ်နေသည်။ သူ မျှော်လင့်ထားသည်မှာ နှိမ့်နှိမ့်ချချ နေထိုင်ရန်ဖြစ်ပြီး အလွန်ဆုံး ဆယ်ကြိမ်အထိသာ ထင်မှတ်ထားသည်။
"ဖန်ဆင်းရှင်၊ ဟိုဓားကျွန်ကယက ကိုးကြိမ် ပဲ့တင်ထပ်သံပဲ ရခဲ့တာက သူ့ရဲ့ ကန့်သတ်ချက်မို့လို့။ ဒါပေမယ့် မင်းရဲ့ ပဲ့တင်သံ တစ်သိန်းကျော်က ထာဝရ ဓား ခံနိုင်ရည်ရှိသလောက်မို့လို့ပဲ။ တကယ်လို့ ဒီဓားသာ လုံလုံလောက်လောက် အစွမ်းထက်နေရင် အဆုံးမရှိ ဆက်မြည်နေမှာပဲ"
ကြယ်ပြာက သူ၏ ရင်ဘတ်အတွင်းမှ ခေါင်းပြူလာ၍ ရှင်းပြသည်။ ထာဝရ ဓားကို အကြိမ် တစ်သိန်း ပဲ့တင်ထပ်ရန် သုံးရက် ကြာခဲ့ပြီး အဆုံးမရှိဆိုလျှင် မတ်တပ်ရပ်ရင်း အိုမင်းသွားပေလိမ့်မည်။
" တစ်သိန်းက ကိုးကြိမ်ထက် ပိုပြီး ကြီးမားတယ်။ မင်းရဲ့ အတိတ်ဘဝမှာဆိုရင် အဲ့ဒီ ဓားကျွန်ရဲ့ အထွတ်အထိပ် စွမ်းအားထက် အဆ တစ်သိန်း ကျော် ပိုပြီး အားကောင်းခဲ့တယ်"
ကြယ်ပြာက တစ်ချက်ပြုံးသည်။
"သူ့ရဲ့ အတိတ်ဘဝက အဲ့လောက် အားနည်းခဲ့တာလား"
"သနားစရာကောင်းလောက်အောင်ကို အားနည်းတယ်။ သူက မင်း နောက်ဆုံးအကြိမ် မြင်ခဲ့တဲ့ အာကာသ ဓားအင်မော်တယ်ထက် အဆတစ်ရာလောက်ပဲ ပိုပြီး အားကောင်းခဲ့တယ်။ စကားထဲ ထည့်ပြောရလောက်အောင် ဘာမှ မရှိဘူး"
ကြယ်ပြာက နှာခေါင်းရှုံ့လိုက်သဖြင့် ယွမ်ရှောင် ဆွံ့အသွားသည်။ ထိုအင်မော်တယ်မှာ ရဲရှင်းချန်၏ မိဘများကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သော ကျင့်ကြံသူဖြစ်ကာ လင်းချန်၏ အတိတ်ဘဝမှာ ထိုသူထက် အဆတစ်ရာ ပို အားကောင်းခဲ့သည့်တိုင်အောင် ဖန်ဆင်းရှင်နှင့် ယှဥ်လျှင် ပြောပလောက်အောင် မဟုတ်ပေ။
"ဒီလောကကြီးကို ကြည့်လိုက်စမ်း။ ကောင်းကင်နဲ့ မရေမတွက်နိုင်တဲ့ အရာတွေ၊ နိယာမတွေ၊ စကြဝဠာတွေ အရာအားလုံးက မင်းကြောင့် တည်ရှိလာတယ်။ မင်းမရှိရင်၊ ဒီနေရာက ရှေးဦး လေဟာနယ်တစ်ခုသာသာ ဖြစ်လိမ့်မယ်။ ဒီ စကြဝဠာထဲက အရာအားလုံး မင်းဆီကနေ အစပြုတယ်။ မြင့်မြတ်ချင်ယောင်ဆောင်နေတဲ့ အင်မော်တယ်တွေ လည်း ပါဝင်တယ်။ ဘယ်သူဖြစ်ဖြစ် ဖန်ဆင်းရှင်ရဲ့ ခန္ဓာကိုယ်ပေါ်က ဖုန်မှုန့် အစက်အပြောက်လေးတွေသာသာပဲ။ မင်း အခု ဖန်ဆင်းရှင် အင်မော်တယ်ဆိုတာက တကယ် ဘယ်လောက်အစွမ်းထက်လဲဆိုတာ နားလည်ပြီလား"
ကြယ်ပြာက လေးနက်စွာ ပြောသည်။
"ငါက သာမန်လူတစ်ယောက်လေ။ ဘာသိမှာလဲဟ"
ယွမ်ရှောင်က ပခုံးတွန့်၍ တုံ့ပြန်သည်။
