တွေ့ဆုံခြင်း
Vol. 1 Ch. 1
အဆုံးမဲ့တောင်တန်း အတွင်းတွင် အမျိုးသမီးငယ်လေးတစ်ဦး အသည်းသန် ထွက်ပြေးနေရ၏။ သူမ၏ အဖြူရောင်ဝတ်စုံသည်လည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူမ၏ နှုတ်ခမ်း မှ သွေးများစီးကျနေပြီး မျက်နှာသည်လည်း ဖြူဖျော့နေ၏။
သူမသည် ရက်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည့် အပြင် ဒဏ်ရာများသည်လည်း အလွန်ပြင်းထန်လှသည်။ ထို့ကြောင့် သူမ၏ အရှိန်သည် တဖြေးဖြေးလျော့ကျလာပြီး လဲကျလုမတက်ဖြစ်နေ၏။
‘ငါလဲ ကျလို့ မရသေးဘူး အဆုံးမဲ့တောင်တန်းကနေ ရအောင်ထွက်ရမယ်’
မည်သို့ပင် သူမ အားတင်းထားပါစေ သူမ၏ အကန့်သတ်ရောက်ရှိသွား ပြီး လဲကျသွားလေသည်။
‘ငါ မိဘတွေကို မရှာနိုင်သေးခင် ငါသေရတော့ မှာလား လောကကြီးက မတရားဘူး... အဲ့ဒီလူတွေ ခဏကြာရင်ရောက်လာတော့မှာ..’
ထိုအတွေးသည် သူမ၏နောက်ဆုံးအတွေးသာဖြစ်ပြီး မေ့မျောသွားလေသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်
“ခေါင်းဆောင်၊ သူမ ကိုရှာတွေ့ပြီ...”
မျက်နှာဖုံးအုပ်ထားသည့် အနက်ရောင်ဝတ်စုံများနှင့် လူတစ်စုသည် မေ့မျောနေသည့် ယွဲ့ဝူယောင် အနီးသို့ ချည်းကပ်လာ၏။
“သတိထားကြ ဒီမိန်းကလေးကို သတ်ဖို့ ငါတို့ အတော်လေးပေးဆပ်ခဲ့ရတယ်၊ ဘာလှည့်ကွက်တွေ ရှိနေဦးမလဲ မသိဘူး အနားမကပ်နဲ့ဦး...”
အနက်ဝတ်ခေါင်းဆောင်သည် အလေးနက်ပြောလိုက်၏။ ယွဲ့ဝူယောင်သည် သားရဲများစွာ ရှိသည့် လမ်းကြောင်းမျိုးစုံမှ ရွှေး၍ ထွက်ပြေးခဲ့၏။ ယွဲ့ဝူယောင်သည် သားရဲများရှိသည့် နေရာ အနီးတွင် ပုန်းကွယ်နေခဲ့ပြီး သူတို့ရောက်ရှိလာသည့် အခါမှ သားရဲများနှင့် ရန်တိုက်ပေးခဲ့ပြီး သူမသည်ထွက်ပြေးလေသည်။ ထို့ကြောင့် အနက်ဝတ်လူအုပ်စု သည် အတော်လေးထိနာခဲ့ရသည်။
“ခေါင်းဆောင် သူမက ငါးရက်လောက် ထွက်ပြေးနေခဲ့တာလေ အားကုန်သွားလောက်ပြီ... ပြီးတော့ သူမ ဒန်တျန် လဲ ကွဲကြေလုနီးပါးဖြစ်နေပြီ... သူမကိုယ်သူမ ဖောက်ခွဲလို့မရတော့ဘူး” နောက်လိုက်တစ်ဦးသည် တွေးတွေးဆဆဖြင့်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူမကို သေချာအောင် သတ်ပစ်ကြ ပြီးရင် အလောင်းပြန်ယူသွားရမယ်...”
