← Chapters

အရေးကြီးအခိုက်အတန့်

Vol. 55 Ch. 893

အရေးကြီးအခိုက်အတန့်

Vol. 55 Ch. 893

မိမိ၏ မူလ “အဖွဲ့”က ဖျက်ဆီးခံလိုက်ရကြောင်း ချန်လွေ့ မသိသေးပေ။ သူက လက်စလီနှင့်အတူ စေတန်အဖွဲ့ လူစုမည့်နေရာကိုသာ သွားနေခဲ့သည်။

“ဒီနေရာမှာ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေ မရှိတဲ့ပုံပဲ။”

“ရိုင်ခိုနန် နဲ့ ရိုစထရီ တို့က ဒီနေရာကို တာဝန်ယူထားတာ ဖြစ်လောက်တယ်။ သူတို့က ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို ယာယီ ချေမှုန်းထားတာ နေမယ်။”

လက်စလီ ပြောသည့်အတိုင်းဆိုလျှင် ရိုင်ခိုနန်က တိုင်းပြည်အဆင့် ကနဦးပိုင်းဖြစ်ပြီး ရိုစထရီက နတ်ဆိုး အရှင်သခင်အဆင့် ဖြစ်သည်။ စေတန်အဖွဲ့၏ တာဝန်က စွမ်းအား ကြီးမားလေလေ တာဝန်ယူရမည့် အပိုင်းက ပိုမို ကြီးလားလေ‌လေ ဖြစ်ပြီး ဥပဒေသ အပိုင်းအစများ ပိုမို၍ လိုအပ်လေလေ ဖြစ်ပေသည်။ သတ်မှတ်ထားသော အရေအတွက်ကို သတ်မှတ်ထားသော အချိန်အတွင်း ပြီးမြောက်ခဲ့ပါက ပိုလျှံသော အရာများမှာ သူတို့အပိုင် ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့ ဖြန့်ဝေသော အစီအစဉ်က ဆာရီရယ် အဖွဲ့ထက် များစွာ သာလွန်သော်လည်း မည်သို့ဖြစ်စေကာမူ ထိုကဲ့သို့ ပူးပေါင်းမှုမျိုးတွင် စည်းလုံးရန် မဖြစ်နိုင်ပေ။ အင်အား ကြီးသူများက အားနည်းသူများကို ကျွန်ပြုကာ ထိန်းချုပ် ပေလိမ့်မည်။ အဖွဲ့သားများကလည်း အချင်းချင်း အကွက်ဆင် နေကြသည်။

“တစ်ယောက်ယောက် လာနေတာကို အာရုံခံမိတယ်။” ချန်လွေ့က မိုးပေါ်ကို မော့ကြည့်လိုက်သည်။ ထိုရက်များ၌ ချန်လွေ့က လက်စလီ၏ အကာအကွယ်အောက်တွင် ခြေသလုံး အိမ်တိုင် ဝိညာဉ်များကို သုတ်သင်ပြီးနောက် ကြယ်ကြွေတမန်ဓားမှ ရရှိထားသော ဝိညာဉ်စွမ်းအားကို လုံးဝ ခြေဖျက်နိုင်ခဲ့သည်။ ဝိညာဉ်စွမ်းအား နှစ်ဆကျော် တိုးသွားကြောင်း သူ ခံစားလိုက်ရသည့်အတွက် အာရုံခံ စွမ်းရည်က ကြီးကြီးမားမား တိုးတက်သွားပြီး သာမန် တိုင်းပြည်အဆင့် ထိပ်သီးပိုင်းထက်ပင် ကျော်လွန်သွား၏။ ထိုအရာက လက်စလီထက် သာလွန်ပေသည်။

ခဏအကြာ လက်စလီကလည်း တစ်စုံတစ်ယောက်ကို အာရုံခံလိုက်မိသည်။ “၂ယောက် လာတယ်။ သူတို့ရဲ့ စွမ်းအား အငွေ့အသက်အရ ရိုင်ခိုနန် နဲ့ ရိုစထရီတို့ ဖြစ်လောက်တယ်။ သခင်။ သူတို့နှစ်ယောက်ကို သတ်ချင်လား။”