"သာမန်လူလား။ မှန်တယ်၊ မင်းက လောလောဆယ်တော့ အခွံသက်သက်ပဲ။ ထာဝရ ဓားက မင်းရဲ့ ဖန်ဆင်းရှင် အင်မော်တယ် အရင်းအမြစ်ကို ထိတွေ့လိုက်လို့ ဒီလို လှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့တာပဲ။ ပြီးတော့ မှတ်ထား။ အဲ့ဒီပဲ့တင်ထပ်သံတွေက မင်းရဲ့ နားလည်နိုင်စွမ်းအတွက် အရည်အချင်းကိုသာ ကိုယ်စားပြုတယ်။ ဒီအချိန်ထိရောက်အောင် မင်းက လူသားတစ်ယောက်ရဲ့ နှလုံးသားကို မစွန့်ပစ်ခဲ့တာ ချီးကျူးစရာပဲ"
"အဲ့လိုလား"
ယွမ်ရှောင်အနေဖြင့် ဤအရာအားလုံးမှာ မသေချာမရေရာသော ဘဝ၏ အိပ်မက်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူက ဖန်ဆင်းရှင် အင်မော်တယ် လူဝင်စားဖြစ်သော်လည်း နတ်ဘုရားတစ်ပါး၏ ခမ်းနားမှုကို မခံစားနိုင်ခဲ့ပေ။ သို့ရာတွင် သူနှင့် ကောင်းကင် နတ်ဓားဧကရာဇ်၏ ပြန်လည်မွေးဖွားခြင်းအကြား ခြားနားချက်တစ်ခု ရှိကာ လင်းချန်သည် သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်ကို နတ်ဘုရားတစ်ပါး၏ နှလုံးသားဖြင့် သိမ်းပိုက်ထားသော်လည်း ယွမ်ရှောင်က လုံးဝ ဆန့်ကျင်ဘက်ဖြစ်၍ ဖန်ဆင်းရှင်၏ ရုပ်ခန္ဓာတွင် လူသား စိတ်ဝိညာဥ်ဖြင့် ပြန်လည်မွေးဖွားလာခဲ့သည်။
"ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။ ငရဲဘုံ ကိုးထပ်မှာ ဖန်ဆင်းရှင် မျိုးစေ့ တစ်သန်းကျော် ရှိတယ်။ မင်းရဲ့ နဂါးကိုးကောင် ဒန်တန် နဲ့ ကြယ်သွေးကြောတွေက ရှေးဟောင်း ဟင်းလင်းပြင်ကျင့်စဥ်ရဲ့ ဒုတိယ တာအို ကပ်ဘေးအထိ အဆင့်တက်တာကို မခံနိုင်တော့ဘူး။ မင်းအနေနဲ့ စွမ်းအား စုဆောင်းဖို့ လိုအပ်နေပြီ"
ကြယ်ပြာက အကြံပေးသည်။ ဒုတိယမြောက်ကပ်ဘေးသည် သာမန် ကျင့်ကြံခြင်းနယ်ပယ် ရှစ်ခုကို ကျော်လွန်၍ တာအိုနှလုံးသားနယ်ပယ်သို့ တက်လျှင် ရင်ဆိုင်ရမည့် အခက်အခဲ ဖြစ်သည်။
"ဒီနေ့၊ မင်းရဲ့ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်နဲ့ ဓားရည်ရွယ်ချက် တစ်သန်းကို စုပ်ယူလိုက်လို့ တာထွက် ကောင်းတယ်လို့ပြောရမယ်။ မင်းက ကိုယ်ပိုင် ဓားရည်ရွယ်ချက်ကို ဖွဲ့စည်းတဲ့အခါ ကြယ်ဧကရာဇ် အင်မော်တယ်နန်းတော်ရဲ့ အဲ့ဒီ ဓားအင်မော်တယ် ပေးခဲ့တဲ့ ဓားရည်ရွယ်ချက်ကလည်း အသုံးဝင်လာလိမ့်မယ်"
ကြယ်ပြာက လက်ရှိအခြေအနေကို သုံးသပ်ပြသည်။
"ဒါဆိုရင် မင်း ပြောချင်တာ၊ ဒါက အခု ငါ့အတွက် အသုံးမဝင်ဘူးပေါ့"
