ပရိယာများသော တိုက်ပွဲ၊ မိစ္ဆာမျက်ဆံ နှင့် မိစ္ဆာမျက်ဆံ
Vol. 55 Ch. 894
အန်ကွစ်နှင့် ဗက်ဇယ်နာတို့က နေရာရွှေ့ပြောင်းသော အမြန်နှုန်းက အလွန်အမင်း မြန်ဆန်လှသည်။ ခဏအကြာ သူတို့က အသံထွက်လာနေသော နေရာသို့ ရောက်ရှိ သွားကြသည်။ သူတို့နှစ်ယောက်က စိတ်ကို ပြင်ဆင် ထားသည့်တိုင် ထိုအခိုက်အတန့်၌ ထိတ်လန့်စွာဖြင့် ပင့်သက် ရှိုက်လိုက်မိကြသည်။
ခြေသလုံးအိမ်တိုင် ဝိညာဉ် အရေအတွက်က ထင်ထား သည်ထက် များနေ၏။ အဝေးက ကြည့်လျှင် အဆုံးမဲ့သော ပင်လယ်တစ်ခု ကဲ့သို့ပင်။
ရှေ့တန်း တစ်ခုတည်း၌ပင် နတ်ဘုရားတစ်ပိုင်းအဆင့် ဝိညာဉ် အကောင်၃၀ကျော် ရှိနေ၏။
သူတို့က နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ လိုက်နေသော အမြန်ပျံသန်းနေသည့် ပုံရိပ်ကို ကြည့်လိုက်သည်။ ထိုပုံရိပ်က ဆံပင် ဖရိုဖရဲဖြစ်နေပြီး အောက်ပိုင်းက မြေခန္ဓာကိုယ်ရှိသော အမျိုးသမီး တစ်ယောက် ဖြစ်၏။ ထိုအမျိုးသမီး၏ အမြန်နှုန်းက မြန်ဆန်ပြီး နှေးကွေးနေသည်။ သူ၏ ဒဏ်ရာက ပေါ့သေးသေး ဟုတ်ပုံမရဘဲ စေတန်အဖွဲ့ လူစုသောနေရာသို့ ခြေသလုံး အိမ်တိုင်ဝိညာဉ် အုပ်လိုက်ကြီးကို မျှားခေါ်နေလာခဲ့သည်။
ခီရက်ဇ်ဆာ။ ဗက်ဇယ်နာက အရေးကြီးသော အခိုက်အတန့်၌ ကြီးမားသော အန္တရာယ်ကို ခေါ်ဆောင် လာခဲ့သော တရားခံကို ပြင်းထန်သော အမုန်းတရားဖြင့် ကြည့်လိုက်၏။
ဒဏ်ရာအပြင်းအထန် ရနေသော ခီရက်ဇ်ဆာက အတူတူသေရန် စိတ်ကူး ရှိနေပုံရသည်။ သူက စွမ်းအား အကုန်ဖြင့် သူတို့နှစ်ယောက်ထံ တည့်တည့် ပျံသန်းလာ၏။ ထိုနတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်များက အန်ကွစ်နှင့် ဗက်ဇယ်နာတို့၏ တည်ရှိမှုကို တွေ့ရှိသွားကြပြီဖြစ်ကာ အချို့က သူတို့ထံသို့ အမြန်ပြေးလာ နေကြပြီ ဖြစ်သည်။
ဗက်ဇယ်နာက ပင့်သက်ရှိုက်လိုက်ရာ နေရာလွတ်က တဒုတ်ဒုတ် မြည်လာခဲ့ပြီး ရှေ့တွင် အလွန်ကြီးမားသော ဝဲကတော့တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ထိုအရာက ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော ဝါးမျိုခြင်း ပင်။
ထိုအရာက နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ အကြွင်းမဲ့ ဝါးမျိုခြင်း စွမ်းအားကို မယှဉ်နိုင်သော်လည်း ထိုကဲ့သို့ ပါရမီမျိုးက အသေးအဖွဲ မဟုတ်ပေ။ အထူးသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်က အသုံးပြုသော အခါ၌ ဖြစ်သည်။ ရုတ်တရက် ပျံသန်းလာသော နတ်ဘုရားတစ်ပိုင်း အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များက နှေးကွေးသွား၏။ ဝဲကတော့က ၎င်းတို့၏ ခန္ဓာကိုယ်မှ အဖြူရောင်မြူများကို အဆက်မပြတ် ထုတ်ယူနေပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း မှိန်ပျောက်လာသည်။ လောင်ကျွမ်းခြင်းကို ပထမဆုံး ခံစားရသည်မှာ ခီရက်ဇ်ဆာပင်။ သူ၏ မြွေခန္ဓာက ဝါးမျိုခြင်းစွမ်းအားအောက်တွင် သေးသထက် သေးလာ၏။
ရုတ်တရက် ဗက်ဇယ်နာက တစ်ခုခု မှားသွားကြောင်း ခံစားလိုက်ရပြီး “ခီရက်ဇ်ဆာ”က ပြောင်းလဲသွားကာ မျက်နှာ အမှန် ပြသလာကြောင်း မြင်လိုက်ရသည်။ ထိုအရာက ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်နေသည်။ သူက ရုပ်ဖျက်ထားသော အလွှာကိုသာ ဝါးမျိုလိုက်ပုံရသည်။
