ကျုပ် မဟုတ်ဘူး …..
Vol. 24 Ch. 335
ခေါင်မိုးပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေဆဲဖြစ်သော အာရန်သည် အားလုံးကို ငြီးငွေ့နေသည့်အလား သူ၏ဝတ်ရုံနှင့် လက်ကိုပြန်သုတ်လိုက်သည်။
“ကျုပ်က ဒီကို တိုက်ခိုက်ဖို့လာခဲ့တာမဟုတ်ဘူး” ဟု အာရန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။
သူ့အသံသည် ဒေါသအလွန်ထွက်နေသော ပင်လယ်နဂါးဧကရီ၏ နားအတွင်းသို့ အနည်းငယ်သာ ဝင်ရောက်ခဲ့သည်။
ဆက်လက်၍အာရန်က...
“ဒါနဲ့ ကျုပ်တို့တတွေ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ထိုင်ပြီး ချစ်ခြင်းတရားအကြောင်း တွေ ပြောကြရင် မကောင်းဘူးလား”
ဧကရီသည် အာရန်ကို ခွန်းတုံ့မပြန်တော့ဘဲ တစ်စုံတစ်ခုကိုသာ တီးတိုးရေရွတ်လိုက်၏။
ထို့နောက် သူမအောက်ရှိ မြေပြင်သည် တုန်ခါသွားကာ သူမသည် မြေပြင်အောက်မှ မြေအောက် ရေလှိုင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။
ထိုရေလှိုင်းလုံးများကို နဂါးတစ်ကောင်ကဲ့သို့ လိမ်ယှက်သွားစေကာ ဝိညာဉ်တစ်ပါးကဲ့သို့ သူမပတ်လည်တွင် ရစ်ပတ်နေစေလိုက်သည်။
ထို့နောက် သူမ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် ထိုရေနဂါးသည် အာရန်ဆီသို့ ခုန်အုပ်လိုက်၏။
၎င်း၏ပါးစပ်ကိုလည်း ကျယ်ပြန့်စွာဖွင့်ဟလိုက်ကာ အာရန်အား ဝါးမြိုရန် အသင့်ပြင်လိုက်သည်။
သို့သော် အာရန်သည် မျက်ခုံးပင့်ရုံသာပင့်ပြပြီး သူ၏နှုတ်ခမ်းထောင့်များတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ကစားနေခဲ့သည်။
ထိုရေဖြင့် ဖန်တီးထားသော နဂါးသည် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ ပတ်လည်ရှိ လေထုသည်တစ်ချက် တုန်ခါသွားခဲ့သည်။
ရေနဂါးသည် မမြင်ရသောပိုက်ကွန်တစ်ခုထဲတွင် ပိတ်မိနေသည့်အလား တိုက်ခိုက်ဖို့ကျိုးစားခြင်းကို ရပ်တန့်လိုက်သည်။
“မဆိုးပါဘူး”
အာရန်သည် ချိုသာသောအသံဖြင့် အသိအမှတ်ပြုလိုက်သည်။
“ဒါပေမယ့် ထွက်ပြေးမယ့်အစား တိုက်ခိုက်ဖို့ပဲ ရွေးချယ်လိုက်ာ သေချာပြီလား ဒီမြို့မှာ မင်းအတွက်စိတ်အနှောက်အယှက်ဖြစ်စရာ လူက ကျုပ်တစ်ယောက် တည်း မဟုတ်ဘူးဆိုတာ သိပြီးပြီပဲမဟုတ်လား...”