“သတ်လိုက်တော့”
ခေါင်းဆောင်အမိန်ပေးလိုက်သည်နှင့်တပြိုင်နက် နောက်လိုက်တစ်ဦးသည် သတ်ရန်ရှေ့ထွက်လာသည်။ မေ့မျောနေသည့် ယွဲ့ဝူယောင် အနားသို့ရောက်လာပြီး နှလုံးတည့်တည့်အား ဓါးဖြင့်ထိုးလိုက်လေသည်။ ဓားသည်နှလုံးအတွင်းသို့ ဝင်ရောက်ခါနီးတွင် ရပ်တန့်သွားလေသည်။ ထိုလိုသည် အားကုန်ထုတ်သုံးပြီး ထိုးနေပေမယ့် သူ၏ဓားသည် တစ်လက်မပင်မရွေ့တော့ချေ။
“ဘာတွေဝေနေတာလဲ အဆုံးသတ်လိုက်တော့...” ခေါင်းဆောင်သည် မျက်မှောင်ကြုပ်သွားပြီး အော်ငေါက်လိုက်သည်။
“ခေါင်းဆောင် ကျုပ်အားကုန်သုံးထားတာ ဓားကမရွေ့...”
“ဟူး...” ထိုအချိန်တွင် တိုးလျသော သက်ပျင်းချသံတစ်ခုပေါ်ထွက်လာသည်။ ထိုအသံသည် ခပ်တိုးတိုးဖြင့်ငြင်သာလှသော်လည်း အနက်ဝတ်လူအုပ်စုသည် ရှင်းလင်းပြတ်သားစွာ ကြားရလေ၏။
“ဘယ်သူလဲ...”သက်ပြင်းချသံကြားကြားချင်း ခေါင်းဆောင်သည် ချီစွမ်းအားများ ထုတ်ဖော်လိုက်၏။ နောက်လိုက်လူများသည်လည်း ဓားများ ချက်ချင်းထုတ်လိုက်ပြီး တိုက်ခိုက်ရန်အသင့်ပြင်ကြလေသည်။
ထို့စဉ် သူတို့၏ အနောက်တွင် အနက်ရောင်ဆံပင်ရှည်များနှင့် အဖြူရောင်ဝတ်စုံရှည်ဝတ်ဆင်ထားပြီး ချောမောလှသည့် လူငယ်တစ်ဦး ရပ်နေလေသည်။
ထိုလူငယ်၏မျက်လုံးများသည် မေ့မျောနေသည့် ယွဲ့ဝူယောင်ကိုသာကြည့်နေလေသည်။
ထိုလူငယ်သည် မည့်သည့်အရှိန်ဝါမျှ ထွက်မနေပဲ သာမန်သေမျိုး ဟုသာ ထင်ရလေသည်။
သို့သော်လည်း အနက်ဝတ်လူများ၏ ရင်ထဲ တင်းကြပ်လာ၏။
“မင်းဘယ်သူ...” ခေါင်းဆောင်၏ စကားမဆုံးလိုက်။ အနက်ရောင်မီးတောက်များသည် ၎င်းတို့ ခန္ဓာကိုယ်များအား လောင်ကျွမ်းပြီး ဝိညာဉ်ပါမကျန် ဝါးမြိုသွား၏။ ထိုလူများသည် မည်သည့်အရာများ ဖြစ်ပျက်သွားသည်တောင်မသိလိုက်ပဲသေဆုံးသွားကြရ၏။ ထို့အပြင် ၎င်းတို့၏ ဝိညာဉ်များပါ ဝါးမျိုသွားသောကြောင့်ပြန်လည်မွေးဖွားခြင်းမပြုနိုင်တော့ပေ။ ထိုနောက်တွင် တည်နေရာတစ်ခုလုံး သည် မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အတိုင်း တိတ်ဆိတ်ငြိမ်သတ်နေ၏။
နာရီအနည်းငယ်ကြာပြီးနောက် မေ့မျောနေသည့် ယွဲ့ဝူယောင် ပြန်လည်သတိရလာသည်။
သတိရလာသော်လည်း ဒဏ်ရာအပြင်းထန် ရထားသည့်အပြင် ဒန်တျန်သည် ကွဲကြေလုနီးပါး ဖြစ်နေသောကြောင့် တစ်ကိုယ်လုံး နာကျင်မှုများဖြင့်ပြည့်နက်နေသည်။ သူမ၏ ကျင့်ကြံမှု အဆင့်သည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ထို့နောက် သူမ၏လည်ပင်းကို အသည်းသန် စမ်းကြည့်လေရာ သူမ၏ဆွဲကြိုးလေးရှိမှန်း သေချာသွားပြီးနောက် စိတ်အေးသွားလေသည်။ ထိုဆွဲကြိုးလေးသည် လခြမ်းပုံစံလေးဖြစ်ပြီး မိန်ပျပျအရောင်ကြောင့် အနက်ရောင်သန်းနေ၏။ ထိုအရာသည် သူမ အသက်ထက်အရေးကြီးသည်အရာဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သူမမိဘများ ရှာဖွေတွေ့နိုင်မည့် မျှော်လင့်ချက်လေးဟု မှတ်ယူထားသောကြောင့်ဖြစ်သည်။
“မင်း နိုးလာပြီလား”
သူမသည် နာကျင်မှုအား အံကြိတ်ပြီး အသံလာရာဘက်သို့ ထကြည့်လိုက်သည်ရာ အဖြူရောင်ဝတ်စုံဝတ် ထားသည့် လူငယ်အား တွေ့လိုက်ရာ အနည်းငယ် အံ့ဩ သွားလေသည်။ ထိုလူငယ်သည် အနီးနားရှိ ကျောက်တုံးပေါ်တွင် ထိုင်ပြီး ယုန်တစ်ကောင်အား မီးကင်နေသည်။
“ ကျွန်မကို ကယ်ပေးခဲ့တာလား...”
