← Chapters

လှောင်ပြောင်မှု

Vol. 24 Ch. 334

လှောင်ပြောင်မှု

Vol. 24 Ch. 334

….

သန့်စင်ပရောဟိတ်မသည် အာရန်ကဲ့သို့ မဟာအကြီးအကဲတစ်ဦးမှာ သူမလို အရှင်သခင်တစ်ဦးအတွက် တန်ဖိုးရှိသည့် မည်သည့်အရာကိုမျှ ပေးနိုင်လိမ့်မည် မဟုတ်ဟု ယူဆထားခဲ့သည်။

သို့သော် သူ၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလွန်းဟန်ရသည့် လေသံက သူမ၏ စူးစမ်းလိုစိတ်ကို အနည်းငယ်မျှ လှုံ့ဆော်နိုင်ခဲ့လေသည်။

သူမသည် သူ့၏အော်ရာကြောင့် စိတ်တွင်ကြိတ်၍ စက်ဆုပ်မုန်းတီးနေသော်လည်း အပြင်ပန်းတွင်တည်ငြိမ်စွာဖြင့်ပင် “ရှင်ကျွန်မကို ဘာပေးချင်တာလဲ” ဟု ပြန်မေးလိုက်၏။

“အရှင်မ တစ်စုံတစ်ယောက်ကို လိုက်ရှာနေတယ်လို့ ကျွန်တော်ကြားမိထားပါတယ်” ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်ရင်း သူမ၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ် အရိပ်အယောင်လေးတစ်ချက် ပေါ်လာသည်ကို အာရန်တစ်ယောက် သတိထားမိလိုက်သည်။

သို့သော် သူမသည် ထိုအရာကို ချက်ချင်းပင် ကောင်းစွာ ပြန်လည်ဖုံးကွယ်လိုက်နိုင်ခဲ့သည်။

ပထမဆုံးအနေဖြင့် ဝိညာဥ်လမ်းလျှောက်သူသည် သူမရှာဖွေနေသော ကလေးမလေးကို ကြားဝင်ကယ်တင်ပေးခဲ့သည်။

အခုမူ သူမရှေ့ရှိ မဟာအကြီးအကဲပင် ၎င်းကို သိရှိနေပုံရနေလေသည်။

“အရှင်မတို့ရဲ့ ဘုန်းတော်ကြီးတွေ သေဆုံးမှုအတွက် တာဝန်ရှိတဲ့သူ တစ်ယောက်ယောက်ပေ့ါ...”

အာရန်သသည် သူမ၏အတွေးများကို ခန့်မှန်းမိလိုက်သဖြင့် အလျှင်အမြန် ရှင်းပြလိုက်ရ၏။

မည်သို့ဆိုစေ အာရန်သည် သန့်စင်ပရောဟိတ်မမှာ သူကယ်တင်ခဲ့သော ထိုမိန်းကလေးငယ်ကို မည်မျှပြဿနာအဖြစ် သတ်မှတ်ထားသည်ကို သိရှိနိုင်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့်ပင် မရေရာသည့် စကားလုံးများကို ရွေးချယ်၍ စမ်းသပ်ခဲ့ခြင်းဖြစ်လေသည်။

“ကျွန်တော်က အရှင်မကို အဲ့ဒီ ပင်လယ်နဂါးဧကရီရဲ့တည်နေရာကို လမ်းပြပေးနိုင်ပါတယ်”

အာရန်ကပြန်ပြောလိုက်ရာ သူမသည် ထိုအရညအတွက် အနည်းငယ် ပို၍ စိတ်သက်သာရာ ရသွားပုံရသည်။

“ရှင်က ကျွန်မကို နဂါးဘုရင်မဆီကို လမ်းပြပေးနိုင်တယ်လို့ ပြောချင်တာလား သူ့ကို ရှာဖို့ ဒီလောက်လွယ်ရင် ကျွန်မရှာတွေ့ခဲ့တာကြာလှရောပေ့ါ”

