ပဋိပက္ခများ
Vol. 24 Ch. 344
….
မြို့စားမင်း၏ ယခုမြို့တော်နှင့် အလှမ်းဝေးသော နေရာတစ်ခုတွင် အနောက်ပိုင်းတိုက်ကြီး၏ အချက်အချာကျသော သန့်စင်မြို့တော် တည်ရှိလေသည်။
ထိုမြို့သည် သန့်စင်ဧကရာဇ်၏ နေထိုင်ရာဌာနဖြစ်ရုံသာမက နတ်ဘုရားမ ဖရေယာ ၏ အဓိက ဘုရားကျောင်းတည်ရှိရာ ဗဟိုဌာနလည်း ဖြစ်လေ၏။
၎င်းသည် ဤတိုက်ကြီးအတွင်းရှိ လူတိုင်းထံမှ မယိမ်းယိုင်နိုင်သော ယုံကြည်ကိုးကွယ်မှုများကို ခံယူရာ မြင့်မြတ်သော နေရာဌာနလည်း ဖြစ်လေသည်။
သန့်စင်ဧကရာဇ်ပင်လျှင် ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦးဟု ဆိုကြသည်။
ထိုမျှအရေးပါသော မြို့တော်ဖြစ်သည့် သန့်စင်မြို့တော်သည် အနောက်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် အကာအကွယ်အများဆုံး နေရာတစ်ခုလည်း ဖြစ်လေ၏။
ထို့ကြောင့်ပင် နစ်ခရိုမန်ဆာမျှော်စင်ဆီမှ အဓိက ပစ်မှတ်ထားခြင်းခံနေရသော်လည်း ၎င်းတို့သည် ထိုမျှကြာအောင် တည်မြဲနေခဲ့ကြခြင်းလည်း ဖြစ်လေသည်။
အကယ်၍ သန့်စင်မြို့တော်သာ ပြိုလဲသွားပါက နိုင်ငံသားများ၏ မယိမ်းယိုင်နိုင်သောယုံကြည်မှုများသည်လည်း ပြိုလဲသွားကြမည်ဆိုသည်ကို လူတိုင်းလက်ခံထားကြပြီးဖြစ်သည်။
ဤကမ္ဘာ့ရှိ အမြင့်ပိုင်း အဆင့်တွင် ရှိသူတိုင်းသည် သန့်စင်ပရောဟိတ်မကိုယ်တိုင်မှာ အနောက်ပိုင်းတိုက်ကြီးတွင်ဆိုပါက မည်မျှအားကောင်းကြောင်းကောင်းစွာ သိရှိထားကြ၏။
သူမသည် သူမ၏ လူများထံမှ ယုံကြည်မှုကို ဆုံးရှုံးသွားသည်နှင့် တစ်ပြိုက်နက် သူမ၏ ခွန်အားမှာ များစွာ လျော့ကျသွားမည်မှန်းလည်း ထိုသူများမှာ ကောင်းစွာ နားလည်ထားကြလေသည်။
ထို့ကြောင့်ပင် များစွာသော အစွမ်းထက် ပုဂ္ဂိုလ်များသည် သန့်စင်မြို့တော်ကို ဖြိုချရန် ကြိုးစားခဲ့ကြသည်။
သို့သော် သန့်စင်မြို့တော်သည် ပြည်သူများ၏ မယိမ်းယိုင်သော ယုံကြည်မှုခွန်အားများဖြင့် လုံးဝလွှမ်းမိုးနေခဲ့ရာ ထိုမျှကြာအောင် ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်လေသည်။
သန့်စင်မြို့တော်တစ်ခုလုံးသည် သန့်စင်ပရောဟိတ်မအပေါ် အလုံးစုံမှီခိုစရာမလိုသော ကောင်းချီးနယ်မြေတစ်ခုဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သည်။
၎င်းသည် သန့်စင်ဘုရားကျောင်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းဖြစ်ပြီး ပြည်သူများ၏ ယုံကြည်မှု စွမ်းအားများကို အရင်းပြု၍ လည်ပတ်နေသော နယ်မြေတစ်ခုလည်း ဖြစ်လေသည်။
ထိုသို့ဖြစ်ခြင်းကြောင့် သန့်စင်ပရောဟိတ်မသည် ထိုနယ်မြေကို အမြဲတစေ ကာကွယ်ပေးရန် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းထားစရာ မလိုခဲ့ပေ။
မြို့တစ်ခုလုံးကို ထိုကောင်းချီးနယ်မြေမှ အကာအကွယ်လွှာတစ်ခုအဖြစ် ဖုံးအုပ်ပေးထားသောကြောင့် မြို့ပေါ်တွင် ကန့်သတ်ချက်များစွာ ရှိနေသော်လည်း အတွင်းရှိ နိုင်ငံသားများသည် ထိုကဲ့သို့သော သေးငယ်သည့် အဆင်မပြေမှုလေးများကို မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။
