ပျက်စီးခြင်းနန်းတော် နှင့် ငွေသေတ္တာ
Vol. 55 Ch. 899
ဒီ “ရုပ်အလောင်း”တွေက ..... နတ်ဘုရားတွေလား။
ချန်လွေ့၏ စိတ်ထဲမှ နက်နဲသော လျှို့ဝှက်ချက် များစွာက ချက်ချင်း ထင်ရှားလာခဲ့၏။
ဒါကြောင့် နှစ်တွေအကြာကြီး လူသားလောက အပါအဝင် နတ်ဆိုးဘုံမှာ အံ့သြဖွယ်ရာတွေ မရှိတာကိုး။ ဒါကြောင့် မိုက်ကယ်နဲ့ တခြား ကောင်းကင်တမန်(၃)ပါးက သတ္တိတွေ ရှိနေပြီးတော့ အလင်း နတ်ဘုရားရဲ့ ယုံကြည်မှုကို ခိုးယူ နေခဲ့တာပဲ။
ချန်လွေ့နှင့် လက်စလီတို့သည် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှ ဝိညာဉ်များ ကိစ္စကို တစ်ခါက ဆွေးနွေးခဲ့ဖူးရာ လက်စလီသည် ဥပဒေအပိုင်းအစတစ်ခုမှ စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်များ ပျက်စီးပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။ ထိုအစွမ်းထက် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် အလွန်ပင် အစွမ်းထက်ကြသဖြင့် သေဆုံးပြီးနောက် ဝိညာဉ်များ ဖြစ်လာနိုင်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌ အနိမ့်ဆုံး အစွမ်းထက်ပုဂ္ဂိုလ်များမှာ နတ်ဆိုးအရှင်သခင်အဆင့် ဝိညာဉ်များ ဖြစ်ကြသည်။
ချန်လွေ့ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် ကြုံတွေ့ခဲ့ရသော ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၊ ခီရက်ဇ်ဆာ ခေါ်လာခဲ့သည့် ‘ပင်လယ်’ အပါအဝင် အားလုံးမှာ ကျယ်ပြန့်သော နေရာလွတ်ထဲမှ အလွန်သေးငယ်သည့် အစိတ်အပိုင်းများသာ ဖြစ်ပေလိမ့်မည်။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ဖြစ်ပေါ်လာစဉ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသော စစ်ပွဲများ ဖြစ်ပွားခဲ့သည်ကို စိတ်ကူးကြည့် နိုင်သည်။ ထိုစဉ်က သေဆုံးသူဦးရေသည် ဝိညာဉ်ဦးရေထက် အဆပေါင်းများစွာ ရှိခဲ့ရပေမည်။
ဒီတိုက်ပွဲက ဒဏ္ဍာရီလာ “နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်” ဖြစ်ဖို့များတယ်။
ဒီလျို့ဝှက် ဆန်းကြယ်ပြီးတော့ အင်အားကြီးတဲ့ “ရုပ်အလောင်း”နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် ကြောက်မက် ဖွယ်ရာ မိုးပျံနယ်မြေမှာ အင်အားကြိး ဝိညာဉ် တည်ရှိမှုတွေ အများကြီး ရှိရတဲ့အကြောင်းကို ရှင်းပြဖို့ လုံလောက်တယ်။ ဒီအန္တိမတည်ရှိမှုတွေနဲ့ယှဉ်ရင် နတ်ဆိုးအရှင်သခင်၊ တိုင်းပြည်၊ ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းနဲ့ နတ်ဘုရား-ယောင် အဆင့်တွေ အားလုံးက အလွယ်တကူ စတေးလို့ရတဲ့ ပုရွက်ဆိတ်တွေသာသာပဲ။
