ကောင်းကင်နဂါး၏ အမွေဆက်ခံသူ
Vol. 24 Ch. 341
…
ဤကဲ့သို့သောအရာမျိုးကို ထုတ်ဖော်ပြောကြားခြင်းကပင် သူမ၏ဒေါသကို ဆွဲဆောင်နိုင်သောကြောင့် ထိုအရာကို တားမြစ်ထားလေ၏။
ထို့ကြောင့်ပင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ၎င်းကို ပြောကြားခဲ့စဥ်က အပြစ်ပေးခံရမည်ကို စိုးရွံ့လျက် အလွန်တွန့်ဆုတ်နေခဲ့ခြင်းဖြစ်သည်။
အကယ်၍ ပရောဟိတ်မသာ ဧည့်သည်များနှင့်ပတ်သက်သည့် အရေးကြီးသော အရာအားလုံးကို အစီရင်ခံရန် သူ့အား အမိန့်မပေးခဲ့ပါက သူသည် ၎င်းကို မည်သည့်အခါမျှ ထုတ်ဖော်ပြောမိလိမ့်မည် မဟုတ်ပေ။
“အဲဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး အဲဒီသားရဲတွေကို သူတို့ကြိုက်တာလုပ်ကြပါစေ ဒါငါတို့ ကိစ္စလည်း မဟုတ်ဘူး ဂိတ်တံခါးပေါက် အပြီးသတ်နိုင်ဖို့ကိုပဲ အာရုံစိုက်ထားလိုက်ပါ”
သန့်စင်ပရောဟိတ်မသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဆီသို့ နောက်ပြန်၍ တစ်ချက်ပင် လှည့်မကြည့်ဘဲ သူမ၏အကြည့်သည် အပြင်ဘက်ရှိ လမင်း ကိုသာ ဆက်လက်ရှုစား နေခဲ့၏။
ထို့နောက် သူမသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို သူမ၏အခန်းမှ အပြင်သို့ လွင့်ထွက်သွားစေခဲ့သည်။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် အပြင်ဘက် စင်္ကြံနံရံနှင့် ရိုက်ခတ်မိသွားခဲ့သည်။
သူမ မေးသည့်အရာကို ဖြေခဲ့မိခြင်းဖြစ်သော်လည်း ထိုသို့ရွံရှာဖွယ်ရာများကို ဖော်ပြမိခြင်းအတွက် အပြစ်ပေးခံရမည် မဟုတ်ဟု မဆိုလိုပေ။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူ၏နာကျင်နေသော ကျောပြင်အား လက်ကိုဖိကပ်၍ ထရပ်လိုက်ကာ ဂိတ်ဝင်ပေါက် ချိတ်ဆက်မှုများအား စစ်ဆေးရန် ထွက်ခွာခြင်းမပြုမီ ပရောဟိတ်မ၏ အခန်းဘက်သို့ လေးစားစွာ တစ်ချက် ဦးညွှတ်လိုက်၏။
....
သန့်စင်ပရောဟိတ်မသည် အာရန်၏ ရွံရှာဖွယ်အော်ရာနှင့် ယခု သူ၏ မေးခွန်းထုတ်စရာ လုပ်ရပ်များအကြောင်း ကြားသိပြီးနောက်တွင် သူ့နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များသည် ပို၍ပင် ဆိုးရွားသွားခဲ့ပြီး သူ့ကို ဆက်လက်စောင့်ကြည့်ရန်ပင် စိတ်မဝင်စားတော့ပေ။
သူမသည် အမျိုးသားတစ်ဦး အိပ်ရာပေါ်တွင် အခြားအမျိုးသမီးတစ်ဦးနှင့်အတူ ဆော့ကစားနေသည့်မြင်ကွင်းကို ကြည့်ရှုရန် စိတ်မဝင်စားခဲ့ပေ။
တစ်ချိန်တည်းတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ဂိတ်တံခါးပေါက်ဆက်သွယ်နိုင်ရန် ကျိုးစားနေကြသူများနှင့်အတူ ထိုအရာကိုအချိန်မှီ ပြီးစီးနိုင်ရန် ဆက်လက် လုပ်ဆောင်နေခဲ့ကြ၏။
သူနှင့် ပရောဟိတ်မ နှစ်ဦးစလုံးသည် ကိုယ်စီ အာရုံများ ပြန့်ကျဲနေကြသဖြင့် အစောင့်အချို့၏ ပျောက်ဆုံးသွားမှုများကို သတိမထားမိခဲ့ကြပေ။