"မင်းက သူတော်စင် နယ်ပယ်မှာပဲ ရှိသေးတယ်လေ။ ဘယ်လိုလုပ် သုံးနိုင်မှာလဲ။ ဒါက အဘိုးကြီးတစ်ယောက်ဆီ အလှပဂေး တစ်ရာ ပေးလိုက်သလိုပဲ၊ သူ ဘာလုပ်နိုင်မယ်လို့ ထင်လဲ။"
ကြယ်ပြာက နှာခေါင်းရှုံ့သည်။
ဓားနှစ်ခြင်းအခမ်းအနား ပြီးဆုံးကာ ဓားအပျက်အစီးနယ်မြေသို့ ဝင်ရောက်ရန် အချိန် နီးကပ်လာခဲ့သည်။ ဓားရည်ရွယ်ချက် တစ်သန်းမှာ တောက်ပနေစဉ် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်က ဝါးမျိုပစ်လိုက်ပြီး နောက်ဆုံးတွင် အပြာရောင် ကြာပန်းပေါ်သို့ စုစည်းသွားသော်လည်း ယခုအချိန်အထိ ပန်းပွင့်မလာသေးပေ။ ၎င်းအတွင်း ဓားရည်ရွယ်ချက် တစ်သန်းက တဖြည်းဖြည်း ပေါင်းစပ်သွားသောအခါ ပွင့်ချပ်များ တဖြတ်ဖြတ်တောက်ပလာသည်။
"လှလိုက်တာ"
ဤမြင်ကွင်းအရ ယွမ်ရှောင်၏ ဓားရည်ရွယ်ချက်သည် ဤအပြာရောင် ကြာပန်းနှင့် ဆက်စပ်နိုင်ကြောင်း သိနိုင်ပေသည်။ ရှေးဦး ခေါင်းတလား နှင့် တာအို ရင်းမြစ် စသည်တို့မှာ ဖန်ဆင်းရှင် အင်မော်တယ်ပင် နားမလည်နိုင်သော လျှို့ဝှက်ချက်များဖြစ်၍ ယွမ်ရှောင်အတွက် နတ်ဆိုးတိုက်ကြီးမှာ သူ ထင်ထားသည်ထက် ပို၍ အရေးကြီးလာသည်။ ထာဝရဓားကို လူမသိသူမသိ ဝါးမျိုပစ်လိုက်ပြီးနောက် ထာဝရ ဓားအကျဉ်းထောင်မှ ဓားကျင့်ကြံသူများ အဖြေရှာမရ ဖြစ်ကုန်သည်။ သူ့အတွက် ကံကောင်းသည်မှာ ထာဝရဓား ပျောက်ကွယ်သွားခြင်းက ဓားနှစ်ချင်းအခမ်းအနား၏ ဖြစ်ရိုးဖြစ်စဥ် ဖြစ်နေသောကြောင့် မည်သူမှ ဝါးမျိုခံလိုက်ရကြောင်း သတိမထားမိခဲ့ပေ။ ထာဝရ ဓား၏ အလင်းများ လုံးဝ လွင့်ပြယ်သွားသည်နှင့်တပြိုင်နက် ကောင်းကင်က ချက်ချင်းအမှောင်ကျသွားကာ အနက်ရောင် ယဇ်ပလ္လင်ပေါ်တွင် အဖြူရောင်ဝတ် လူငယ်တစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ထာဝရဓားအကျဥ်းထောင်၏ အရေးကြီး ပုဂ္ဂိုလ်တိုင်း ရောက်ရှိနေကြပြီး ဓားစောင့်ရှောက်သူ၊ အရိုးခြောက် စောင့်ရှောက်သူ၊ လင်းချန်၊ ထိပ်တန်း ဓားတရားသူကြီးများ၊ တောင်ထိပ်သခင်များ၊ နှင့် အခြား အကြီးအကဲများစွာ အားလုံး ရှိနေသည်။ ပိုင်ချင်းရွှယ် ဓားအပျက်အစီးနယ်မြေ၏ အထက်ပိုင်း အကြီးအကဲများထံ သူ၏ အထောက်အထားကို အသိပေးထားပြီးဖြစ်သည်။ ခေါင်းဆောင်က ကောင်းကင်ဘုံမြေအကြောင်း မထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့သဖြင့် သာမန်ကျင့်ကြံသူများသည် ယွမ်ရှောင်၏ အမည်မှလွဲ၍ လုံးဝမသိကြပေ။