“သတ်ဖို့လား။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သွေးရောင် လက်စွပ်က အရောင်တောက်လာသည်ကို မြင်သောအခါ သူက အကြံတစ်ခု ရသွားခဲ့သည်။ “ခဏနေဦး။ မင်းနဲ့အတူ လူစုမယ့် နေရာကို လိုက်သွားဖို့အတွက် ငါ အကြံကောင်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်တယ်။”

နာရီဝက်ကြာပြီးနောက် လက်စလီနှင့် “ရိုင်ခိုနန်”တို့က လေထဲ၌ ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်က လူစုမည့် နေရာသို့ ပျံသန်းသွားလိုက်ကြသည်။

၂ရက်ကြာပြီးနာက် သူတို့နှစ်ယောက်က မိုးပျံကျွန်း တစ်ခုစီသို့ ရောက်လာခဲ့လေသည်။

ရိုင်ခိုနန်အဖြစ် ရုပ်ဖျက်ထားသော ချန်လွေ့က စေတန် အဖွဲ့သားများနှင့် နောက်ဆုံးတွင် တွေ့ဆုံခဲ့ရသည်။ လက်စလီ အပြင် အခြား၅ယောက် ရှိနေသည်။ ၂ယောက်က နတ်ဘုရား တစ်ပိုင်းအဆင့်၊ ၂ယောက်က တိုင်းပြည်အဆင့် ဖြစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက် ရှိသည်။

နတ်ဘုရားတစ်ပိုင်းအဆင့်က ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ပြီး ထိပ်သီးပိုင်းဖြစ်သော မဟာနတ်ဆိုး အန်ကွစ်နှင့် ဘယ်ဇီဘတ် တော်ဝင်မိသားစုမှ အလတ်ပိုင်း ဗက်ဇယ်နာတို့ ဖြစ်ကြသည်။ လစ်ဇတ်နှင့် စပါရီးတို့က တိုင်းပြည်အဆင့်များ ဖြစ်၏။ ဝယ်လ်ဟုခေါ်သော နတ်ဆိုး အရှင်သခင်အဆင့် တစ်ယောက်လည်း ရှိသည်။ ချန်လွေ့နှင့် လက်စလီတို့အပြင် စုစုပေါင်း (၇)‌ယောက် ရှိနေ၏။

ချန်လွေ့၏ မျက်လုံးများက မြေပေါ်ရှိ သလင်းကျောက် ခေါင်းတလားထံသို့ ရောက်ရှိသွားသည်။ ၎င်းက ရေခဲ ဖန်သားဖြင့် ပြုလုပ်ထားပြီး အထဲတွင် အမျိုးသမီး တစ်ယောက်က ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သူက အိပ်မောကျနေပုံရသည်။ ချန်လွေ့က မှတ်မိသော တစ်ဖနီ ဆိုသည်မှာ အသေအချာပင်။

သံသယ အဝင် မခံရစေရန်အတွက် ချန်လွေ့က ၎င်းကို အကြာကြီး မကြည့်ခဲ့ပေ။ အန်ကွစ်နှင့် ဗက်ဇယ်နာတို့က နတ်ဘုရားတစ်ပိုင်းအဆင့်များ ဖြစ်ကြသည်။ အထူးသဖြင့် အန်ကွစ်က နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်းဖြစ်ရာ သူတို့ကုိ အင်အားသုံး မတိုက်ခိုက်နိုင်ငေပ။

အန်ကွစ်၏ ပထမဆုံး စကားကို ချန်လွေ့ကို မေးလိုက်ခြင်းပင်။ “ရိုင်ခွန်အန်။ မင်းက ဘာလို့ လက်စလီနဲ့ ပြန်လာတာလဲ။ ရိုစထရီကော။”

ချန်လွေ့က မျက်လွှာချလိုက်သည်။ “ကျုပ်တို့က ခြေသလုံး အိမ်တိုင် ဝိညာဉ်အုပ်လိုက်ကြီး အဝိုင်းခံခဲ့ရတယ်။ ရိုစထရီ သေသွားတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ပြန်လာနေတဲ့ လက်စလီနဲ့ ဆုံခဲ့တယ်...”

