လုရှင်းယန်
Vol. 1 Ch. 4
ဟွမ်းသည် ယွဲ့ဝူယောင်အား ခရမ်းလနှလုံးသားကျင့်စဉ်အား ကျင့်ကြံခိုင်းခဲ့ပြီးနောက် အခန်းထဲမှထွက်လာခဲ့သည်။ သူသည် တစ်စုံတစ်ရာအား တွေးရင်း တဖြေးဖြေးလျှောက်လာ ပြီးနောက် ကျောက်စားပွဲနားရှိ ထိုင်ခုံတွင် ထိုင်လိုက်၏။ ထိုအချိန်တွင် လူငယ်လေးတစ်ဦး ခြံဝင်းထဲသို့ရောက်လာပြီးနောက် ဟွမ်းကို တွေ့သွားလေသည်။
“ခင်ဗျားကဘယ်သူလဲ ကျုပ်တို့ မြို့သခင် အိမ်တော်ကို ကျူးကျော်ဝင်ရောက်လာတာလား”
ထိုလူငယ်လေးသည် ဒေါသတကြီး မေးရင်း တိုက်ခိုက်ရန် ပြေးလာ၏။ ထို့နောက် သူ၏လက်သီးတွင် ချီစွမ်းအင်များ စုစည်းပြီး ဟွမ်းကို တိုက်ခိုက်လိုက်လေသည်။ သို့သော် ထိုလူငယ်၏ လက်သီးကို ဟွမ်းသည် လက်ဝါးဖြင့်အသာယာတားစီးလိုက်၏။ လူငယ်၏ လက်သီးမှ ချီစွမ်းအားများ ပေါက်ကွဲထွက်သွားပြီး နောက် ထိုလူငယ်လေးသည် ပန်းခင်းထဲ လွင့်စင်သွားလေသည်။
ထိုလူငယ်လေးသည် လုရှင်းယန် ဖြစ်ပြီး တုဟယ်မြို့သခင်၏သားဖြစ်သည်။ သူသည် အသက် ဆယ့်ငါးနှစ်သာရှိပြီး အခြေခံအုတ်မြစ် ကနဦး အဆင့်ထိရောက်ရှိနေသည်။ ယွဲ့ဝူယောင်ထက် တစ်နှစ်သာငယ်လေသည်။
ချီစုစည်းခြင်း အဆင့်သည် ချီစွမ်းအင်များသာ စုပ်ယူနိုင်ပြီး ပြန်လည်ထုတ်လွှတ်နိုင်ခြင်း မရှိပေ။ ချီစွမ်းအင်များ လုံလောက်စွာ စုဆောင်းပြီးနိုင်မှ သာ မရီဒန်(စွမ်းအင်သွေးကြောများ) ကျယ်ပြန့်လာပြီး ချီသန့်စင်ခြင်းအဆင့်သို့ရောက်ရှိလေသည်။
ချီသန့်စင်ခြင်း အဆင့်သည် စွမ်းအင်သွေးကြောများ အတွင်းရှိ စုပ်ယူထားသော စွမ်းအင်များကို ခန္ဓာကိုယ်ပြင်ပထုတ်လွှတ်ပြီး တိုက်ခိုက်နိုင်မည်ဖြစ်သည်။
အခြေခံအုတ်မြစ် အဆင့်တွင် ဒန်တျန်တစ်ခုဖြစ်ပေါ်လာပြီး စွမ်းအင်သွေးကြောများ အတွင်းမှတဆင့် ထိုဒန်တျန်အတွင်းသို့ သိုလှောင်ထားနိုင်မည်ဖြစ်သည်။ ထိုမှ တဆင့် တိုက်ခိုက်ရေးနည်းစနည်များကို ထုတ်သုံးနိုင်မည်ဖြစ်၏။
“ချီးတဲ့မှ..” လုရှင်းယန်သည် ဤခြံဝင်းရှိ ပန်းခင်းများ ပျက်စီးကုန်သောကြောင့် ပို၍ ဒေါသထွက်လာကာ အံကြိတ်လိုက်မိ၏။ ထိုနောက် ထပ်မံ တိုက်ခိုက်ရန်ပြင်လိုက်ပြီး တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏လက်သီးတွင် ပထမအကြိမ် စုစည်းခဲ့သည့် ချီစွမ်းအင်ထက် သုံးဆလောက်ပို၍ များပြားလာသည့် ချီစွမ်းအင်များထွက်ပေါ်လာသည်။
“မြေဖြိုခွင်းလက်သီး” နည်းစနစ်အား ထုတ်ဖော်ပြီးနောက် ဟွမ်းအနားသို့ အလျင်မြန် ရောက်လာပြီး ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။
ပထမအကြိမ် အတိုင်း ထပ်မံလွင့်စင်သွားပြန်လေသည်။
“မြေဖြိုခွင်းလက်သီး”
“ဒုန်း...”