ပင်လယ်နဂါးဧကရီသည် ဒေါသနှင့်အတူ စိတ်ပျက်အားငယ်မှု အချို့ရောနှောလျက် အံတစ်ချက်ကြိတ်လိုက်သည်။
“ရှင်က သန့်စင်ပရောဟိတ်မအကြောင်း ပြောနေတာလား ကိစ္စမရှိပါဘူး ရှင်ကို အမြန်သတ်ပြီး သူမရောက်မလာခင် ကျွန်မထွက်သွားနိုင်ပါသေးတယ်”
“အွန်း.. ဟုတ်ပါပြီ”
အာရန်သည် မည်သို့တုံ့ပြန်ရမည်ကို မသိသည့်အလား သူ၏ဦးခေါင်းကိုသာပြန်ကုတ် နေလိုက်သည်။
“မင်းပြောတဲ့စကားတွေက ကျုပ်ဒီကိုမလာခင်ကဆိုရင် အဓိပ္ပာယ်ရှိချင်ရှိဦးမှာ ဒီလိုဆိုရင် ကျုပ် နောက်ထပ်မေးခွန်းတစ်ခုလောက် ထပ်မေးပါရစေဦး”
“အချိန်ဆွဲနေတာတွေတော်လိုက်တော့”
ပင်လယ်နဂါးဧကရီသည် ကောင်းကင်သို့ ပျံတက်သွားလိုက်ပြီး အာရန်ဆီသို့ တည့်တည့်ပင် ထိုးဆင်းလိုက်၏။
အာရန်သည် ပြန်လည်တစ်ချက်သာ ပြန်လည် ပြုံးပြခဲ့ပြီး သူ၏မူလနေရာမှ တစ်လက်မပင် မလှုပ်ရှားခဲ့ပေ။
သူမသည် သူ့အား လွန်စွာ မုန်းတီးလျက်ရှိနေပြီး သူမ၏ မောင်လေးကို သတ်ဖြတ်ခဲ့စဥ်ကကဲ့သို့ သူမအား လွယ်ကူစွာ အနိုင်ယူနိုင်မည်မဟုတ်ကြောင်းလည်း သူသိထားလေသည်။
သို့သော် သူမအားအနိုင်ယူရန်လည်း သူ့တွင်အစီအစဥ်မရှိခဲ့ပေ။
သို့တိုင် အာရန်သည် သူအစောပိုင်းက အဆုံးမသတ်လိုက်ရသည့် မေးခွန်းကိုပင် ဆက်လက်မေးမြန်းလိုက်သည်။
“နဂါးလျှာအစွမ်းကိုသုံးပြီး မင်းဖန်တီးလိုက်တဲ့ ဒီရေမြွေလေးကို ကျုပ်အစွမ်းနဲ့ ရပ်တန့်လိုက်တာလို့ မင်းတကယ် ထင်နေခဲ့တာလား”
“ဟင်”
ပင်လယ်နဂါးဧကရီသည် လမ်းတစ်ဝက်တွင် ရှိနေစဉ်မှာပင် အာရန်၏စကားကြောင့် သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
‘သူက ငါ ရေမြွေကို ကာကွယ်ဖို့ ကိုယ်တိုင် ပိတ်ဆို့လိုက်တာ မဟုတ်ဘူးလား ဒီလိုဆိုရင် အဲဒါက...’
