မြို့သခင်အိမ်တော်
Vol. 1 Ch. 2
တုဟယ် မြို့၊
တုဟယ်မြို့သည် မကြီးမားသော်လည်း သစ်စိမ်းမြို့နှင့် ယှဉ်လျင် သာလွန်ပေသည်။ မြို့တွင်း၌ ဈေးဆိုင်များ စားသောက်ဆိုင်များ နှင့် ကျင့်ကြံသူများသည် လှုပ်ရှားသွားလာပြီး သက်ဝင်လှပေသည်။ ဟွမ်းတို့ ဆရာတပည့်နှစ်ဦး သည်တုဟယ်မြို့သို့ရောက်ရှိလာကြသည်။
ထို့နောက် ယွဲ့ဝူယောင် အတွက် အဝတ်စားဝယ်ရန် ဆိုင်တစ်ဆိုင်သို့ ဝင်ခဲ့လေသည်။ သူမသည် ခရမ်းနုရောင် ဂါဝန်ရှည်အားရွေးချယ်ဝယ်ယူခဲ့လေသည်။
“ဒီဂါဝန်လေးက အဆင့်နိမ့်သလင်းကျောက်တစ်ရာ ကျသင့်ပါတယ်” ဆိုင်ရှင်အမျိုးသမီးသည် ကျသင့်ငွေကို ပြောလိုက်သော်လည်း ဟွမ်းသည် တိတ်ဆိတ်နေသည်။ ထို့နောက် ယွဲ့ဝူယောင်အား ကြည့်လိုက်၏။
ယွဲ့ဝူယောင် “...”
‘ဆရာပဲ ဝယ်ပေးမယ်ဆိုပြီး ခေါ်လာတာ မဟုတ်ဘူးလား’
သူမအတွေးအား ထုတ်မပြောရဲချေ။ ထို့နောက် ယွဲ့ဝူယောင်သည် အဆင့်နိမ့်သလင်းကျောက် တစ်ရာအား ထုတ်ပေးလိုက်ရတော့သည်။ ထို့နောက် စားသောက်ဆိုင် တစ်ဆိုင်သို့ သွားကြလေသည်။
ဟွမ်းတို့ ဆရာတပည့်နှစ်ဦး စားသောက်ဆိုင် တစ်ခုသို့ရောက်ရှိသွားသည်။ ယွဲ့ဝူယောင်သည် သူမစားချင်သည့် ဟင်လျာများကို မှာလိုက်၏။
“ဆရာက ဘာမှလဲ မမှာဘူး၊ ပြီးမှ တပည့်မှာထားတဲ့ဟင်းကို လုမစားနဲ့နော်” ယွဲ့ဝူယောင်တည် ခပ်တည်တည်ဖြင့်ပြောလိုက်သည်။
“မင်းက ဆရာ့တောင် တွန့်တိုနေတာပဲ” ဟွမ်းသည် ပြုံး၍ ပြောလိုက်၏။
“ဟွန့်... ဆရာကို မှာစားစေချင်လို့ပြောတာလေ” ယွဲ့ဝူယောင်သည် အလိုမကျသည့်ဟန်ဖြင့်ပြောလိုက်၏။
“သိပြီးပြီလား ထိုက်ရွှမ် ဂိုဏ်းကြီးက နောက်လဆိုရင် တပည့်ခေါ်ယူခြင်း အခမ်းနားစတင်တော့မယ်”
“ကျုပ်တို့အတွက်တော့ မလွယ်ပါဘူး ထိုက်ရွှမ်ဂိုဏ်းက ထိပ်တန်းဂိုဏ်းကြီးဆိုတဲ့အတိုင်း စမ်းသပ်ချက်တွေက ပြင်းထန်လွန်းတယ်”
“အဲ့ဒါတော့ ဟုတ်တယ်ဗျာ ဒီမျိုးဆက်မှာ လူငယ်ပါရမီရှင်တွေ အတော်များတယ် ဘယ်သူတွေ ဝင်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ”
ဆိုင်အတွင်းရှိ လူများသည် ထိုက်ရွှမ်ဂိုဏ်းအကြောင်း တီးတိုးဆွေးနွေးနေကြသည်။