ထိုလူငယ်သည် ခေါင်းငြိမ့်သည်ဆိုယုံလောက်သာ ငြိမ့်ပြလိုက်၏။
‘ဟင်..သူကသေမျိုးလား ဒါမှ မဟုတ်ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာပဲဖြစ်နိုင်တယ်.. ငါမေ့မသွားခင် ဟိုလူတွေ ရောက်လာတာကို သိလိုက်ရတယ်..ပြီးတော့ သူ့ပုံစံက အသက် နှစ်ဆယ်ကျော်ဝန်းကျင်လောက်လို့ပဲထင်ရတယ် သာမန်လူသာဆို အဲ့လူတွေဆီကနေ ကယ်နိုင်ခဲ့မှာမဟုတ်ဘူး သေချာပေါက် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဖြစ်နိုင်တယ်’
ဟုတ်ပေသည် ကျင့်ကြံသူများအတွက် ၎င်းတို့၏ ကျင့်ကြံဆင့်များအား ဖုံးကွယ်နိုင်သည့်ကျင့်စဉ်များရှိ၏။ သို့ပေမဲ့ ဤလူငယ်သည် မည့်သည့်ချီစွမ်းအားမျှ ပေါ်ထွက်မနေချေ။ သာမန်ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် ဖုန်းကွယ်နိုင်သော်လည်း ချီစွမ်းအားများ ပေါ်ထွက်နေတက်၏။
ထို့နောက်ယွဲ့ဝူယောင်သည် တစ်စုံတစ်ခုအား သတိရသွားလေသည်။
‘သူ့ဆီက ချီစွမ်းအား မခံစားရတာ ငါ့ ဒန်တျန် အက်ကွဲသွားတာကြောင့်ဖြစ်နိုင်တယ်...’
ယွဲ့ဝူယောင်သည် သူမအတွေးများအား အတည်ပြုပြီးနောက်
“ကျွန်မ အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ... ကျွန်မ နာမည်က ယွဲ့ဝူယောင်ပါ စီနီယာ နာမည်ကို သိလို့ရမလား”
“ဟွမ်း” တိုတိုတုတ်တုတ်သာပြောလိုက်ပြီး ယုန်အား မီးဆက်ကင်နေ၏။
‘ဒီစီနီယာက စကားနည်းတဲ့ ပုံပဲ’ ထို့နောက်ယွဲ့ဝူယောင်သည် သူမ၏ ဒဏ်ရာများအား စစ်ဆေးကြည့်လိုက်၏။
‘ငါ့အခြေနေအတော်ဆိုးတာပဲ ကျင့်ကြံဆင့်လဲ မရှိတော့ဘူး ဒန်တျန်လဲ ကွဲကြေသွားပြီ ဒီပုံစံနဲ့ ထိုက်ရွှမ်ဂိုဏ်းကိုလဲ ဝင်ဖို့မဖြစ်နိုင်တော့ဘူး..’