“အားး”
“ထပ်လာမယ်”
“မြေဖြိုခွင်းလက်သီး”
“ဒုန်း...”
“သေစမ်း...မနိုင်ဘူးဟ” အကြိမ်ကြိမ်တိုက်ခိုက်ပြီးနောက် စွမ်းအင်ကုန်ခမ်း၍ သတိလစ်သွားလေသည်။ ဟွမ်းသည် လုရှင်းယန် တိုက်ခိုက်နေစဉ်အတွင်း ထိုင်ရာမှ မထခဲ့ပေ။
ခဏအကြာတွင် ခြံဝင်းထဲ မြို့သခင် လုချောင်းယန် နှင့် တပ်မှုး ကျိုးဟန်တို့အပြေးလွှားရောက်လာလေသည်။ ရောက်ရောက်ခြင်းမြင်ရသည့် မြင်ကွင်းကြောင့် မြို့သခင်သည် ရင်ဘက်မှသွေးများလည်ချောင်း ဆီသို့ဆောင့်တက်လာသလိုခံစားလိုက်ရ၏။
သူ၏သား ရိုက်နှက်ခံထားရသည်ကြောင့် မဟုတ်ပေ။ တပ်မှုးကျိုးဟုန်၏ ပြသနာတောင် မဖြေရှင်းရသေးသည့်အပြင် ထိုခွေးကောင်လေးကပါ ပြသနာထပ်ရှာထားခြင်းကြောင့်ဖြစ်သည်။
“စီနီယာ...” မြို့သခင်၏ စကားမဆုံးခင် ပြင်းထန်လှသည့် ဖိအားသည် လုချောင်းယန်နှင့် ကျိုးဟန် အပေါ်သို့ ကျဆင်းလာ၏။ ထိုဖိအားကြောင့် သူတို့၏ မျက်နှာသည် ရှုံမဲ့လာပြီး တစ်ကိုယ်လုံးတုန်ယင်နေကြသည်။ ထို့အပြင် မြေပေါ်သို့ ဒူးထောက်ကျကုန်ကြ၏။
“စီနီယာ... ကျုပ်က မြို့ရဲ့ လုံခြုံရေးအတွက် တပ်မှုးကျိုးကို ဆောင်ရွက်ခိုင်းလိုက်လို့ စီနီယာကို အပြစ်ပြုမိသလိုဖြစ်သွားပါတယ်.. တစ်ခြားရည်ရွယ်ချက်မရှိပါဘူး၊
ပြီးတော့ ကျုပ်ရဲ့ သားမိုက်လေးက လုံလောက်အောင် နားလည်မှုမရှိသေးပြီး ငယ်ရွယ်သေးတဲ့ အတွက်ကြောင့် စီနီယာကို အပြစ်ပြုမိပါတယ်
ကျုပ်တို့ စီနီယာ ကျေနပ်အောင် ပြန်လည်ဆောင်ရွက်ပေးပါ့မယ် အလိုရှိရာပြောပါ”
မြို့သခင်လုချောင်းယန်၏ အသံသည် တုန်ယင်နေပြီး စကားတွင် အမှားမပါစေရန်ရွေးချယ်၍ပြောလိုက်ရ၏။
“ရည်ရွယ်ချက်မရှိဘူးဆိုတဲ့အတွက်ကြောင့် ခွင့်လွှတ်လိုက်လို့ရတယ် ဒါပေမဲ့ ကျုပ်ရဲ့တပည့်ကို ခြိမ်းခြောက်ခဲ့တဲ့အတွက်ကိုတော့ ခွင့်မလွှတ်နိုင်ဘူး” ဟွမ်းသည် မျက်နှာသည်တည်ငြိမ်နေပြီး ၎င်းတို့ကို ဖိနှိပ်ထားရန်အတွက် မည်သို့မျှ အားစိုက်ထုတ်ထားရသည့်ဟန် မပေါ်ချေ။