“အရှင်မ သူမကို ရှာမတွေ့နိုင်တဲ့အဓိကအကြောင်းအရင်းက သူမရဲ့ နဂါးလျှာအစွမ်းကြောင့်ပဲ ဒါက ကိုယ်ရောင်ဖျောက်ဖို့ အတွက် ပြီးပြည့်စုံတဲ့ အစွမ်းတစ်ခုပဲ ဒါပေမယ့် ကျွန်တော်က အရှင်မနဲ့မတူဘူး ဒါကြောင့် ကျွန်တော်ကတော့ သူ့ရဲ့တည်နေရာကို လမ်းပြပေးနိုင်တယ်”

ထိုသို့ပြောပြီးနောက် အာရန်သည် ရုတ်တရက် ထရပ်လိုက်ပြီး သန့်စင်ပရောဟိတ်မဆီသို့ ချဉ်းကပ်သွားခဲ့၏။

သူမသည်လည်း ထရပ်လိုက်ပြီး ဓါးဧကရာဇ် အော်ရာ နီးကပ်လာသည်နှင့်အမျှ သူမ၏ကိုယ်တွင် ပေါက်ထွက်လုနီးပါးဖြစ်လာသည့် စက်ဆုပ်မုန်းတီးမှုများအား ပြန်လည် ထိန်းချုပ်ရန် အလျင်အမြန်ပင် ကျိုးစားလိုက်ရသည်။

အာရန်လည်း သူမ၏မသက်မသာဖြစ်မှုအချို့ကို မြင်လိုက်ရသဖြင့် ၎င်းဖြစ်ရပ်သည် သူ့အတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်လေသည်။

သန့်စင်ပရောဟိတ်မသည် သူ့အပေါ် မုန်းတီးမှုအချို့ကို အတင်းအကျပ် ထိန်းချုပ်ထားနေသည်မှာ ရှင်းလင်းနေ၏။

သို့သော် ၎င်းသည် သူ၏အတိတ်ကို သိရှိခြင်းကြောင့် ဖြစ်ပေါ်လာသော မုန်းတီးမှုမျိုးမဟုတ်ပေ။

ထိုသို့သာဖြစ်ခဲ့ပါက သူမသည် သူ့အား အစောပိုင်းကတည်းက တိုက်ခိုက်ပြီးသားဖြစ်လိမ့်မည်။

၎င်းသည် မသိစိတ်မှ အလိုလို ထွက်ပေါ်လာသော မုန်းတီးမှုမျိုး ဖြစ်နိုင်ပြီး အမှတ်တရမှတ်ဉာဏ်အချို့ကြောင့် ဖြစ်ဟန်လည်းရလေသည်။

အာရန်သည် အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို မစဥ့်စားတတ်ပေ။

သူမသာ သူ၏ လျှို့ဝှက်ချက်ဖြစ်သော ရန်နစ်ခရိုလိုင်းဖြစ်ကြောင်းကိုသာ ရိပ်မိသွားခဲ့လျှင် သူ့ကိုသတ်မိခြင်းဖြင့် ဖန်းယုအား စိတ်ဆိုးအောင် လုပ်မိမည်ကို စိုးရိမ်စရာမလိုတော့ပေ။

မည်သို့ဆိုစေ ထိုသို့ဖြစ်ခဲ့ပါက အခြားအရှင်သခင်များက ပို၍ပင် ကျေနပ်မိကြလိမ့်မည်ဖြစ်လေသည်။

‘ဒါမှ မဟုတ်ဘူးဆိုရင် ငါ့ရဲ့ ဓားဧကရာဇ် အော်ရာကြောင့်များလား’

ထိုအချိန်တွင် အာရန်၏စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသောအရာမှာ သူ၏ ဓားဧကရာဇ် အော်ရာပင်ဖြစ်၏။

၎င်းသည် သန့်စင်ပရောဟိတ်မ၏ ကောင်းချီးစွမ်းအင်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော အော်ရာတစ်ခုဖြစ်ဟန်ရသည်။

ထို့ကြောင့် သူမ၏ အစောပိုင်း ကောင်းချီးနယ်မြေသည်လည်း သူ့အပေါ် သက်ရောက်မှုမရှိနိုင်ခဲ့ခြင်း ဖြစ်မည်ဟု တွေးမိလိုက်သည်။