“ဗို့ဇ်....” ဗက်ဇယ်နာက အံ့အားသင့်သွားခဲ့သော ထို “ခီရက်ဇ်ဆာ”၏ တကယ့်ခန္ဓာကိုယ်က စေတန်အဖွဲ့မှ အချိန်မီ ပြန်မရောက်လာနိုင်ခဲ့သော တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် ဗို့ဇ် ဖြစ်နေလေသည်။
သို့ရာတွင် ထိုအချိန်၌ ဗို့ဇ်က အလောင်းဖြစ်နေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က လျို့ဝှက် ပညာရပ်များဖြင့် မြွေကြေးခွံ အများအပြား ဖုံးလွှမ်းနေပြီး တစ်ခုချင်းစီက ခီရက်ဇ်ဆာ၏ တကယ့်သွေးများ ပါဝင်နေသည်။ ထိုအရာက ဗို့ဇ်အား ယာယီကိုယ်ပွား ပြုလုပ်ခြင်းနှင့် ညီမျှပေသည်။ ထိုကိုယ်ပွားကို ဖန်တီးခြင်းးကလည်း ခီရက်ဇ်ဆာ၏ စွမ်းအား အများအပြားကို ကုန်ဆုံးစေခဲ့သည်။ သို့သော်လည်း သူ၏ ဗျူဟာက အောင်မြင်ခဲ့သည်မှာ သေချာ၏။ နတ်ဘုရား တစ်ပိုင်းအဆင့် ထိပ်သီးပိုင်းဖြစ်သော အန်ကွစ်သည်ပင် ၎င်းကို သတိမထားမိခဲ့ပေ။
တည်ကြက်လုပ်တဲ့ ဗျူဟာပဲ။ အန်ကွစ်နဲ့ ဗက်ဇယ်နာတို့ စိတ်ထဲ၌ ထိုအသုံးအနှုန်း ပေါ်ထွက်လာခဲ့သည်။ သူတို့၏ အတွေးများက နောက်ဘက်မှ “အသိုက်ဟောင်း”ဆီသို့ ပျံသွားချင်စိတ် ဖြစ်သွားခဲ့သည်။ ထိုအချိန် ဗို့ဇ်၏ ခန္ဓာကိုယ်က ပူဖောင်းတစ်ခုကဲ့သို့ အလျင်အမြန် ဖောင်းတင်း လာခဲ့သည်။ အဖြူရောင် အလင်းတစ်ခုလည်း တောက်ပနေပြီး အလွန်အမင်း အန္တရာယ်များသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေလေသည်။
“ဒါက ဥပဒေသ အပိုင်းအစရဲ့ စွမ်းအားပဲ။ နောက်ဆုတ်။” အန်ကွစ်က ပထမဆုံး တုံ့ပြန်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်က အလျင်အမြန် နေရာ ပြောင်းရွှေ့လိုက်၏။
ဗက်ဇယ်နာကလည်း အလျင်အမြန် နေရာပြောင်းရွှေ့ လိုက်သော်လည်း နောက်ကျသွားလေပြီ။ ဗို့ဇ်၏ ခန္ဓာကိုယ်က အကန့်အသတ်အထိ ဖောင်းတင်းသွားခဲ့ပြီး ကြောက်စရာ ပေါက်ကွဲမှုမှုတစ်ခု ရုတ်ချည်းဖြစ်သွားတော့သည်။
အလွန်ကြီးမားသော မှိုပုံစံ တိမ်တိုက်တစ်ခု ဖြစ်လာကာ ဗက်ဇယ်နာ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ အလင်းရောင်ကြောင့် မည်းနက်သွားခဲ့သည်။ အနီးအနားရှိ နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ် များကလည်း အပိုင်းပိုင်း ဖြစ်ကုန်သည်။ အမြန်ဆုံး တုံ့ပြန်ခဲ့သည့် အန်ကွစ်သည်ပင် နောက်ဆက်တွဲလှိုင်းကြောင့် တုန်လှုပ်သွားခဲ့ပြီး အတွင်းအင်္ဂါများ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
သူက အနီးအနားတွင် မရျှိသောလည်း ထိုပေါက်ကွဲမှု၌ ဥပဒေသအပိုင်းအစ ၁၀ခုကျော် ရှိခဲ့သည်။ ထို့အပြင် ၎င်းက တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ကြားခံအနေဖြင့် ပြုလုပ်ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