ဒါပေမဲ့ “ရုပ်အလောင်း”တွေက ဒဏ္ဍာရီလာ နတ်ဘုရားတွေ ဆိုရင်တောင် သူတို့က တကယ် သေမသေ ဘယ်သူမှ သေချာ မသိနိုင်ကြဘူး။ ဒါပေမဲ့ သေချာတာကတော့ သူတို့က မသေဘူးဆိုရင် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေတာပဲ ဖြစ်ရမယ်။
ချန်လွေ့တွင် ယခုအခါ မေးခွန်းအသစ်များ ပိုမို၍ ရှိလာခဲ့သည်။ ဘယ်အရာက ဒီလိုအန္တိမအရာတွေကို အိပ်မောကျ စေခဲ့တာလဲ။
‘နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်’ အမှန်တရားက ဘာလဲ။
ငွေသေတ္တာကရော ဘာလဲ။
သံသယမျိုးစုံဖြင့် ချန်လွေ့သည် တစ်ဖနီနောက်မှနေ၍ ထိုနက်နဲဆန်းကြယ်သော ဖရိုဖရဲဘုံ အတွင်းသို့ ဆက်လက်ခရီးနှင်ခဲ့သည်။
၇ရက် ကုန်ဆုံးသွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် ၎င်းတို့နှစ်ဦးသည် ကြီးမားသော ‘ရုပ်အလောင်းများ’ အတော်များများကို တွေ့ကြုံခဲ့ရ၏။ ၎င်းတို့ကို ဂရုတစိုက် ရှောင်ရှားခဲ့ကြရာ မည်သည့် အန္တရာယ်မျှ မရှိခဲ့ချေ။
လွန်ခဲ့သည့် ၇ရက်တာလုံး တစ်ဖနီသည် အိပ်စက်ခြင်း မရှိသလောက်ပင် လှုပ်ရှားနေခဲ့သည်။ သူ၏ ကိုယ်ခန္ဓာပေါ်မှ ကြည်လင်သော အလင်းရောင်သည် များစွာ မှိန်မှောင် သွားခဲ့ပြီး သူ၏ အသက်စွမ်းအင်နှင့် ယုံကြည်မှု စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဟု ထင်ရ၏။ ထိုပတ်ဝန်းကျင်၌ သူ၏ လက်ရှိခွန်အားဖြင့် ပြသနေသည့် စိတ်ဆန္ဒမှာ အံ့သြဖွယ်ကောင်းသည်။ ချန်လွေ့က တစ်ဖနီနှင့် ခဏတာ ဆက်သွယ်ပြောဆိုစဉ် ခံစားခဲ့ရသည့်အတိုင်းပင် သူ၌ ထူးခြားသော ခံနိုင်ရည်ရှိသည်။ ထိုခံနိုင်ရည်သည် ငွေရောင်သေတ္တာအတွက် သက်သက် မဖြစ်နိုင်ပေ။ အခြားအရာတစ်ခုခုအတွက် ဖြစ်နိုင်၏။
ဇာတ်လမ်းရှိသော မိန်းကလေးတစ်ဦးပင်။
ရုတ်တရက် တစ်ဖနီ ရပ်တန့်သွား၏။
“ကျွန်မနောက် ထပ်မလိုက်လာနဲ့တော့။”
လွန်ခဲ့သော ရက်များအတွင်း သူ ပထမဆုံးအကြိမ် ပြောခဲ့သည်မှာ “ဆက်သွားရင် သင် သေရလိမ့်မယ်။” ဟူ၍ပင်။
ချန်လွေ့ အံ့သြသွားသည်။ တစ်ဖနီ၏ စကားများမှာ အငြိုးဖြင့် ပြောခြင်းမဟုတ်ဘဲ အကြံဉာဏ်ပေးသည့် လေသံ ဖြစ်ကြောင်း သူနားလည်ခဲ့၏။ စာအုပ်ပေါင်းချုပ်ခန်းမ၏ စတုတ္ထအလွှာတွင် သူ့အား ‘ကယ်တင်ခဲ့ခြင်း’ ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖရိုဖရဲဘုံနှင့် ပတ်သက်၍မူ သူက ချန်လွေ့၌ နောက်ကွယ်က ရည်ရွယ်ချက်များ ရှိသည်ဟု ဆုံးဖြတ်ပြီးသားဖြစ်နေလောက်သည်။ တစ်ဖနီ၏ သဘောထားအရ သူတို့သည် မကြာမီ သတ်မှတ်ထားသော နေရာတစ်ခုသို့ ရောက်ရှိတော့မည်ဖြစ်ကာ ထိုနေရာသည် အန္တရာယ်များလောက်ပေသည်။