သူမစဉ်းစားမိသွားသည့်အခိုက်အတန့်တွင် သူမ၏အမူအရာများ မှောင်မိုက်သွားတော့သည်။
ဒေါသစိတ်မွှန်နေသဖြင့် အာရန်ကိုသာ အချိန်မှီလျှင်မြန်စွာ မြန်မြန်ဆန်ဆန် သတ်ဖြတ်နိုင်ခဲ့ပါက ဤနေရာမှ လုံခြုံစွာ ထွက်ခွာနိုင်မည်ဟု သူမထင်ထားခဲ့သည်။
အာရန်ရောက်လာသည့် အခိုက်အတန့်မှာပင် ၎င်းသည် အသုံးမဝင်တော့ကြောင်း၊ အထူးသဖြင့် ဤသူသည် သူတစ်ဦးတည်းမဟုတ်ကြောင်း သူမသဘောမပေါက်ခဲ့ပေ။
သူမသဘောပေါက်သွားသည့်အခိုက်အတန့်တွင် အရာရာနောက်ကျသွားပြီ ဖြစ်လေသည်။
သန့်စင်သောအော်ရာတစ်ခုသည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာခဲ့ပြီး သူမအား မြေပြင်ထက်သို့ အတင်းအကြပ်ဆွဲချလိုက်ရာ သူမ၏ခန္ဓာကိုယ်သည် မာကျောသောကြမ်းပြင်ပေါ်သို့ ရိုက်ခတ်မိသွား၏။
တစ်ချိန်တည်းမှာပင် ကောင်းချီးနယ်မြေသည် သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ပေါက်လာပြီး သန့်စင်ပရောဟိတ်မမှအပ အခြားသက်ရှိများအားလုံးကို အားနည်းသွားစေသည့်စွမ်းအားတစ်ခုသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံထားလိုက်လေသည်။
အာရန်မှာမူ ထိုအမိုးပေါ်ရှိ နေရာတွင်ပင် ဆက်လက်ထိုင်နေကာ သူ၏ရှေ့ရှိ ပြပွဲတစ်ခုကို ကြည့်ရှုနေသည့်အလား သက်တောင့်သက်သာပင် ပြုမူနေခဲ့၏။
ပင်လယ်နဂါးဧကရီသည် ပြင်းပြင်းထန်ထန် ရိုက်ခတ်ခံခဲ့သော်လည်း သူမ၏မာကျောသော ခန္ဓာကိုယ်ကြောင့် မည်သည့် ထိခိုက်မှုမျှမရှိခဲ့ပေ။
သို့တိုင် အခြေအနေမှာ သူမအတွက် အဆိုးရွားဆုံး ဖြစ်သွားပြီမှန်း သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် ပင်လယ်နဂါးဧကရီ၏ နောက်တွင် သန့်စင်ပရောဟိတ်မ ပေါ်လာခဲ့သည်။
သူမ၏ရှည်လျားသော ရွှေရောင်ဝတ်ရုံရှည်သည် လေနှင့်အတူ လွင့်မျောလျက်ရှိနေပြီး ဖုန်မှုန့်တစ်စက်မျှပင် ကပ်ညိနေခြင်းမရှိပဲ အလွန်တရာ သန့်စင်နေခဲ့သည်။
‘ဒီပုံစံအတိုင်းဆို သူမကို သွေးနဲနဲလောက် ထွက်သွားအောင်တောင် လုပ်နိုင်ပါ့မလား’
ခေါင်မိုးပေါ်တွင် ထိုင်နေသော အာရန်သည် အောက်ဘက်မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူသည် ပင်လယ်နဂါးဧကရီအား သူတစ်ယောက်တည်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြကာ အရိပ်အမြွက်အမျိုးမျိုးပင် ပေးခဲ့သေးသည်။
၎င်းက သူမအား သန့်စင်ပရောဟိတ်မကို တိုက်ခိုက်စေရန် အနည်းဆုံး သွေးအနည်းငယ်ထွက်သွားစေရန် ကြိုးစားနိုင်ရန်အတွက်ဖြစ်လေ၏။