ဒဏ်ရာအပြင်းအထန် အရရှိဆုံးကတော့ ဗက်ဇယ်နာပင်။ နောက်ဆုံးမိနစ်၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ထွက်ပေါ် လာခဲ့သော [ ယုံကြည်မှုချပ်ကာ ] က စုတ်ပြတ်သွားခဲ့ပြီး မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ ရှိနေခဲ့သည်။ သူ၏ ဝါးမျိုခြင်းစွမ်းအားက ပေါက်ကွဲမှု တစ်စိတ်တစ်ပိုင်းကို ဝါးမျိုနိုင်ခဲ့သော်လည်း ဥပဒေသ အပိုင်းအစ၏ စွမ်းအင်က များပြားလွန်းလှသည်။ ၃၀%ကိုသာ စုပ်ယူနိုင်ခဲ့ပြီး ၇၀%က ဗက်ဇယ်နာ၏ ခန္ဓာကိုယ်ကို တည့်တည့် ထိသွားခဲ့သည်။ သူ၏အသက်ဓာတ် ကြီးကြီးမားမား ထိခိုက်သွားခဲ့ပြီး တိုက်ခိုက်ရေး စွမ်းအား ကလည်း အနည်းဆုံး တဝက်ခန့် လျောကျသွားခဲ့သည်။
[ ယုံကြည်မှုချပ်ကာ ] နှင့် ဝါးမျိုခြင်း စွမ်းအားတို့ကြောင့် သာမဟုတ်လျှင် ဗက်ဇယ်နာ၏ အခြေအနက ပို၍ပင် ဆိုးနေလိမ့်မည်။
အနီးအနားရှိ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ချေမှုန်း ခံရပြီး ပျောက်ကွယ်သွားကြသော်လည်း ၎င်းတို့က အကြောက်တရားကို လုံးဝ မသိကြပေ။ နောက်မှ ဝိညာဉ်များ လုံးဝ မရပ်သွားခဲ့ဘဲ အဆုံးမရှိ ချီတက်လာနေပြီး ဒဏ်ရာ အပြင်းအထန် ရထားသော ဗက်ဇယ်နာကို ဝိုင်းရံလိုက်၏။
နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်အများစုက ပေါက်ကွဲမှုကြောင့် ပြန်မကောင်းနိုင် သေးသော်လည်း နောက်မှ ဝိညာဉ်ပင်လယ်က ကြီးမား လွန်းလှပြီး အလယ်တွင် တိုင်းပြည်အဆင့်များ အများအပြား ရှိနေသည်။ ၎င်းတို့က ဗက်ဇယ်လာကို ဝိုင်းရံပြီး အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
ယခုတွင် ဗက်ဇယ်နာက အားအနည်းဆုံး အခြေအနေ ဖြစ်နေခဲ့သည်။ အရေးပေါ် ဖြစ်နေကြောင်း သိသည့်အတွက် သူက အော်ပြောလိုက်၏။ “အန်ကွစ်။ ကျွန်မကို ကယ်ပေးပါ။ ကျွန်မမှာရှိတဲ့ ဥပဒေသ အပိုင်းအစ အကုန်လုံး ပေးမယ်။”
အဝေးမှ အန်ကွစ်က ခဏ တုံ့ဆိုင်းသွားခဲ့ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ ဥပဒေသ အပိုင်းအစများက နှစ်လိုဖွယ်ရာ ဖြစ်သော်လည်း အသက်ထက် မည်သည့် အရာမှ အရေးမကြီးပေ။ သူက ရန်သူ၏ တည်ကြက်ဗျူဟာ၏ ပြဿနာကို ထည့်မတွက်လျှင်ပင် ထိုအအခြေအနေ၌ သူက ရှေ့မှ ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို လမ်းပြနေရုံသာ ဖြစ်ပေလိမ့်မည်။ သူက တံခါးပွင့်သည်အထိ ကြံ့ကြံ့ခံနိုင်ခဲ့လျှင် အသက်ရှင်ရန် မျှော်လင့်ချက် အတော်လေး မြင့်မားသွား ပေလိမ့်မည်။ သူ ဝိုင်းရံခံလိုက်ရသည်နှင့် နတ်ဘုရား တစ်ပိုင်း အဆင့် ထိပ်သီးပိုင်းသည်ပင် ထိုကဲ့သို့ များပြားလှသော ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို ခုခံနိုင်မည် မဟုတ်ပေ။
ယခုတွင် ဗက်ဇယ်နာကို ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ဝိုင်းရံနေပြီး တိုက်ခိုက်ရေးစွမ်းအားကို ဆွဲဆောင်ထားသည့် အတွက်ကြောင့် သူက အမြန်ပြေးသွားပြီး တစ်ဖနီကို ကာကွယ်ရန် အချိန်ပိုရလောက်ပေသည်။ “သော့” တစ်ခုခု ဖြစ်သွားလျှင် ဥပဒေသ အပိုင်းအစ မည်မျှ ရှိစေကာမူ ရလာဒ်က သေခြင်းသာ ဖြစ်ပေလိမ့်မည်။