မရေမတွက်နိုင်သော လူများ အချင်းချင်း ကြည့်၍ ဓားအပျက်အစီးနယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားပုံရသည်။ နောက်ဆုံးတွင်၊ ထာဝရ ဓားအကျဉ်းထောင်၏ ဓားအစောင့်အရှောက်က အဖွဲ့နှင့်အတူ အနက်ရောင် ယဇ်ပလ္လင်အထက်သို့ ရောက်ရှိလာသည်။ ချက်ချင်းပင် ယဇ်ပလ္လင်ပတ်လည်တွင် အစီအရင်တစ်ခု အသက်ဝင်လာကာ ယွမ်ရှောင် နှင့် ဓားအပျက်အစီးနယ်မြေ၏ အကြီးအကဲများကို လွှမ်းခြုံ၍ ထိပ်တန်း ဓားတရားသူကြီးများကိုပင် ဝင်ခွင့်မပေးထားသောကြောင့် မည်မျှအရေးကြီးလျှို့ဝှက်ကြောင်း သိသာနေ၏။
"ဓားအပျက်အစီးနယ်မြေက သူ့ကို ဘာလုပ်မယ်လို့ မင်း ထင်လဲ။"
"ငါလည်း မသိဘူး။ ခုနစ်ကြိမ် ဒါမှမဟုတ် ရှစ်ကြိမ် ပဲ့တင်ထပ်တာက ဖြစ်နိုင်တယ်၊ ဒါပေမယ့် အကြိမ်တစ်သိန်းတောင် ဆိုတော့ တစ်ခုတည်းသော ဖြစ်နိုင်ခြေက ထာဝရ ဓား တစ်ခုခု မှားယွင်းနေခဲ့တာပဲ။"
"အမှန်ပဲ။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းကလည်း ထူးကဲရတယ်လို့ ခံစားမိတယ်။ ထာဝရ ဓားကနေ ဒီလို တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့တာပဲ။ သနားစရာကောင်းတာက သူက နောက်ဆုံးတစ်ယောက် ဖြစ်နေလို့ ပြန်စမ်းသပ်ချင်ရင်တောင် နောက်နှစ်အထိ စောင့်ရဦးမယ်"
"သူ့ကို ပုံမှန် တပည့်အဖြစ် အမျိုးအစားခွဲခြားမှာလား၊ ဒါမှမဟုတ် အစစ်အမှန် တပည့်နဲ့ ထိပ်တန်း တပည့်အဖြစ်လား။ တကယ်လို့ သူ့ကို အမည်ခံ ဓားအင်မော်တယ်အဖြစ် ကြေညာခဲ့ရင်ရော တခြားသူတွေက လက်ခံမှာလား"
"သူ့ရဲ့ အရည်အချင်းကို ဆုံးဖြတ်ဖို့က တကယ်တော့ ရိုးရှင်းပါတယ်။ သူရော လင်းချန်ရော သူတော်စင် နယ်ပယ်မှာပဲ ရှိသေးတယ်။ လင်းချန်က အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်မှာ ယှဉ်ပြိုင်မယ်လို့ ကြေညာထားပြီးသား။ တကယ်လို့ ယွမ်ရှောင်လည်း ပါဝင်ခဲ့ရင် သူ့ရဲ့ စွမ်းဆောင်ရည်က သက်သေပြနိုင်လိမ့်မယ်"
အစီအရင်အပြင်ဘက်တွင် ဓားကျင့်ကြံသူတစ်သန်းကျော်က တီးတိုးဆွေးနွေးနေကြပြီး ဤအဆင့်အတန်းများသည် ကျင့်ကြံမှုအတွက် အကျိုးအမြတ်များ နှင့် ဘိုးဘေး ဓားသင်္ချိုင်းဂူတွင် လေ့ကျင့်ခြင်းအား ခွဲခြားပေးထားသည်။ သူတို့၏အမြင်တွင်ယွမ်ရှောင်အနေဖြင့် ထိုက်တန်ကြောင်း ကိုယ်တိုင်သက်သေပြရန် လိုအပ်သည်။ လူများ ယဇ်ပလ္လင်ကို စေ့စေ့စပ်စပ် စိုက်ကြည့်နေကြပြီး အဖြေတစ်ခုအတွက် မျှော်လင့်တကြီး စောင့်မျှော်နေကြ၏။