တပ်မှုးကျိုးဟန်သည် မြို့သခင်နှင့်နည်းတူ အသံသည်တုန်ယင်နေပြီး ချွေးသီးချွေးပေါက်များလည်ကျဆင်းနေ၏။
“စီနီယာ အပြစ်ပေးမယ်ဆို ကျုပ်ကိုပဲ အပြစ်ပေးပါ မြို့သခင်လုနဲ့ မဆိုင်ပါဘူး”
‘ငါတို့လို အခြေတည်ဝိညာဉ်အဆင့်တွေကို ဘာစွမ်းအားမှ အားစိုက်ထုတ်ပြီးမသုံးပဲ ပုရွက်ဆိတ်တစ်ကောင်လို ဖိနိပ်ဖို့ဆိုတာ သာမန်သူတော်စင်တွေတောင် လုပ်ဖို့မလွယ်ကူဘူး ဒီစီနီယာရဲ့ စွမ်းအားက သူတော်စင်တွေရဲ့ အထက်မှာ ရှိတာလား’
သူတို့အတွေးသည် မမှားပေ။ သူတော်စင်အဆင့် ပညာရှင်များသည် အခြေတည်ဝိညာဉ် အဆင့်များကို ဖိနိပ်နိုင်သည်ဆိုသော်လည်း စွမ်းအင်များနှင့် အရှိန်ဝါများ ထုတ်သုံးရန်လိုအပ်ပေ၏။ သူတို့သည် ယခုလို အလွယ်တကူ ဖိနှိပ် ခံရသောကြောင့် ပို၍ ကြောက်ရွံ့လာ၏။
အဆင့်မြင့်ပညာရှင်တစ်ဦးအား အပြစ်ပြုမိလျှင် ပြန်လည်ပေးဆပ်ရမည့်တန်ဖိုးမှာ မြင့်မားလွန်းပေသည်။ အခန့်မသင့်လျှင် မြို့တစ်ခုလုံးပါ အန္တရာယ် ရှိနိုင်ပေ၏။
“ကောင်းပြီလေ ဒါဆိုရင် ခင်ဗျားက ကျုပ်တပည့်နဲ့ တိုက်ခိုက်ရမယ်”
ဟွမ်းသည် ယွဲ့ဝူယောင်ရှိရာ အခန်းသို့ လှမ်းကြည့်ပြီးပြောလိုက်၏။ ထို့နောက် ၎င်းတို့အပေါ် ဖိနှိပ်ထားသည့် ဖိအားများကို ဖယ်ရှားပေးလိုက်သည်။
ထိုခါမှသာသူတို့နှစ်ဦးသည် စိတ်သက်သာရာရသွား၏။ ကျိုးဟန်သည် ပို၍ စိတ်အေးသွားသည်။ အကယ်၍ ဟွမ်းသာ ခွင့်မလွှတ်လျှင် သူ့အသက် နဲ့ လဲပြီး ပြန်လည်ပေးဆပ်ရမည် ဆိုလျှင်တောင် ပြသနာမရှိပေ။ သို့သော် မြို့သခင်အိမ်တော်နှင့် တုဟယ်မြို့တစ်ခုလုံးသာ ပေးဆပ်ရမည်ဆိုလျှင်တော့ သူ့ကိုယ်သူ ခွင့်လွှတ်နိုင်တော့မည်မဟုတ်ပေ။
“ဟင်.. စီနီယာရဲ့ တပည့်က ချီစွမ်းအင်တောင် မစုစည်းရသေးဘူးဆို တပ်မှုးကျိုးနဲ့ တိုက်ခိုက်ရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” မြို့သခင်သည် အံ့ဩစွာ ပြောလိုက်၏။
‘ဖြစ်နိုင်တာက စီနီယာဟွမ်း ရဲ့တပည့်ကလဲ ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်ထားတာဖြစ်နိုင်မလား’