ချန်လွေ့ ခဏစဉ်းစားပြီး မေးလိုက်သည်။ “ဒါဆိုရင် ပြောပြပါ။ ဒီကနေ ဘယ်လို ထွက်သွားလို့ ရမလဲ။”
တစ်ဖနီ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “ဘယ်လို ထွက်ရမှန်း မသိဘဲနဲ့ ဘာလို့ ဝင်လာတာလဲ။”
ချန်လွေ့ ပခုံးတွန့်လိုက်သည်။ ဆာရီရယ် ဘာမှ မပြောခဲ့သောကြောင့် သူတကယ်ပင် မသိခဲ့ပေ။
သို့သော် ဆာရီရယ်က ရှေးဟောင်းမှော်မျှော်စင်၏ ပဉ္စမအလွှာ တံခါးဝသို့ ဝင်ရောက်စဉ်က တစ်ခါပြောခဲ့ဖူး၏။
“လိုအပ်ရင် ငါ့ကိုယ်ပွားကို ဆင့်ခေါ်လို့ရတယ်။”
ဟုတ်တယ်။ ဒါက ထွက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လောက်တယ်။ ပြောရရင်တော့ ငွေသေတ္တာကို မရဘဲနဲ့ ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ငါ ဆာရီရယ်ကို ဆင့်ခေါ် လိုက်ရင်တောင် သူက ငါ့ကို ပြန်သွားခွင့်ပေးဖို့ မဖြစ်နိုင်ဘူး။
တစ်ဖနီ ခေါင်းခါပြီး ရှေ့သို့ ဆက်လက်ပျံသန်းသွားသည်။ ချန်လွေ့ နောက်မှ လိုက်ပါရင်း ပြုံးလိုက်သည်။ “ရှေ့မှာ အန္တရာယ် ပိုများနေလို့ ငါ ထွက်သွားလို့ မရဘူး။ ငါ ပြောခဲ့ပြီးပြီ။ ငါမင်းကို ကာကွယ်ပေးမှာပါ။”
တစ်ဖနီ မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မံ၍ စကား မပြောတော့ပေ။ သူအတွက် ‘ကာကွယ်မှု’ အတွက် ဆင်ခြေသည် အလွန်ပင် မဆီလျော်လွန်းသဖြင့် ကလေး တစ်ဦးပင် လှည့်စားခံရမည် မဟုတ်ပေ။ သူက အကြံပေးတာ နားမထောင်မှတော့ ကိုယ့်သေတွင်း ကိုယ်တူးပါစေတော့။
တစ်ရက်ခန့် ကြာပြီးနောက် ရှေ့တွင် နောက်ဆုံး၌ အပြောင်းအလဲအချို့ ရှိလာခဲ့သည်။
စကြဝဠာ ကြယ်တာရာ မြင်ကွင်းမဟုတ်ဘဲ မြူခိုးများ အလွန်ကျယ်ပြန့်သော ဧရိယာကို ဖုံးအုပ်ထားသဖြင့် မှုန်ဝါးနေသော မြင်ကွင်းများ ဖြစ်သည်။ ချန်လွေ့သည် ထိုမြူခိုးများထဲမှ အလွန်သန့်စင်သော ဖျက်ဆီးခြင်း စွမ်းအင်ကို ခံစားမိခဲ့သည်။
ထိုကဲ့သို့သော ဖျက်ဆီးခြင်းစွမ်းအင်မျိုးသည် အထူး အစွမ်းထက်ပုဂ္ဂိုလ်များအတွက်ပင် ကြောက်မက်ဖွယ် ကောင်းသော်လည်း တစ်ဖနီသည် တုံ့ဆိုင်းမှုမရှိဘဲ ပြေးဝင်သွားခဲ့သည်။
အသေအချာပင်၊ သူတို့နှစ်ယောက် ဝင်လိုက်သည်နှင့် နှစ်ဦးစလုံး ဖျက်ဆီးခြင်းစွမ်းအင်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
၎င်းသည် ဥပဒေသစွမ်းအားပင် ဖြစ်၏။