“မင်းအကြောင်း ပြောပြချင်လား” ဟွမ်းသည် ထိုသို့ မေးလိုက် ယွဲ့ဝူယောင် အတွေးများ ပျက်တက် သွားလေ၏။
“ကျွန်..မ.. အကြောင်းပြောပြနိုင်ပါတယ် စီနီယာ”
သူမသည် အနည်းငယ်ဝမ်းနည်းလာပြီး
“ကျွန်မကို သစ်စိမ်းမြို့ရဲ့ လဲ့ကလန်ရဲ့ ခေါင်းဆောင်က မွေးစားထားတာပါ။ နောက်လအတွင်းမှာ ထိုက်ရွှမ်ဂိုဏ်းဝင်ခွင့် တစ်နေရာစာကို လဲ့ကလန်က ရရှိခဲ့တယ်။ ကလန်အတွင်း လူငယ်ပြိုင်ပွဲမှာ ကျွန်မက ဒုတိယအကြီးကဲရဲ့ သား လဲ့ကျန်း ကို အနိုင်ရပြီး ဝင်ခွင့်ရခဲ့ပါတယ်”
ထိုသို့ပြောရင်း သူမ မျက်နှာတွင် ဝမ်းနည်းမှုသည်ပိုမို ပြင်းထန်လာပြီး ဆက်ပြောလေသည်။
“ဒါပေမဲ့ ကျွန်မက လဲ့ကလန်နဲ့ မသက်ဆိုင်တဲ့သူမို့ ဝင်ခွင့်မပေးသင့်ဘူးလို့ ဒုတိယအကြီးကဲနဲ့ တစ်ခြား အကြီးကဲတွေကပါ ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ပယ်ချလိုက်ပြီး ကျွန်မကို ဝင်ခွင့်ပေးခဲ့တယ်။ ပြီးတော့ ထိုက်ရွှမ်ဂိုဏ်းကို သွားတဲ့လမ်းမှာပဲ ကျွန်မ လုပ်ကြံခံရပြီး ဒီလိုအခြေနေရောက်ခဲ့ရတာပါ”
သူမသည် အဖြစ်ပျက်များကို ပြောရင်း မျက်ရည်များ စီးကျလာခဲ့ရ၏။ ဟွမ်းသည် တိတ်တဆိတ် သာနားထောင်နေသည်။ ထိုနောက် သူ သည်ယွဲ့ဝူယောင် အနားသို့ရောက်လာပြီးကင်ထားသည့် ယုန်ကို ယွဲ့ဝူယောင် အားပေးလိုက်လေသည်။ သူမသည် ထိုယုန်ကင်အား စားရင်း တိုးလျသောအသံဖြင့်ရေရွတ်မိ၏။
“ဘာဆက်လုပ်ရမလဲ ဆိုတာ မသိတော့ဘူး”
ထို့နောက် သူမ၏ မျက်လုံးထဲတွင် ဆုံဖြတ်ထားသည့် အကြည့်ဖြင့် ဟွမ်းအားအရိုသေပေးရင်းပြောလိုက်သည်။
“စီနီယာ... ကျွန်မကို စီနီယာနောက် လိုက်ခွင့်ပေးပါ”
“ဘာကြောင့်လဲ”
သိုသော်လည်း ဟွမ်း၏ အမူရာသည် မပြောင်းလဲပေ။ တည်ငြိမ်သည့် အသံဖြင့်သာ ပြောလိုက်၏။
“ကျွန်မကို ကယ်ခဲ့တဲ့အတွက်ကြောင့်ပါ.. ပြီးတော့ ကျွန်မ.. ကျွန်မ စီနီယာနောက်လိုက်ရင်း ပြန်ပြီး ကျင့်ကြံနိုင်မယ်ထင်မိလို့ပါ”
သူမ၏အသံကို ပြတ်သားစွာပြောလိုက်သည်။
ဟွမ်း “ဒါပဲလား”
ယွဲ့ဝူယောင် “ဟုတ်.. ဒါပါပဲ”
“မင်းက လက်စားချေဖို့ ငါ့လက် ငှားနေတာပဲ”
ဟွမ်း၏ မျက်နှာ အမူရာသည်မပြောင်းလဲပေ။