မြို့သခင်နှင့် တပ်မှုးတို့ အတွေးများ ဝင်နေချိန် ဟွမ်း ၏စကားကြောင့် ၎င်းတို့နှစ်ဦးလုံးစွံ့အသွားကြ၏။
“ဒါက ခင်ဗျားတို့ပြသနာမဟုတ်ဘူး၊
အခုစပြီး သူမကျင့်ကြံနေပြီ၊
နောက်တစ်ပတ်နေရင် တိုက်ခိုက်ရမယ်၊
ကျုပ်တပည့်ဆိုပြီး ညှာစရာမလိုဘူး ကျုပ်တပည့်ကလဲ ညှာမှာမဟုတ်တဲ့အတွက် ခင်ဗျား အသင့်ပြင်ထားသင့်တယ်”
‘စီနီယာရဲ့ တပည့်က ချီစွမ်းအင်တောင် ခုမှ စပြီး စုစည်းမှာလေ တစ်ပတ်လောက်ကျင့်ကြံယုံနဲ့ အခြေတည်ဝိညာဉ် အဆင့်ထိရောက်လာမှာလား၊ ပြီးတော့ စီနီယာရဲ့တပည့်က ညှာမှာ မဟုတ်ဘူးဆိုတာ ဘာကြီးတုန်း’
မြို့သခင်လုနှင့် တပ်မှုးကျိုး တို့နှစ်ယောက်လုံး အတွေးတူညီသော်လည်း ထုတ်မပြောရဲကြချေ။ထို့နောက် မချင့်မရဲမေးလိုက်၏။
“စီနီယာနာမည် သိလို့ရမလား”
“ဟွမ်း” ဟွမ်းသည် အမှုရာ မပြောင်းလဲပဲ ပြောလိုက်၏။ မြို့သခင်နှင့် တပ်မှုတို့၏ အတွေးနက်သွားကြ၏။
‘လင်းယွမ်နယ်မြေကြီးမှာ ဟွမ်း ဆိုတဲ့ စွမ်းအားမြင့် စီနီယာ တစ်ဦးရှိတယ်ဆိုတာ မကြားဖူးဘူး၊
ဒါပေမဲ့ ဒီစီနီယာက အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်မှာ ကျိန်းသေတယ်၊ တစ်ခြားနယ်မြေကရောက်လာတဲ့သူဖြစ်နေမလား၊ ဘာပဲဖြစ်ဖြစ် ထပ်ပြီး အပြစ်ပြုမိလို့မရဘူး’
“သဘောထားကြီးပြီးနားလည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ ကျုပ်ရဲ့အိမ်တော်မှာ ကြိုက်သလောက်နေထိုင်လို့ရပါတယ်”
လုချောင်းယန်သည် စိတ်သက်သာရာရစွာဖြင့် ပြောလိုက်၏။
“ကောင်းပြီ” ထို့နောက် ဟွမ်းသည် လက်အမှုရာဖြင့် မြို့သခင်တို့အား ထွက်သွားရန် အချက်ပြလိုက်သည်။
ထို့နောက် ကျိုးဟန်သည် အပြေးလွှားသွား၍ လုချင်းယန်အား စစ်ဆေးလိုက်၏။
“အပြင်ပန်း ဒဏ်ရာရယုံပါ သခင်လေးရဲ့ ချီစွမ်းအားကုန်သွားတာကြောင့် သတိလစ်သွားတာပါ”
တပ်မှုးကျိုးဟန်သည် သတိလစ်နေသော လုရှင်းယန် အား ပွေ့ချီလိုက်ပြီးနောက် မြို့သခင်သည် အရိုသေးပေးလိုက်၏။