“လက်စလီ။ နင် သူ့ကို ကယ်ခဲ့တာလား။” ဗက်ဇယ်နာက လက်စလီကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ဘယ်ဇီဘတ် တော်ဝင်မိသားစုတွင် [ ရုပ်သေး ] ကို အာရုံခံနိုင်သော အထူး စိတ်ဝိညာဉ်စွမ်းအား ရှိလေသည်။ အဇ်ဂါလောက နတ်ဘုရား-ဝါးမျို မျက်နှာဖုံးဖြင့် ပြုလုပ် ထားသော ရုပ်သေး ဖာတီလုိကို မြင်နိုင်ခဲ့လေသည်။ သို့သော် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ ရုပ်သေးအစွမ်းက ကိုယ်ပိုင် စွမ်းအားနှင့် ဆက်နွှယ်နေပေသည်။ ချန်လွေ့က လက်စလီကို ရုပ်သေးအဖြစ် ပြောင်းလိုက်သောအခါ [မီးသင့်နဂါးဝင်စီးခြင်း] အခြေအနေ၌ ရှိနေခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် အတော်လေး နီးကပ်နေခဲ့သည်။ ထို့အပြင် ဖောက်မမြင် နိုင်စေရန်အတွက် ချန်လွေ့က လက်စလီထံ “ဝိညာဉ် ချပ်ကာ” ကို အသုံးပြုပေးခဲ့သည်။ အမျက်ဘုရင် ချပ်ကာ၏ “ဝိညာဉ်ချပ်ကာ”က မူလခုခံမှု၏ အစွမ်းတဝက် ရှိလေသည်။ အရေးကြီးဆုံးအရာမှာ စိတ်ဝိညာဉ် တိုက်စားမှုကို ပြီးနိုင်ခြင်းပင်။ ထို့ကြောင့် ထိုအခြေအနေ၌ ဗက်ဇယ်နာ၏ စိတ်ဝိညာဉ်စွမ်းအားက လက်စလီကို ဖောက်မြင်နိုင်မည် မဟုတ်ပေ။

လက်စလီက ခေါင်းညိတ်ပြီး ပြုံးပြကာ ဘာမှ မပြောပေ။ ချန်လွေ့က ခါးသက်သက် အမူအရာနှင့် ဥပဒေသ အပိုင်းအစ ထုတ်ယူပြီး အန်ကွစ်ထံ ကမ်းပေးလိုက်သည်။ “ဆာ-အန်ကွစ်။ ဒါက ကျုပ်နဲ့ ရိုစထရီ ပေးရမယ့် ဝေစုပါ။”

ဗက်ဇယ်နာက လက်စလီကို ထပ်မကြည့်တော့ပေ။ သူက တစ်ခုခု လွဲနေကြောင်း သတိထားမိဟန်မတူပေ။ သူက မျက်မှောင်ကြုတ်လိုက်၏။ “ဗို့ဇ်နဲ့ မာစီက ဘာလို့ မပြန်လာသေးတာလဲ။”

“ခဏ စောင့်ဦး။ နောက်ဆုံးအချိန် မ‌ရောက်သေးဘူး။” အန်ကွစ်က သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။ “အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြန်မလာဘူးဆိုရင် အဖွဲ့ထဲက ထွက်သွားတယ်လို့ သတ်မှတ်ခံရပြီးတော့ အသတ်ခံရမယ်။”

ဗက်ဇယ်နာမှလွဲ၍ ကျန်သောသူအားလုံးက အန်ကွစ်၏ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်အောက်တွင် ခေါင်းငုံ့ လိုက်ကြသည်။ ချန်လွေ့က တွေးလိုက်သည်။ စေတန် အဖွဲ့ကလည်း လူကောင်းတွေ မဟုတ်ဘူး။ ဒါပေမဲ့ စေတန် အဖွဲ့ အားသာချက်မှာ သူတို့မှာ သော့ “တစ်ဖနီ” ရှိနေတာပဲ။ အဲဒါကြောင့် သူတို့က အဖွဲ့ဝင်တွေ ထွက်ပြေးသွားမှာကို မစိုးရိမ်ကြဘူး။ ဘာလို့လဲဆိုတော့ တစ်ဖနီကပဲ “တံခါး”ကို ဖွင့်နိုင်တာလေ။ အဖွဲ့ကနေ ထွက်သွားမယ်ဆိုရင် ဒီလောကကြီးထဲမှာ နေနေရတာက သေဖို့ပဲ ရှိမှာ။

