← Chapters

ဖိတ်မခေါ်ဘဲ ရောက်လာသော ဧည့်သည်များ

Vol. 24 Ch. 331

ဖိတ်မခေါ်ဘဲ ရောက်လာသော ဧည့်သည်များ

Vol. 24 Ch. 331

…..

“သူမကိုယ်တိုင် ဒီကို ရောက်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမိမှာလဲ...”

အာရန်သည် ခေါင်းကိုမော့ကာ ဝေးကွာသောကောင်းကင်နေရာတစ်ခုကို မော့ကြည့်လိုက်သည်။

မြို့စားမင်း၏ အိမ်တော်ရာ အပေါ်တည့်တည့်တွင် အမျိုးသမီးတစ်ဦး ရောက်ရှိနေခဲ့၏။

အာရန်သည် စိတ်ပျက်စွာဖြင့် ခေါင်းတစ်ချက်ခါလိုက်ကာ ထိုအမျိုးသမီးမှ သူ့ဘက်သို့ မလှည့်ကြည့်လိုက်မှီ စက္ကန့်ပိုင်းအလိုမှာပင် လမ်းကြားတစ်ခုထဲသို့ ခုန်ဝင်၍ လူအများနှင့် ရောနှောလိုက်သည်။

ဖြစ်နိုင်လျှင် အာရန်သည် ယခုကဲ့သို့ ဘုန်းတော်ကြီးတစ်ပါး အဖြစ်ယာယီ အယောင်ဆောင်ထားချိန်တွင် ထိုအမျိုးသမီးနှင့် မတွေ့လိုနေပေ။

သာမန်ဘုန်းတော်ကြီးများနှင့်မတူဘဲ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများနှင့် ၎င်းထက်ပို၍ အဆင့်မြင့်သူများသည် သူတို့ ၏လူတစ်ဦးစီတွင်ရှိနေသော သန့်စင်သည့် ကောင်းချီးစွမ်းအင်များကို အလိုလို ခံစားသိရှိနိုင်စွမ်းရှိကြ၏။

ကောင်းချီးစွမ်းအင်မရှိသော ဘုန်းတော်ကြီးတစ်ပါးဖြစ်နေခြင်းမှာ ထိုသူသည် အယောင်ဆောင်တစ်ဦးပင်ဖြစ်ကြောင်း တိုက်ရိုက်အသိပေးလိုက် သကဲ့သို့ပင် ဖြစ်နေမည်ဖြစ်သည်။

မြို့စားသည် သူ၏ အိမ်တော်ခေါင်မိုးပေါ်တွင် ထိုအမျိုးသမီးပေါ်လာသည်ကို သတိထားမိသည်နှင့် တစ်ပြိုက်နက် ဒူးထောက်ထိုင်ချလိုက်လေသည်။

သူ၏နောက်ကျောတွင်လည်း အေးစက်စက် ချွေးစေးများဖြင့် စိုရွှဲလျက်ရှိနေပြီး အပေါ်သို့ ခေါင်းမော့ကြည့်ရန်ပင် ဝံ့ရဲခြင်းမရှိပေ။

သူသည် သန့်စင်ပရောဟိတ်မအား ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား အကြောင်းပြန်၍ ပြီးစီးသွားခဲ့ပြီးဖြစ်၏။

အလွန်ဆုံးအနေဖြင့် သူမသည် ဤမြို့ထဲသို့ ကာဒီနယ်ရဟန်းအမတ်တစ်ပါးကိုသာ စေလွှတ်လိမ့်မည်ဟု သူနဂိုက ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ သူမကိုယ်တိုင် ရောက်လာလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

အကြောင်းကြားစာပေးပို့ပြီးနောက် စက္ကန့်ပိုင်းတွင်ပင်သူမသည် ဤနေရာသို့ ချက်ခြင်းရောက်လာခဲ့ခြင်းဖြစ်လေသည်။

မြို့စားသည် သူ၏ကံကြမ္မာအတွက် အတော်လေးစိုးရွံ့နေခဲ့မိသည်။

ကာဒီနယ်ရဟန်းအမတ်သာ ဆိုပါလျှင် သန့်စင်အင်ပါယာ၏ မြို့စားတစ်ဦးဖြစ်သည့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးအား ကိုင်တွယ်ရာတွင် အနည်းငယ်မျှ သက်ညှာမှုများ ရှိနေဦးမည်ဖြစ်၏။

