← Chapters

တုံ့ပြန်မှု

Vol. 24 Ch. 336

တုံ့ပြန်မှု

Vol. 24 Ch. 336

.....

“သူတို့ တခြားတိုက်ကြီးမှာသာ တိုက်ခိုက်ခဲ့ကြရင် ပင်လယ်နဂါးဧကရီမှာ အခွင့်အရေး အနည်းငယ်တော့ ရှိဦးမှာပဲ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တိုက်ပွဲရဲ့ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်ပုံရတယ်”

သန့်စင်ပရောဟိတ်မသည် ပင်လယ်နဂါးဧကရီအား ဖိနှိပ်နေစဉ်တွင် အခြားအဆင့်မြင့် ဘုန်းတော်ကြီးများသည် မြို့သူမြို့သားများနှင့် မြို့၏ အဆောက်အအုံများကို ၎င်းတို့၏ တိုက်ပွဲဖိအားသက်ရောက်မှုမှ ကာကွယ်ရန် သူတို့၏ အစွမ်းများကို ထုတ်လွှတ်ကာ ထိန်းချုပ်ထားကြလေသည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးပင် ကိုယ်တိုင်ဝင်ပါရလေတော့သည်။

သူသည် တိုက်ပွဲနယ်မြေဆီမှ လွင့်ထွက်လာသည့် အပျက်အစီးများ၊စွမ်းအားများကို မည်သူ့ကိုမျှ မထိခိုက်စေရန် ချေဖျက်ပစ်နေခဲ့ရ၏။

ဤတိုက်ပွဲစဥ် တစ်လျှောက်လုံးတွင် မြို့တစ်ခုလုံးတွင် ၎င်းတိုက်ပွဲဆီမှ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသဖြင့် မြို့သူမြို့သားအားလုံးမှာ ထိတ်လန့်တကြားဖြင့် စိုးရိမ်ပူပန်နေကြသည်။

ဆူညံသံများ ငြိမ်သက်သွားရန် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့၏။

ထိုမိနစ်နှစ်ဆယ်မှာ မြို့သူမြို့သားများအတွက် မရေရာမှုများ ပြည့်နှက်နေသော ငရဲနှင့်ပင်တူနေခဲ့သည်။

မိနစ်နှစ်ဆယ်အတွင်း သန့်စင်ပရောဟိတ်မသည် ပင်လယ်နဂါးဧကရီကို အသေမသတ်ပစ်ပဲ လက်ရဖမ်းဆီး ခဲ့လေသည်။

၎င်းသည် အာရန် မျှော်လင့်နေသည့်အတိုင်းပင် ဖြစ်သွားခဲ့ခြင်း ဖြစ်၏။

သူသည် ပင်လယ်နဂါးဧကရီ၏ တည်နေရာကို သန့်စင်ပရောဟိတ်မအား မပြောပြမီကပင် ပရောဟိတ်မသည် ပင်လယ်နဂါးဧကရီအား သတ်ပစ်မည် မဟုတ်မှန်း သေချာသိနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ပင်လယ်နဂါးဧကရီသည် သူမ၏ သေဆုံးခြင်းထက် ဓားစာခံအဖြစ်ထားရှိခြင်းက ပို၍အသုံးဝင်သောကြောင့်ဖြစ်၏။

အကယ်၍ သူမကို သတ်လိုက်ပါက ကျန်ရှိနေသည့် နဂါးအင်ပါယာတစ်ခုလုံးသည် မည်သို့တုံ့ပြန်မည်ကို ခန့်မှန်း၍ မရနိုင်ပေ။

ခန့်မှန်း၍မရနိုင်သော အခြားအရာများစွာလည်း ရှိနေသောကြောင့် သန့်စင်ပရောဟိတ်မသည် နောက်ထပ် ပြောင်းလဲမှုတစ်ခုကို ထပ်မံဖန်တီးလိုခြင်းမရှိတော့ပေ။

အခြားတစ်ဖက်တွင်မူ သူမသည် ပင်လယ်နဂါးဧကရီကို ဖမ်းဆီးထားနိုင်သရွေ့ သူမ၏အသက်ဖြင့် ခြိမ်းခြောက်ကာ နဂါးအင်ပါယာတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်လေသည်။

ပင်လယ်နဂါးများသည် သူတို့၏ဘုရင်မကို ကယ်တင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ပေးကြမည် ဖြစ်လေသည်။

၎င်းသည် နဂါးများမှာ ၎င်းတို့၏ ဘုရင်မအပေါ် ထားရှိသည့် အကျွင်းမဲ့ သစ္စာစောင့်သိမှုကြောင့်ပင်ဖြစ်၏။

