← Chapters

တူညီတဲ့နည်းလမ်းအတိုင်း

Vol. 24 Ch. 333

တူညီတဲ့နည်းလမ်းအတိုင်း

Vol. 24 Ch. 333

…

သန့်စင်ပရောဟိတ်မသည် ထိုအော်ရာအား မနှစ်မြို့ဖွယ် အမှတ်တရများစွာကို သယ်ဆောင်လာခဲ့သည့်အလား အတော်လေးကို စက်ဆုပ်ရွံရှာနေခဲ့သည်။

သူမသည် လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးနောက် သူမရှေ့တွင် ကောင်းချီးနယ်မြေ၏ အဝင်ဝမြင်ကွင်းများကို ပုံဖော်ထားသော မြင်ကွင်းတစ်ခု ပေါ်လာစေလိုက်သည်။

သူမသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးမှ လူငယ်တစ်ဦးကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရ၏။

ထိုလူငယ်သည် သူ၏တည်ရှိမှုကို ဖော်ပြနိုင်သည့် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။

၎င်းမှာ မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများဝတ်ဆင်လေ့ရှိသည့် ဝတ်ရုံတစ်ခုပင် ဖြစ်သည်။

သူမရရှိထားသော သတင်းများအရ ဤနေရာတွင် ပေါ်လာသော မဟာအကြီးအကဲသည် အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသိရှိထားခဲ့ရာ ယခုကဲ့သို့ မြင်လိုက်ရသောအချိန်တွင်် ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

အခြားမဟာအကြီးအကဲတစ်ဦး ပေါ်လာခြင်းနှင့်ပတ်သက်၍ မည်သည့်သတင်းမှ မရထားခဲ့ပေ။

ထိုလူငယ်သည် သန့်စင်ဧကရာဇ်၏ နန်းတော်မြေအောက်ခန်းတွင် ထာဝရချိတ်ပိတ်ထားသော ဓားတစ်လက်၏ ပိုင်ရှင်နှင့် တူညီနေသည့် စက်ဆုပ်ဖွယ်ကောင်းသော အော်ရာတစ်ခုကို သယ်ဆောင်လာခြင်း ဖြစ်သဖြင့် ပိုမို၍ပင် အံ့သြသွားရ၏။

သူသည် သာမန်လူတစ်ဦးသာဖြစ်နေခဲ့ပါက သန့်စင်ပရောဟိတ်မသည် အဖြေတစ်ခုရရှိရန်အတွက် နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးမိခဲ့ပြီး ဖြစ်ပေလိမ့်မည်။

သို့သော်ယခုမူ ပြဿနာမှာ ထိုသူသည် မိစ္ဆာဂိုဏ်း၏ ကိုယ်စားလှယ်အဖြစ် ဤနေရာသို့ ရောက်ရှိနေခြင်းပင်တည်း။

ထို့‌ကြောင့်ထိုသို့လုပ်၍မဖြစ်နိုင်တော့ပါ။

သူမက ထိုသူအားအစဖျောက်ပစ်ချင်လျှင်ပင် ၎င်းသည် ပို၍ကြီးမားသော ရှုပ်ထွေးမှုတစ်ခုအဖြစ် ကြီးထွားလာလိမ့်မည်ဖြစ်သည်။

အကယ်၍ နယ်စပ်တွင်သာ တစ်စုံတစ်ဦး ပျောက်ကွယ်သွားခြင်းဖြစ်ပါက သူမသည် မြောက်ပိုင်းတိုက်အား အပြစ်ပုံချနိုင်လေ၏။

အနောက်ပိုင်းတိုက်ကြီး၏ အလယ်ဗဟိုနှင့်ပင် နီးကပ်နေပြီဖြစ်သော ယခုကဲ့သို့ မြို့တစ်မြို့တွင်သာ တစ်စုံတစ်ဦး ပျောက်ကွယ်သွားပါက သူမသည် မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။