အန်ကွစ် ထွက်ပြေးသွားခြင်းကို မြင်သည့်အခါ ဗက်ဇယ်နာ၏ မျက်နှာက ကြံရာမရသော အမူအရာ ပြသလိုက်၏။ သူက အံကြိတ်လိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံးတွင် မရေမတွက်နုိင်သော အလင်းရောင် အစက်များ ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးယင်ကောင်များ အဖြစ်သို့ ပြောင်းလဲသွားကာ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်သည်။ သို့သော်လည်း ပတ်ပတ်လည်မှ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ပိုပို၍ များလာပြီး မကုန်နိုင်သကဲ့သို့ ဖြစ်နေသည်။ နတ်ဘုရား တစ်ပိုင်းအဆင့် စိတ်ဝိညာဉ် စွမ်းအားဖြင့်ပင် ထိုကဲ့သို့ များပြားလှသော စိတ်ဝိညာဉ်တိုက်စားမှုကို မခံနိုင်ပေ။ ထို့ကြောင့် သူက မချိမဆံ့နှင့် တောင့်ခံနေရသည်။ ကြောက်စရာ အကောင်းဆုံးမှာ ခုနက အပိုင်းပိုင်း ဖြစ်သွားသော နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များကလည်း အလျင်အမြန် ပြန်ကောင်းလာနေခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ ရုတ်တရက် အပြောင်းအလဲ ဖြစ်လိမ့်မည်ဟု ချန်လွေ့ မသိခဲ့ပေ။ အန်ကွစ်နှင့် ဗက်ဇယ်နာတို့ ထွက်သွားခြင်းကြောင့် ချန်လွေ့က စိတ်ထဲ၌ အစီအစဉ် အသစ်တစ်ခု ပြုလုပ်လိုက်သည်။ စိတ်ကူးထားသည်မှာ ထိုနတ်ဘုရား တစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ယောက်က ခြေသလုံးအိမ်တိုင် ဝိညာဉ်များဖြင့် တိုက်ခိုက်နေရပြိး မလွတ်မြောက်နိုင်ခင်တွင် သူက တစ်ဖနီနှင့်အတူ တံခါးကို ဝင်ရောက်နိုင်သည်။ သို့မဟုတ် ထွက်ပြေးရန် ကြိုးနိုင်သည် ဟူ၍ပင်။
သို့သော်လည်း စိတ်ကူးက စိတ်ကူးသာ ဖြစ်သည်။ သူက တစ်ဖနီ၏ မန္တန် ပြီးမြောက်ရန်ကို စောင့်ဆိုင်းရင်း သတိထား နေရဆဲပင်။
တစ်ဖနီက မှော်စာတစ်ခုကို ရေးလိုက်တိုင်း ရှေးဟောင်း အငွေ့အသက်တစ်ခုက ပိုမို၍ ကျယ်ပြန့်လာခဲ့ပြီး သူ၏ ပတ်ပတ်လည်မှ ဥပဒေသ စွမ်းအားဖြင့် စုစည်းလားသော ခရမ်းရောင်မြူလည်း အားနည်းသွားခဲ့သည်။ ခရမ်းရောင်မြူ များပြားလာသည်နှင့်အမျှ ထိုတံခါးဖွင့်မည့် မန္တန် ပြီးမြောက်ရန် အချိန်တစ်ခု ယူရဦးမည် ဖြစ်သည်။
ရုတ်တရက် ချန်လွေ့ တစ်ခုခုကို သတိထားမိလိုက်ပြီး ဘေးနားမှ လက်စလီကို ရုတ်တရက် တွန်းလိုက်၏။ “သတိထား။”
တစ်ချိန်တည်းနီးပါးမှာပင် ပုံရိပ်တစ်ခုက မြေပြင်ကို ဖောက်ထွက်လာခဲ့သည်။ လက်စလီကို ချန်လွေ့က တွန်းထုတ် လိုက်၍သာ လက်မတင်လေး ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် ထိုပုံရိပ်က ရေကဲ့သို့ စီးဆင်းနေဟန်တူသည်။ ၎င်းက လမ်းတလျှောက်မှ တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ယောက် ဆီသို့ သွားလိုက်သည်။ လစ်ဇက်နှင့် စပါရီးတို့က သိမ့်သိမ့်တုန်သွားပြီး ငြိမ်သက်သွားခဲ့သည်။ သူပုံရိပ်က ဖြတ်သန်းသွားသောအခါ သူတို့က အမှန်တကယ်ပင် စုတ်ပြတ်သွားခဲ့လေသည်။
သူတို့နှစ်ယောက် တိုင်းပြည်အဆင့် ကနဦးပိုင်းနှင့် အလတ်ပိုင်းတို့ ဖြစ်ကြလေသော်လည်း ထိုစွမ်းအားကို ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ချက်ချင်း အသတ်ခံလိုက်ရ၏။