ထိုက်ရွှမ်ဂိုဏ်းသည် လင်းယွမ်နယ်မြေ၏ ထိပ်သီးဂိုဏ်းတစ်ခုဖြစ်ပြီး လင်းယွမ်နယ်မြေတစ်ခုလုံးအား စိုးမိုးထားသည်။ ထိုဂိုဏ်းတွင် ထိပ်သီးပါရမီရှင်များနှင့် ပြည့်နှက်နေပြီး အစွမ်းထက်ပညာရှင်များလည်း အများပြား လည်းရှိကြ၏။ ထို့ပြင် မျိုးဆက်သစ်ပါရမီရှင်များကိုလည်း ဆယ်နှစ်တစ်ကြိမ် တပည့်ခေါ်ယူခြင်းအခမ်းနားကျင်းပလေ့ရှိသည်။ထို့အပြင် အသက်ကန့်သတ်ချက်သည်လည်း နှစ်ငါးဆယ်အောက် ရှိသည့် မည်သူမဆို ပါဝင်နိုင်ပေသည်။
လင်းယွမ်နယ်မြေရှိ ကလန်များမှ တပည့် တစ်နေရာစာဝင်ခွင့်ရရှိကြ၏။ ထိုဝင်ခွင့်သည် ပထမအဆင့်စမ်းသက်ချက်အား တိုက်ရိုက်ကျော်ဖြတ်ခွင့်ရလေသည်။ သို့ပေမဲ့ ပြင်ပဝင်ခွင့် သည် လာရောက် စမ်းသက်ခံသူများ များပြားသည့်အတွက် ပထမ စမ်းသတ်ချက်မှ လူတစ်ထောင်သာ ရွေးချယ်ပေသည်။ သို့ပေမဲ့ ဒုတိယ စမ်းသတ်ချက်ပြီးလျှင်တော့ လူတစ်ရာ သာ ဂိုဏ်းဝင်ခွင့်ရရှိမည်ဖြစ်သည်။
ထို့ကြောင့် ယွဲ့ဝူယောင်သည် အပြင်းထန် ကြိုးစားခဲ့ခြင်းဖြစ်၏။
“တပည့်လေး... နောင်တရနေလား” ဟွမ်းသည် အနည်းငယ်ပြုံးပြီးမေးလိုက်၏။
“နောင်တ မရပါဘူးဆရာ.. ဆရာက ယောင်အာရဲ့ အသက်သခင်ကျေးဇူးရှင် ဖြစ်ပြီး ယောင်အာရဲ့ ဆရာသခင်ပါ တစ်သက်လုံး ဆရာ့နောက်ကို လိုက်မှာပါ”
သူမသည် မည်သို့မျှ မတွေဝေပဲ ပြတ်ပြတ်သားသား ဖြေလိုက်၏။ ဟုတ်ပေသည် သူမသည် လုပ်ကြံမခံရလျင်တောင် လင်းယွမ် နယ်မြေရှိ ပါရမီရှင်များစွားနှင့် ယှဉ်ပြိုင်ပြီးမှ ဝင်ခွင့်ရနိုင်မည်ဖြစ်သည်။ သူမ၏ ပါရမီသည်လည်း သာမန်မျှသာဖြစ်၏။ သူမ၏ ဆရာသည် မည်မျှအထိ အစွမ်းထက်သည် ကို သေချာမသိသော်လည်း သူမ၏ နဖူးကို လက်နှင့်ထိလိုက်ယုံနဲ့တင် ကွဲအက်နေသော ဒန်တျန်အား ပြန်လည်ပြင်ဆင်ပေးခဲ့၏။ ထို့ကြောင့် ထိုက်ရွှမ်ဂိုဏ်းဝင်ဖို့ထက် သူမဆရာ၏ နောက်လိုက်ရန်သာ ပြတ်သားစွာ ဆုံးဖြတ်ခဲ့လေသည်။
“ကောင်းပြီတပည့်လေး... သွားကြစို့... မင်းအတွက် ကျင့်စဉ်တစ်ခုကျင့်ဖို့ နေရာရှာကြမယ်.. အစားအသောက် ဖိုးတွေရှင်းလိုက်တော့..” ဟွမ်းသည် ကျေနပ်သည့် အပြုံးဖြင့် ပြောလိုက်လေ၏။
ယွဲ့ဝူယောင် “...”