အစီအရင်အတွင်း ယွမ်ရှောင်သည် ထာဝရ ဓားအကျဉ်းထောင်၏ ထိပ်တန်း ကျင့်ကြံသူများနှင့် တွေ့ဆုံနေရပြီး လင်းချန်လည်း ရှိနေသည်။ သူက နောက်နားကျကျတွင် ရပ်နေပြီး ပြုံးပြနေသဖြင့် မည်သို့တွေးနေကြောင်း ခန့်မှန်းမရနိုင်ချေ။
"ဘယ်သူ အကြံပြုချင်တာ ရှိလဲ။ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်"
ဓားအစောင့်အရှောက်က ထိုးဖောက်နိုင်သော အကြည့်စူးစူးကို ယွမ်ရှောင်အပေါ် အာရုံစိုက်လိုက်၏။
"ထာဝရ ဓားက တစ်ခုခု မှားယွင်းခဲ့တယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိဘူး"
ကြီးကြပ်သူ စစ်ခုံး၏ စကားကို မည်သူမျှ ထောက်ခံခြင်း ငြင်းဆန်ခြင်း မရှိပေ။
"အချက်အလက်တွေအရ ထာဝရ ဓားက အမှန်တကယ် တစ်ခုခု ချွတ်ယွင်းခဲ့ကြောင်း သိနိုင်ပါတယ်"
အစိမ်းရောင်ဝတ်ထားသော ဖုန်းပုဟွေဆိုသည့် အကြီးအကဲတစ်ယောက်က ဝင်ပြောသည်။
"ဒါဆိုရင်"
ဓားစောင့်ရှောက်သူက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
"ကျုပ်အနေနဲ့ ယွမ်ရှောင်ကို သာမန် တပည့်အဖြစ် စတင်စေပြီး တစ်နှစ် စောင့်ကြည့်ရင်း နောက်နှစ်မှာ ပြန်စမ်းသပ်ဖို့ အကြံပြုပါတယ်"
ကြီးကြပ်သူ စစ်ခုံးက အဆိုပြုသည်။
"သာမန် တပည့်လား။ အဲ့ဒါကတော့ မသင့်တော်ဘူး။ ထိပ်တန်းတပည့်အဖြစ် သတ်မှတ်စေချင်တယ်"
ဖုန်းပုဟွေက ယွမ်ရှောင်ကို စိုက်ကြည့်သည်။
"သူ့ကို ထိပ်တန်း တပည့်အဖြစ် စတင်ပြီး တစ်နှစ် စောင့်ကြည့်ကြရအောင်။ တကယ်လို့ သူ့ရဲ့ စွမ်းဆောင်ရည်က ကိုက်ညီခဲ့ရင် အမည်ခံ ဓားအင်မော်တယ် ဖြစ်လာဖို့ အခွင့်အရေး ပေးရမယ်"
အရိုးခြောက် စောင့်ရှောက်သူဘေးတွင် အပြာရောင်ဝတ်ထားသော ယွမ်ရှင်းဟယ်ဟု အမည်ရသူ ရပ်နေပြီး ဝင်ရောက်အကြံပေးခဲ့သည်။
"ဒါဆိုရင် ငါတို့အားလုံးက သူ့ကို ထိပ်တန်းတပည့်အဖြစ် သတ်မှတ်ဖို့ သဘောတူကြတာလား။ တကယ်လို့ သူ့ကို ပိုမြင့်မားတဲ့ ရာထူးတစ်ခု ပေးပြီး မျှော်လင့်ချက်တွေနဲ့ မကိုက်ညီခဲ့ရင် ဒါက သူ့ကို ဖိအားပေးရုံသာမဟုတ်ဘဲ ဓားအပျက်အစီးနယ်မြေရဲ့ ဂုဏ်သတင်းကိုလည်း ထိခိုက်စေလိမ့်မယ်"
ရွှမ်ကျန်းဟု အမည်ရသော အဖြူရောင်ဝတ် မိန်းမ တစ်ယောက်က ဝင်ပြောလာခဲ့သည်။
"ဆရာ ဘယ်လို သဘောရပါသလဲ"