နောက်တစ်ရက်နီးပါး ကုန်ဆုံးသွားခဲ့ပြီး လူစုမည့် နောက်ဆုံး နေ့ရက် အချိန်အကန့်အသတ် ကုန်တော့မည် ဖြစ်သည်။ အန်ကွစ်က ဘာမှ မပြောသော်လည်း သူ၏ အကြည့်အရ သူတို့နှစ်ယောက် ပြန်လာလျှင်ပင် သေချာ‌ပေါက် အဆုံးသတ်မည်ဖြစ်ကြောင်း မြင်နေရ၏။

“ငါတို့မှာ ဥပဒေသ အပိုင်းအစ ၅ခု လိုသေးတယ်။ နေရာလွတ်တံခါးကို ဖွင့်ဖို့အတွက် အရေအတွက် ပြည့်အောင် ငါနဲ့ ဗက်ဇယ်နာတို့က လွဲပြီးတော့ မင်းတို့ တစ်ယောက်စီက နောက်ထပ် ဥပဒေသ အပိုင်းအစတစ်ခုပေးရမယ်။”

လူတိုင်းက တုန်လှုပ်ခြောက်ခြားစွာဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ ပြောရမည်ဆိုလျှင် ပေးရမည့် ဥပဒေသ အပိုင်းအစများအပြင် အနည်းနှင့်အများ သိမ်းထားမည့် သူများ ရှိကြပေသည်။ အန်ကွစ်က သူတို့ အသည်းအသန် ရထားသော ကိုယ်ရေးကိုယ်တာ ပစ္စည်းများကို တောင်းသောအခါ မည်သူမှ မပေးချင်ကြပေ။

“ဆာ-အန်ကွစ်...” ချန်လွေ့က ပထမဆုံး ပြောလိုက်၏။ “လွန်ခဲ့တဲ့ ၂ရက်ကဆိုရင်တော့ ကျုပ် ချက်ချင်း ထုတ်ပေးမှာပါ။ ဒါပေမဲ့ အခုတော့... ကျုပ်မှာ မရှိလို့ပါ။ ကျုပ်ကို ခွင့်ပြုမယ်ဆိုရင် အခုချက်ချင်းပဲ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို အမဲလိုက်ပါ့မယ်။”

ထိုသို့ ပြောပြီးနောက် ချန်လွေ့က လက်စလီကို ဒေါသတကြီးနှင့် ကြည့်လိုက်ရာ “ရိုင်ခိုနန်”ကို လက်စလီ ကယ်ခဲ့ခြင်းမှာ ဥပဒေသ အပိုင်းအစအားလုံး ပေးခဲ့ရသည့် အတွက်ကြောင့် ဖြစ်ကြောင်း အားလုံး နားလည်သွားကြ၏။ ရိုစထရီကပင် လက်စလီ သတ်ခြင်းကို ခံခဲ့ရနိုင်သည်။

ထိုအချိန်၌ အန်ကွစ်နှင့် ဗက်ဇယ်နာတို့၏ နောက်ဆုံး သံသယများ မရှိတော့ပေ။ သို့သော် လက်စလီက ချန်လွေ့ကို စိုက်ကြည့်နေလိုက်၏။

အန်ကွစ်က ရိုင်ခိုနန်နှင့် လက်စလီကြားမှ ရန်ငြိုးများကို ဂရုမစိူက်ုပေ။ အဖွဲ့ကြားမှ တင်းမာမှုများက သူ့အတွက် ပိုမို၍ အကျိုးရှိပေသည်။ ပုရွက်ဆိတ် ရိုစထရီကိုမူ သေသေ ရှင်ရှင် သူ ဂရုပင် မစိုက်ချေ။

“လက်စလီ။ ရိုင်ခိုနန်ရဲ့ ဝေစုကိုလည်း လွှဲပေး။ ပြီးတော့ ကျန်တဲ့သူတွေက တစ်ယောက် တစ်ခုစီပေး။” အန်ကွန်က ပြောလိုက်သည်။ “ရိုင်ခိုနန်။ နောက်ပိုင်း မင်းက တံခါးကို အရင်းဆုံး ဝင်ရမယ်။”