နဂါးအင်ပါယာအတွင်းတွင် နဂါးဘုရင်မ၏ ထီးနန်းကို လက်လွှဲရယူရန် လူသားများကဲ့သို့ မောင်နှမသားချင်းပြိုင်ဆိုင်မှုများ မရှိပေ။

နဂါးအင်ပါယာတွင်း ပင်လယ်နဂါးဧကရီ၌ အခြားမောင်နှမသားချင်း တစ်ဦးရှိနေသေးသော်လည်း ဧကရီ၏ထီးနန်းသည် သူမသေဆုံးသည်အထိ သူမလက်ထဲတွင်သာဆက်လက်ရှိနေမည် ဖြစ်လေသည်။

သန့်စင်ဘုရားကျောင်းမှ ကောင်းချီးစွမ်းအင်များပါဝင်နေသော သံကြိုးကြီးများသည် ပင်လယ်နဂါးဧကရီ၏ လည်ပင်း၊ ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်များတွင် ခပ်နှိပ်ထားလျှက်သား ပေါ်ပေါက်လာကြသည်။

ထိုသံကြိုးများသည် ရာပေါင်းများစွာသော ကီလိုဂရမ်အလေးချိန်ကို သယ်ဆောင်ထားသဖြင့် ပင်လယ်နဂါးဧကရီ၏ သန်မာသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်ပင် ဖိအားသက်ရောက်မှုကို ခံစားနေရသည်။

သန့်စင်ပရောဟိတ်မသည် နဂါးဧကရီ၏ပါးစပ်ကိုလည်း ချိတ်ပိတ်လိုက်ကာ သူမအား နဂါးလျှာအစွမ်းအသုံးပြုခွင့်ကို တားဆီးထားလိုက်သည်။

“ကျွန်မတို့ အနာဂတ်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်စရာတွေ ရှိလာလိမ့်မယ်လို့ တကယ်ကို မျှော်လင့်ထားခဲ့တာပါ ဒါပေမယ့် သန့်စင်အင်ပါယာကို ဆန့်ကျင်တဲ့ ရှင်ရဲ့ လုပ်ရပ်တွေကတော့ ကျွန်မကို တကယ်ပဲ စိတ်ပျက်စေခဲ့ပါတယ်”

အီဗန်ဂျလင်းသည် ပင်လယ်နဂါးဧကရီ၏ဆံပင်ကို ဆုပ်ကိုင်လိုက်ပြီး အညံ့ခံလိုစိတ်မရှိသေးသော သူမ၏မျက်လုံးများကို စိုက်ကြည့်ရန် သူမ၏ခေါင်းကို ဆွဲယူ ကိုင်မြှောက်လိုက်၏။

သန့်စင်ပရောဟိတ်မသည် ပင်လယ်နဂါးဧကရီ၏ ခန္ဓာကိုယ်ကို မြို့စားမင်းတဖြစ်လည် ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ လက်တွင်းသို့ အပ်နှင်းလိုက်လေသည်။

“သူမကို သေသေခြာခြာအကျဥ်းချထားပြီး သန့်စင်မြို့တော်သို့ ခေါ်ဆောင်သွားဖို့ စီစဉ်ပေးပါ သူမကို ကျွန်မနဲ့အတူ အပြန်ကျရင် ခေါ်သွားချင်တယ်”

ဂိုဏ်းချုပ်ဘုန်းတော်ကြီးလည်း သန့်စင်ပရောဟိတ်မ၏ စကားအား ခေါင်းညိတ်လက်ခံလိုက်သည်။

သူသည် ကောင်းချီးစွမ်းအင်များ သက်ရောက်ခံထားရသော သံကြိုးကြီးများ၏ ဖိနှိပ်မှုအောက်တွင် တိုက်ခိုက်နိုင်စွမ်းမရှိတော့သော ပင်လယ်နဂါးဧကရီ၏ လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

ပင်လယ်နဂါးဧကရီကို သူ၏ မြို့စားအိမ်တော်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

သူမသည် ဖမ်းဆီးခံထားရပြီး ခေါ်ဆောင်သွားခြင်း ခံရသော်လည်း ခေါင်မိုးပေါ်တွင် ထိုင်နေပြီး ချစ်သူတစ်ဦးကို နှုတ်ဆက်သကဲ့သို့ သူမကို လက်တစ်ဖက် ဝှေ့ယမ်းပြနေသော အာရန်ထံသို့ ပြင်းထန်သောအကြည့်အတစ်ချက်ကိုမူ ပို့လွှတ်လိုက်သည်။