ဖန်းယုသည် သူမ၏လူများကို မည်မျှကာကွယ်ပေးတတ်လေ့ရှိသည်ကို သိရှိထားပြီးဖြစ်သဖြင့် ထိုသို့သာလုပ်မိခဲ့ပါက ထိုအရာသည် သူမ၏ အဆိုးဝါးဆုံးဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်သွားနိုင်ပေသည်။

သူမသည် မျက်လုံးများကို အနည်းငယ်မှေးစင်း၍ ဘာဆက်လုပ်ရမည်ကို တစ်ချက်စဥ့်စားနေလိုက်သည်။

တစ်ဖက်တွင် သူမ၏ တစ်သက်တာရန်သူတော်ကြီးဖြစ်သော နစ်ခရိုမန်ဆာမျှော်စင်ရှိနေသည်။

အခြားတစ်ဖက်တွင်မူ သူမ၏ဆန့်ကျင်ဘက်ဖြစ်သော အတုအယောင် ပရောဟိတ်မကို ကူညီရန် ဆုံးဖြတ်ခဲ့သော သူရဲကောင်းအကယ်ဒမီရှိနေပြန်သည်။

သူမသည် ထပ်မံ၍ အရှေ့ပိုင်းတိုက်ကိုသာ သူမ၏ ရန်ဘက်ဖြစ်လာစေခဲ့လျှင် ၎င်းသည် လုံးဝမိုက်မဲရာ ကျသွားပေလိမ့်မည်။

သူမသည် ဤစက်ဆုပ်ဖွယ်ကောင်းသော အော်ရာပိုင်ရှင် ချာတိတ်ကို လုံးဝ ပျောက်ကွယ်သွားစေချင်လျှင်ပင် ဤနေရာတွင်တော့ မလုပ်ဆောင်နိုင်ပေ။

သူမသည် သက်ပြင်းရှည်တစ်ချက်ကိုသာ ချလိုက်ရပြီး မြင်ကွင်းကို ပြန်ပိတ်လိုက်ကာ သူမ၏အမူအရာများကို ပြန်လည် တည်ငြိမ်စေလိုက်သည်။

မကြာမီ တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။

“မြင့်မြတ်သော သန့်စင်ပရောဟိတ်မခင်ဗျာ အကျွန်ုပ်ဟာ မိစ္ဆာဂိုဏ်းက မဟာအကြီးအကဲတစ်ဦးကို အရှင်မရဲ့ရှေ့တော်မှောက်သို့ ခစားနိုင်ရန်

ခေါ်ဆောင်လာခဲ့ပါပြီ”

သန့်စင်ပရောဟိတ်မသည် သူမ၏လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အမည်မသိရသော စွမ်းအားတစ်ခုကြောင့် တံခါးသည် ပွင့်သွားခဲ့သည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် အရိုအသေတစ်ချက်ပြုလိုက်ကာ သန့်စင်ပရောဟိတ်မအား စိုက်ကြည့်ရင်း စိတ်ဝင်စားနေပုံရသော အာရန်နှင့်အတူ အခန်းအတွင်းသို့ လိုက်ပါ ဝင်လာခဲ့သည်။

ကောလာဟလများတွင် ဖော်ပြထားသည့်အတိုင်း သန့်စင်ပရောဟိတ်မသည် ဘုရားသခင်ကိုယ်တိုင် ကောင်းချီးပေးထားသည့်အလား သူမပတ်လည်တွင် အလွန်ကျယ်ပြန့်၍ ထူးဆန်းသောအလင်းရောင်စက်ဝန်းတစ်ခု ကာရံလျက် ရှိနေလေသည်။

ဤအလင်းရောင်စက်ဝန်းနှင့် ပတ်သက်၍လည်း ထူးဆန်းသော အရာတစ်ခုထပ်မံရှိနေသေး၏။

၎င်းသည် သူမအား မြင်မိသူတိုင်း၏ ဘဝင်ကို အလိုလို လွှမ်းမိုးထိန်းချုပ်နိုင်သည့် စွမ်းရည်တစ်ခုပါရှိနေကာ သူမအား အလိုလို ကိုးကွယ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာစေသည်အထိ သက်‌ရောက်မှုပြင်းထန်လေသည်။