အားလုံးက တွန့်ဆုတ်နေကြသော်လည်း အန်ကွစ်က သူ့ဘက်ကို ဗက်ဇယ်နာ ခေါ်ထားလိုက်ပြီ ဖြစ်သည့်အခါ သူတို့တွင် ခုခံရန် အခြေအနေ မရှိတော့ဘဲ အပိုင်းအစများ ချက်ချင်း ပေးလိုက်ရတော့သည်။

စုစုပေါင်း အပိုင်းအစ ၂၄ခု ရှိသည်။ အန်ကွစ်က မြေပေါ်တွင် ခြောက်ထောင့်ကြယ်တစ်ခုကို စတင်၍ ရွေးဆြွ တော့သည်။ ထို့နောက် သူက ကြိုတင်ပြင်ဆင်ထားသော ခရမ်းရောင် ကျောက်ပြားကို ထုတ်ယူပြီး သက်ဆိုင်ရာ နေရာ၌ စီစဉ်ထားလိုက်သည်။ ထိုကျောက်ပြားများပေါ်တွင်လည်း ရှေးမှော်စာများရှိကြောင်း ချန်လွေ့ သေသေချာချာ မြင်နေရ၏။

ထိုမှော်စာများက အလွန်ကြီးမားသော စွမ်းအား အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပြီး အဓိပ္ပာယ်က အလွန်လေးနက်ကာ လျို့ဝှက်ဆန်းကြယ်ပေသည်။ ချန်လွေ့၏ လက်ရှိအဆင့်အရ ယေဘုယျ ဆိုလိုရင်းကိုသာ နားလည်၏။ ထိုအရာက ဆာရီရယ်၏ မှော်စာအပေါ် လမ်းညွှန်မှု ရရှိခဲ့ပြိး နောက်တွင်ပင် ဖြစ်လေသည်။ ထိုကျောက်ပြားများက စေတန်ထံမှ ဖြစ်နိုင်ချေများကြောင်း ချန်လွေ့ မှန်းဆလိုက်၏။

ခြောက်ထောင့်ကြယ် အလယ်တွင် တစ်ဖနီ၏ သလင်းကျောက် ခေါင်းတလား ရှိနေသည်။ ချန်လွေ့နှင့် အခြားသူများက အန်ကွစ်၏ အမိန့်အောက်တွင် တစ်ယောက်ချင်းစီ၏ ရှေးမှာ်စာ ကျောက်ပြားများကို နေရာချပြီး သက်ဆိုင်ရာ မှော်စာများထဲသို့ အပိုင်းအစ ၂၄ခုကို ထည့်လိုက်သည်။ ခြောက်ထောင့်ကြယ် အစီအရင်က ထူးဆန်းသော အလင်းရောင်တစ်ခု စတင်ထွက်ပေါ်လာပြီး အစီအရင်ထဲမှ ဥပဒေသ အပိုင်းအစများကလည်း တဖြည်းဖြည်း အရည်ဖြစ်သွားပြီး သလင်းကျောက် အမြုတေ အလင်းရောင်များ ‌တောက်ပလာတော့သည်။ အရည်က ခြောက်ထောင့်ကြယ်၏ ထွင်းစာများနှင့် အက်ကြောင်းများ ထဲသို့ စိမ့်ဝင်သွားခဲပြီး အလွန်ကြီးမားသော သင်္ကေတ တစ်ခု ဖြစ်လာစေသည်။

အရည်ဖြစ်သွားသော သလင်းကျောက်က အငွေ့ ဖြစ်သွားပြန်ပြီးနောက် ကြယ်ကဲ့သို့ အလင်းရောင်က အလယ်မှ ခေါင်းတလားကို လွှမ်းမိုးလိုက်သည်။ ၎င်းက အငွေ့ပုံစံ မပြောင်းသွားသော်လည်း ဥပဒေသစွမ်းအားကို ခြောက်ထောင့်ကြယ်က ထပ်မံသန့်စင်နေပြီး အလွန်အမင်း သန့်စင်သွားကြောင်း ချန်လွေ့ မြင်နိုင်ပေသည်။