ထိုအစောင့်များသည် သူတို့မသေဆုံးမီ အခြားသူများကိုလည်း အသိပေးနိုင်ခြင်းမျိုး မရှိခဲ့ပေ။
သူတို့၏သေဆုံးမှုများကို သန့်စင်ပရောဟိတ်မပင် သတိမထားမိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အစောင့်များသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဖြစ်သူ မြို့စားမင်းဟတ် ၏ အဆင့်ထက်ပင် များစွာနိမ့်ကျကြသောကြောင့် သူတို့၌ရှိ သန့်စင်သော ကောင်းချီးစွမ်းအင်များသည် အနည်းငယ်မျှသာ ရှိနေကြသောကြောင့် ဖြစ်လေ၏။
၎င်းတို့သည် လေယာဉ်ထောက်လှမ်းကိရိယာတစ်ခုမှ လေယာဥ်အတွင်းရှိ အင်းဆက် ပိုးကောင်လေး တစ်ကောင်၏ တည်ရှိခြင်းကို ထောက်လှမ်းရသည်နှင့် တူညီနေလေသည်။
ထို့ပြင် အာရန်သည် အကျဥ်းထောင်သို့ ချဉ်းကပ်နေစဉ် အလွန်အမင်း သတိထားနေခဲ့ သောကြောင့်လည်း ဖြစ်လေသည်။
သူသည် သူရဲကောင်းများဆီမှ ခိုးယူရရှိခဲ့သော စွမ်းရည်များကို အသုံးပြုရာတွင် အလွန်ပင် ကျွမ်းကျင်နေပြီးဖြစ်၏။
ထို့အပြင် သူ၏အဆင့်သည်လည်း တဖြည်းဖြည်း တိုးတက်လျက်ရှိကာ လူများ ပို၍သတ်လေလေ အဆင့်ပို၍ တက်လေလေဖြစ်နေခဲ့သည်။
ထို့အပြင် သူ၏ နဂါးလျှာမှော်အစွမ်းကလည်း ထိုနေရာတွင် အတော်လေး အသုံးဝင်ခဲ့သည်။
မကြာမီတွင် အကျဥ်းထောင်၏ အပြင်ဘက်၌ အစောင့်တပ်သားများ တစ်ဦးမျှ မကျန်တော့ဘဲ သူတို့အားလုံးသည် အမည်မသိသောနေရာတစ်ခုသို့ ပြောင်ရွှေ့ ပျောက်ကွယ်သွားခဲ့ကြပြီး ဖြစ်လေသည်။
ပုံမှန်အစောင့်များဖြင့်ပြည့်နေရမည့် စင်္ကြံလမ်းတစ်လျှောက်တွင် သွေးတစ်စက်မျှပင် ရှာဖွေမတွေ့နိုင်သည်အထိ ၎င်းတို့အားလုံး ပျောက်ချင်းမလှ ပျောက်သွားခဲ့ကြခြင်း ဖြစ်၏။
အစောင့်များကို ဖယ်ရှားပြီးနောက် အာရန်သည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး တစ်ဦးတည်းသာ ဝင်ရောက်နိုင်သော သော့ခပ်ထားသည့် ဝင်ပေါက်သို့ ရောက်လာခဲ့သည်။
သို့သော် သူစုဆောင်းရရှိထားသော စွမ်းရည်များနှင့်အတူ သော့ဟူသည် သူ့အတွက်မလိုအပ်သလောက်ပင် ဖြစ်၏။
ထိုသော့ပေါက်ကို သာသာယာယာပင် ထိလိုက်သည်နှင့် သော့ခတ်ထားသော တံခါးပေါက်သည် ပွင့်ဟသွားခဲ့ပြီး သက်တောင့်သက်သာပင် ဖြတ်ကျော်နိုင်ခဲ့သည်။ ဤနေရာတွင် အစောင့်အနည်းငယ် ထပ်မံရှိနေခဲ့ပြီး အချို့မှာ သူနှင့် များစွာဝေးကွာနေဆဲဖြစ်သည်။
ကံကောင်းစွာဖြင့် ယီလန်သည် ထိုအချိန်မျိုးတွင် အာရန်အတွက် အမြဲတမ်းလိုလို အသုံးဝင်နေခဲ့သည်။
ယီလန်သည် အာရန်အဝေးရှိ ဘုန်းတော်ကြီးများကို ဖယ်ရှားနေစဉ် အာရန်က အနီးအနားရှိအစောင့်များကို တစ်ယောက်ချင်း ဖယ်ရှားနေခဲ့လေသည်။
“အပြင်မှာ ဘာသံတွေလဲ”
“တစ်ယောက်ယောက် ရောက်လာတာလား”