ဖျက်ဆီးခြင်းဥပဒေသသည် ထိုကဲ့သို့သော နေရာလွတ်၌ ၎င်း၏ အပြင်းထန်ဆုံး စွမ်းအားကို အတားအဆီးမရှိ ထုတ်လွှတ်နိုင်သည်။ ရှေ့သို့ ပိုမိုနီးကပ်လေ၊ ဖျက်ဆီးခြင်းစွမ်းအား ပိုမိုအားကောင်းလေ ဖြစ်သည်။ ယခင်နေရာမှ အသက်စွမ်းအင်နှင့် ယုံကြည်မှု စွမ်းအင်များကို စုပ်ယူခြင်းဖြစ်ပါက ဤနေရာ၌ ဖျက်ဆီးခံရမည်သာ ဖြစ်၏။ ၎င်းတို့ ဤနေရာ၌ သုံးစွဲရသည့် စွမ်းအင်သည် ယခင်ကထက် ၁၀ ဆ ပိုမိုများပြားသည်။
စွမ်းအင် ကုန်ခမ်းခြင်းအပြင် ချန်လွေ့၏ ကိုယ်ခန္ဓာ သည်လည်း တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။ သူ့စိတ်ထဲ၌ အနည်းငယ်လှုပ်ရှားပြီး သူနားလည်ထားသည့် ဖျက်ဆီးခြင်း ဥပဒေကို အသက်သွင်းလိုက်သည်။ အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားပြီး ဥပဒေသနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဖျက်ဆီးကာ ‘ပျက်စီး’ စပြုလာခဲ့သည်။ ၎င်းတို့သည် တန့်နေကြ၏။
တစ်ဖနီ၏ ကိုယ်ခန္ဓာမှ အလင်းရောင်များ ပြန်လင်းလာခဲ့သည်။ သူ၏ ကိုယ်ခန္ဓာသည် ဖျက်ဆီးခြင်း စွမ်းအင်ကို မကြောက်ရွံ့ပုံရသော်လည်း သူသည် ယုံကြည်မှု စွမ်းအင်နှင့် အသက်စွမ်းအင်များကို ဆက်လက်ထုတ်လွှတ် နေရန် လိုအပ်သည်။ ချန်လွေ့သည် အလင်းရောင် တောက်ပနေသော်လည်း တစ်ဖနီ၏ အင်အားမှာ ကျဆင်း နေသည်ကို မြင်နိုင်သည်။ ယခု တောက်ပမှုသည် အတွင်းသို့ အလင်းရောင် ထွန်းလင်းနေခြင်းနှင့် အတူတူပင်။
တစ်ဖနီ ထိုအချက်ကို သိရှိသဖြင့် သူသည် ရုတ်တရက် အရှိန်မြှင့်ပြီး ရှေ့သို့ အပြင်းအထန် ပျံသန်းသွားခဲ့သည်။ အချိန်နှင့် အပြိုင် ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ရှေ့မှ မြူခိုးများမှာ ပြောင်းလဲသွားပုံရသည်။ မှုန်ဝါး မနေတော့ဘဲ သက်ဆိုင်ရာ ပုံသဏ္ဌာန်အဖြစ် အခိုင်အမာ ဖြစ်သွားခဲ့သည်။ ထိုနယ်မြေထဲမှ ဖျက်ဆီးခြင်းဥပဒေသ၏ ခွန်အားနှင့် ပြင်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချန်လွေ့၏ ဖျက်ဆီးခြင်းဥပဒေသပင်လျှင် လုံလောက်အောင် မလွယ်ကူ တော့ပေ။ အသက်စွမ်းအင်နှင့် ယုံကြည်မှုစွမ်းအားများမှာ အံ့မခန်း မြန်နှုန်းဖြင့် လျင်မြန်စွာ ကုန်ဆုံးနေသည်။
တစ်ဖနီ၏ ပတ်ဝန်းကျင်မှ အလင်းရောင်များ ရုတ်တရက် တောက်ပလာပြီး အလွန်ပင် မျက်စိကျိန်းစေခဲ့သော်လည်း ချန်လွေ့ မျှော်လင့်ထားသည့်အတိုင်းပင် အလင်းရောင် တောက်ပပြီးနောက် အလျင်အမြန် မှိန်ဖျော့သွားခဲ့သည်။