‘သူမက ဒီအော်ရာပိုင်ရှင်အကြောင်း တစ်ခုခုသိထားမယ်ထင်တယ် ငါ သူမကို မေးကြည့်ချင်ပေမယ့် သူမဖြေလိမ့်မယ်လို့ မထင်ဘူး ဒါ့အပြင် သူမ ဒီလောက်ထိန်းထားရတဲ့အချိန် သူမကို နည်းနည်းလောက် ထပ်ပြီး စနောက်လိုက်တာက ပိုပြီး ပျော်စရာကောင်းလိမ့်မယ်ထင်တယ်’

အာရန်သည် သူ၏ လက်ကို ရှေ့သို့ကမ်းလိုက်ကာ သန့်စင်ပရောဟိတ်မ၏ လက်ကို လှမ်း၍ ဖမ်းဆုတ်လိုက်သည်။

ထို့နောက် အာရန်သည် ဒူးတစ်ဖက်ထောက်၍ သန့်စင်ပရောဟိတ်မ၏ လက်တစ်ဖက်ကို ကိုင်မြှောက်လိုက်ကာ သူမ၏လက်ဖမိုးအား သူရဲကောင်းတစ်ဦးကဲ့သို့ အနမ်းတစ်ပွင့် ပေးလိုက်၏။

“အရှင်မကို ကူညီခွင့်ရတာ ကျွန်တော့်အတွက် ဝမ်းသာစရာတစ်ခုပါ ဒါပေမယ့် ကျွန်တော်တောင်းဆိုချင်တဲ့ အချက်တစ်ခုတော့ ရှိပါတယ်”

.....

မြို့၏ အခြားတစ်နေရာတွင် ပင်လယ်နဂါးဧကရီသည် မြို့စားအိမ်တော်ဘက်သို့ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။

သူမသည် သန့်စင်ပရောဟိတ်မကိုယ်တိုင် မြို့စားမင်းအိမ်တော်အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်ခဲ့ရပြီး ထို့နောက်တွင် သူမ၏ မောင်ဖြစ်သူ သေဆုံးမှု၏ လက်သည်တရားခံဖြစ်သူ အာရန်သည်လည်း လိုက်ပါဝင်ရောက်သွားသည်ကို မြင်ခဲ့ရသည်။

ထိုမြင်ကွင်းကြောင့် သူမသည် ၎င်းတို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်နေသည်ဟုပင် ယူဆမိလိုက်၏။

တစ်ဦးမှာ သူမ၏ ‌မောင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူပြီး ကျန်တစ်ဦးမှာ အကြောင်းမဲ့ သက်သက် သူမကို လိုက်လံရှာဖွေဒုက္ခပေးနေသူ ဖြစ်နေသည်။

နဂါးဘုရင်မ၏မျက်လုံးများတွင်းရှိ မုန်းတီးမှုသည် ပို၍ပင် လောင်မြိုက်ပြင်းထန်လာခဲ့သည်။

အထူးသဖြင့် အရှင်သခင်လေးဦးစလုံးအကြောင်းကို တွေးမိသွားသောအခါတွင်ဖြစ်၏။

မစ်ထ်သည် ထိုတရားခံကို ရှာဖွေရန် ပင်လယ်မှ ထွက်ခွာလာစဉ် ၎င်းတို့၏ ပင်လယ်နဂါးများစွာကို စုံစမ်းမေးမြန်းခြင်းပင်မပြုပဲ ချက်ချင်း သတ်ဖြတ်ပစ်ခဲ့လေသည်။

မိစ္ဆာဂိုဏ်းချုပ်ဖန်းယုကမူ သူမ၏ မောင်ဖြစ်သူ သေဆုံးမှုအတွက် တာဝန်ရှိသူကို ဖုံးကွယ်ပေးထားခဲ့သည်။

ယခုအခါ သန့်စင်ပရောဟိတ်မသည်လည်း ထိုသူနှင့်ထပ်မံ ပူး‌ပေါင်းနေဟန်ရလေသည်။

ကျန်တစ်ယောက်မှာ နစ်ခရိုမန်ဆာမျှော်စင်၏ သခင်ဖြစ်ပြီး ထိုသူသည် သူမအတွက် ကမ္ဘာပေါ်တွင် အရာရာထက် ပို၍ မုန်းတီးနေခဲ့ရသူလည်း ဖြစ်၏။

