တစ်ယောက်တည်းလား...
Vol. 24 Ch. 345
....
ဇီယာ၏ အခန်းအတွင်းမှ ညည်းသံများသည် တစ်မိနစ်မျှပင် မနားဘဲ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်၏။
ဤအသံများကို ကြားနေရသူများပင် ထိုအမျိုးသား ဒီည အနားယူပါဦးမည်လော ဟုပင် တွေးမိသည်အထိ ဖြစ်သွားကြမည် ဖြစ်သည်။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့်အတူ သန့်စင်ပရောဟိတ်မသည် အာရန်၏အခန်းရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်သောအခါမှသာ သူတို့၏ အာရုံများ ပြန်ည်စုစည်းနိုင်ခဲ့ကြသည်။
အစောင့်များသည် အမှောင်ထုအတွင်း ပုန်းအောင်းနေကြရာမှ ၎င်းတို့၏ တည်ရှိမှုများကို ထုတ်ဖော်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် သန့်စင်ပရောဟိတ်မထံမှ ပုန်းကွယ်ရန်မှာ မဖြစ်နိုင်သောကြောင့် မလေးစားပြုသလိုဖြစ်သွားမည်ကို မလိုချင်ကြသောကြောင့် လည်း ဖြစ်လေ၏။
...
“အရိပ်အစောင့် နံပါတ်သုံး အရှင်မကို နှုတ်ဆက်ပါတယ်”
“အရိပ်အစောင့် နံပါတ်လေး အရှင်မကို နှုတ်ဆက်ပါတယ် “
အစောင့်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဖော်ပြရင်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် သန့်စင်ပရောဟိတ်မကို နှုတ်ဆက်လိုက်ကြသည်။
သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ထိုအစောင့်များ၏ တည်ရှိမှုများကို လုံးဝလျစ်လျူရှု ထားခဲ့ကြသည်။
“တစ်ယောက်ယောက် အခန်းထဲက ထွက်သွားတာတွေ့မိသေးလား”
ဂိုဏ်းအုပ်ဘုန်းတော်ကြီးက အစောင့်များကို မေးလိုက်သည်။
အစောင့်များသည်တစ်ပြိုက်နက်တည်း အတူတူ ခေါင်းခါပြလိုက်ကြသည်။
“အခန်းထဲက ထွက်သွားဖို့နေနေသာသာ အဲဒီလူက ကုတင်ပေါ်က တစ်စက္ကန့်တောင် ဆင်းချင်တဲ့ပုံမပေါ်ဘူး သူက အိပ်ရာထဲမှာ အမှန်တကယ် သားရဲတစ်ကောင်လို....”
အစောင့်သည် အာရန်ကို အမှတ်မထင် ချီးကျူးမိလိုက်သလိုဖြစ်သွားရာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်ကို မြင်သောအခါ မှသာ သူ၏ စကားသည် လွန်သွားပြီမှန်း သဘောပေါက်လိုက်ရာ အမြန်အဆန်ပင် ဘရိတ်အုပ်လိုက်ရသည်။
သူသည် မလိုအပ်သည်များကို ထည့်ပြောမိလိုက်ကြောင်း သဘောပေါက်လိုက်ကာ ခေါင်းကို အနည်းငယ်ငုံ့၍ တောင်းပန်လိုက်သည်။
“အရှင်မ ခင်ဗျာ ဒါသူတို့လက်ချက်လို့တော့ မထင်ပါဘူး ကျုပ်တို့ အစောင့်တွေ ပြောကြားချက်အရလည်း သူတို့ ဒီအချိန်အထိ ဒီအခန်းထဲမှာပဲ တစ်ချိန်လုံးရှိနေခဲ့ကြပုံပါပဲ ပြီးတော့ သူက အဲဒီအမျိုးသမီးကို ဖမ်းဖို့ ကူညီခဲ့တာ သူကိုယ်တိုင်ပဲမဟုတ်လား... ခုအချိန်မှာ သူမက သူ့ကို အမုန်းဆုံးပဲလေ ဘာဖြစ်လို့ သူက သူမကို ကူညီပေးရမှာလဲ”
ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ဤလုပ်ရပ်မှာ အရှေ့မှ ဧည့်သည်များ၏ လက်ချက်ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။
သို့သော် သူသည် သန့်စင်ပရောဟိတ်မ၏ စကားကို လိုက်နာရမည်သာ ဖြစ်၏။
“အဲဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် မဟုတ်ဘူးဆိုရင်တော့ ကျွန်မအနေနဲ့ ဒီ ကိုယ်စာလှယ်တွေကို ဒီည ဒီမှာပဲ သတ်ပစ်ရတော့မှာမို့လို့ပါ”
သန့်စင်ပရောဟိတ်မသည် သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွားရင်း တံခါးကို တစ်ချက် ခေါက်လိုက်သည်။
အာရန်၏ မသတီဖွယ် ထိုအော်ရာကို သူမ မုန်းတီးလွန်းကာ ထိုသူတို့နှစ်ဦး ပြုလုပ်နေသည့်အရာများကို မမြင်တွေ့လိုသောကြောင့်သာ အခန်းတွင်းသို့ တိုက်ရိုက် အာရုံပို့လွှတ်၍ မစုံစမ်းခဲ့ခြင်းပင် ဖြစ်လေသည်။
ထို့အပြင် သူမသည် အာရန်အား ယခုလောလောဆယ်တွင် အသက်ရှင်ခွင့်ပြုထားရန် ဆန္ဒရှိနေသေးသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ဤလူများအား အသုံးချစရာကိစ္စများ ကျန်ရှိနေသေးသောကြောင့်ပင် ဖြစ်၏။
မိစ္ဆာဂိုဏ်းမှ ယခုကိုယ်စာလှယ်များသည် သူမ၏တိုက်ပွဲတွင် အရှေ့ပိုင်းတိုက်အား ပါဝင်လာစေရန် အဓိကသော့ချက်ပင်ဖြစ်လေသည်။
သို့သော် အာရန်သည် ပင်လယ်နဂါးဧကရီကို အမှန်တကယ်ပင် ကူညီခဲ့သူဖြစ်ပါက သူမသည် ၎င်းကို တစ်စက္ကန့်မျှပင် အသက်ရှင်ခွင့်မပြုနိုင်တော့ပေ။
ထိုသို့ဆိုပါက ၎င်းသည် ဝါးမြိုသူမှ ဟန်ဆောင်ထားခြင်းသာဖြစ်သည်ပေလိမ့်မည်။
ပိုဆိုးသည်မှာ ထိုသူ၌ သူမ၏ အရှင်သခင်သတ်ဓားမြှောင် ရှိနေခြင်းပင်ဖြစ်၏။
ထို ဓားမြှောင်သာ မရှိခဲ့ပါက သူမသည် ဤမျှထိ စိတ်လောလိမ့်မည်မဟုတ်ပေ။
ဓားမြှောင်သည် မပြီးပြတ်သေးသော်လည်း ဝါးမြိုသူသည် ထိုနည်းလမ်းကို မရှာဖွေမီ သူမသည် သူ့အား လက်ဦးမှုရယူနိုင်မှ ဖြစ်ပေလိမ့်မည်။
၎င်းသည် အာရန်၏ လက်ချက်ဖြစ်သည်ဟူသော သက်သေအထောက်အထား တစ်စုံတစ်ရာ မရှိခဲ့သော်လည်း သူမ၏ မသိစိတ်ထဲတွင် သူနှင့်သက်ဆိုင်နေသည်ဟု သံသယ အနည်းငယ် ရှိနေခဲ့သည်။
အာရန်တစ်ယောက် ဤမြို့ထဲတွင် ပေါ်လာသည့်နေ့တွင်ပင် ဝိညာဥ်လမ်းလျှောက်သူပင် ပေါ်လာခဲ့ကာ အတုအယောင် ပရောဟိတ်မကို ခေါ်ဆောင်သွားခဲ့သည်။
သူသည် ပင်လယ်နဂါးဧကရီကိုလည်း ရှာဖွေပေးခဲ့သေးပြီး သူမကို ဖမ်းဆီးရာတွင် ကိုယ်တိုင် ဝင်ရောက် ကူညီပေးခဲ့သည်။
ဝါးမြိုသူသည်လည်း ထိုနေ့တွင်ပင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်နေသည်။