“ခီရက်ဇ်ဆာ..” ချန်လွေ့က ထိုပုံရိပ်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ ခုနက ဖြစ်ခဲ့သည်ကို တွေးမိလိုက်ပြီး ချန်လွေ့က ခီရက်ဇ်ဆာ၏ အကြံအစည်ကို ချက်ချင်း နားလည်သွားကာ တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။
တကယ်ကောင်းတဲ့ လှည့်ကွက်။ တကယ်ကောင်းတဲ့ တည်ကြက်ဗျူဟာပဲ။
လက်စလီက လက်ခနဲ ဖြစ်သွားပြီး ကိုယ်ယောင်ပျောက် ပါရမီကို အသုံးပြုကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ခီရက်ဇ်ဆာက လွန်ခဲ့သော ရက်အနည်းငယ်က ဗက်ဇယ်နာ၏ လှည့်ကွက်ကြောင့် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့ရာ ရန်သူက သူ့နာမည် သိနေသည်ကို အံ့အားသင့် သွားခဲ့သည်။ သူက ဘာမှမသိဘဲ သင်္ကေတ ရေးဆွဲနေသော တစ်ဖနီကို ကြည့်လိုက်ပြီးနောက် အသက်ရှင်ကျန် နေသေးသော လူသုံးယောက်ကို ကြည့်လိုက်သည်။ သူက “သော့”ပတ်ပတ်လည်မှ ရန်သူများကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း “တိုင်းပြည်အဆင့် ကနဦးပိုင်း” တစ်ယောက်က သူ၏ အလစ်တိုက်ခိုက်မှုကို အမှန်တကယ် မြင်သွားခဲ့ပြီး အရေးကြီးသော အခိုက်အတန့်၌ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း အမျိုးသမီးကို တွန်းထုတ် ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရာက အမှန်တကယ် အံ့အားသင့်စရာပေ။
ဒါပေမဲ့ ခုနက ကံကောင်းသွားတာ ဖြစ်လောက်တယ်။ ပြိုင်ဘက်မှာ အထူးအာရုံခံ စွမ်းအားဖြစ်ဖြစ်၊ ကိုယ်ယောင် ဖျောက်တာပဲဖြစ်ဖြစ်၊ တိုင်းပြည်အဆင့် ပုရွက်ဆိတ်တွေက ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ အရေးကြီးတာက ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပြီးတော့ “သော့”ကိုယူ၊ ပြီးရင် “တံခါး”ကို အမြန်ဆုံး ဝင်သွားဖို့ပဲ။
ထိုအချိန် အဝေးတွင် အလွန်ကြီးမားသော ပေါက်ကွဲသံ တစ်ခု ပေါ်ထွက်လာခဲ့ပြီး ခီရက်ဇ်ဆာ၏ မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ၏ အနက်ရောင်ဆံပင်က ရုတ်တရက် ရှည်သွားပြီး မျက်လုံးများက မြွေမျက်လုံးများအဖြစ် ပြောင်းလဲသွား၏။
အနီးအနားရှိ အလင်းရောင်များ ရုတ်တရက် မှိန်သွားပြီး ကြက်ခြေခတ် အနက်ရောင် ပိုးမျှင်များက နေရာလွတ်ကို မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပိုင်းဖြတ်နေဟန် တူသည်။ ဝယ်လ်အမည်ရသော နတ်ဆိုးအရှင်သခင် အဆင့်က မြွေမျက်လုံးများနှင့် မျက်လုံးချင်း ဆုံသွားပြီး ချက်ချင်းပင် ကျောက်ရုပ် ဖြစ်သွားခဲ့သည်။ အနက်ရောင် ပိုးမျှင်က လွှဲရိုက်လိုက်ရာ ရုပ်ထုက ကြေမွပြီး အမှုန့် ဖြစ်သွားတော့သည်။
ခီရက်ဇ်ဆာက မယ်ဒူဆာ မျိုးနွယ်စုမှ ဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် မြွေမျက်လုံးများနှင့် အကြည့် ဆုံသည်နှင့် သူက အချိန်မီ ရှောင်တိမ်းလိုက်၏။ သို့ရာတွင် သူက မကြည့်သည့်တိုင် စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ မြွေမျက်လုံးတစ်စုံ ပေါ်ထွက်လာနေခဲ့သည်။ သူက စိတ် တစ်ခုလုံး သေသွားပြီး ခန္ဓာကိုယ်က မာကြောလာကြောင်း ခံစားလိုက်ရသည်။ ထိုအရာက ရိုးရှင်းသော စိတ်ဝိညာဉ် စွမ်းအား တိုက်စားခြင်း မဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်း တိုင်းပြည်စွမ်းအားနှင့် မယ်ဒူဆာ [ ကျောက်ဖြစ်ခြင်း ] ပါရမီ တို့ကို ပေါင်းစည်းထားခြင်း ဖြစ်သည်။