သူမ၏ ဆရာမှာ ပိုက်ဆံမရှိဘူးဟုသာ တွေးလိုက်မိ၏။ ယွဲ့ဝူယောင်သည် ငွေရှင်းရန် ပြင်နေချိန်တွင် သက်လတ်ပိုင်းအရွယ်လူကြီး တစ်ဦးသည်တားစီးလိုက်၏။
“ခဏနေပါဦး မိန်းကလေး... ကျုပ်က တုဟယ်မြို့ရဲ့ မြို့သခင်အိမ်တော်က မြို့စောင့်တပ်မူး ကျိုဟန်ပဲ၊
မြို့သခင်အိမ်တော်လိုက်ခဲ့ဖို့ မိန်းကလေး ကို ဖိတ်ခေါ်ထားပါတယ်... ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ...”
မြို့စောင့်တပ်မှုးကျိုးဟန် သည် ယွဲ့ဝူယောင်အား လိုက်ခဲ့ရန် ပြောလိုက်လေသည်။ ဖိတ်ခေါ်သည်ဟုသာ သုံးနှုံးခဲ့ပေမဲ့ သူ၏လေသံသည် ခြိမ်းချောက်သံပေါက်နေ၏။ သူနှင့်အတူ မြို့စောင့်တပ်သား တစ်ဒါဇင်ခန့်ပါဝင်လေသည်။
“အားနာပါတယ် ကျွန်မတို့ဆရာတပည့် က သွားစရာလေးရှိသေးလို့ မလိုက်နိုင်သေးပါဘူး” ယွဲ့ဝူယောင်သည် အနည်းငယ်ထိတ်လန့်နေသော်လည်း အမူရာမပျက်အောင်ထိန်းရင်း အသာယာငြင်းလိုက်၏။
“မိန်းကလေး အသာတကြည်မလိုက်ဘူးဆိုရင်တော့ ကျုပ်တို့ အကြမ်းနည်းသုံးရလိမ့်မယ်... သူမကို ဖမ်းချုပ်လိုက်တော့” တပ်မှုးကျိုးဟန် သည် လေသံမာမာဖြင့် တပ်သားများအား အမိန့်ပေးလိုက်သည်။
“ဟူး.. သွားပြီးပဲ ဒီကောင်လေးနဲ့ ကောင်မလေး က အပြစ်တစ်ခုခုလုပ်ခဲ့တာထင်တယ် မြို့စောင့်တပ်မှုးကိုယ်တိုင် ရောက်လာခဲ့တာဆိုတော့ ပြသနာက အတော်ကြီးပုံပဲ”
“ဟုတ်လောက်တယ် တော်ရုံပြသနာရှာခဲ့တာမျိုးဆိုရင် တပ်သား အချို့ပဲ စေလွှတ်ပြီးဖြေရှင်းကြတာ အခုက တပ်မှုးကိုယ်တိုင်ရောက်လာတယ်”
“ပြီးတော့ မြို့စောင့်တပ်မှုးက အခြေတည်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ တစ်ဦးပဲ ဒီမြို့မှာ မြို့သခင်ပြီးရင် တပ်မှုးက အစွမ်းထက်ဆုံးပဲ”
ဆိုင်ထဲရှိလူများသည် တီးတိုးပြောဆိုနေကြ၏။
ယွဲ့ဝူယောင်သည် ထိုလူက အခြေတည်ဝိညာဉ် အဆင့် ဟု သိလိုက်ရာ အတော်လေး လန့်နေလေသည်။ သူမတို့ မြို့၌ ထိုအဆင့် ကျွမ်းကျင်သူများအား မတွေ့ဖူးသောကြောင့်ဖြစ်လေသည်။
“ကောင်းပြီလေ ဖိတ်ခေါ်တယ်ဆိုမှတော့လည်း မလိုက်ခဲ့ရင် ရိုင်းရာကျမှာပေါ့ လမ်းပြပါ တိတ်တဆိတ်ရှိတဲ့ အခန်းမှာထားပေး”