“ကျုပ်တို့ကို သွားခွင့်ပြုပါဦး... စီနီယာ လိုအပ်တာရှိရင် အချိန်မရွေးလှမ်းခေါ်လို့ရပါတယ် ကျုပ်ရဲ့သားမိုက်သတိရလာရင် စီနီယာကို တောင်းပန်ဖို့ လွှတ်လိုက်ပါ့မယ်”
ဟွမ်းသည် မည်သို့မျှ စိတ်ထဲ မထားပေ။ သူ၏ စွမ်းအားဖြင့် အလွယ်တကူ အနိုင်ကျင့်၍ရသည်ဖြစ်သော်လည်း မလုပ်ခဲ့ပေ။ သူ့တပည့်အား ခြိမ်းခြောက်ခဲ့သည့်အတွက်ကြောင့်သာ ဖိနှိပ်ခဲ့ခြင်းဖြစ်၏။
ထို့နောက်သူတို့သည်ခြံဝန်းမှ ထွက်သွားကြ၏။
“တပ်မှုးကျိုး အဲ့ဒီစီနီယာကို ဘယ်လိုမြင်လဲ” မြို့သခင်သည် အိမ်တော်ကိုပြန်းရင်း တပ်မှုးကျိုးဟန်ကို မေးလိုက်၏။
“သာမန်ကျင့်ကြံမှု ဖုံးကွယ်ထားတဲ့သူမျိုးဆိုရင် အနည်းဆုံးတော့ သူတို့ခန္ဓာကိုယ်က ချီစွမ်းအင် အရှိန်ဝါ တွေထွက်နေမှာ၊
ဒါပေမဲ့ ဒီစီနီယာကတော့ လုံးဝ သေမျိုးအတိုင်းပဲ ဒါကထူးဆန်းနေတာ”
“ပြီးတော့ သခင်လေးက ဘာအတွင်း ဒဏ်ရာမှ ရမနေဘူး ချီစွမ်းအင် အလွန်ကျွံ ထုတ်သုံးလိုက်လို့သာ သတိလစ်သွားရတာ၊ သခင်လေးလုပ်ခဲ့တဲ့အကြောင်းရာနဲ့ပတ်သတ်ပြီး တစ်ခွန်းမှ မပြောခဲ့ဘူး၊ ကျုပ်တို့ကို ဖိနှိပ်တုန်းကလဲ သတ်ဖြတ်လိုစိတ်ကို မခံစားမိဘူး
ဒါ့ကြောင့် အနည်းဆုံးတော့ ကျုပ်တို့ကို ထိခိုက်လိုစိတ်မရှိဘူးလို့ထင်မိတယ်” တပ်မှုးကျိုးဟန်သည် တွေးတွေးဆဆဖြင့် ပြောလိုက်၏။
မြို့သခင်လုချင်းယန်သည် စိတ်သက်သာရာရစွာဖြင့်ခေါင်းငြိမ့်လိုက်သည်။
“စီနီယာဟွမ်းကို လိုအပ်တာတွေ ခိုင်းလို့ရအောင် အစေခံအနည်းငယ်ပို့ပေးလိုက်၊
ပြီးတော့ ယန်အာ သတိရလာရင် စီနီယာကို တောင်းပန် ခိုင်းလိုက်ဦး၊
စိတ်ချရအောင် ကျုပ်ပဲ လိုက်သွားလိုက်မယ်၊
ဒါပြီးရင်တော့ လေ့ကျင့်ခိုင်းရမယ် ထိုက်ရွှမ် ဂိုဏ်းတပည့်သစ်ရွှေးချယ်ပွဲက နီးလာပြီ၊
တပ်မှုးကျိုး အနည်းငယ်လေ့ကျင့်ပေးလိုက်ဦး”
မြို့သခင်လုသည် အမှာစကားများ တရစပ် ပြောကြားလိုက်၏။
“စိတ်ချပါ မြို့သခင်..” တပ်မှုးကျိုးဟန်သည် ခေါင်းတငြိမ့်ငြိမ့် ဖြင့်ပြောလိုက်ရသည်။
….