“မဖြစ်ရဘူး…” တစ်ဖနီသည် သူ၏ ခွန်အားအကုန်ဖြင့် ရှေ့သို့ ပြေးသွားခဲ့သည်။ အလင်းရောင် မပျောက်ကွယ်မီ သူ၏ ဦးတည်ရာသို့ ရောက်ရှိရန် ကြိုးစားခဲ့သည်။ သို့သော် အလင်းရောင်အားလုံး ပျောက်ကွယ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း ဥပဒေသတစ်ခုက သူအား လုံးဝဖုံးအုပ်သွားခဲ့သည်။
အလင်းရောင် ကာကွယ်မှု ဆုံးရှုံးသွားသည့် တစ်ဖနီသည် ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရပုံရသည်။ သူ၌ စိတ်ပျက်အားငယ်သော အမူအရာရှိနေ၏။ သူ၏ ‘အလင်းအမှောင်ခန္ဓာကိုယ်’ ဖွဲ့စည်းပုံနှင့် ဆိုလျှင် ထိုကဲ့သို့ ဥပဒေသမျိုးကို အန္တရာယ်မရှိဘဲ လုံးဝလက်ခံနိုင်သော်လည်း သူ၏ ကိုယ်ပိုင်အသိစိတ်နှင့် ဝိညာဉ် လုံးဝပျက်စီးသွားပြီး ဝိညာဉ်ဆုံးရှုံးသွားသော ‘ကိရိယာ’ တစ်ခု ဖြစ်လာလိမ့်မည်။
၎င်းသည် ‘တစ်ဖနီ’ဟူသောလူ သေဆုံးသွားခြင်းနှင့် အတူတူပင်။
ထိုတာဝန်ကို ပြီးမြောက်နိုင်မည်ဆိုလျှင် သူသည် လုံးဝလွတ်လပ်မှုကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး ဆရာ-စေတန်က သူအား နောက်ထပ်ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမည်ဖြစ်ရာ ထိုအရာက သူ၏ အကြီးမားဆုံး လှုံ့ဆော်မှုပင်။
သို့သော်လည်း ထိုရက်များတွင် သူသည် အပြင်းအထန် ပြေးလွှားခဲ့ရသော်လည်း နှေးကွေးနေဆဲပင်။
အနည်းငယ်လေး နှေးကွေးခြင်း ဖြစ်သော်လည်း နှေးကွေးနေဆဲပင်။
တစ်လှမ်းသာ ကွာခြားခြင်းသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ ကွာခြားချက်ပင်။
လမ်းမှာ လျို့ဝှက်နည်းလမ်းကို သုံးပြီးတော့ ယုံကြည်မှု စွမ်းအားနဲ့ အသက်စွမ်းအားကို အများကြီး သုံးခဲ့တယ်။ အဲဒါကြောင့် နောက်ဆုံး ပန်းတိုင်ကို ရောက်တော့မယ့် အချိန်မှာ လုံးဝ ကုန်ခမ်းတော့မယ်....
ငါ လက်မခံနိုင်ဘူး…
ဒီမှာ မသေနိုင်ဘူး…
အဲဒီနေရာကို သွားချင်သေးတယ်…
ငါ တွေ့ချင်သေးတယ်…
အမေ့ကို…
တစ်ဖနီ၏ သတိက တဖြည်းဖြည်း မှုန်ဝါးလာချိန်တွင် ထူးခြားသော စွမ်းအင်တစ်ခုက သူအား ဖုံးအုပ်လိုက်သည်။ ထိုစွမ်းအင်သည် သူအား နွေးထွေးသော ခံစားမှုကို ပေးခဲ့သည်။ အိပ်မက်ထဲက မိခင်၏ ရင်ခွင်ထဲ၌ကဲ့သို့ပင်။
တစ်ဖနီ သတိရလာသောအခါ သူအား နောက်ကွယ်က ရည်ရွယ်ချက်ရှိသော ထိုသူက ပွေ့ချီထားသည်ကို တွေ့လိုက်ရသည်။ ယုံကြည်မှုစွမ်းအားနှင့် အသက် စွမ်းအားတို့သည် ထိုသူဆီမှ သူ၏ ကိုယ်ခန္ဓာထဲသို့ ဆက်တိုက်ပို့လွှတ်နေပြီး ဖျက်ဆီးခြင်းဥပဒေသ၏ သေစေနိုင်သော ကျူးကျော်မှုကို ခုခံနေသည်။