တပ်သားမှုး ယွဲ့ဝူယောင်အား ဖမ်းချုပ်ရန် ရှေ့တက်လာစဉ် ဟွမ်းသည် သူမ၏ ရှေ့မှ ပိတ်ကာ တပ်မှုး ကျိုးဟန် အား တည့်တည့်ကြည့်ပြီးပြောလိုက်လေသည်။
“မြို့သခင်က ဒီမိန်းကလေးကိုပဲ ဖိတ်ခေါ်လိုက်တာ မင်းမပါဘူး ရှေ့ကဖယ်လိုက်” တပ်သားတစ်ဦးသည် ပြောလိုက်၏။
“နောက်ဆုတ်တော့ သူတို့ နှစ်ယောက်လုံးကို ကောင်းကောင်း မွန်မွန် ခေါ်ခဲ့” တပ်မှုးကျိုးဟုန်သည် တပ်သားများအား အမိန့်ပေးလိုက်လေသည်။ ကျိုးဟန်သည် အနည်းငယ်တုန်လှုပ်သွား၏။ သို့သော် ချက်ချင်းပင် အမူရာမပျက် အောင်ထိန်းလိုက်၏။
“ဆရာ သူတို့လာခေါ်တဲ့ရည်ရွယ်ချက်က ကောင်းတဲ့ပုံမပေါ်ဘူး” ယွဲ့ဝူယောင်သည် အတော်လေးစိုးရိမ်နေပြီး ဟွမ်းအနား တီးတိုးပြောလိုက်လေသည်။
“အဆင်ပြေပါတယ် ဆရာတို့ ဒီမြို့မှာ ရက်အနည်းငယ်နေဦးမှာပဲ မြို့သခင်အိမ်တော်က ဖိတ်ခေါ်မှတော့ ဆရာတို့ အခန်းငှားခ သက်သာတာပေါ့” ဟွမ်းသည် လေးလေးနက်နက်ပြောလိုက်လေသည်။
ဆိုင်အတွင်းရှိလူများ “...”
‘ဆရာ တပည့်တို့က ဒီမြို့ကို ခုမှ ရောက်တာလေ မြို့စောင့်တပ်မှုးက လာခေါ်မှတော့ အဆင်ပြေစရာရှိပါဦးမလား
ပြီးတော့ ဒီလူက အခြေတည်ဝိညာဉ်အဆင့်လေ အကြောင်းမရှိပဲ တပည့်တို့ကို တကူးတကလာခေါ်ပါ့မလား
အခန်းခ သက်သာအောင် လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာလား’
ယွဲ့ဝူယောင်သည် ဆွံ့အနေ၏။ သူမစိတ်ထဲ မေးခွန်းများ ဖြင့် ပြည့်နှက်နေ၏။ သို့သော် ထုတ်မမေးရဲချေ။
ဟွမ်း၏ အသံသည် တိုးလျသော်လည်း တစ်ဆိုင်လုံးတိတ်ဆိတ် နားစွင့်နေကြနေသောကြောင့် အနီးနားရှိလူများ အကုန်လုံးကြားရလေသည်။ ဤလူငယ်သည် အတော်လေး ချောမောလှသော်လည်း သူ၏ ဦးနှောက်သည် တစ်ခုခုလွဲမှားနေသည်ဟု တွေးမိကြသည်။
‘တိတ်တဆိတ်ရှိတဲ့ အခန်းမှာထားပေးရဦးမှာလား အချုပ်ခန်းထဲမရောက်ရင်ကံကောင်း ဒီကောင့်ခေါင်း မြည်းကန်သွားတာလား’
ဆိုင်ထဲရှိလူများသည် တူညီသည့် အတွေးများ တွေးမိကြနေကြသည်။