“ဘာဖြစ်လို့ အစောင့်တွေ မြေပြင်ပေါ်မှာ လဲနေကြတာလဲ”
အကျဉ်းသားများ နိုးထလာသည်နှင့် ထောင်ခန်းအတွင်းမှ အသံများ စတင်ထွက်ပေါ်လာလေသည်။
သို့သော် အာရန်က သူတို့ကို သတ်ရန် မလိုအပ်ဟု ခံစားလိုက်ရသည်။
နောက်ဆုံးတွင် သူတို့သည် သန့်စင်ပရောဟိတ်မကို မုန်းတီးနေသော သာမန် အကျဉ်းသားများသာဖြစ်လေ၏။
အာရန်သည် အကျဥ်းထောင်သံတိုင်များကြားမှ အထဲသို့ဝေ့ဝိုက်ကြည့်ရှုရင်းဖြင့် အခန်းများစွာကို ဖြတ်လျှောက်လာခဲ့သည်။
နောက်ဆုံးတွင် အခန်းတစ်ခန်း၏ ရှေ့သို့ ရောက်သောအခါမှသာ ရပ်တန့်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအခန်းထဲတွင် သူနှင့်ရင်းနှီးလွန်းသော ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသောကြောင့်ပင်တည်း။
အခန်းထဲတွင် ပင်လယ်နဂါးဧကရီသည် သူမ၏လက်များကို ချည်နှောင်ခံထားရလျက် ရပ်နေခဲ့လေသည်။
သူမသည် လွတ်မြောက်ရန်မစွမ်းသာဘဲ ထိုနေရာတွင် ချိတ်ဆွဲခံထားရသော အကူအညီမဲ့နေသည့် အရုပ်မလေးတစ်ရုပ်နှင့်ပင် တူညီနေခဲ့၏။
“မင်းက ပင်လယ်နဂါးဧကရီလား” အာရန်သည် ထိုအကျဥ်းခန်းရှေ့တွင် ရပ်လိုက်ရင်း မေးခွန်းထုတ်လိုက်လေသည်။
ပင်လယ်နဂါးဧကရီသည် သူမ၏မျက်လုံးများကို ဖြေးညှင်းစွာ ဖွင့်လိုက်ပြီး ယခု လုံးဝကွဲပြားခြားနားသော အခြားတစ်ယောက်ပုံစံဖမ်းထားသော အာရန်ကို တစ်ချက်စိုက်ကြည့်လိုက်၏။
အာရန်သည် သူ၏ အော်ရာကပင် သူ၏တည်ရှိမှုတစ်ခုလုံး အစောပိုင်းအကြီးအကဲရန်နှင့် လုံးဝ ကွဲပြားခြားနားလျက်ရှိနေခဲ့သည်။
ပင်လယ်နဂါးဧကရီအနေဖြင့်ပင် သူတို့နှစ်ဦးကြားတွင် မည်သည့်ဆက်စပ်မှုကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
ထို့ကြောင့် သူမသည် နတ်ဆိုးဝါးမြိုသူကို မြင်လိုက်သောအခါတွင် အကြီးအကဲရန်အားတွေ့ခဲ့စဥ်ကကဲ့သို့ မုန်းတီးမှုများ သူမ၏မျက်နှာတွင် ပေါ်မလာခဲ့ခြင်းဖြစ်လေ၏။
ပင်လယ်နဂါးဧကရီ၏ တုံ့ပြန်မှုကို ကြည့်ရင်း အာရန်လည်း စိတ်တွင်းမှကြိတ်၍ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူ၏ ဟန်ဆောင်မှုသည် သူမအပေါ်တွင် အလုပ်ဖြစ်ခဲ့ပုံရလေ၏။ သူသည် သူမကို လှည့်စားနိုင်ခဲ့ပြီဖြစ်၏။
ပင်လယ်နဂါးဧကရီ၏ မျက်လုံးများတွင် မေးခွန်းများစွာ ရှိနေပုံရသော်လည်း သူမ၏ ပါးစပ်သည် နဂါးလျှာအစွမ်း အသုံးပြုခြင်းမှ တားဆီးထားရန် သက်ရောက်မှုတစ်ခု ခံထားရသောကြောင့် သူမသည် မည်သည့်အရာကိုမျှ အာရန်အား ပြန်လည်မေးခွန်းမထုတ်နိုင်ခဲ့ပေ။
“ငါ့ကို မင်း မသိဘူးဆိုတာ နားလည်ပါတယ် ဒါပေမယ့် ငါ မင်းကို ကယ်တင်ဖို့ ဒီ ရောက်လာတာပါ ဒီကအစောင့်တွေအကုန်လုံးကိုလည်း ရှင်းထားပြီးပြီ ဒါပေမယ့် ငါတို့ ဒီရောက်နေတဲ့အကြောင်းကို ပရောဟိတ်မ မသိအောင် ဘယ်လောက်ကြာကြာ အချိန်ရဦးမလဲ ဆိုတာတော့ မသေချာဘူးပေ့ါ”