ဓားစောင့်ရှောက်သူက သူတို့အားလုံး၏ အကြံပေးချက်များကို နားထောင်ပြီးနောက် အရိုးခြောက် စောင့်ရှောက်သူဘက်သို့ လှည့်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။
" သူ့ကို ဓားအစောင့်အရှောက်ရဲ့ တိုက်ရိုက် တပည့်အဖြစ် လက်ခံပြီး ကြယ်သခင်လေး ဘွဲ့ကို ချီးမြှင့်နိုင်တယ်။ အဲ့ဒါကလည်း အဓိပ္ပာယ်မရှိတာတော့ မဟုတ်ဘူး"
ခဏတာ တိတ်ဆိတ်ပြီးနောက် အရိုးခြောက် စောင့်ရှောက်သူက တွေးတွေးဆဆ ပြောလာခဲ့သည်။
"ကြယ်သခင်လေးဘွဲ့က သင့်လျော်တယ်လို့ ထင်တယ်။ သူ့ကြောင့် ဖြစ်ပေါ်စေခဲ့တဲ့ လှုပ်ရှားမှုက ကြီးမားလွန်းတယ်။ သူ့ကို ဘွဲ့ထူးတစ်ခုခု မပေးခဲ့ရင် ဓားအပျက်အစီးနယ်မြေက အမြင်ကျဥ်းတယ်လို့ အပြောခံရလိမ့်မယ်"
ဓားစောင့်ရှောက်သူဘေးတွင် ရပ်နေသော မိန်းကလေးက အကြံပြုလာသည်။ သူမက အုပ်စုထဲတွင် အသက်အငယ်ဆုံး ဖြစ်ပြီး ရွှေရောင် ဝတ်ရုံဖြင့် လှပသော ခန္ဓာကိုယ်ကို ဖုံးကွယ်ထားကာ တော်ဝင်မင်းသမီးတစ်ပါးအလား ထင်မှတ်ရသည်။
"မင်းအနေနဲ့ ဒီအဆင့်အတန်းက ယူဆောင်လာနိုင်တဲ့ ဖိအားကို ကြောက်နေလား"
သူမက ယွမ်ရှောင်ဘက်လှည့်ကာ မေးခွန်းထုတ်လိုက်ပြီး စကားဝိုင်းအတွင်း ဆွဲသွင်းပေးခဲ့သည်။ သူမ မတိုင်ခင် လူတိုင်းသည် သူ့ကို အရာဝတ္ထုတစ်ခုအလား မသိကျိုးကျွံပြု၍ ဆွေးနွေးနေခဲ့ကြ၏။
"အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် အကြီးအကဲတွေ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်"
ယွမ်ရှောင်က ယဥ်ယဉ်ကျေးကျေး တုံ့ပြန်လိုက်သဖြင့် တည်ငြိမ်သော အမူအရာကြောင့် ရွှေရောင်မိန်းကလေး၏ အထင်ကြီးမှု တစ်ချက် ရလိုက်၏။ သူက သာမန်လူတစ်ယောက် မဟုတ်ကြောင်း အကင်းပါးသည့် မည်သူမဆို ရှင်းရှင်းလင်းလင်း သိနိုင်သော်လည်း အဆင့်အတန်းကို ဆုံးဖြတ်ရာ၌ ဓားအပျက်အစီးနယ်မြေ၏ အကျိုးစီးပွားနှင့် ပတ်သက်နေခဲ့သည်။ ဖုန်းပုဟွေ၊ ယွမ်ရှင်းဟယ်၊ ရွှမ်းကျန်း နှင့် ကြီးကြပ်သူ စစ်ခုံးက အရိုးခြောက် စောင့်ရှောက်သူနှင့် တစ်ဖွဲ့တည်း ဖြစ်ပုံရပြီး ရွှေရောင်မိန်းကလေးမှာ ကွဲထွက်နေကာ ဓားအစောင့်အရှောက်၏ ဘက်တော်သား ဖြစ်နိုင်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ အရိုးခြောက် စောင့်ရှောက်သူက ဓားအစောင့်အရှောက်၏ ဆရာဖြစ်နေပြီး လင်းချန်က ထိုအဘိုးကြီးနှင့်အတူ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်လေသည်။