လက်စလီ၏ အသံက အဝေးမှ ထွက်ပေါ်လာပြီး ဖုံးကွယ်မှုကို မထိန်းနိုင်တော့ဘဲ မြေပေါ်သို့ လဲကျသွား၏။ သူ၏ ခန္ဓာကိုယ်က စတင်၍ တောင့်တင်းလာခဲ့သည်။ ခီရက်ဇ်ဆာ၏ တိုင်းပြည်က အမှန်တကယ် ကြောက်စရာ ကောင်းလှသည်။ သူက မကြည့်ဘဲဖြင့်ပင် ကျောက်ရုပ် ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ [ ကျောက်ဖြစ်ခြင်း ] စွမ်းအားက သာမန်ထက် အဆပေါင်း ထောင်နှင့်ချီ သာလွန်၏။
အချိန်မရှိကြောင်း သိသည့်အတွက် ခီရက်ဇ်ဆာက သူတို့နှစ်ယောက် လုံးဝ ကျောက်ဖြစ်သွားရန် မစောင့်ဆိုင်း နေခဲ့ပေ။ သူ ချန်လွေ့အရှေ့သို့ နေရာပြောင်းရွှေ့လိုက်ပြီး တစ်ချက်တည်း သတ်ပစ်ရန် အသင့်ပြင်လိုက်စဉ် တစ်ဖက်လူက ရုတ်တရက် ခေါင်းမော့ပြီး မိမိကို ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။
ချက်ချင်းပင် ခီရက်ဇ်ဆာက အနီရောင် အလင်းများ တလက်လက်ဖြစ်နေသော ကောင်းကင်မှ ကြယ်များကို မြင်လိုက်ရဟန်တူသည်။
အင်အားကြီး အငွေ့အသက်တစ်ခုက “တိုင်းပြည်အဆင့် ပုရွက်ဆိတ်”ထံမှ ပေါက်ကွဲထွက်လာခဲ့ပြီး ချက်ချင်းပင် ခီရက်ဇ်ဆာကို ထိတ်လန့်သွားစေသော အဆင့်အထိ ရောက်ရှိသွားခဲ့သည်။
ထိုခန္ဓာကိုယ်က အလွန်အမင်း တလက်လက် ဖြစ်နေပြီး ကြယ်များဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေကာ တလက်လက် အလင်းရောင်များ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင် တစ်ခုလုံး ပြည့်နှက်သွားစေကာ [ ကျောက်ဖြစ်တိုင်းပြည် ] တစ်ခုလုံးထံသို့ ပျံ့နှံ့သွားတော့သည်။ ထိုကဲ့သို့ မတူညီသော တိုင်းပြည်ယုံကြည်မှုနှင့် အသက်စွမ်းအင်တို့က အချင်းချင်း တွန်းကန်နေကြတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် [ကျောက်ဖြစ်ပါရမီ] စွမ်းအားက ဖိနှိပ်ခံလိုက်ရ၏။
ခီရက်ဇ်ဆာ၏ မြွေမျက်လုံးတစ်စုံက အနည်းငယ် ကျုံ့သွားခဲ့သည်။ ငါ့ရဲ့ တည်ကြက်ဗျူဟာက နတ်ဘုရား တစ်ပိုင်းအဆင့် နှစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ လမ်းကြောင်းလွှဲနိုင်ခဲ့တယ်။ ကိုယ်ပွားကို ဥပဒေသ အပိုင်းအစနဲ့ ဖောက်ခွဲပြီးရင် ငါက အလစ်တိုက်ခိုက်ပြီးတော့ “သော့”ကို လုယူမလို့။ ဒါပေမဲ့ ဒီလိုမျိုး အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရှိနေဦးမယ်လို့ မထင်ထားခဲ့ဘူး။
ချပ်ကာ အနီရောင်နှင့် ကြယ်အလင်းရောင်များ တောက်ပနေသော ထိုသူက ဝှေ့ရမ်းလိုက်ရာ ထက်မြက်သော ချီစွမ်းအင်များက ၁၀မီတာကျော် အရှည်ရှိသော ဆုပ်ကိုင် မရသည့် ဓားများကဲ့သို့ ခီရက်ဇ်ဆာထံ ခုတ်ပိုင်းလိုက်၏။
ခီရက်ဇ်ဆာက ထိုဓားသွား၏ ကြောက်စရာ ကောင်းမှုကို ခံစားမိလိုက်သည်။ သူ့ကို ထိသွားသည်နှင့် ခန္ဓာကိုယ် တစ်ခုလုံး နှစ်ပိုင်း ပြတ်သွားပေလိမ့်မည်။ သူက ချက်ချင်းပင် ခေါင်းကိုခါလိုက်ရာ ဆံပင်အရှည်က ရှည်လျားသော ကြာပွတ်တစ်ခုကဲ့သို့ ဖြစ်သွားပြီး ဆုပ်ကိုင်မရသော ဓားချီစွမ်အင်ကို ရင်ဆိုင်လိုက်သည်။ ထို [အရှိန်အဝါ ဓားသွား] က အမှန်တကယ်ပင် ဖယ်ရှားခံလိုက်ရသော်လည်း ခီရက်ဇ်ဆာက ဆံပင်လည်း အနည်းငယ် ပြတ်သွား၏။