သို့သော် ကံမကောင်းစွာဖြင့် အာရန်သည် သူ့အပေါ်ထားရှိသော နဂါးဘုရင်မ ၏ အမုန်းတရားကို အထင်သေးမိခဲ့သည်။
သူမ၏ဒေါသကြောင့်ပင် ပင်လယ်နဂါးဧကရီသည် ဆင်ခြင်တုံတရားများ ပျောက်ရှသွားရကာ သူမ၏ ဦးနှောက်ဆီမှ စဉ်းစားတွေးတောနိုင်ခြင်းများကို ရပ်တန့်လိုက်ပြီး အာရန်ကို အလျှင်အမြန်သတ်နိုင်ရန်ကိုသာ ရှေးရှုခဲ့၏။
သူမသည် အစောပိုင်းက အမှန်တကယ်ပင် ဆင်ခြင်တုံတရားအနည်းငယ်မျှ ကျန်ရှိနေဦးမည်ဆိုပါကပင် သူ့အား မတိုက်ခိုက်ပဲ အလျှင်အမြန်ပင် ထွက်ပြေးခဲ့မည်ဆိုပါက သန့်စင်ပရောဟိတ်မရောက်မလာခင် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးအနည်းငယ်ရကောင်းရနိုင်လေသည်။
‘အချစ်နဲ့ အမုန်းဆိုတာနှစ်ခုက လူတွေကို မျက်ကန်းဖြစ်သွားစေတတ်တယ်ဆိုတာ တကယ်အမှန်ပါပဲလား သူမမှာ င့ါအပေါ်ကို အမုန်းတရား အတော်လေး ပြင်းပြင်းထန်ထန်ရှိနေခဲ့တာပဲ... ဟင်း ဟင်း... အချစ်နဲ့ဆိုရင်ကော သူမအပေါ် ဘယ်လို သက်ရောက်မှုမျိုးရှိသွားနိုင်မလဲ မသိဘူး နောက်မှပဲ ကြုံရင် စမ်းသပ်ကြည့်ရသေးတာပေ့ါ ဒါနဲ့ ခုကိစ္စသာ အလုပ်မဖြစ်ရင် ငါ့အစီအစဉ်တွေ အားလုံး အလဟဿဖြစ်သွားလိမ့်မယ်’
တိတ်ဆိတ်စွာပင် အာရန်သည် ထိုတိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။
သို့သော် ၎င်းသည် တိုက်ပွဲတစ်ခုဟုပင် ခေါ်ဆိုနိုင်ပါဦးမည်လားဟု တွေးလိုက်မိ၏။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် သန့်စင်ပရောဟိတ်မမှ ပင်လယ်နဂါးဧကရီအား ဆော့ကစားနေခြင်းနှင့်ပင် ပို၍တူနေခဲ့သောကြောင့်ဖြစ်၏။
ပထမဆုံးအနေဖြင့် ပင်လယ်နဂါးဧကရီသည် ကြိမ်စာအရ သူမ၏ သွေးမျိုးဆက်မှာ ချိတ်ပိတ်ခံရပြီးသား ဖြစ်နေသည်။
၎င်းက သူမအား သာမန်အားဖြင့် အရှင်သခင်တစ်ဦးထက် အလိုလိုပင် အားနည်းသွားစေခဲ့သည်။
ဒုတိယအနေဖြင့် သူမသည် သန့်စင်ပရောဟိတ်မ၏ အိမ်ကွင်းအတွင်း ရောက်ရှိနေခြင်းဖြစ်ကာ သူမ၏ ကောင်းချီးနယ်မြေကပင် သူမအား ပို၍အားနည်းစေခဲ့ကာ သန့်စင်ပရောဟိတ်မအား ပိုမို၍ပင် အားကောင်းစေခဲ့သည်။
နောက်ဆုံးအနေဖြင့် ဤနေရာတွင် ပင်လယ်တစ်ခုရှိမနေခဲ့ပေ။ ပင်လယ်နဂါးဧကရီအနေဖြင့် သူမသည် ပင်လယ်တွင်သာ သူမ၏ အစွမ်းအစ အစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်လေသည်။
ပင်လယ်သည် သူမ၏ မူလမွေးရပ်မြေ အိမ်ကွင်းနေရာလည်းဖြစ်လေသည်။