လုံးဝ ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်သော လူသားသုံးဦးသည် တစ်ရက်တည်းမှာပင် တစ်နေရာတည်း၌ ပေါ်လာခဲ့ခြင်းသည် သာမန်တိုက်ဆိုင်မှုတစ်ခုဟု ယူဆရန်မှာ အတော်လေးခက်ခဲနေလေ၏။
သူမသည် ဝိညာဥ်လမ်းလျှောက်သူ သေဆုံးသွားပြီဟုလည်း ကြားသိခဲ့လေသည်။
လူများက ဝိညာဥ်လမ်းလျှောက်သူဟု ယူဆထားသူသည် ဝါးမြိုသူမှ အသွင်ယူ ဟန်ဆောင်ထားခြင်းမျိုး ဖြစ်နေပါက ၎င်းသည် ပို၍ပင် အဓိပ္ပာယ်ရှိလာမည်ဖြစ်၏။
ဝါးမြိုသူသည် သူသတ်ခဲ့သူများ၏ စွမ်းရည်များကို ပြန်လည် အသုံးပြုနိုင်သူဖြစ်၏။
အကယ်၍ ဝိညာဥ်လမ်းလျှောက်သူသာ အမှန်တကယ် သေဆုံးသွားခဲ့ခြင်းဖြစ်ပါက ၎င်းသည် ဝါးမြိုသူမှ သူ့အား သတ်ကာ သူ၏စွမ်းရည်များကို ခိုးယူသွားခဲ့သည်ဟု ဆိုလိုနေပေသည်။
ထိုသို့ဆိုပါက အတုအယောင် ပရောဟိတ်မကို ခေါ်ဆောင်သွားသူသည်လည်း ထိုနတ်ဆိုး ဝါးမြိုသူပင်ဖြစ်ရပေမည်။
ဝိညာဥ်လမ်းလျှောက်သူသည် တိုက်ကြီးနှစ်ခု၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် ခြေလှမ်းတစ်ခုကို အဘယ်ကြောင့် လှမ်းမည်နည်းဟု သူမ သံသယစိတ် ဖြစ်ပေါ်မိခဲ့သော်လည်း ၎င်းသည် ဝါးမြိုသူကိုယ်တိုင်ဖြစ်နေပါက ထိုသူသည် အရှင်သခင်များ၏ ဆက်ဆံရေးကို ပျက်စီးစေချင်သူ ဖြစ်သောကြောင့် ၎င်းဖြစ်ရပ်များသည် ဆက်စပ်၍ အဓိပ္ပာယ်ရှိသွားလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့အရှင်သခင်လေးဦး အချင်းချင်း သတ်ဖြတ်နေခြင်းကို ထိုသူသည် ပို၍ပင် နှစ်သက်နေလိမ့်မည်ဖြစ်၏။
သန့်စင်ပရောဟိတ်မ တံခါးခေါက်ပြီးနောက် မိနစ်ဝက်ကြာသွားခဲ့ပြီဖြစ်သည်။
အခန်းအတွင်းမှ အသံများ ရပ်တန့်သွားခဲ့သော်လည်း တံခါးသည် ပွင့်မလာသေးဘဲ ထိုအရာက သန့်စင်ပရောဟိတ်မကို ပို၍ပင် သံသယဖြစ်စေခဲ့သည်။
အခန်းအတွင်းရှိ မဟာအကြီးအကဲဇီယာသည်ပင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့၏။
အာရန်သည် အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
သူပျောက်ကွယ်သွားခြင်းကို မည်သူ့ကိုမျှ မသိစေလိုကြောင်း ထင်ရှားနေသည်။
သူမသာ တံခါးဖွင့်လိုက်ပါက အာရန် အခန်းထဲတွင် မရှိတော့ကြောင်း ပေါ်ပေါက်သွားတော့မည် ဖြစ်သည်။
“ကျွန်မတို့ နည်းနည်း အလုပ်များနေတယ် နောက်မှလာခဲ့ပါလား”
ဇီယာက တံခါးမဖွင့်ဘဲ အတွင်းမှ လှမ်း၍ပြောလိုက်သည်။
“ရှင်တို့ရဲ့ ကမ်းလှမ်းမှုကို ကျွန်မငြင်းဆိုရမှာ စိတ်မကောင်းပါဘူး ကျွန်မမှာ တခြားရွေးချယ်စရာမရှိတော့တဲ့အတွက် ကျွန်မရဲ့ ကျူးကျော်မှုကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
သန့်စင်ပရောဟိတ်မက သူတို့ကို တံခါးဖွင့်ပေးရန် အခွင့်အရေးပေးခဲ့ပြီးဖြစ်၏။