“လက်စားချေဖို့လား... အစကတော့ လက်စားချေဖို့ တွေးမိပါတယ်။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားကြည့်ရင် အစကတည်းက အဲ့နေရာဟာ ကျွန်မနဲ့ မသက်ဆိုင်ခဲ့ပါဘူး။ကျွန်မက မိဘတွေကို ပြန်ရှာချင်တာကြောင့် ထိုက်ရွှမ်ဂိုဏ်းဝင်ဖို့ကြိုးစားခဲ့တာပါ. ကျွန်မရဲ့အိမ်မက်က မိဘတွေနဲ့ ပြန်ဆုံချင်တာပါ” ယွဲ့ဝူယောင်၏ မျက်နှာတွင် ခါးသက်သည့် အမူရာများပေါ်လာလေသည်။
ဟုတ်ပေသည်။ သူမသည် လဲ့အိမ်တော်နှင့်မသက်ဆိုင်ပေ။ သူမသာ အဆင့်မြင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သွားခဲ့ရင် သူမမိဘတွေကို ပြန်ရှာတွေ့နိုင်လေမလားဆိုသည့် အတွေးကြောင့်သာ ခုလိုဖြစ်သွားခဲ့ရသည်။
“ဘာလို့ ငါ့နောက်လိုက်ရင် ပြန်ကျင့်ကြံနိုင်မယ်ထင်တာလဲ” ဟွမ်းသည် နောက်ထပ်ယုန်တစ်ကောင်အား မီးကင်နေရင်းမေးလိုက်၏။
“ကျွန်မကို သတ်မဲ့ လူတွေဆီက ကယ်ခဲ့တာကြောင့် စီနီယာက အစွမ်းထက်လူတစ်ဦးဖြစ်မယ်ထင်လို့ပါ... အဲ့ဒါကြောင့်
စီနီယာနောက်လိုက်ရင်း တစ်ချိန်ချိန်မှာ ပြန်ကျင့်ကြံ နိုင်မယ်ထင်မိလို့ပါ”
ယွဲ့ဝူယောင်သည် ထိုစကားများကို လေးလေးနက်နက်ပြောလိုက်သည်။
“မင်း ဒန်တျန်က ကွဲအက်သွားပြီလေ ပြန်ကောင်းလာနိုင်မယ်ထင်လို့လား” ဟွမ်းသည် ယုန်ကင်နေသည်ကိုသာ အာရုံစိုက်နေပြီး ပေါ့ပေါ့ပါးပါးမေးလိုက်၏။ ကျင့်ကြံသူများအတွက် ဒန်တျန်သည် အရေးပါလှ၏။ ထိုအရာကွဲအက်ပြီး ပျက်စီးသွားပြီဆိုလျင်တော့ ထပ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းပေါ် မလျောက်လှမ်းနိုင်တော့ပေ။
“ကျွန်မ..ကျွန်မ တစ်သတ်လုံးကျင့်ကြံလို့မရတော့ရင်တောင် စီနီယာနောက်လိုက်ပြီး ဝေယျာဝတ်စ လုပ်ပေးချင်ပါတယ်... ကျွန်မအသက်ကိုကယ်ပေးခဲ့တာကြောင့်ပါ ပြီးတော့ ကျွန်မရဲ့ ကလန်ကို မပြန်နိုင်တော့ဘူး”
သူမသည် မဝံမရဲ အသံဖြင့် အားပျော့စွာ ပြောလိုက်သည်။
ဟုတ်ပေသည် သူမသည် သည်ပုံစံဖြင့် ကလန်သို့ ပြန်ရောက်သွားခဲ့လျင် သူမ သေဆုံးရမည်မှာ ကျိန်းသေပေါက်ဖြစ်၏။ သူမကျင့်ကြံနိုင်ခဲ့တုန်းကတောင် လဲ့ကလန်ခေါင်းဆောင်၏ နောက်ကွယ်တွင် နည်းမျိုးစုံဖြင့် ဖိနိပ် ခဲ့ကြသည်။ ယခုပုံစံဖြင့် ကလန်ခေါင်းဆောင်၏ ရှေ့သို့သွားရောက်၍ တရားမျှတမှုလည်း ရှာဖွေ၍မရနိုင်ပေ။ ယခုလို အသုံးမဝင်သည့် အမှိုက် ဖြစ်သွားသည့်အချိန်မှာတော့ ထိုလူများက တိတ်တဆိတ်သတ်ပစ်ကြရန်မှာ လွယ်ကူပေတော့မည်။ တွေးမိရင်း သူမပို၍ ဝမ်းနည်းလာလေသည်။