ထူးဆန်းသော မီးတောက်တစ်ခုက ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်နေသည့်အတွက် ပြိုင်ဘက်က မည်သည်ကြောင့် မိမိနှင့် အဆင့်တူ ဖြစ်သွားကြောင်းကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။ ရှည်လျားပြီး လောင်ကျွမ်းနေသော အလွန်ကြီးမားသည့် သားရဲ တစ်ကောင်က သောင်ကြမ်းပြီး ကြောက်စရာကောင်းသော အငွေ့အသက်ဖြင့် ထွက်ပေါ်လာတော့သည်။
ထိုအလွန်ကြီးမားသောသားရဲက အထူးအဟုန်တစ်ခု ရှိနေဟန်တူပြီး သူ့အပေါ် အလိုလိုဟန့်တားမှုတစ်ခု ရှိနေဟန် တူသည်။ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်း၍ မရနိုင်တော့ပေ။
ခီရက်ဇ်ဆာ၏ ဝတ်ရုံက ရုတ်တရက် ပျောက်ကွယ်သွားပြီး ဗလာကျင်းခန္ဓာကိုယ်ကို ပြသလိုက်သည်။ ခန္ဓာကိုယ် အပေါ်ပိုင်းက ပြီးပြည့်စုံသော အမျိုးသမီးခန္ဓာကိုယ် ဖြစ်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းက ခရမ်းနီရောင် ကြေးခွံများ ဖုံးလွှမ်းနေသော မြွေခန္ဓာ ဖြစ်လေသည်။
ခီရက်ဇ်ဆာ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ကြေးခွံများက အပေါ်သို့ အလျင်အမြန် ပျံ့နှံ့သွားပြီး ချက်ချင်းပင် တစ်ကိုယ်လုံး ဖုံးလွှမ်းသွားကာ ချပ်ကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအရာက မယ်ဒူဆာများ၏ [ယုံကြည်မှုချပ်ကာ] ပင်။
ထိုအချိန်၌ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော မြွေမျက်လုံးများ ဒါဇင်ခန့် ပေါ်ထွက်လာခဲ့သည်။ သူက အလွန်အမင်း ကြောက်စရာကောင်းနေပြီး အဟုန်က ရုတ်တရက် မိုးထိုးသွားခဲ့သည်။ ချန်လွေ့က ထိုအရာမှာ မိစ္ဆာမျက်ဆံ၏ စွမ်းအားဖြစ်ကြောင်း သေသေချာချာ အာရုံခံမိခဲ့သည်။ မိစ္ဆာမျက်လုံး ဒါဇင်ခန့်ပင်။
[ ယုံကြည်မှုချပ်ကာ ] ကို မိစ္ဆာမျက်ဆံ ဒါဇင်ခန့်၏ တိုးမြှင်မှုနှင့် ပေါင်းလိုက်သောအခါ ခီရက်ဇ်ဆာ၏ မျက်လုံးများက ရုတ်တရက် ငွေရောင်ပြောင်းသွားကာ မီးသင့်နဂါးကို စိုက်ကြည့်လိုက်၏။
မီးသင့်နဂါး၏ အမြန်နှုန်း ရပ်တန့်သွားပြီး တဖြည်းဖြည်း နှေးကွေးသွားကာ ခန္ဓာကိုယ်က ငွေမီးခိုးရောင် အလွှာတစ်ခု ဖံုးလွှမ်းသွားခဲ့ပြီး စွမ်းအင်ခန္ဓာက အမှန်တကယ်ပင် စတင်၍ အစိုင်အခဲ ဖြစ်လာခဲ့သည်။
ခီရက်ဇ်ဆာထံ ချဉ်းကပ်လာသောအခါ မီးသင့်နဂါး တစ်ကောင်လုံးက အစိုင်အခဲ အဖြစ်သို့ လုံးဝ ပြောင်းလဲ သွားတော့သည်။ ခီရက်ဇ်ဆာက ၎င်းကို ကြာပွတ်ဖြင့် ရိုက်လိုက်ရာ အမှန်တကယ်ပင် အမှုန့်ဖြစ်သွားခဲ့သည်။
ချန်လွေ့ အနည်းငယ် အံ့အားသင့်သွား၏။ ခီရက်ဇ်ဆာ၏ စွမ်းအားက မီးသင့်နဂါးကို ကျောက်ဖြစ် စေနိုင်သည်အထိ အလွန် စွမ်းအားကြီးမည်ဖြစ်ကြောင်း မထင်ထားခဲ့ပေ။