သူတို့ တံခါးဖွင့်ရန် ငြင်းဆန်လိုက်သည်နှင့် သူမ၏သံသယများသည် တစ်စိတ်တစ်ပိုင်း အတည်ပြုချက်တစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။
သန့်စင်ပရောဟိတ်မသည် ထပ်မံတွန့်ဆုတ်မနေတော့ပေ။
သူမ၏ ကောင်းချီးစွမ်းအင်အချို့ကို အသုံးပြု၍ တံခါးကို တွန်းဖွင့်လိုက်သည်။
“ရှင်တို့ဘာလုပ်မလို့”
အာရန်နှင့်အတူ ထိုအရာကို ပြုလုပ်နေဟန် ဟန်ဆောင်နေမိသော်လည်း သူမကိုယ်တိုင်တွင် အဝတ်အစားများ အပြည့်အစုံဝတ်ဆင်ထားဆဲဖြစ်သည့်အတွက် စိတ်ရှုပ်ထွေးသွားမိသည်။
ထို့နောက် မဟာအကြီးအကဲဇီယာသည် သူမ၏ကိုယ်ခန္ဓာကို ဖုံးအုပ်ရန် စောင်တထည်ကို အလျှင်အမြန် ဆွဲယူဖုံးထားလိုက်ရသည်။
မည်သူမျှ သူမအဝတ်အစားဝတ်ထားသည်ကို မမြင်စေရန်လည်း ဖြစ်လေသည်။
“ရှင်တို့ အနားယူနေတုန်း ကျွန်မ ဝင်နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ် ဒါပေမယ့် ဒီနေရာကို ကျူးကျော်သူတစ်ဦး ဝင်ရောက်လာခဲ့လို့ပါ သူက ရှင်တို့ကို ထိခိုက်မိမှာမျိုး ဖြစ်နိုင်တာမို့ ကျွန်မစိုးရိမ်မိလို့ပါ ဒါကြောင့် ကျွန်မကိုယ်တိုင် စစ်ဆေးကြည့်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ပါဘူး”
သန့်စင်ပရောဟိတ်မက အဆင်ပြေသော အကြောင်းပြချက်တစ်ခုကို ပေးရင်း သူမသည် အခန်းတစ်ဝိုက်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ဦးကို ရှာဖွေနေခဲ့သည်။
အခန်းထဲတွင် လူနှစ်ဦးရှိနေသင့်သော်လည်း သူမသည် လူတစ်ဦးတည်းကိုသာ မြင်တွေ့ခဲ့ရသည်။
အာရန်သည် အမှန်တကယ် ကုတင်အောက်တွင်သာ ပုန်းနေခြင်းမျိုး မဟုတ်ပါက သူသည် ဤနေရာတွင် ရှိမနေသည်မှာ ထင်ရှားသွားပြီဖြစ်၏။
“အခု ကျွန်မအဆင်ပြေတာ ရှင်အတည်ပြုပြီးပြီဆိုတော့ ပြန်လို့ရပြီမလား”
ဇီယာသည် ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
“ဒါနဲ့ အကြီးအကဲရန်က ရှင်နဲ့အတူ အခန်းထဲမှာ ရှိနေတာမဟုတ်ဘူးလား”
သန့်စင်ပရောဟိတ်မသည် ဇီယာ၏ စကားများကို လျစ်လျူရှုပြီး သူမကိုယ်တိုင် မေးခွန်းတစ်ခု မေးလိုက်သည်။
‘သူဘယ်သွားလဲဆိုတာကို ကျွန်မက ဘယ်လိုလုပ်ပြီး သိမှာလဲ’
ဇီယာသည် သူမစိတ်ထဲတွင် ကျိတ်၍ ကျိန်ဆဲမိလိုက်သည်။
သန့်စင်ပရောဟိတ်မသည် အာရန် ဘယ်ရောက်နေသည်ကို အဘယ်ကြောင့် ထိုမျှ စူးစမ်းလိုစိတ် ရှိနေခဲ့ရသနည်း။
သူမ ကိုယ်တိုင် ဤနေရာသို့ ရောက်လာခဲ့သောကြောင့် အာရန်တစ်ယောက် မည်သို့သော ရှုပ်ထွေးမှုများကို ဖန်တီးခဲ့သည်ကို သူမ အံ့သြသွားမိသည်။
သူတို့သည် မိစ္ဆာဂိုဏ်းတွင် ရှိနေကြခြင်းမဟုတ်ပေ။
အကယ်၍ သူတို့သာ မှားယွင်းသော ခြေလှမ်းတစ်လှမ်း လှမ်းမိလိုက်ပါက ဤနေရာတွင် ကြီးမားသော ပြဿနာများကို ကြုံတွေ့ရနိုင်လေသည်။
#Catfoot