သလင်းကျောက် ခေါင်းတလားက ဖြည်းဖြည်းချင်း ‌ထောင်လာပြီး ထိုသန့်စင်ပြီး ဥပဒေသစွမ်းအားကို အဆက်မပြတ် စုပ်ယူနေလေသည်။ သသင်းကျောက် ခေါင်းတလားနှင့် ခြောက်ထောင့်ကြယ် အစီအရင်တို့က သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပျောက်ကွယ် လာခဲ့သည်။ အတွင်းထဲမှ “ပိုးတုံးလုံး”က ၎င်းကို စုပ်ယူပြီး ဆက်လက်၍ အင်အားကြီးလာနေဟန်တူပြီး ပိုးအိမ်ထဲမှ ဖောက်ထွက်တော့မည် ဖြစ်သည်။

နာရီဝက်ကြာပြီးနောက် သလင်းကျောက် ခေါင်းတလားက လုံးဝ “အရည်ပျော်”သွားခဲ့ပြီး အတွင်းထဲမှ အမျိုးသမီး တစ်ယောက်ကို ဖော်ပြလိုက်သည်။ ခြောက်ထောင့်ကြယ် အစီအရင်နှင့် ကျောက်ပြားတို့ကလည်း ခရမ်းရောင်စွမ်းအင် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ဖနီ၏ အပြာဖျော့ရောင် ဆံပင်ကလည်း ခန္ဓာကိုယ် မြှောက်တက် လာခြင်းနှင့်အတူ လှုပ်ရှားနေခဲ့သည်။ သူ့မျက်နှာပေါ်တွင် မျက်နှာလွှား ရှိမနေဘဲ နူးညံ့ကာ လှပသော မျက်နှာ ပေါ်လွင်နေခဲ့သည်။ ထို့နောက် သူ၏ ပိတ်ထားသော မျက်လုံးများ တဖြည်းဖြည်း ပွင့်လာခဲ့သည်။

သူ၏မျက်လုံးက အဖြူအမည်း ဖြစ်နေပြီး ရုတ်တရက် ကြည့်လိုက်လျှင် လူစီဖာ ‌တော်ဝင်မိသားစုမှ [အလင်းအမှောင် နှလုံးသား] နှင့် ဆင်တူပေသည်။ သို့သော်လည်း ထိုကဲ့သို့ အငွေ့အသက်မျိုးက အလင်းဒြပ်စင်နှင့် အမှောင်ဒြပ်စင် တို့သာမဟုတ်ဘဲ ပျက်စီးခြင်းနှင့် ဖန်တီးခြင်း အတူတူ ပေါင်းစပ်ထားသော အငွေ့အသက်တစ်ခု ဖြစ်လေသည်။ ထိုအငွေ့အသက်က စွမ်းအားက သူ၏ မူလ နတ်ဆိုးအရှင်သခင် အဆင့်ကို ကျော်လွန်နေပြီး တိုင်းပြည်အဆင့်သို့ ခုန်တက် သွားစေကာ ဆက်လက်၍ မြင့်တက်နေသေးသည်။

တစ်ဖနီက လက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲ၌ ရှေးမှော်စာများကို ရေးဆွဲလိုက်သည်။ မှော်စာတစ်ခုစီက အလင်းအမှောင် စွမ်းအားများ ပါရှိနေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ၎င်းက ရှည်လျားပြီး ခက်ခဲနက်နဲသော မန္တန်တစ်ခု ဖြစ်ရပေမည်။

ချန်လွေ့က ထိုလေးနက်သော မှော်စာ၏ အဓိပ္ပာယ်ကို နားလည်နိုင်သော်လည်း သူ့မျက်နှာပေါ် ရောက်လာသော ဖော်ပြ၍မရသည့် ရှေးအ‌ငွေ့အသက်ကိုသာ ခံစားလိုက်ရပြီး အလိုလို မော့ကြည့်ရမယ့်ခံစားချက်က သူ့စိတ်ထဲမှ ထွက်လာခဲ့သည်။ သူသာမဟုတ်ဘဲ အခြားသူများ အားလုံးပင် ဖြစ်သည်။