တစ်ဖနီ၏ အကြည့်သည် ပြန်လည် အေးစက်သွားပြီး သူ၏ ကိုယ်ခန္ဓာ တင်းမာသွားခဲ့သော်လည်း သူ ရုန်းကန်မနေခဲ့ပေ။ အကြောင်းမှာ ထိုအားကောင်းသော ကာကွယ်မှုမှ သူ ထွက်သွားပါက သူ၏ ဝိညာဉ်သည် ပျက်စီးသွားလိမ့်မည်ကို သူ သိသောကြောင့်ပင်။ ထိုအချိန်၌ သူ၏‘ခန္ဓာကိုယ်’က မစ်ရှင်ပြီးမြောက်လျှင်ပင် အဓိပ္ပာယ် မဲ့သွားပေလိမ့်မည်။
ဒီလူရဲ့စွမ်းအားက ဒီလောက် အစွမ်းထက်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီအသက်စွမ်းအားနဲ့ ယုံကြည်မှု စွမ်းအားက အဆံုးမဲ့ ဖြစ်နေသလိုပဲ။ ပြီးတော့ သူက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ဥပဒေသ နယ်မြေမှာ အေးအေးဆေးဆေး သွားလာနေနိုင်တယ်။
သူ့ရည်ရွယ်ချက်က ငွေသေတ္တာ ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ။ ငွေသေတ္တာကို သူ ရှာတွေ့သွားတာနဲ့ ငါက တန်ဖိုး ရှိတော့မှာ မဟုတ်ဘူး။
“ဟိုမှာ…” တစ်ဖနီ ဘေးသို့ လက်ညှိုးထိုးပြလိုက်သည်။ သူ၌ လက်ရှိအချိန်တွင် ရွေးချယ်စရာမရှိတော့ပေ။ ထိုသူ၏ ခွန်အားအကူအညီဖြင့် ငွေသေတ္တာကို ရှာရမည်သာ ဖြစ်သည်။ ထို့နောက်တွင်မူ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်း အပေါ်တွင်သာ မူတည်တော့သည်။
ချန်လွေ့သည် တစ်ဖနီ ညွှန်ပြသည့်ဘက်သို့ အလျင်အမြန် ရွေ့လျားသွားသည်။ မြူခိုးအနည်းငယ်ကို ဖြတ်သန်းပြီးနောက် မြင်ကွင်း ပြောင်းလဲသွားကာ နန်းတော်တစ်ခုကို မြင်တွေ့ လိုက်ရသည်။
ထိုအရာမှာ ကြီးမားခမ်းနားသော နန်းတော်ကြီးတစ်ခု ဖြစ်ပြီး ခံ့ညားထည်ဝါသည်။ ချန်လွေ့ နန်းတော်ကို မြင်လိုက်သည့် အခိုက်အတန့်၌ သူ၏ ဘေးနားမှ ဖျက်ဆီးခြင်းဥပဒေသ၏ စွမ်းအားသည် ရုတ်တရက် ပြိုလဲသွားခဲ့သည်။
ထိုနန်းတော်မှ ထုတ်လွှတ်သော ဖျက်ဆီးခြင်း ဥပဒေသ စွမ်းအားသည် အပြင်ဘက်လောကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော သန့်စင်သည့် ဥပဒေသစွမ်းအား ဖြစ်သည်။ မည်သည့်အရာဝတ္ထုကိုမဆို ပျက်စီးစေနိုင်ပြီး ချန်လွေ့၏ ဥပဒေစွမ်းအားသည် အလွယ်တကူ အနိုင်ယူ ခံလိုက်ရသည်။
ချန်လွေ့သည် နောက်စက္ကန့်၌ ကိုယ်ခန္ဓာနှင့် ဝိညာဉ် ပြိုလဲသွားလိမ့်မည်ဟု အလိုလို ခံစားလိုက်ရသည်။
အမျက်ဘုရင်ချပ်ကာပင် ခုခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် အသူရာ၏ စွမ်းအားနှင့် မစဉ်းစားဘဲ ပေါင်းစပ်လိုက်ရသည်။
ပေါင်းစပ်လိုက်သည့် အချိန်၌ လှိုင်းထနေသော ဥပဒေသ စွမ်းအားသည် ချန်လွေ့၏ ကိုယ်ခန္ဓာကို ဖောက်ထွင်း ဝင်ရောက်သွားခဲ့လေသည်။