သန့်စင်မြို့တော်အတွင်းရှိ ပထမဆုံးကန့်သတ်ချက်မှာ ဟင်းလင်းပြင်စွမ်းအင်များ ထုတ်ဖော်မှုပင်ကို ဖြစ်၏။
အခြားအရှင်သခင်တစ်ဦးသည် မြို့ထဲသို့ ဝင်ရောက်လိုလျှင်ပင် ကောင်းချီးနယ်မြေကို ဦးစွာ မဖျက်ဆီးနိုင်ပါက ဟင်းလင်းပြင်ဂိတ်တံခါးပေါက်လမ်းကြောင်းတစ်ခုကို အတွင်းသို့ ဖွင့်လှစ်၍မရနိုင်ပေ။
သို့သော် အရှင်သခင်များအတွက်မူ ထိုကောင်းချီးနယ်မြေဟူသော အတားအဆီးသည် ၎င်းတို့အနေဖြင့် အလွာ်တကူ ဖျက်ဆီးပြီး ဝင်ရောက်နိုင်သောအရာဖြစ်သည်။
ထို့ကြောင့် ထိုအကာအကွယ်လွှာသည် သူတို့အတွက် ရည်ရွယ်ခြင်းတော့ မဟုတ်ပေ။
ထိုအစား ၎င်းသည် အခြား လူများ၊ အဖွဲ့အစည်းများအတွက် ရည်ရွယ်ခြင်းဖြစ်လေ၏။
သန့်စင်မြို့တော်အတွင်း၌ ကိုယ်တိုင်လွယ်ကူစွာဖြင့် ဂိတ်တံခါးပေါက် လမ်းကြောင်းကို ဖွင့်နိုင်သူမှာ သန့်စင်ပရောဟိတ်မကိုယ်တိုင်သာ ဖြစ်လေသည်။
ပြင်ပအကူအညီဖြင့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများသည်လည်း နေရာလွတ်လမ်းကြောင်းများကို ဖွင့်နိုင်သော်လည်း ၎င်းသည် သန့်စင်ပရောဟိတ်မက သူတို့ကို ခွင့်ပြုပေးမှသာ ဖြစ်နိုင်မည်ဖြစ်၏။
ဤကန့်သတ်ချက်ကြောင့်ပင် သန့်စင်ပရောဟိတ်မသည် သန့်စင်မြို့တော်သို့ နဂါးဘုရင်မကဲ့သို့ အကျဉ်းသားတစ်ဦးနှင့် အရှေ့တိုက်မှ ဧည့်သည်များအား ပို့ဆောင်ရန် ဟင်းလင်းပြင်ချိတ်ဆက်ခြင်း နည်းလမ်းတစ်ခုကို အသုံးပြု၍ ဂိတ်တံခါးပေါက်လမ်းကြောင်းတစ်ခုကို ချိတ်ဆက်ခဲ့ခြင်းလည်း ဖြစ်သည်။
ဤအတားအဆီးကြောင့်လည်း ယီလန်သည် သန့်စင်မြို့တော်အတွင်းသို့ ဂိတ်ပေါက်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်၍ မရနိုင်ခဲ့ခြင်းလည်းဖြစ်လေ၏။
အစားထိုးအနေဖြင့် သူမသည် သန့်စင်မြို့တော်မှ ကီလိုမီတာ ရာနှင့်ချီ၍ ကွာဝေးသော နေရာတစ်ခုတွင်သာ ထွက်ပေါက်လမ်းကြောင်းကို ဖွင့်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ပရောဟိတ်မ၏ အာရုံခံနိုင်သည့်အကွာအဝေးအတွင်းမှ ရှောင်ရှားနိုင်ရန် လုံလောက်သော အကွာအဝေးတစ်ခုမှာတော့ ရှိနေခဲ့လေသည်။
အာရန်သည် ပင်လယ်နဂါးဧကရီ၏လက်ကို ဆုပ်ကိုင်ထားဆဲ ထွက်ပြေးခဲ့ကာ ထိုနေရာသို့ ရောက်ရှိလာခဲ့၏။
ဤသည်မှာ အာရန်အား ယီလန်မ၏ ဦးဆောင်ခြင်းအောက်တွင်မဟုတ်ပဲ ထိုသို့ ဟင်းလင်းပြင် ခရီးသွားသည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။
ပင်လယ်နဂါးဧကရီ ရိပ်မိသွားမည်ကို မလိုချင်သောကြောင့်လည်း ဖြစ်၏။
အစားထိုးအနေဖြင့် သူသည် ပင်လယ်နဂါးဧကရီနှင့် အဆင့်တူနီးပါးရှိနေပြီဖြစ်သော သူ၏ ခန္ဓာတစ်ခုလုံးအပေါ်တွင်သာ ဖိအားအားလုံးကို ခံယူစေခဲ့သည်။
ပင်လယ်နဂါးဧကရီသည် ဂိတ်ပေါက်အပြင်သို့ရောက်သည်နှင့် သူမကိုယ်သူမ သန့်စင်မြို့တော်အနီးတွင်ရောက်ရှိနေကြောင်း သိလိုက်ရသဖြင့် အလွန် အံ့အားသင့်သွားခဲ့ရသည်။