အာရန်မှာ လက်ဝှေ့ယမ်းပြနေရာမှ ရုတ်တရက် သူ၏လှုပ်ရှားမှုကို ပြောင်းလဲလိုက်ကာ အခြားလက်ချောင်းများအားလုံးကို ဆုတ်ထားလိုက်ပြီး လက်ခလယ်တစ်ချောင်းကိုသာ ပင်လယ်နဂါးဧကရီအား ပြန်လည်ပြသကာ သူမကို ပိုမို‌ဒေါသထွက်ရန် လှုံ့ဆော်ဖို့ ကြိုးစားလိုက်သေး၏။

သူမနှင့် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က သူမည်မျှ သေလုမျောပါးဖြစ်ခဲ့ရသည်ကို သူကိုယ်တိုင်ပင် မှတ်မိနေဆဲဖြစ်၏။

ထိုလွတ်မြောက်ခြင်းတန်ဆာသာ ထိုနေရာတွင် ရှိမနေခဲ့ပါက သူသည် သူမ၏ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံခဲ့ရပြီး ထိုနေရာတွင်ပင် သေဆုံးခဲ့လိမ့်မည်ဖြစ်သည်။

လွတ်မြောက်ခြင်းတန်ဆာကို အသက်သွင်းခဲ့စဥ်က အာရန်သည် သူမနှင့် နောက်တစ်ကြိမ်တွေ့ဆုံသောအခါ ရလဒ်သည် ကွဲပြားသွားလိမ့်မည်ဟု သူမအား ကတိပေးခဲ့မိသည်။

သူပျောက်ကွယ်သွားစဉ်ကလည်း သူမအား လက်ခလယ်ထောင်ပြသခဲ့သေးသည်။

လက်ရှိတွင် အတိတ်သည် တစ်ပတ်ပြန်လည်လာခဲ့ပြီဖြစ်၏။

တစ်ခုတည်းသော ကွဲပြားချက်မှာ အခြားသူတစ်ဦး၏ လက်အောင်တွင် ပိတ်မိနေသူမှာ သူမဟုတ်တော့ဘဲ ပင်လယ်နဂါးဧကရီ ဖြစ်နေခြင်းပင်ဖြစ်သည်။

ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် ပင်လယ်နဂါးဧကရီအားခေါ်ဆောင်၍ သူ၏ မျက်လုံးအောက်မှ ပျောက်ကွယ်သွားသည်နှင့် အာရန်သည် ခေါင်မိုးပေါ်မှနေ၍ အစောပိုင်းကာလ ပြင်းထန်သော အမျိုးသမီးနှစ်ဦး၏ တိုက်ပွဲ ဖြစ်ပေါ်ခဲ့သော မြေပြင် အလယ်သို့ ဆင်းသက်လိုက်သည်။

“ဘယ်လိုလဲ ကျုပ်ပေးလိုက်တဲ့ လက်ဆောင်ကို အရှင်မ နှစ်သက်ပါရဲ့လား”

အာရန်သည် တိုက်ပွဲအရှိန်ကြောင့် မြေပြင်တွင် တွင်းကြီးတစ်ခုအဖြစ် ချို့ဝင်နေ‌သော နေရာ၏ အပြင်ဘက်တွင် ရပ်နေသော သန့်စင်ပရောဟိတ်မအား လှမ်း၍ မေးလိုက်ခြင်းဖြစ်သည်။

အာရန်သည် ထိုတွင်းကြီးအတွင်းမှ လွယ်ကူစွာ ခုန်ထွက်နိုင်သော်လည်း သူမ၏ အကူအညီကိုယူရန် ရည်ရွယ်ချက်ရှိရှိဖြင့်ပင် သူမထံသို့ သူ၏လက်တစ်ဖက်ကို လက်ကမ်းပေးလိုက်သည်။

အာရန်သည် ပရောဟိတ်မ၏ သက်ရောက်မှုမှ လွတ်လွတ်နိုင်စေရန် သူ့ကိုယ်သူ ဓားဧကရာဇ် အော်ရာဖြင့် ဝန်းရံထားရန်လည်း မမေ့လျော့ခဲ့ပေ။

သန့်စင်ပရောဟိတ်မသည် အာရန် ၏ လက်ကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

သူမ၏နှလုံးသားတွင် စက်ဆုပ်ရွံရှာသောခံစားချက်တစ်ခု ရှိနေခဲ့သော်လည်း သူမသည် ၎င်းကို ထုတ်ဖော်မိ၍ မရသေးကြောင်း သဘောပေါက်လေသည်။