သို့သော် သန့်စင်ပရောဟိတ်မကိုယ်တိုင်ဆိုလျှင်က အခြေအနေများ ကွဲပြားသွားပြီဖြစ်သည်။

သူမသည် ဤတိုက်ကြီး၏ အမြင့်ဆုံးနေရာတွင် ရှိနေသူဖြစ်လည်းသည်။

သူမသည် သန့်စင်ဧကရာဇ်ကိုပင် မျက်နှာချင်းဆိုင်၍ တိုက်ရိုက်ဆူပူလေ့ရှိသူဖြစ်၏။

သူ့ကဲ့သို့ မြို့စားတစ်ဦးကိုဆိုလျှင်မူ ပြောစရာပင်မလိုပေ။

“အကျွန်ုပ် သန့်စင်ပရောဟိတ်မကို ကြိုဆိုပါတယ်” ဟု ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ရောက်ရှိလာသော အမျိုးသမီးအား ရိုသေစွာဖြင့် နှုတ်ဆက်စကားပြောလိုက်၏။

ထိုအမျိုးသမီးကလည်း ပြန်လည်၍ နွေးထွေးစွာဖြင့် ပြုံးပြပြီးနောက် -

“ထပါ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ရှင်” ဟု ချိုသာစွာ ပြန်လည်ပြောလိုက်သည်။

သူမ၏မျက်နှာတွင် ဒေါသဟူ၍ မြူတစ်မှုန်စာမျှပင် မမြင်ရပေ။

သူမသည် ဤလောကရှိ လူသားများ၏ အပြစ်များအားလုံးကို အလုံးစုံခွင့်လွှတ်ကာ ၎င်းတို့၏အပြစ်များအတွက် သူမကိုယ်တိုင်၏ ပခုံးများဖြင့် ကိုယ်တိုင် ထမ်းပိုးထားပေးသည့် သနားဂရုဏာတော်နှင့် ပြည့်စုံသည့် နတ်ဘုရားမတစ်ပါးနှင့်ပင် တူညီနေခဲ့သည်။

ထိုအမျိုးသမီးသည် မြို့စား၏အိမ်တော်တွင်းသို့ ဆင်းသက်လိုက်ပြီး ခွင့်ပြုချက်ရ၍ ထရပ်ရန်ကျိုးစားလိုက်သော မြို့စား၏ရှေ့တွင် ရပ်လိုက်သည်။

မြို့စားသည် ထရပ်လိုက်သော်လည်း သန့်စင်ပရောဟိတ်မအား စေ့စေ့ပင်မကြည့်ဝံ့ပဲ သူ၏ခေါင်းကိုသာ ဆက်လက်၍ ငုံ့ထားနေမိ၏။

“ကျွန်မ ဒီကိုဘာလို့ရောက်လာတယ်ဆိုတာ ရှင်နားလည်မယ်လို့ ယုံကြည်တယ်” သန့်စင်ပရောဟိတ်မသည် စကားလုံးချင်းကို ဖြည်းညှင်းစွာပြောရင်း ခန်းမအတွင်းသို့ လျှောက်ဝင်လာခဲ့ရာ မြို့စားသည်လည်း သူမနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။

“အဲဒီ အတုအယောင်ကလေးမကို ထွက်ပြေးခွင့်ပြုလိုက်မိခဲ့တဲ့အတွက် ကျွန်ုပ်ကို အပြစ်ပေးတော်မူပါ အရှင်မ” ဟု ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူ၏အပြုအမူအတွက် နောင်တရစွာဖြင့် သူ့အားအပြစ်ပေးရန်တောင်းဆိုလိုက်၏။

“အဲဒီကလေးမက အခုလောလောဆယ် အရေးမပါသေးဘူး ကျွန်မလိုချင်တဲ့အချိန် ဘယ်အချိန်မဆို ဖမ်းလို့ရတယ် ခုပြောနေတာ အဲ့ဒီအကြောင်းမဟုတ်ဘူး” ဟု သန့်စင်ပရောဟိတ်မက သူမ၏လေသံကို အနည်းငယ်မျှပင် မပြောင်းဘဲ ပြန်ဖြေလိုက်သည်။

ထို့အစား သူမသည် မြို့ပြင်ဘက်ရှိ ကုန်သည်လေသင်္ဘောတစ်စီးရှိနေသည့် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

“ဒီမြို့မှာ မဖိတ်မခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်နေတယ်လို့ ကျွန်မ သတင်းရထားတယ် ဒါကြောင့် ကျွန်မကိုယ်တိုင် လာရောက်ကြိုဆိုတာပါ”

လှပပြီး အေးစက်သော အပြုံးတစ်ပွင့်သည် သူမ၏နှုတ်ခမ်းထက်တွင် ပေါ်ပေါက်လာသော်လည်း မြို့စားသည်် သူမနောက်မှ ခေါင်းငုံ့လျက် လိုက်ပါလာခြင်းဖြစ်သောကြောင့် ထိုအပြုံးကို မမြင်လိုက်ရပေ။

ဘုန်းတော်ကြီးသည် သူမ၏ နောက်မှကပ်လိုက်ပါနေစဉ် သူ၏ ဦးခေါင်းကို ငုံ့ထားခဲ့သောကြောင့် သူ၏အကြည့်သည် သူမ၏ တင်ပါးများပေါ်သို့ မထင်မှတ်ပဲကျရောက်သွားသည်။