ထိုအခိုက် တစ်ဖနီ၏ အခြေအနေက အလွန်ပင် ထူးဆန်းနေသည်။ သူက သတိလစ်သွားဟန်တူသည်။ သူက ခြောက်ထောင့်ကြယ်စွမ်းအားဖြင့် ရုပ်သေးတစ်ရုပ်ကဲ့သို့ လှုပ်ရှားနေပြီး မန္တန်ကို အပြီးသတ်နေသည်။

ထိုရှေးကျပြီး သံသရာ အငွေ့အသက်က ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ ထိုမန္တန် ပြီးသွားသည်နှင့် နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဖရိုဖရဲဘုံသို့သွားရာ “တံခါး”က ပွင့်လာမည် ဖြစ်ပေသည်။

ထိုအချိန် တစ်ခုခုကို အာရုံခံမိလိုက် သကဲ့သို့ပင် အန်ကွစ်၏ နားများက လှုပ်ရှားသွားခဲ့သည်။ သူက နောက်လှည့်ပြီး အဝေးမှ ကောင်းကင်ကိုကြည့်ကာ မျက်မှောင် ကြုတ်လိုက်၏။ ထို့နောက်တွင် ဗက်ဇယ်နာကလည်း တစ်ခုခု မူမမှန်သည်ကို သတိထားမိသွားသည်။ ချန်လွေ့က တတိယမြောက် သတိထားမိသူဖြစ်ပြီး လက်ကို အသာလေး ဆုပ်ထားလိုက်၏။

အော်သံတွေ....

ထိုအရာက‌ ခြေသလုံးအိမ်တိုင် ဝိညာည်များက အော်သံများ ဖြစ်ပေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် နှစ်ယောက် ဖြစ်သော အန်ကွစ်နှင့် ဗက်ဇယ်နာတို့ ရှိနေသည့် အတွက်ကြောင့် ထိုဝိညာဉ်အုပ်လိုက်ကြီး ရောက်လာလျှင်ပင် ကြောက်စရာ မရှိပေ။ သို့ရာတွင် ထိုအရာ သာမန် ခြေသလုံး အိမ်တိုင် ဝိညာဉ်အုပ်လိုက်ကြီး မဟုတ်ပေ။

အသံလာကာ ဘက်ကို ကြည့်ရမည်ဆိုလျှင် လူတိုင်း ရှိနေသော ကျွန်းပေါ်တွင် ဖြစ်လေသည်။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို အမဲလိုက်ခဲ့သော ချန်လွေ့၏ အတွေ့အကြုံများအရ ထိုအော်သံ၏ အတိုင်းအဆနှင့် စွမ်းအားတို့က အနည်းဆုံး သောင်းနှင့်ချီ ရှိလောက်ပေသည်။ ထိုကဲ့သို့ အရွယ်အစားရှိသော ခြေသလုံး အိမ်တိုင် ဝိညာဉ်များတွင် အနည်းဆုံး နတ်ဘုရားတစ်ပိုင်း အဆင့် ၄၊၅ကောင် ရှိလေသည်။

အသံများ ပိုမို၍ ထင်ရှားလာသောအခါ အန်ကွစ်နှင့် ဗက်ဇယ်နာတို့က မျက်နှာအမူရာများ ပြောင်းလဲသွားကြပြီး ချန်လွေ့၏ မျက်လုံးများက အံ့အားသင့်မှုများ ပြည့်နှက် နေခဲ့သည်။ ခြေသလုံးအိမ်တိုင် ဝိညာဉ်အရေအတွက်က ငါ ခုနက မှန်းထားတာထက်ကို ပိုပြီးတော့ များနေတယ်။

အော်သံတွေကိုပဲ နားထောင်မယ်ဆိုရင် အဲဒီ ဝိညာဉ်တွေက အတော်လေး မြန်တဲ့ပုံပဲ။ အထူးသဖြင့် အရှေ့မှာရှိတဲ့ အကောင်၂၀လောက်ရဲ့ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့် နှစ်ယောက်ကိုတောင် အဟန့်အတား ဖြစ်စေဖို့ လုံလောက်တယ်။