အာရန်အပေါ် သူမ၏မုန်းတီးမှုသည်ပင် ထိုနစ်ခရိုမန်ဆာမျှော်စင်သခင်နှင့်ယှဥ်ပါက အဆပေါင်းများစွာ ပို၍နည်းပါးနေသေးသည်ဟုယူဆနိုင်သည်။

သူမတို့၏ ဘိုး‌‌ဘေးကြီးဖြစ်သော ကောင်းကင်နဂါးကို သတ်ဖြတ်ခဲ့သူသည် နစ်ခရိုမန်ဆာမျှော်စင်မှ တစ်စုံတစ်ဦးဖြစ်သည်ဟု ကောလဟာလများ ရှိခဲ့သည်။

ထိုသူသည် သူမတို့၏ ဘိုးဘေးကောင်းကင်နဂါးကို သုတ်သင်ခဲ့စဥ်အခါက သူ၏ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့သည့်အပြင် နဂါးမျိုးဆက်အပေါ် ကျိန်စာပင် တိုက်ခဲ့သူလည်း ဖြစ်လေသည်။

နဂါးများထံမှ အရာအားလုံးကို ယူဆောင်သွားခဲ့သူမှာလည်း ထိုသူပင်ဖြစ်နေပြန်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် ပင်လယ်နဂါးများအပေါ် ထိုနစ်ခရိုမန်ဆာများမှ သူတို့၏ သာမန်အသုံးချခံ ပစ္စည်းများသဖွယ် သဘောထားနေကြဆဲပင် ဖြစ်သည်။

သူမဖခင် ဖြစ်သော ပင်လယ်နဂါးဘုရင်မည်သို့သေဆုံးခဲ့သည်ကို သူမ ယခုတိုင် မျက်စိထဲကွက်ကွက်ကွင်းကွင်း မြင်ယောင်နေဆဲဖြစ်၏။

သူမ၏ဖခင်ကို သတ်ဖြတ်ပြီး သူ၏ အလောင်းကို တရွတ်တိုက် ဆွဲခေါ်သွားခဲ့သူမှာ ထို နစ်ခရိုမန်ဆာများ၏ မျှော်စင်သခင်ကိုယ်တိုင်ပင်ဖြစ်သည်။

နစ်ခရိုမန်ဆာမျှော်စင်သခင်သည် ပင်လယ်နဂါးများ၏ နေထိုင်ရာဒေသသို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာပြီး ပင်လယ်နဂါးအလောင်းတစ်လောင်းကို လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

သူမ၏ဖခင်သည် ထိုတောင်းဆိုမှုကို ငြင်းဆန်မိသောအခါ နစ်ခရိုမန်ဆာမျှော်စင်သခင်သည် သူမ၏ ဖခင်ကို သတ်ဖြတ်ပြီး အလောင်းကို ပင် ဆွဲယူသွားခဲ့ခြင်း ဖြစ်၏။

ထိုစဥ်က သူမလုပ်နိုင်သည်မှာ ထိုမျှော်စင်သခင်၏ အေးစက်သောမျက်ဝန်းများဖြင့် သူမအား တစ်ချက်ပင်လှည့်မကြည့်ပဲ ပိုးမွှားတစ်ကောင်ကဲ့သို့ လျစ်လျူရှုခဲ့သည်ကို စိုက်ကြည့်နေရုံသာ ဖြစ်လေသည်။

“သူတို့အားလုံး အတူတူပဲ မကြာခင် ငါတို့သွေးမျိုးဆက်ရဲ့ ကြိမ်စာကို ပယ်ဖျက်နိုင်တဲ့ အချိန်ကျရင် သူတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်မယ်”

သူမသည် မြို့စားမင်း၏ အိမ်တော်ဘက်သို့ ပြန်လည်ကျောခိုင်းလိုက်ပြီး ဤနေရာတွင် ဆက်နေခြင်းသည် အန္တရာယ်များကြောင်း သဘောပေါက်ထားပြီးဖြစ်သည်။