“ငါတို့ စားပွဲဝိုင်းအတွက်ငွေရှင်းလိုက်ဦး” ဟွမ်းသည် ကျိုးဟန်ကိုပြောလိုက်၏။
“မင်း...အသာတကြည်လိုက်ခွင့်ရတာတောင် ကျေးဇူးမတင်ဘူး” တပ်သားတစ်ဦးသည် ဒေါသထွက်စွာပြောလိုက်၏။
“တိတ်စမ်း ငွေရှင်းလိုက်” ကျိုးဟန်သည် ထိုတပ်သားကို အော်ငေါက်လိုက်သည်။
တပ်မှုးကျိုးဟန် ဦးဆောင်သည့်နောက်သို့ ဆရာတပည့်နှစ်ဦးလိုက်သွားလေသည်။
“ဒီကောင်လေး အတော်သတ္တိရှိတာပဲ တပ်မှုးကိုတောင်ငွေရှင်းခိုင်းရဲတယ်”
“တပ်မှုးကလဲ ဒီနေ့စိတ်ကောင်းဝင်နေပုံရတယ် ငွေတောင်ရှင်းပေးသွားတယ်”
“ဟုတ်ပါ့ဗျာ ပုံမှန်ဆိုရင် အပြစ်လုပ်ထားတဲ့သူတွေကို ရိုက်နှက်ဖမ်းချုပ်ပြီး ခေါ်သွားကြတာ”
ဆိုင်အတွင်းရှိ ဧည့်သည်များသည် ၎င်းတို့ ထွက်ခွာသွားပြီးနောက် တီးတိုးဆွေးနွေးနေကြ၏။
မြို့သခင်အိမ်တော်ရောက်သည့်အခါ တပ်မှုးကျိုးဟန်သည် ဟွမ်းတို့ နားနေရန် တိတ်ဆိတ်သည့်ခြံဝန်းတစ်ခုတွင် အခန်းစီစဉ်ပေးခဲ့၏။
ထိုခြံဝန်းသည် အသင့်တင့်ကျယ်ဝန်းပြီး အိမ်တော်တစ်လုံးလည်းရှိလေသည်။ တိတ်ဆိတ်ငြိမ်သက်လှသည့်နေရာလည်းဖြစ်၏။ ထိုခြံဝန်းထဲတွင် ပန်းပင်မျိုးစုံဖြင့် လှပနေပြီး ကျောက်စားပွဲလေးတစ်လုံးလည်းရှိလေသည်။
‘အတော်လေးသာယာတာပဲ’ ယွဲ့ဝူယောင်သည် ထိုအတွေးက ပထမဆုံးဝင်လာလေသည်။
“ခင်ဗျားတို့ ဒီမှာ ရက်အနည်းငယ်တည်းပါဦး မြို့သခင်အားတဲ့အချိန် ကျုပ်လာခေါ်မယ်”
တပ်မှုးကျိုးဟန်သည် မြို့သခင် အိမ်တော််ရှိ အခန်းတစ်ခု၌ ဆရာတပည့်နှစ်ဦးအား နေစေပြီး အမြန်ပြန်ထွက်လာခဲ့၏။ တပ်မှုးကျိုးဟန် အပြင်သို့ရောက်သည့် အချိန်တွင် သူ၏ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ သူသည်ထိုအခန်းထဲမှ မထွက်ရသေးမချင်း ကြိတ်မှိတ်၍ မြို့သိပ်ထားခဲ့ရ၏။ အပြင်သို့ရောက်သည့် အချိန်၌ ဘယ်လိုမှ မထိန်းနိုင်တော့ပဲ သွေးများအန်ထွက်ခဲ့ရသည်။
“တပ်မှုး ဘာဖြစ်တာလဲ...” တပ်သားများသည် ရောက်ရှိလာပြီး စိုးရိမ်တကြီးမေးလိုက်ကြသည်။
“ဘာမှမဖြစ်ဘူး... ငါမြို့သခင်ကို သတင်းပို့လိုက်ဦးမယ်” သူ၏ သွေးများအား သုတ်၍ မြို့သခင်ဆီသို့ ဦးတည်ထွက်သွားလေသည်။
…..