သို့ရာတွင် [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း]ကို အသက် သွင်းထားသော သူ့အတွက် [မီးသင့်နဂါး သတ်ဖြတ်ခြင်း]က ပုံမှန် အဆုံးသတ်အကွက်သာ ဖြစ်သည်။ သူက [မီးသင့်နဂါးဟိန်းသံ]ကို အသုံးပြုခဲ့လျှင် ခီရက်ဇ်ဆာ သေချာပေါက် ခံနိုင်မည်မဟုတ်ပေ။ [ဓူဝံကြယ်မုန်တိုင်း]ကိုမူ ပြောစရာပင် မလိုချေ။ ပြဿနာက ဒါတွေအားလံုးက နေရာပြန့်တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ အဲဒါကြောင့် ဒါတွေက တစ်ဖနီကို အနှောင့်အယှက်ဖြစ်မှာ စိုးရတယ်။ ကြည့်ရတာ ငါ တကယ့်တိုက်ခိုက်ရေးမှာ အသုံးရသေးတဲ့ အကောင်းဆုံး ပစ်မှတ်တစ်ခုတည်း အဆုံးသတ် တိုက်ကွက် ဖြစ်တဲ့ [ အစစ်အမှန် အနီရောင် ကွယ်ပျောက်ခြင်း ] ကို စမ်းကြည့်ရမယ့်ပုံပဲ။
ခီရက်ဇ်ဆာက တိုက်ခိုက်ရေး အတွေ့အကြုံ အလွန်အမင်း ကြွယ်ဝပေသည်။ ချန်လွေ့က နောက်ထပ် တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် သူက တန်ပြန်တိုက်ခိုက်လိုက်၏။
ချန်လွေ့က အနည်းငယ် မူးဝေသွားခဲ့ပြီး သူ့အရှေ့တွင် မရေမတွက်နိုင်သော မြွေမျက်လုံး နိမိတ်ပုံရိပ်များ ရှိနေခဲ့သည်။ တောက်ပနေသော [ ကြယ်နီတိုင်းပြည် ] တစ်ခုလုံးက မျက်စိတစ်မှိတ် အတွင်းမှာပင် မျက်လုံးလောက ဖြစ်သွားပြီး ကြယ်များ၏ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်က မြွေမျက်လုံးများ မျက်တောင်ခတ်နေခြင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“[ရက်ရက်စက်စက်အကြည့်]” ခီရက်ဇ်ဆာက အော်ပြော လိုက်ပြီး ပါးစပ်၊ နှာခေါင်းနှင့် နားများမှ တပြိုင်နက်တည်း သွေးများ ထွက်လာခဲ့သည်။ ထိုတိုက်ခိုက်မှုက အလွန်ပင် စွမ်းအားကြီးလှသည့်အတွက် ယွမ်စွမ်းအားနှင့် တိုင်းပြည် စွမ်းအား အများအပြားကို ကုန်ဆုံးစေခဲ့သည်။
မရေမတွက်နိုင်သော မြွေမျက်လုံးများ၏ အလင်းရောင် အောက်တွင် ကြယ်စွမ်းအား ရပ်တန့်သွားပြီး ဝိညာဉ်သည်ပင် အေးခဲလာနေကြောင်း ချန်လွေ့က ထင်ယောင်ထင်မှား ဖြစ်လာခဲ့သည်။
သူက နှာမှုတ်ပြီး မျက်လုံးများကို မှိတ်လိုက်ရာ မြွေမျက်လုံးများ ဖုံးလွှမ်းနေသော [ ကြယ်နီတိုင်းပြည် ] က စတင်၍ တောက်ပလာခဲ့သည်။ အပူချိန်ကလည်း ရုတ်တရက် ကျဆင်းသွားပြီး မရေမတွက်နိုင်သော မြွေမျက်လုံးများက တဖြည်းဖြည်း အစိုင်အခဲ ဖြစ်လာခဲ့သည်။ ထိုအရာက [ကျေက်ဖြစ်ခြင်း] စွမ်းအားမဟုတ်ဘဲ “အေးခဲခြင်း” ဖြစ်၏။
[ရက်ရက်စက်စက်အကြည့်] ကို ကြောက်မက်ဖွယ်ရာ ပျက်စီးခြင်းစွမ်းအားလှိုင်းတစ်ခုက ချိပ်ပိတ်လိုက်ကြောင်း ခီရက်ဇ်ဆာ ခံစားမိလိုက်သည်။ အပေါ်ယံတွင် အေးခဲရုံသာ ဖြစ်ကြောင်း ထင်ရသော်လည်း အမှန်တကယ် အတွင်းပိုင်း ဗဟိုချက်ကို လုံးဝ ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ ထိုအချိန် ချန်လွေ့၏ မျက်လုံးများက ငြိမ်းချမ်းပြီး ထူးဆန်းသော အလင်းရောင်တစ်ခုနှင့်အတူ ပွင့်လိုက်လာခဲ့သည်။ အေးခဲ နေသော မြွေမျက်လုံးများ အားလုံးက ခွပ်ခနဲ အက်ကွဲ သွားတော့သည်။
ခီရက်ဇ်ဆာက ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ မျက်လုံးများနှင့် ငွေမြွေမျက်လုံးတို့မှ သွေးများ ထွက်လာတော့သည်။
“မိစ္ဆာမျက်ဆံ...ဒါက မိစ္ဆာမျက်ဆံ စွမ်းအားပဲ။” ခီရက်ဇ်ဆာက နာကျင်စွာဖြင့် မျက်လုံးကို အုပ်ထားလိုက်၏။ “ရှင်က ဘယ်သူလဲ။”