ကုန်းမြေတွင်မူ သူမသည် ထိုအခွင့်အရေးကို ဆုံးရှုံးထားပြီးသား ဖြစ်၏။
သူမအတွက် အရာရာတွင် အားနည်းချက်များ ပြည့်နှက်နေခဲ့သည်။
တိုက်ခိုက်နေစဉ်မှာပင် ပင်လယ်နဂါးဧကရီသည် ပရောဟိတ်မအတွက် များစွာ အားနည်းချက်များရှိနေပုံပေါက်နေလေသည်။
အာရန်က သူမကိုပင် အနည်းငယ်သနားသွားမိသည်။
အထူးသဖြင့် သူမသည် အဘယ်ကြောင့် အမှန်တကယ် အမဲလိုက်ခံခဲ့ရသည်ကို အစောပိုင်းလေးကမှ သိရှိလိုက်ခြင်းဖြစ်၏။
အာရန်သည် သန့်စင်ပရောဟိတ်မနှင့် ပင်လယ်နဂါးဧကရီ အပြန်အလှန်စကားပြောဆိုနေသည်ကို ကြားပြီးမှသာ အရာအားလုံးမှာ မည်သို့စတင်ခဲ့သည်အား သဘောပေါက်သွားခဲ့သည်။
ထိုအခါမှသာ သန့်စင်ပရောဟိတ်မသည် သူ၏ လက်ချက်မှန်းမသိပဲ ပင်လယ်နဂါးဘုရင်မ၏ လက်ချက်ဟုသာထင်ကာ သူမအပေါ်တွင် အပြစ်များပုံချနေမိကြောင်း သိရှိလိုက်ရသည်။
‘ငါက မင်းကိုတကယ်ကြီး ဘေးဥပဒ်ကပ်ဘေးတစ်ခု သင့်စေခဲ့တာပဲ’
အာရန်သည် သူ၏နဖူးကို ပြန်လည် ပွတ်သပ်လိုက်ပြီး တိုက်ပွဲပြီးဆုံးလုနီးပါးအခြေအနေအား စောင့်ကြည့်နေခဲ့သည်။
အစကနေ အဆုံးအထိ ပင်လယ်နဂါးဧကရီသည် ပရောဟိတ်မ၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုမျှပင် ချန်ထားနိုင်ခြင်းမရှိခဲ့ဘဲ ၎င်းက အာရန်အတွက် စိတ်ပျက်စရာပင်ဖြစ်လေ၏။
သို့တိုင် ၎င်းသည် သူ့အတွက် လုံးဝဆုံးရှုံးမှုဟုတော့ ပြော၍မရပေ။
အာရန်သည် ယခင်က နဂါးလျှာအစွမ်းကို မည်သို့အသုံးပြုရမည်ကို သင်ကြားပေးမည့်သူ တစ်ဦးမှမရှိခဲ့ပေ။
သူသည် စာလုံးပေါင်းအချို့ကို မိမိကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာခြင်းဖြင့်သာ အရာအားလုံးကို သူ့ဘာသာသူ သင်ယူခဲ့ရခြင်းဖြစ်၏။
ယခု တိုက်ပွဲတွင် ပင်လယ်နဂါးဧကရီ အသုံးပြုသည့်နည်းလမ်းများကို ကြည့်မိလိုက်သော အခါမှသာ နဂါးလျှာအစွမ်းအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ပို၍ တိုးတက်လာခဲ့လေသည်။
အာရန်သတိပြုမိခဲ့သည့် နောက်ထပ်အရာတစ်ခုမှာ ပင်လယ်နဂါးဧကရီသည် သူ့ထက်ပိုမိုစွမ်းအားကြီးသည်မှာမှန်ကာ နဂါးလျှာအစွမ်းကို သူ့ထက်ပိုမိုနားလည်သူ ဖြစ်နေခဲ့သော်လည်း သူမသည် သူ့ကဲ့သို့ ထိုအစွမ်းကို အပြည့်အဝအသုံးချနိုင်ခြင်း ရှိမနေခြင်းပင်ဖြစ်၏။
အာရန်သည် သူ့တွင် သူမကဲ့သို့ သွေးမျိုးဆက်ကြိမ်စာ၏ သက်ရောက်မှုကို ခံခဲ့ရခြင်းမရှိသောကြောင့်များလားဟု တစ်ချက်တွေးမိလိုက်သည်။
#Catfoot