မည်သို့ပင်ဖြစ်စေ သူသည် အလွန်ကြောက်ရွံ့နေခဲ့သော်လည်း ယောကျ်ားသားတစ်ဦးပင် ဖြစ်နေသေးသောကြောင့် သူမ၏ လွန်စွာကျက်သရေရှိ၍ လှပလွန်းနေသော ခန္ဓာကိုယ်အလှတရားများကို အမှတ်မထင် ငေးကြည့်မိလိုက်၏။

သတိပြန်ဝင်လာသောအခါမှသာ ကြောက်လန့်တကြားဖြင့် သူ၏ အကြည့်ကို ဘေးသို့ အမြန်လွှဲလိုက်ရသည်။

“မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေလား”

ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။

ဤနေရာတွင် ပြင်ပတိုက်များမှ လူများ‌ရောက်ရှိလာသည်ဆိုလျှင်ပင် သန့်စင်ပရောဟိတ်မကိုယ်တိုင် လာရောက်ရလောက်အောင် ထိုသူက အဘယ်မျှလောက်ထိ အရေးပါနေသနည်း။

....

ထိုအချိန်တွင် အာရန်သည် နံရံကိုမှီလျက် မတ်တပ်ရပ်ကာ ကောင်းကင်ကို မော့ကြည့်နေသည်။

အဘယ်ကြောင့်မှန်းမသိ ကောင်းကင်သည် ယခင်အချိန်များထက် ပိုမိုတောက်ပနေသကဲ့သို့ ထင်မှတ်ရသည်။

“သူမနဲ့ ဒီလောက်မြန်မြန်ဆန်ဆန် တွေ့ရလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ”

သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် သူ၏မျက်နှာသည် မိစ္ဆာဂိုဏ်းတွင် ရှိခဲ့စဥ်က အကြီးအကဲရန်၏ မူလမျက်နှာသို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည်လည်း အနည်းငယ်ပြောင်းလဲမှုများဖြစ်သွားကာ သူ၏ဆံပင်အရောင်မှာလည်း နတ်ဆိုးတစ်ပါးကဲ့သို့ နီညိုရောင်ပိုမိုသန်းလာခဲ့၏။

သူ၏မျက်နှာမှာလည်း ပိုမိုသွယ်လျလာသည်။

သူသည် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ဝတ်စုံများကို ချွတ်လိုက်ပြီး အရှေ့ပိုင်းတိုက်ကြီး၏ မဟာအကြီးအကဲများဝတ်လေ့ရှိသော ဝတ်စုံတစ်ခုကို အစားထိုး ဝတ်ဆင်လိုက်သည်။

ဤမြို့တွင် သန့်စင်ပရောဟိတ်မကိုယ်တိုင်ရောက်လာပြီဖြစ်သောကြောင့် ဝါးမြိုသူကဲ့သို့ ဟန်ဆောင်နေခြင်းသည် အသုံးမဝင်တော့ပေ။

သူမတွင် မိသားစုဝင် သို့မဟုတ် ချစ်ရသည့်သူများမရှိနေသောကြောင့် ထိုအပိုင်းတွင် အားနည်းချက်မရှိဟုယူဆရပြီး မစ်ထ်နှင့် လုံးဝကွဲပြားခြားနားလေသည်။

သူမတွင် တစ်ခုတည်းသော အားနည်းချက်ကို ညွှန်ပြရလျှင် သူမ၏ ကြီးမားသော လောဘရမ္မက်ပင် ဖြစ်ပေလိမ့်မည်။

သူမသည် အရှေ့ပိုင်းတိုက်ကြီးကိုပင် သူမအလိုရှိသည့်အတိုင်း အသုံးချလိုနေခဲ့ပြီး ၎င်းသည် အာရန်မြင်တွေ့ရသလောက် လက်ရှိတွင် သူမ၏ တစ်ခုတည်းသော အားနည်းချက်ပင် ဖြစ်နေလေ၏။

“သူမက မိစ္ဆာဂိုဏ်းကို အသုံးချချင်တယ်ဆိုမှတော့ ငါက သူမကို သူမလိုချင်တာလုပ်ပေးရမှာပေ့ါ”

အာရန်သည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများသာ ဝတ်ဆင်ခွင့်ရသော ဝတ်ရုံကိုဝတ်ဆင်ထားလိုက်ခြင်းဖြစ်သည်။

သူသည် ယခင်က သာမန်အကြီးအကဲတစ်ဦးသာ ဖြစ်ခဲ့သော်လည်း ဖန်းယုအား ကယ်တင်ပြီးနောက်တွင် သူသည် မဟာအကြီးအကဲတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး ယခုအခါတွင် မိစ္ဆာဂိုဏ်း၏ အသက်အငယ်ဆုံး မဟာအကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်၏။