အာရန်ပင် ဤထူးဆန်းသောလှုံ့ဆော်မှုများမှာ သူ၏ ဦးနှောက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသည်ဟု ခံစားနေရပြီး သန့်စင်ပရောဟိတ်မအား သူ၏ ကိုးကွယ်ရာ နတ်ဘုရားမအဖြစ် အလိုလို အသိအမှတ် ပြုချင်စိတ်ပင် ဖြစ်ပေါ်လာလေသည်။

သို့သော် သူ့အတွက် ထိုသက်ရောက်မှုမှာ အလွန်နည်းပါးလေသည်။

အာရန်တွင် ဓားဧကရာဇ် အော်ရာ၏ အကာအကွယ်သာမကဘဲ လီရွန်၏ စွမ်းရည်လည်း ရှိနေသေးသည်။

လူတစ်ဦး၏ဦးနှောက်ကို ထိန်းချုပ်ရာတွင် လီရွန် ၏ စွမ်းရည်သည် အတော်လေး သက်ရောက်မှုပြင်းထန်လေသည်။

“အရှင်မက အရှင်သခင် အီဗန်ဂျလင်းပဲ ဖြစ်ရမယ်”

အာရန်သည် သန့်စင်ပရောဟိတ်မအား ရည်ညွှန်းကာ နှုတ်ဆက်လိုက်၏။

သူ၏လေသံသည် ရိုသေလေးစားမှုအချို့ ပါဝင်နေသော်လည်း အလွန်အကျွံအထိ‌တော့မဟုတ်ပေ။

ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်မိသည်။

အာရန်သည် မည်သည့်အရာမှ မှားယွင်းစွာ မလုပ်ခဲ့မိသော်လည်း သူ၏အပြုအမူများသည် အနည်းငယ် အရိုအသေမဲ့နေသည်ဟု ဂိုဏ်းချုပ်ဘုန်းတော်ကြီးမှ ခံစားမိလိုက်သည်။

ပုံမှန်အားဖြင့် သူသည် သူ့ကိုယ်သူအရင် မိတ်ဆက်သင့်ပြီး သူ၏ ဦးခေါင်းကိုပင်ငုံ့၍ အရိုအသေပေးသင့်လေသည်။

အနည်းငယ် တင်းမာသွားသော်လည်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် တိတ်ဆိတ်စွာ ပင် ရပ်လျက် စောင့်ကြည့်နေခဲ့သည်။

“ဟုတ်ပါတယ်”

သန့်စင်ပရောဟိတ်မသည် အာရန်၏အပြုအမူများကို ဂရုမစိုက်သည့်အလား ကြင်နာသောလေသံဖြင့် ပြန်ဖြေလိုက်၏။

“ရှင်က မိစ္ဆာဂိုဏ်းရဲ့ ကိုယ်စားလှယ်တစ်ဦးပေါ့ဟုတ်ပါသလား ကျေးဇူးပြုပြီး ထိုင်ပါဦး”

သူမ၏ နှလုံးသားသည် ထိုဓားရှိ စက်ဆုပ်ဖွယ်ကောင်းသော အော်ရာနှင့် လုံးဝထပ်တူညီနေသည့် အာရန်၏ ပတ်လည်တွင်ရှိနေသော ဓားဧကရာဇ်အော်ရာကို ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေခဲ့သော်လည်း သူမ၏အမူအရာမှာ စက္ကန့်ပိုင်းမျှပင် ပျက်ယွင်းသွားခြင်း မရှိခဲ့ပေ။

“ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ အကြီးအကဲသုံးဦး ပျောက်ဆုံးသွားမှုကို စုံစမ်းဖို့ ဂိုဏ်းချုပ်ကိုယ်တိုင် စေလွှတ်လိုက်တဲ့ မဟာအကြီးအကဲရန်ယန်ပါ ဒီကိစ္စအတွက် အရှင်မ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု အာရန်က သန့်စင်ပရောဟိတ်မကို မျက်နှာချင်းဆိုင်စိုက်ကြည့်ရင်း ပြောလိုက်၏။