သူမသည် သန့်စင်ဘုရားကျောင်း၏ အာရုံကိုရှောင်ရှားရန် အချိန်အတော်ကြာ ကျိုးပမ်းခဲ့ရပြီးနောက်၌ အနားယူရန်နှင့် ပစ္စည်းအချို့ စုဆောင်းရန် ဤမြို့သို့ ခေတ္တဝင်ရောက်ခဲ့ခြင်းဖြစ်၏။

သို့သော် ယခုအခါ သန့်စင်ပရောဟိတ်မကိုယ်တိုင် ဤနေရာတွင် ရောက်ရှိနေပြီဖြစ်သည်။

သူမ၏လက်စားချေမှုများ မပြီးပြတ်သေးသောကြောင့် ဖမ်းမိခံရမည့် အန္တရာယ်ကို မစွန့်စားလိုနေပေ။

အာရန်နှင့်ပတ်သက်၍မူ ၎င်းသည် သူမ၏ အနာဂတ်အစီအစဥ်အတွက် တေးထားသောအရာပင် ဖြစ်သည်။

ယခုသူမသည် ထိုသူအား မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးဖြစ်ကြောင်း သိရှိထားပြီဖြစ်သောကြောင့် သူ့ကိုအချိန်မ‌ရွေး သွားရောက် ရှာဖွေနိုင်ပြီဖြစ်၏။

သူ၏အချက်အလက်များကိုသိသွားပြီဖြစ်၍ နောက်ထပ်အသဲအသန် ရှာဖွေရန် မလိုအပ်တော့ပေ။

“ဟိတ် ခင်ဗျားစောစောက ဘာကို ဇောက်ထိုးလှန်ပစ်မယ်လို့ပြောခဲ့တာလဲ ကျုပ်နဲနဲလောက် မေးခွင့်ရှိမလား”

ပင်လယ်နဂါးဧကရီ ထွက်သွားရန် ပြင်ဆင်လိုက်စဥ် သူမ၏ အပေါ်ဘက်တစ်နေရာမှ ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရသည်။

သူမသည် ဦးခေါင်းကို အလျှင်အမြန်မော့ကြည့်လိုက်ရာ ခေါင်မိုးစွန်းတစ်နေရာတွင် ခြေထောက်များ တွဲလောင်းကျထားလျှက် ထိုင်နေသော လူငယ်လေးတစ်ဦးကို မြင်လိုက်ရလေ၏။

“ရှင်က...”

ပင်လယ်နဂါးဧကရီသည် ထိုလူ၏မျက်နှာကို မြင်လိုက်သောအခါ သူမ၏အမူအရာများ မှောင်မိုက်သွားခဲ့သည်။

ထိုနေရာရှိ ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ အေးဆေးစွာထိုင်လျှက် ဘယ်ရီသီးအချို့ကို ထိုင်စားနေသည့်သူသည် အခြားသူမဟုတ်ပေ။

သူမ၏ မောင်အားသတ်ဖြတ်သွားခဲ့သူ အာရန်ပင် ဖြစ်လေသည်။

“ရှင်ကိုယ်တိုင် လာခဲ့တာဆိုတော့လဲ အဆင်ပြေတာပေ့ါ ကျွန်မဒီက မထွက်သွားခင် ရှင်ရဲ့အသက်ကိုပါ တစ်လက်စတည်း ယူသွားလိုက်တာပေါ့”

သူမသည် ကျိုးစား၍ သူမ၏နှလုံးသားဆီမှ အမုန်းတရားများကို တည်ငြိမ်ရန် ကျိုးစားခဲ့သော်လည်း အာရန်၏ မထီမဲ့မြင်ပြု၍ လှောင်ပြောင်နေသော အကြည့်ကို မြင်လိုက်ရသောအခါ သူမ၏စိတ်ကို ထိန်းချုပ်နိုင်ခြင်းများ လုံးဝ ဆုံးရှုံးသွားခဲ့ရတော့သည်။

#Catfoot

All Chapters