နတ်ဘုရားတစ်ပိုင်းအဆင့်က ၄၊ ၅ ကောင် မဟုတ်ဘဲ အကောင် ၂၀ ဖြစ်နေတာပဲ။

“ဗက်ဇယ်နာ....” အဝေးမှ အေးစက်စက် အသံတစ်သံ ထွက်လာခဲ့သည်။ ထိုအသံကို ချန်လွေ့က အတော်လေး ရင်းနှီးနေခဲ့သည်။ ထိုသူက ဆာရီရယ်အဖွဲ့မှ “ခေါင်းဆောင်” ခီရက်ဇ်ဆာ ဖြစ်၏။

“နင်တို့ရဲ့ လူစုမယ့်နေရာကို နင်တို့ အဖွဲ့သား နှစ်ယောက် ဆီကနေ ငါသိခဲ့တယ်။” ခီရက်ဇ်ဆာ၏ အသံက ပိုမို၍ နီးကပ်လာခဲ့သည်။ “နင့်အတွက် အထူးလက်ဆောင်။ ကြိုက်ရဲ့လား။ မိတ်ဆွေ‌ဟောင်းကြီး။”

“ခီရက်ဇ်ဆာ။ နင် မသေသေးဘူးပဲ။” ယခုတစ်ခေါက် ဗက်ဇယ်နာက အံကြိတ်လိုက်ရသည်။ ထိုရန်သူက မသေသည့် အပြင် ထိုကဲ့သို့ အရေးကြီး အခိုက်အတန့်၌ ကြောက်မက်ဖွယ်ရာ တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့လေ၏။

ဗို့ဇ်နှင့် မာစီတို့ ပြန်မလာရသည့် အကြောင်းရင်းမှာ နောက်ဆုံး ထောင်ခြောက်မှ လွတ်မြောက်သွားခဲ့သော ခီရက်ဇ်ဆာနှင့် တွေ့သွားခဲ့ခြင်းကြောင့်ပင်။ သူတို့က ခီရက်ဇ်ဆာ၏ ဖိအားပေးခြင်းကို ခံရပြီး လူစုမည့် နေရာကို ပြောပြလိုက်ရသည်။ သူတို့၏ အဆုံးသတ်ကိုတော့ စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

ထိုနေရာတွင် နတ်ဘုရားတစ်ပိုင်းအဆင့် နှစ်ယောက် ရှိကြောင်း ခီရက်ဇ်ဆာ သိသည်။ တစ်ယောက်က သူပင် မကိုင်တွယ်နိုင်သော နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်း ဖြစ်သည့်အတွက် အင်အားကြီးသော ခြေသလုံးအိမ်တိုင် ဝိညာဉ်အုပ်လိုက်ကြီးကို ခေါ်လာခဲ့ပြီး ခုနက ရန်ငြိုးကို ပြန်လက်စားချေရန် တစ်ပုံစံတည်း ပြုလုပ်ခဲ့၏။

“မင်းတို့တွေ မစ်-တစ်ဖနီကို ကာကွယ်။” အန်ကွစ်က လေထဲသို့ မြောက်တက်သွားပြီး အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။ “ဗက်ဇယ်နာ။ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို လမ်းလွှဲကြမယ်။ တံခါး မပွင့်ခင်အထိ သေချာ တောင့်ခံထား။”

အန်ကွစ်က အခြားသူများကို ကာကွယ်ရန် ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ခြင်းမဟုတ်ဘဲ ကျန်ရှိသော သူများက တိုင်းပြည်အဆင့်များသာ ဖြစ်နေ၍ ဖြစ်၏။ သူတို့က ခီရက်ဇ်ဆာကို တိုက်ခိုက်ပြီး ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို လမ်းကြောင်းမလွှဲနိုင်ကြပေ။ အခုမှာ အရေးကြီးအခိုက်အတန့် ဖြစ်နေသောကြောင့် မတော်တဆ တစ်ခုခုက တစ်ဖနီကို ဖြစ်သွားမည်ဆိုလျှင် စေတန် အဖွဲ့ တစ်ခုလုံး အသက်ရှင်နိုင်မည် မဟုတ်ကြပေ။

ဗက်ဆယ်နာကလည်း ၎င်းကို သဘောပေါက်သည်။ စူးစူးဝါးဝါး အသံတစ်ခုနှင့်အတူ သူက လျှပ်စီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အန်ကွစ်နောက် လိုက်သွားတော့သည်။

All Chapters