“ရန်”

သန့်စင်ပရောဟိတ်မသည် ထိုနာမည်ကို ကြားသောအခါ တစ်ချက်ပြုံးလိုက်သည်။

“ဒီနာမည်ကို နောက်တစ်‌ခေါက်ထပ် ကြားရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ”

“ဒီနာမည်က အရှင်မအတွက် အဓိပ္ပာယ်တစ်ခုခု ရှိနေလို့လား”

အာရန်သည် အနည်းငယ် သိချင်ဟန်ဖြင့် မေးလိုက်၏။

ဤကမ္ဘာတွင် သာမန် နာမည်များသည် တန်ဖိုးမရှိသလောက်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နာမည်တူများစွာဖြင့် လူပေါင်းမြောက်များစွာ ရှိနေကြသောကြောင့် ဖြစ်သည်။

သို့သော် ပထမသူရဲကောင်းဖြစ်သူ အက်ဒရစ်နှင့် မစ်ထ်တို့ကဲ့သို့သော နာမည်အနည်းငယ်အတွက်မူ ခြွင်းချက်များ ရှိကြလေသည်။

ရန်နစ်ခရိုလိုင်းဟူသော အမည်သည်ကား သမိုင်းတွင် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏။

၎င်းသည် မေ့မေ့ပျောက်ပျောက်ဖြစ်ကာ ရန်ဟူသော အမည်နာမသည် မည်သူ့အတွက်မျှ တန်ဖိုးမရှိတော့သောကြောင့် တားမြစ်ထားခြင်းတော့ မရှိခဲ့ပေ။

ထို့ကြောင့် အာရန်သည် သူ၏နာမည်ကို ဖုံးကွယ်ရန် မလိုအပ်ပေ။

အဘယ်ကြောင့်ဆိုသော် သူနှင့် နာမည်တူသော လူပေါင်းများစွာ ရှိနှင့်ပြီးသား ဖြစ်သောကြောင့်ပင်တည်း။

သူ့ကို ကွဲပြားစေသည့် တစ်ခုတည်းသောခြွင်းချက်မှာ သူ၏ နောက်ပိုင်းစာလုံးများဖြစ်သည့် ‘နစ်ခရိုလိုင်း’ ပင်ဖြစ်သည်။

သို့သော် မည်သူကမှ သူ၏ အစစ်အမှန် နောက်ပိုင်းနာမည်ကို မသိကြဘူး။

ထို့ကြောင့်သူ၏ နာမည်ကို ပြောလိုက်တိုင်း အရှေ့ပိုင်းတိုက်ကြီးမှ လူများနှင့် ရောနှောသွားစေရန်အတွက် ယန်ကို နောက်ဆုံးအရှည်ကောက် နာမည်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ဟန်ရလေသည်။

သန့်စင်ပရောဟိတ်မက အနည်းငယ် ရယ်မောလိုက်သည်။

“ဟုတ်ပါတယ် ရန်လို့ခေါ်တဲ့ လူတစ်ယောက်ရှိခဲ့ဘူးတယ် ဒါပေမယ့်...”

သူမက ခေါင်းခါလိုက်ပြီး ပြောလက်စစကားကို အဆုံးမသတ်တော့ဘဲ ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်ကာ “ဒါနဲ့ ရှင့်ရဲ့ အဖော်တွေကော ခုဘယ်မှာလဲ ဒါမှမဟုတ် ရှင်တစ်ယောက်တည်း လာခဲ့တာလား” ဟု မေးလိုက်သည်။