ချန်လွေ့သည် သူ၏ ကိုယ်ခန္ဓာ မပျက်စီးသည့်အပြင် သူ၏ ဥပဒေသစွမ်းအား အချို့ကို ‘ထိန်းသိမ်း’ ထားနိုင်သည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထိုအရာမှာ သူ၏ ဖျက်ဆီးခြင်းဥပဒေသအပေါ် နားလည်မှုနှင့် ကိုက်ညီသည်။ ဥပဒေသက အမှန်တကယ်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ဟု သူ ခံစားလိုက်ရသည်။ ‘ထိန်းသိမ်း’ ထားသော အစိတ်အပိုင်း အချို့သည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပြီး အချို့ကိုမူ ချန်လွေ့က စုပ်ယူလိုက်သည်။
ယခု နန်းတော်ကို ပြန်ကြည့်လိုက်သောအခါ ပြောင်းလဲ သွားသကဲ့သို့ပင်။ အစိုင်အခဲ ပုံသဏ္ဌာန် သို့မဟုတ် မြူခိုးပုံရိပ် မဟုတ်တော့ဘဲ ထူးခြားသော ရစ်သမ်များ ပေါင်းစပ်ထားခြင်း ဖြစ်သည် - သန့်စင်သော ဖျက်ဆီးခြင်းဥပဒေသစွမ်းအားပင်။
ဒါက ဖျက်ဆီးခြင်း ဥပဒေ နန်းတော်ပဲ။
တစ်ဖနီသည် မည်သည်မှမထိခိုက်သည့် ချန်လွေ့ကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။ ချန်လွေ့၏ ဥပဒေသ ပြိုလဲသွားစဉ်က သူခံစားမိပြီးသား ဖြစ်သောကြောင့် ထိုသူသည် သေဆုံးရမည်ဟု ထင်ခဲ့သည်။ သူ ဘာမှ မဖြစ်ဘူးလို့ မထင်ထားခဲ့ဘူး။
ငါ့ရဲ့ ဆရာ နတ်ဘုရား-ယောင် အဆင့်ဖြစ်တဲ့ စေတန်တောင် ဒီလိုနေရာမျိုးကို ကိုယ်တိုင် ခြေမချရဲခဲ့ဘူး။
အဲဒါကြောင့် သူက ငါ့ကို နယ်ရုပ်အနေနဲ့ ကြိုးကြိုးစားစား ပျိုးထောင်ပေးခဲ့တာ။
ဒီလူက တကယ် နေနေနိုင်တယ်။
ချန်လွေ့သည် တစ်ဖနီအား ပွေ့ဖက်၍ ဖျက်ဆီးခြင်း နန်းတော်အတွင်း၌ သွားလာနေရင်း ထိုဥပဒေသများ၏ လျှို့ဝှက်ချက်များကို တိတ်ဆိတ်စွာ နားလည်အောင် လုပ်နေခဲ့သည်။
သူ၌ အသူရာ၏ ဖျက်ဆီးခြင်း ခန္ဓာကိုယ်ရှိသည်။ ထိုဥပဒေသများသည် အခြားသူများအတွက် အသေအပျောက် အများဆုံး လက်နက်များ ဖြစ်နိုင်သော်လည်း သူ့အတွက်မူ အလွန်ကောင်းမွန်သော အာဟာရများ ဖြစ်သည်။ တစ်ဖနီသည် အလင်းအမှောင်ခန္ဓာကိုယ် ဖြစ်သဖြင့် ထိုပတ်ဝန်းကျင်၌လည်း အသက်ရှင်နိုင်၏။ ချန်လွေ့က ယုံကြည်မှုစွမ်းအားနှင့် အသက်စွမ်းအားများကို ဆက်လက်ပေးနေသမျှ သူ၏ အသိစိတ် ပျက်စီးလိမ့်မည် မဟုတ်ပေ။
ဥပဒေသ၏ အခြေအနေကို နားလည်ပြီးနောက် ချန်လွေ့သည် နန်းတော်တစ်ခုလုံးမှာ ကဗျာဆန်သော ဥပဒေသတစ်ခု ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သို့သော်လည်း ထိုကဲ့သို့ တည်ဆောက်ပုံ အရဆိုလျှင် မူလဇစ်မြစ်တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သင့်သည်။
ဒီဇစ်မြစ်က နတ်ဘုရား-ယောင် အဆင့်တွေရဲ့ တစ်ခုတည်းသော တာဝန်ဖြစ်တဲ့ ငွေသေတ္တာ ဖြစ်ရမယ်။
ငွေသေတ္တာက ဒီဖျက်ဆီးခြင်းနန်တော်ထဲမှာ ရှိနေတယ်။