“ကောင်းပြီ... ငါ့တပည့် ဖြစ်ချင်လား”
“ရှင်...” ဟွမ်း၏ တိုက်ရိုက်ဆန်သည့် စကားကြောင့် ယွဲ့ချင်းယောင် မှင်သက်သွားလေသည်။ သူမသည် အနည်းဆုံး အစေခံအဖြစ်နေရဖို့ထိတွေးထားခဲ့လေသည်။ ယခုလို တပည့်အဖြစ်ခေါ်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ခနအကြာ သတိဝင်လာပြီး ဟွမ်းအားအရိုသေပေးလိုက်၏။
“ဆရာ့ကို အရိုသေပေးပါတယ်”
“ထပါ... ရော့ ဒီဆေးလုံးကိုသောက်လိုက် ဒဏ်ရာတွေသက်သာသွားလိမ့်မယ်၊ ပြီးရင် ကွဲအက်နေတဲ့ ဒန်တျန်ကိုလဲ ပြုပြင်ပေးမယ်
မင်းရဲ့ ဒန်တျန်က လုံးဝပျက်စီးသွားတာ မဟုတ်တော့ ပြန်ပြင်လို့ရပါသေးတယ်”
ဟွမ်းသည် ငြင်သာသောအသံဖြင့် ပြောလိုက်၏။
ယွဲ့ဝူယောင်သည် ဆေးလုံးအားယူလိုက်ပြီး အိမ်မက်အလား ခံစားနေရ၏။ သူမသည်ယခု လို ပြောင်းလဲမှုအား မယုံနိုင်ဖြစ်နေသည်။ ထို့နောက် ချက်ချင်းပင်ဆေးလုံးအား မြိုချလိုက်လေသည်။ ချက်ချင်းပင် သူမခန္ဓာကိုယ်ထဲသို့ စွမ်းအားများ စီးဝင်လာပြီး ဒဏ်ရာများ တဖြေးဖြေးပျောက်ကွယ်လာသည်။ ထို့နောက် ဟွမ်းသည် သူမ၏ နှဖူးကို လက်ညိုးဖြင့် ထိကပ်ထားလိုက်၏။ အချိန်အနည်းငယ်ကြာပြီးနောက် ကွဲအက်နေသော ဒန်တျန်၏ အက်ကြောင်းများ ပျောက်ကွယ်သွားသည်။
“ဆရာ... ဘဝအသစ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်” ယွဲ့ဝူယောင်သည် ဝမ်းသာ မျက်ရည်များ ကျဆင်းလာပြီး အရိုသေပေးလိုက်လေသည်။
သူမသည် ပြန်လည်ကျင့်ကြံနိုင်ပေတော့မည်။ သူမ၏ အိမ်မက်အတွက်လဲ မျှော်လင့်ချက်ရှိလာပေသည်။
“ကျေဇူးအထပ်ထပ်တင်ဖို့မလိုဘူး... ဆရာရဲ့တပည့်ဖြစ်လာပြီမို့ မင်း အစွမ်းထက်လာတာက ဆရာကို ကျေးဇူးဆပ်တာလို့ မှတ်ယူလို့ရတယ်” ဟွမ်းသည် လေးလေးနက်နက်ပြောလိုက်၏။
“ဆရာ့ မျက်နှာ မပျက်စေရပါဘူး တပည့်က အစွမ်းကုန်ကြိုးစားပါ့မယ်”
ဤဆရာသည် သူမအား အသက်ကယ်ခဲ့သည့်အပြင် ဘဝအသစ်တစ်ခုပါ ပေးခဲ့တာကြောင့် သူမ၏ဆရာ စိတ်မပျက်ရစေရန် အစွမ်းကုန်ကြိုးစားရပေတော့မည်။ ဟွမ်းသည် အတော်လေးကျေနပ်သွားလေသည်။
“အဝတ်စားဝယ်ဖို့ ဒီအနီးနားက မြို့လေးတစ်ခုသွားကြစို့” ယွဲ့ဝူယောင် အဝတ်စားသည် သွေးများစွန်းထင်းနေပြီး စုတ်ပြဲနေလေသည်။ ထို့ကြောင့် ဟွမ်းသည် အနက်ရောင် ဝတ်ရုံရှည်တစ်ခုပေးလိုက်ပြီး ဆရာတပည့်နှစ်ဦး ထွက်ခွာသွားကြလေသည်။