“ကျုပ်နဲ့အတူ အခြားမဟာအကြီးအကဲတစ်ယောက်လဲအတူပါလာပြီးတော့ ကျုပ်ရဲ့ တပည့်မလေးတစ်ယောက်ကိုလည်း အတွေ့အကြုံ အနည်းငယ် ရနိင်ဖို့အတွက် အတူတကွ ခေါ်ဆောင်လာခဲ့ပါတယ် ကျုပ်မြို့ထဲကို ဝင်လာတုန်းက ဒီဘက်ကနေ ဆူညံသံအချို့ ကြားလိုက်ရလို့ မြို့ပြင်က သင်္ဘောပေါ်ကနေ ဆင်းပြီးဒီကို ဝင်လာခဲ့မိတာပါ”

“အို ခုမှပဲ သတိရတော့တယ် ကျုပ်က အရှင်မတို့ ခုမြို့ကို ဒီတိုင်းစပ်စုကြည့်ချင်ရုံသက်သက်နဲ့ ဝင်လာခဲ့မိတာပါ ဒါပေမယ့် အရှင်မနဲ့ ကိုယ်တိုင်တွေ့ရလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားမိပါဘူး အရှေ့တိုက်က ဧည့်သည်တစ်ဦးအနေနဲ့ အရှင်မကို နှုတ်ဆက်လက်ဆောင်တစ်ခု ပေးချင်ပါတယ်”

“လက်ဆောင်တွေ မလိုပါဘူး ရှင်တို့ရဲ့ စိတ်သဘောထားနဲ့တင် လုံလောက်ပါပြီ” ဟု သန့်စင်ပရောဟိတ်မသည် ညင်သာစွာပင်ငြင်းပယ်လိုက်သည်။

အမှန်တကယ်တွင် သူမအတွက် အဘယ်လက်ဆောင်များ လိုအပ်ဦးမည်နည်း။ သူမက မဟာအကြီးအကဲတစ်ဦးဆီမှ ဘာများလိုချင်ရမည်နည်း။

သူမအတွက် တန်ဖိုးရှိသည်ဟု သတ်မှတ်နိုင်သည့် မည်သည့်အရာမျှ သူ ပေးနိုင်မည်ဟုလည်း မထင်မိပေ။

သို့သော် သူမသည် သူမ၏အတွေးများကို ပွင့်ပွင့်လင်းလင်း မဖော်ပြခဲ့ပေ။

“ဒါနဲ့ ရှင်တို့ရဲ့ သံတမန်တွေ ပျောက်ဆုံးသွားတဲ့ နေရာကိုသွားကြည့်ချင်လား ကျွန်မအဲ့ဒီ နယ်စပ်နေရာကို လိုက်ပို့ပေးနိုင်ပါတယ်” ဟု သူမသည် အာရန်အား မြောက်ပိုင်းတိုက်ကြီးနှင့်ထိစပ်နေသော ထိုနေရာသို့ ခေါ်ဆောင်သွားကာ သူ့အား အစဖျောက်ရန် ကျိုးစားကြည့်ရင် ကောင်းမလား စဥ့်စားမိလိုက်ရင်း မေးလိုက်သည်။

သို့‌သော်အာရန်က...

“ဒါနဲ့ အရှင်မ ကျုပ်ပေးမဲ့လက်‌ဆောင်ကို ဘာမှန်းသိသေးလို့လား တကယ်က အဲ့ဒီလက်ဆောင်ဆိုတာက လော‌လောဆယ် အရှင်မ လိုက်ရှာနေတဲ့အရာလို့ ကျုပ်ယူဆမိတယ်”

“ကျွန်မက အဲဒီလက်ဆောင်ကို ရှာနေတာဟုတ်လား ဘာများပါလိမ့်”

သန့်စင်ပရောဟိတ်မ အီဗန်ဂျလင်းသည် နောက်ဆုံးတွင် စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။

အာရန်သည် ပရောမိတ်မ၏ အမေးကြောင့် ပြန်လည် ပြုံးပြရင်း တစ်နေရာသို့ မေးငေါ့ပြလိုက်သည်။

‘သူမက ငါတို့ကို အငှားဓားအဖြစ် အသုံးပြုချင်နေတာမလား ငါကလည်း တူညီတဲ့နည်းလမ်းအတိုင်း လုပ်ဆောင်မိရင် သူမ စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်’

#Catfoot

All Chapters