သူတို့သည် ဤမျှတိုတောင်းသော အကွာအဝေးတစ်ခုကို ခရီးသွားခဲ့ရုံ ဆိုပါက နေရာလွတ် ဂိတ်ပေါက်အတွင်းမှ ထွက်ရန် အဘယ်ကြောင့် ထိုမျှအထိ အချိန်ယူခဲ့ရသည်ကို သူမ အနည်းငယ် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်ခဲ့၏။
သူမသည် အာရန်ကို စူးစမ်းရန် ဆန္ဒရှိနေခဲ့သော်လည်း သူ၏ဖြူဖျော့နေ သောမျက်နှာကို မြင်လိုက်ရသည်နှင့် ထိုအတွေးကို ရပ်တန့်လိုက်သည်။
သူမသည် သူ၏လက်များကို ဆုပ်ကိုင်မိထားဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုများသည် ရှုပ်ထွေးလျက်ရှိကြောင်း ခံစားသိနိုင်ခဲ့သည်။
အာရန်၏နှာခေါင်းမှ သွေးအနည်းငယ် စီးကျနေခဲ့ပြီး သူ၏နှုတ်ခမ်းများအား နီရဲစေခဲ့သည်။
“ရှင်အဆင်ပြေရဲ့လား” ဟု သူမက အာရန်ကို မေးလိုက်သည်။
အာရန်သည်အဘယ်ကြောင့် ထိုမျှ ထိခိုက်သွားရသနည်း။
သူတို့ မထွက်ခွာစဉ်က သန့်စင်ပရောဟိတ်မမှ သူ့အား တစ်စုံတစ်ရာ ထိခိုက်အောင်လုပ်ခဲ့ခြင်းများလား။
၎င်းသည် သူမတွေးနိုင်သော တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်ဖြစ်၏။
“အဆင်ပြေပါတယ်”
အာရန်က သူမ၏လက်ကို လွှတ်လိုက်ပြီး ပင်လယ်နဂါးဧကရီကို အဝေးသို့ တွန်းထုတ်လိုက်သည်။
“ကျုပ်မှာ ပြီးအောင်လုပ်စရာ တခြားကိစ္စလေးအချို့ ရှိနေသေးတယ် ဒါကြောင့် ကျုပ်ကို ဒီမှာပဲ စောင့်နေပါ ကျုပ်ပြန်လာတဲ့အချိန်ကျရင် အကြောင်းစုံ ရှင်းပြပါမယ်”
သူသည် သေးငယ်သော ဆက်သွယ်ရေးသလင်းကျောက်တစ်ခုကို ပင်လယ်နဂါးဧကရီထံ ပစ်ပေးလိုက်သည်။
ထိုသလင်းကျောက်ဖြင့်ဆိုပါက သူသည် သူမနှင့် အပြန်အလှန် ဆက်သွယ်နိုင်ရုံသာမက သူမ၏ တည်နေရာကိုပါ ရှာဖွေနိုင်မည်ဖြစ်၏။
အခြားတစ်ဖက်တွင်မူ သူမသည် သူ့အား ရှာဖွေ၍မရနိုင်ပေ။
အာရန်သည် သူ၏အမြင်အာရုံများ ဝေဝါးလျက်ရှိနေခဲ့သောကြောင့် သူသည် ထိုသလင်းကျောက်တုံးလေးကိုပင် မှန်မှန်ကန်ကန် မပစ်နိုင်ခဲ့ပေ။
သို့သော် ပင်လယ်နဂါးဧကရီသည် ၎င်းကို မိအောင်ဖမ်းလိုက်နိုင်ပြီး အာရန်အား စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေခဲ့သည်။
သူမသည် ပြင်ပလူစိမ်းများကို သာမန်အားဖြင့် မုန်းတီးလေ့ရှိသော်လည်း သူမ၏ မျိုးနွယ်တူများကိုမူ အမြဲတမ်း ဂရုစိုက်လေ့ရှိသည်။
သူမ၏မျက်လုံးများတွင် အာရန်သည် သူမ၏ အင်ပါယာရှိ နဂါးများထက်ပင် ပို၍ အဆင့်မြင့်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်နဂါး၏ အမွေဆက်ခံသူပင် ဖြစ်နိုင်သောကြောင့်ပင်တည်း...။
သူမသည် ၎င်းကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ၎င်းကိုသူမ၏ မသိစိတ်တွင်မူ အလိုလို ယုံကြည်မိပြီးသား ဖြစ်လေသည်။
သူမသည် ထိုအကြောင်းကို သူ့ကို မေးမြန်းလိုခဲ့သော်လည်း သူက အဖြေပေးနိုင်သည့် မှန်ကန်သော စိတ်အခြေအနေတွင် ရှိနေပုံမရပေ။
“ရှင်ခဏလောက် အနားယူသင့်...”