အပြင်ဘက် ခြံဝန်းတွင် မြို့သခင်နဲ့ တပ်မှုးတို့ နှစ်ဦးထွက်သွားပြီးနောက် ဟွမ်းသည် အတွေးထဲ ပြန်ပြီး နှစ်မြောသွားသည့်ပုံစံဖြစ်သွား၏။ သို့သော် သူ၏မျက်နှာသည် ဝမ်းနည်းနေပုံပေါ်နေသည်။
‘အကိုကြီး မင်းရဲ့ သမီးလေးကို ငါပြန်ရှာတွေ့ခဲ့ပြီ၊ သူမရဲ့ ဘဝတစ်လျောက်လုံးကို ငါစောင့်ရှောက်ပေးမယ်၊ အကိုကြီးရော မရီးရော စိတ်ချပြီးနေပါတော့’
ထို့နောက် သူ၏ စိတ်ထဲတွင် ပုံရိပ်မြင်ကွင်းတချို့ပေါ်လာခဲ့၏။
ထိုမြင်းကွင်းထဲတွင် မြို့ကြီး တစ်ခုလုံးသည် ပြိုကွဲပျက်စီးနေပြီး အလောင်းများသည်လဲ ပြည့်နှက်နေ၏။
ထိုစဉ် ဆံပင်အနီနှင့် လူငယ်လေးတစ်ဦးရောက်လာပြီး နောက် ထိုမြို့ကြီး၏ အမြင့်ဆုံးအဆောက်ဦး အတွင်းသို့ အလောတကြီးဝင်လာ၏။ ထို့နောက် သွေးများအလိမ်းလိမ်းနှင့် အသက်ဝိညာဉ်ကင်းမဲ့နေသည့် အမျိုးသား တစ်ဦး လှဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
“အကိုကြီး... အကိုကြီး” ထိုဆံပင်အနီနှင့်လူငယ်လေး၏ အသံသည် တုန်ယင်နေပြီး မျက်ရည်များလည်းကျဆင်းနေ၏။ ထို့နောက်တလှမ်းချင်းလျှောက်လာလေသည်။
“ဒုန်း..”
အမျိုးသားအနားတွင် ဒူးထောက်ချလိုက်ပြီး သူ၏ တုန်ယင်နေသည့်လက်များဖြင့် ပွေ့ဖက်လိုက်၏။ သူ၏ မျက်လုံးများသည် နီရဲလာပြီး ကောင်းကင်ကြီးသည်တဖြေးဖြေးမှောင်မဲလာသည်။ ထို့နောက် သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒသည်လည်း ပြင်းထန်လာ၏။
“အား... ငါမင်းတို့ကို ကျိန်းသေပေါက်သတ်ပစ်မယ်”
ဟွမ်းသည် ဒေါသတကြီး အော်ဟစ်လိုက်ချိန်တွင် ဘေးနားရှိ အဆောက်ဦးများသည်လဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွား၏။
ထို့နောက် ရုတ်တရက်ဆိုသလို ထိုအနီးနားတွင် ပုံရိပ်ရောင်တစ်ခုပေါ်လာလေသည်။ သေဆုံးသွားပြီဖြစ်သည့် ထိုအမျိုးသား၏ ပုံရိပ်ယောင်မျှသာဖြစ်သည်။ ထို့နောက် ပုံရိပ်ယောင်ဆီမှ အသံထွက်လာလေသည်။
“ရှောင်ဟွမ်း...မင်း ရောက်လာပြီလား”
အသံကြားလိုက်သည်နှင့် ဟွမ်းသည် သေဆုံးနေသည့် အမျိုးသားကို အောက်သို့အသာချပြီး ထိုပုံရိပ်ယောင်ကို ကြည့်လိုက်လေသည်။
“အကိုကြီး... ကျုပ်နောက်ကျသွားတယ် ကျုပ်ကိုခွင့်မလွှတ်ပါနဲ့..”