၎င်းသည် ဖန်းယုမှ အာရန်အား ဂိုဏ်းမှ ထွက်ခွာတော့မည်ဆဲဆဲတွင် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး သူ့အား ထပ်မံ၍ အကာအကွယ်တစ်ခု ပေးလိုက်ခြင်းဟုလည်း ယူဆနိုင်လေ၏။

လူအများသည် မိစ္ဆာဂိုဏ်းမှ သာမန်အကြီးအကဲထက် မဟာအကြီးအကဲများနှင့် ဆိုပါက ဆက်ဆံရာတွင် ပိုမိုဂရုစိုက်ကြလိမ့်မည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

ဖန်းယုသည် အာရန်အား နောက်ထပ် အခြားအရာတစ်ခုလည်း ပေးအပ်ခဲ့သေး၏။

၎င်းမှာ ဆက်သွယ်ရေးသလင်းကျောက်ပင်ဖြစ်လေသည်။

အာရန်သည် ထိုသလင်းကျောက်ကို အသုံးပြု၍ ဖန်းယုအား ဆက်သွယ်နိုင်သော်လည်း ၎င်းသည် ယခုနေရာတွင် သိပ်တော့ အသုံးမဝင်လှကြောင်း လည်း သိထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တိုက်ကြီးလေးခုကြားရှိ ဘုံသဘောတူညီချက်များအရ အရှင်သခင်များသည် တစ်ဦး၏ နယ်မြေထဲသို့ အခြားတစ်ဦးမှ ဝင်ရောက်ကျူးကျော်ခွင့်မရှိပေ။

ဖန်းယုအကြောင်း ကောင်းစွာသိထားသောအာရန်သည် သူမမှာ အမှတ်တကယ်သာ သူအကူအညီလိုအပ်ပါက ထိုစာချုပ်ကိုပင် ဂရုမစိုက်ဘဲ သူ့အား ကူညီရန် ကိုယ်တိုင်ရောက်ချလာလိမ့်မည်ဟု သေချာစွာသိနေခဲ့၏။

သူသည် ထိုသို့အဖြစ်မခံလိုပေ။ မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် စစ်ပွဲတစ်ခုစတင်ရန် စောလွန်းနေသေးသည်မဟုတ်ပါလား...။

အာရန်သည် မဟာအကြီးအကဲတစ်ဦး၏ ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် သူ၏ တည်ရှိခြင်းကို ဖုံးကွယ်ထားသည့်အစွမ်းများကို ရပ်တန့်လိုက်ကာ လမ်းကြားထဲမှ ပေါ်ပေါ်တင်တင်ပင် ထွက်လာလိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းနေသော အကြီးအကဲတစ်ဦးကဲ့သို့ လက်ကိုနောက်ပစ်ကာ လမ်းများတစ်လျှောက် အေးအေးလူးလူးပင် လျှောက်လာလိုက်သည်။

လမ်းတစ်လျှောက်တွင် အစောင့်များ အနည်းငယ်ရှိနေခဲ့သော်လည်း သူ၏ဝတ်ရုံကို မြင်လိုက်ကြသောအခါ ထိုနေရာတွင်ပင် ရပ်တန့်သွားကြ၏။

သူတို့သည် အာရန်အနားသို့ ချဉ်းကပ်မေးမြန်းရန်ပင် စိတ်မဝင်စားဘဲ သူတို့မြင်တွေ့ခဲ့ရသည်များကို ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား အသိပေးရန်သာ အလျှင်အမြန်ကျိုးစားလိုက်ကြသည်။

အာရန်သည်လည်း မြို့စားအိမ်တော်ဆီသို့ တည့်တည့်လျှောက်သွားခြင်းဖြစ်ကာ ပင်လယ်နဂါးဧကရီ၏ အော်ရာကိုလည်း လမ်းတစ်လျှောက် အာရုံခံလာခဲ့သည်။

အာရန်သည် ထိုနဂါးဧကရီဘုရင်မကြီးကို မတွေ့ရသေးသော်လည်း သူ့ဆီသို့ ဦးတည်၍လာနေသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အော်ရာတစ်ခုကိုမူ ခံစားလိုက်ရသည်။

“ဒါဆို မင်းက အဲဒီမှာ ရှိနေခဲ့တာပေါ့...”

ထိုသတ်ဖြတ်လိုသောအော်ရာဖြင့် သူသည် ပင်လယ်နဂါးဧကရီ၏ တိကျသော တည်နေရာကို နောက်ဆုံးတွင် နဂါးလျှာအစွမ်းဖြင့် ခြေရာခံနိုင်ခဲ့လေသည်။

#Catfoot

All Chapters