သူမသည် အာရန်အားအနားယူဖို့ဖျောင်းဖြရန် ကြိုးစားလိုက်ရာ အာရန်က ထိုသို့ဆိုးရွားသောအခြေအနေတွင်ပင် နဂါးလျှာအစွမ်းကို အသုံးပြုလိုက်သည်။
ထို့နောက် နောက်ထပ်ဂိတ်တံခါးပေါက်တစ်ခု ပွင့်လာခဲ့ပြီး ထိုအထဲသို့ ဝင်ရောက်သွားကာ ပင်လယ်နဂါးဧကရီအား နောက်ချန် ထားခဲ့သည်။
ထို့နောက်ဂိတ်ပေါက်သည်ပြန်ပိတ်သွားခဲ့ပြီး ဧကရီကမူ သူမ၏လက်ကို မြှောက်လိုက် နိုင်ရုံသာရှိသေးသည်။
သူမသည် သန့်စင်မြို့တော်အနီးတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းသည် ကောင်းကင်နဂါး၏နှလုံးသား တည်ရှိရာနေရာနှင့် သိပ်မဝေးတော့ပေ။
အာရန်သည် သူမအား ကောင်းကင်နဂါး နှလုံးသား ၏ တည်ရှိရာနေရာနှင့် ဤမျှနီးကပ်စွာ ခေါ်ဆောင်လာခဲ့သော်လည်း သူမကို ဤနေရာတွင်သာ စောင့်ဆိုင်းနေရန် ပြောခဲ့သည်။
သူမသည် ကောင်းကင်နဂါး၏ အမွေဆက်ခံသူကို မဆုံးရှုံးလိုသောကြောင့် ထိုနေရာသို့ တစ်ဦးတည်း ဝင်ရောက်ရန် စိတ်ပိုင်းဖြတ်ရာတွင် အနည်းငယ် တွန့်ဆုတ်မှုများ ရှိနေခဲ့၏။
သူမသည် ကောင်းကင်နဂါး၏ နှလုံးသားတည်ရှိရာ ဘက်သို့ ကြည့်ရင်း အတွင်းစိတ်တွင် ဒွိဟများ ဖြစ်နေခဲ့ရသည်။
ထိုသို့ ပင်လယ်နဂါးဧကရီသည် သန့်စင်အင်ပါယာ၏ မြောက်ဘက် ကီလိုမီတာ ရာနှင့်ချီဝေးသောနေရာတစ်ခုတွင် ရောက်ရှိနေစဉ်တွင် ၎င်းနှင့် အလားတူ အကွာအဝေးတစ်ခုရှိ တောင်ဘက်ပိုင်း နေရာတစ်ခုတွင် အခြားအုပ်စုတစ်စု လည်း ရှိနေခဲ့လေ၏။
၎င်းသည် သန့်စင်ပရောဟိတ်မမှ ပင်လယ်နဂါးဧကရီကို လိုချင်သကဲ့သို့ သို့မဟုတ် ပို၍ပင် လိုချင်နေသော အုပ်စုတစ်စုပင်ဖြစ်သည်။
၎င်းတို့မှာ ဝိညာဥ်လမ်းလျှောက်သူနှင့် အတုအယောင် ပရောဟိတ်မတို့ အုပ်စုပင်ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မြို့စားအိမ်တော်တွင် သန့်စင်ပရောဟိတ်မသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့်အတူ အာရန်ဝင်သွားသော ဇီယာ၏ အခန်းရှေ့တွင် ပေါ်လာခဲ့သည်။
#Catfoot