ဟွမ်း၏ အသံသည် အက်ကွဲနေပြီး ယူကြုံးမရဖြစ်နေသည့် အသံမျိုးဖြစ်နေ၏။ ထိုအချိန်တွင် အမျိုးသားသည် စကားဖြတ်ပြောလိုက်၏။
“ရှောင်ဟွမ်း... ဒါမင်းအပြစ်မဟုတ်ဘူး၊
ဒီအကြောင်းရာတွေက ဖြစ်ပျက်ဖို့ ကံပါလာလို့ဖြစ်သွားတာ၊ မင်းရဲ့စိတ်ကိုလျော့ထားပြီး
ငါ့ကိုကတိပေးနိုင်မလား
ပြီးတော့ အခုငါပြောမဲ့အရာတွေကို သေချာမှတ်ထား၊
ပထမဆုံး ငါ့သမီးငယ်လေး ကို ပြန်ရှာပြီး မင်းစောင့်ရှောက်ပေးပါ”
“အကိုကြီးမှာ သမီးလေးရှိနေပြီလား” ဟွမ်းသည် အတော်လေးအံ့ဩ သွားခဲ့၏။သူ၏စိတ်သည်လည်း အနည်းငယ်တည်ငြိမ်လာသည်။ ထို့နောက် ထိုအမျိုးသားကို လေးလေးနက်နက် ကတိပေးလိုက်၏။
“ကျုပ်ကျိန်းသေရှာပြီး သူမတစ်ဘဝလုံးကာကွယ်ပေးပါ့မယ်”
ထိုအမျိုးသားပုံရိပ်ယောင်သည် အနည်းငယ်ပြုံးသွားပြီးနောက် ဟွမ်းကို အလေးနက်ထပ်ပြောလိုက်၏။
“ဒီကိစ္စကို မစစ်ဆေးနဲ့တော့ လုံးဝလဲလက်စားမချေဖို့ မကြိုးစားနဲ့”
“ကျုပ်...” ဟွမ်းသည် တွေဝေသွားသည်။
“မြန်မြန်ကတိပေး ငါ့မှာ အချိန်မရှိတော့ဘူး” ထိုအမျိုးသားသည် စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်၏။
“ဟုတ်.. ကျုပ်ကတိပေးပါတယ်” ဟွမ်းသည် မလွန်ဆန်နိုင်သည့်လေသံဖြင့် ကတိပေးလိုက်ရ၏။
“ငါ့သမီးလေးကို ယွဲ့ဝူယောင်လို့ နာမည်ပေးထားတယ်၊ ငါ့လက်ထဲမှာ သူမကို ရှာလို့ရမဲ့ ခရမ်းရောင်ကျောက်စိမ်းပြားလေးရှိတယ်၊ အဲ့ဒါယူပြီးရှာလိုက်၊
ပြီးတော့ မင်း လက်ထပ်တာကို မမြင်နိုင်တော့ဘူး” ထို့သို့ပြောပြီးနောက် ပုံရိပ်ယောင် အလင်းတန်းများသည် တဖြေးဖြေး မှေးမိန် ပျောက်ကွယ်သွား၏။
“အကိုကြီး....” ဟွမ်းသည် အော်ဟစ်လိုက်၏။