အာရန်သည် အကျဥ်းထောင်ခန်းအတွင်းရှိ ပင်လယ်နဂါးဧကရီအား ပြောလိုက်သည်။
ပင်လယ်နဂါးဧကရီသည် စကားမပြောနိုင်သော်လည်း သူမ၏အကြည့်များအရ သူမ၏ အတွေးများကို ခန့်မှန်းရန်မှာ လွယ်ကူလေသည်။
သန့်စင်ပရောဟိတ်မကို ဆန့်ကျင်ပြီး သူမကို ကူညီမည့်သူတစ်ဦး အဘယ်ကြောင့် ရှိနေရသည်ကို သူမ စူးစမ်းလိုစိတ်နှင့်အတူ မသင်္ကာစိတ်များ ဖြစ်ပေါ်နေခြင်းဖြစ်လေ၏။
သူမ၏အတွင်းစိတ်တွင် ၎င်းသည် သန့်စင်ပရောဟိတ်မမှ ဆင်ထားသော ထောင်ချောက်တစ်ခုများဖြစ်နေမလားဟုပင် တွေးမိခဲ့သည်။
ထိုသူသည် အခြားမည်သည့်နည်းလမ်းဖြင့်မဆို ဤနေရာသို့ ဤမျှလွယ်ကူစွာ ရောက်လာနိုင်မည်မဟုတ်ပေ။
အထူးသဖြင့် ဤဧရိယာသည် သန့်စင်ပရောဟိတ်မ၏ စောင့်ကြည့်မှုအောက်တွင် တည်ရှိနေသောကြောင့်လည်း ဖြစ်လေသည်။
အာရန်သည် ဤမေးခွန်းကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။
ထို့ကြောင့် သူ၌ အဖြေတစ်ခုပေးရန် အသင့်ပြင်ထားပြီးသားဖြစ်၏။
သို့သော် သူ၏အဖြေကို ပါးစပ်ဖြင့် ထုတ်ပြောရန်ပင် မလိုအပ်ပေ။
အကြောင်းမှာ အာရန်သည် သူ၏လုပ်ရပ်များဖြင့် ထိုအဖြေကို ရိုးရှင်းစွာ ပြသခဲ့သောကြောင့်ပင်တည်း။
သူသည် သံတိုင်တစ်ခုကို လက်ဖြင်ထိလိုက်ရင်း စကားလုံးအနည်းငယ်ကို တီးတိုးရွတ်ဆိုလိုက်သည်။
ထိုအခါ ထိုခပ်ထားသော သော့ခလောက်များသည် ချင်ခြင်း ပွင့်ထွက်လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နဂါးဘုရင်မ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့ရသည်။
“ဒါက နဂါးလျှာအစွမ်းမဟုတ်လား...”
သူမသည် ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။
အာရန်အသုံးပြုခဲ့သော နဂါးလျှာသည် ရိုးရှင်းဟန်ရသော်လည်း သူမထက်ပင် ပိုမိုအားကောင်းနေကာ ပိုမို၍လည်း သန့်စင်နေသောကြောင့်ဖြစ်၏။
ပုံမှန်အားဖြင့် အာရန်ထက် အတွေ့အကြုံပိုရှိသော ပင်လယ်နဂါးတစ်ကောင်သည်ပင် နဂါးလျှာအစွမ်းဖြင့် ထိုတံခါးကို ဖွင့်နိုင်မည်မဟုတ်ပေ။
အာရန်သည် ထိုနဂါးလျှာအစွမ်းကို အသုံးပြုလိုက်သော အချိန်လေးအတွင်းမှာပင် သူမသည် သူ၏ တော်ဝင်နဂါးသွေးမျိုးဆက်ကို ခံစားမိခဲ့သည်။
ဤမျှနီးကပ်မှုဖြင့် သူမသည် အခြားအရာအားလုံးထက် ပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။
၎င်းသည် သူမမြင်ဖူးခဲ့သမျှ နဂါးသွေးမျိုးဆက်များတွင် အသန့်စင်ဆုံးသော သွေးမျိုးဆက်တစ်ခုလည်း ဖြစ်လေသည်။
သူမ၏ တော်ဝင်သွေးမျိုးဆက်ထက်ပင် ပို၍သန့်စင်နေလေသည်။
ဤသွေးမျိုးဆက်သည် သူမတို့၏ တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက်ထက်ပင် ကောင်းကင်နဂါးသွေးမျိုးဆက်နှင့် ပို၍နီးစပ်နေပုံရလေသည်။
#Catfoot