ထို့ကြောင့် နောက်ဆုံးတွင် သူမ၏လက်ကို ပြန်လည် ကမ်းပေးလိုက်ကာ အာရန်အား အပေါ်သို့ တက်ရန်ကူညီပေးလိုက်ရလေသည်။

အာရန်သည် သူမ၏လက်ကို အားပြု၍ သူမနှင့် ပိုမိုနီးကပ်စေရန် မတော်တဆဟန်ဖြင် နောက်ထပ်ခြေလှမ်းတစ်လှမ်း ရှေ့သို့ ထပ်တိုးလိုက်ပြီး သူမ၏ မြိုသိပ်ထားမှုအား အနည်းငယ်အကဲစမ်းလိုက်သည်။

သို့သော် သူမသည် စိတ်လွတ်ထွက်သွားကာ သူ့အား ပြန်လည်တိုက်ခိုက်မည်ကိုလည်း စိုးရိမ်ရသေးသောကြောင့် သူမအား အလွန်အကျွံ ဖိအားမပေးမိစေရန်တော့ ကိုယ့်ကိုကိုယ် ပြန်လည်ဘရိတ်အုပ်လိုက်ရသည်။

“ကျွန်မတို့ ခုတော့ မြို့စားအိမ်တော်ကိုပဲ ပြန်ကြတာပေ့ါ ရှင်ဒီမှာပဲ တစ်ညလောက်ထပ်ပြီး ကုန်ဆုံးရလိမ့်မယ် မနက်ဖြန်မနက်ကျရင် ကျွန်မနဲ့အတူ သန့်စင်မြို့တော်ကို အလည်လိုက်ခဲ့မယ်မလား”

“အရှင်မရဲ့ ဧည့်ဝတ်ကျေပြွန်မှုကို ကျေးဇူးတင်စွာနဲ့ပဲ လက်ခံပါတယ်”

အာရန်သည် သူ၏ခေါင်းကို ငုံ့လိုက်ကာ ထိုအမျိုးသမီး၏ လက်ဖမိုးကို သူရဲကောင်းများကဲ့သို့ တဖန် နမ်းရှိုက်လိုက်ရာ သူမ၏မျက်နှာသည် ပိုမို ဖြူဖျော့သွားခဲ့ရသည်။

သန့်စင်ပရောဟိတ်မ သည် သူမ၏လက်ကို လျင်မြန်စွာ ပြန်လည်ဆွဲယူလိုက်သည်။

အာရန်တစ်ယောက် နောက်လှည့်၍ ထွက်ခွာသွားသော အချိန်မှသာ သူမသည် သူမ၏ လက်ဖမိုးနေရာရှိ ထိုစက်ဆုပ်ဖွယ်ကောင်းသော အော်ရာ၏ အကြွင်းအကျန်များကို စင်ကြယ်ရန် သူမကိုယ်သူမ အကြိမ်ကြိမ်ပြန်လည် ပွတ်သပ်နေမိခဲ့သည်။

‘ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလိုက်တဲ့သူလဲ သူဘယ်လိုများ ငါ့လက်ကို ထပ်ထိရဲရတာလဲ ဒီလူရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အော်ရာနဲ့ ငါ့လက်ကို ဘယ်လိုလုပ် ထိရဲတာလဲ’

သန့်စင်ပရောဟိတ်မသည် သူမ၏နှုတ်ခမ်းများ တုန်ယင်လာသည်အထိ ဒေါသများလှိုက်တက်လာကာ သူမ၏စိတ်ထဲတွင် ထိုစကားများကိုသာ အကြိမ်ကြိမ် ရေရွတ်နေခဲ့မိ၏။

အာရန်သည် သူမ၏တုံ့ပြန်မှုကို သူ၏သတ္တမအာရုံဖြင့် မြင်နိုင်နေခဲ့သော်လည်း သူမအား လှည့်ကြည့်ရန်မကျိုးစားခဲ့ပေ။

သူသည် သူမကို တစ်ယောက်တည်း ထားခဲ့ပြီး ဝေးကွာသောနေရာတစ်ခုဆီသို့ သွားရောက်ရင်း သူမ၏ မြင်ကွင်းဆီမှ ပျောက်ကွယ်သွားခဲ့လေသည်။

အာရန်သည် မကြာမီမှာပင် မြို့တံခါးဆီမှ အပြင်သို့ ထွက်ခွာသွားခဲ့ပြီး မည်သူမျှ သူ့အား တားဆီးဝံ့ခြင်း မရှိတော့ပေ။

သူသည် သန့်စင်အင်ပါယာ၏ အဖိုးတန် ဧည့်သည်တစ်ဦး ဖြစ်နေပြီမဟုတ်ပါလော...။

#Catfoot

All Chapters