← Chapters

လျှိုမင်ယွမ်

Vol. 1 Ch. 13

လျှိုမင်ယွမ်

Vol. 1 Ch. 13

လုရှင်းယန်သည် သူ၏ ရင်ဘက်ကို ဆင်ဆယ်ကောင်လောက်နင်းသွားသည်ဟု ခံစားလိုက်ရ၏။

အဆင့်နိမ့်သလင်းကျောက် တစ်ရာက အလယ်လတ်သလင်းကျောက် တစ်ခုနဲ့ ညီမျှတယ်။ အလယ်လတ်သလင်းကျောက် တစ်ရာက အဆင့်မြင့်သလင်းကျောက် တစ်ခုနှင့် ညီမျှ၏။

ထို့ကြောင့် ထိုဓား၏ ဈေးနှုန်းသည် အဆင့်နိမ်သလင်းကျောက် တစ်သိန်းဖြစ်ပြီး အလယ်လတ်သလင်းကျောက်ဆို တစ်ထောင် ဖြစ်၏။

သူသည် တုဟယ်မြို့သခင်၏သားဖြစ်သည်။ထို့ကြောင့် သူလက်ထဲတွင် သလင်းကျောက်များ မရှားပါးပေ။ သို့သော် ဤဈေးသည် သူမတက်နိုင်သော ဈေးဖြစ်လေ၏။ ထို့နောက် သူ၏ သိုလှောင်လက်စွပ်ကို ကြည့်လိုက်၏။

“ဒုတိယအကို ဈေးကြီးလွန်းတယ်၊ နောက်မှ ဝယ်ကြတာပေါ့” ပိုင်ကျန့်ယွီသည် ထိုဓားကို ကြိုက်သော်လည်း ဈေးနှုန်းကြောင့် လက်လျှော့လိုက်လေသည်။

“မင်းတို့ ခုမှ ဒီမြို့ကိုရောက်တာထင်တယ်၊ ဒါကြောင့်ဈေးလျော့ပေးလိုက်မယ်၊ အဆင့်သလင်းကျောက် ငါးခုပဲပေး” ဆိုင်ရှင်သည် ထိုဓားကို မဝယ်မည်စိုးသည့်အလား ဈေးလျော့ပေးလိုက်၏။

“သူဌေး...အဆင့်နိမ့်သလင်းကျောက်နဲ့ အလယ်လတ်သလင်းကျောက်တွေပဲ ပေးချေလို့ရလား”

သို့သော် လုရှင်းယန်တွင် ရှိသမျှအကုန်ပေါင်းလိုက်လျှင်တောင် အဆင့်မြင့်သလင်းကျောက် လေးခုသာရှိလေသည်။

“ရတယ်...ရတယ်” ဆိုင်ရှင်သည်ဂရုမစိုက်သည့်လေသံဖြင့်ပြောလိုက်၏။ အဆင့်မြင့်သလင်းကျောက်များသည် အရည်သွေးမြင့်သည်ဆိုသော်လည်းရှားပါးပေသည်။

“ရော့..ငါ့မှာ ရှိတာဒါအကုန်ပဲ” ယွဲ့ဝူယောင်သည် အနိမ့်သလင်းကျောက် တစ်သောင်းကျော် ထုတ်ပေးလိုက်၏။

နောက်ဆုံးတော့ သူတို့သည် ထိုဓားကို ဝယ်နိုင်ခဲ့လေသည်။ သို့ပေမဲ့ သူတို့ သုံးယောက်ပေါင်းလျှင်တောင် အဆင့်နိမ့်ကျောက်တုံး တစ်ရာမပြည့်တော့ပေ။

“အစ်မကြီး..ဒုတိယအစ်ကို..” ပိုင်ကျန့်ယွီသည် စိတ်မကောင်းဖြစ်သွား၏။ ထိုဓားကိုယူရန် တွန့်ဆုတ်နေမိသည်။ သူ၏ ရင်ထဲတွင်လည်းစို့နစ်နေ၏။ ထိုဓားအတွက်နှင့် သူ၏ အစ်မကြီးနှင်ဒုတိယအစ်ကို တို့ စုဆောင်းထားသည့် သလင်းကျောက်များစွာ သုံးစွဲခဲ့ကြသည်။

“ရော့ယူလိုက်...ဒါက မင်းကိုပေးတဲ့ ငါတို့နှစ်ယောက်ရဲ့ လက်ဆောင်လို့ သတ်မှတ်လိုက်” လုရှင်းယန်သည် ထိုဓားကို ပိုင်ကျန့်ယွီ လက်ထဲ ထည့်ပေးရင်းပြောလိုက်၏။

“အစ်မကြီးနဲ့... ဒုတိယ အစ်ကို ကျေးဇူးတင်ပါတယ်” ပိုင်ကျန့်ယွီသည် ဓားကိုယူရင်း အရိုသေပေးလိုက်မိ၏။

“ငါတို့က ညီအစ်ကိုမောင်နှမတွေပဲ ကျေးဇူးတင်စရာမလိုဘူး” ယွဲ့ဝူယောင်သည် တည်ငြိမ်စွာပြောလိုက်၏။ သူမ၏ အသံသည် အနည်းငယ် အေးစက်နေသော်လည်း ပိုင်ကျန့်ယွီ စိတ်ထဲ နွေးထွေးသွား၏။

‘အစ်မကြီးနဲ့ ဒုတိယအစ်ကို ဒုက္ခပေးတဲ့သူတိုင်းကို ဒီဓားနဲ့ သတ်ပစ်မယ်’ ပိုင်ကျန့်ယွီစိတ်ထဲတွင်ကျိန်ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ်...နောက်လဲ လာအားပေးပါဦး” သူတို့ထွက်သွားသည့်အချိန်တွင် ဆိုင်ရှင်သည်ပြောလိုက်၏။

‘အလကားကောက်ရထားတဲ့ ဓါးတစ်ချောင်းက ငါ့ကို အဆင့်မြင့်သလင်းကျောက် ငါးခုတောင် ရှာပေးနိုင်တာပဲ၊ ဒီနေ့တော့ အတော်လေးတွက်ချေကိုက်သွားပြီ’

ထိုဓားကြောင့် သွေးမတော်သားမစပ်သည့် လူသုံးဦး၏ သံယောဇဉ်ပိုမိုခိုင်မြဲလာသည်ကိုတော့ ဆိုင်ရှင် မသိလိုက်ပေ။

…..

ထိုက်ရွှမ်မြို့အနီးရှိ တောင်စွန်းတစ်နေရာ...

“မင်းရဲ့ နိမ့်ကျတဲ့ အဆင့်နဲ့ ငါတို့လင်းအိမ်တော်ရဲ့ သခင်မလေးကို တပ်မက်ရဲတယ်...သေစမ်းကွာ” ခပ်ပိန်ပိန်နှင့် လူငယ်တစ်ဦးသည် အသက် ဆယ့်ငါးနှစ်အရွယ် ကောင်လေးတစ်ဦးကို ကြာပွတ်ဖြင့်ရိုက်နက်နေသည်။ ထိုလူသည် လင်းဟွေ့ ဖြစ်သည်။ ထို့အပြင် သူသည် အခြေတည်ဝိညာဉ် အဆင့်ရောက်နေသူ တစ်ဦးဖြစ်၏။

“ဖြောင်း...ဖြောင်း..”

“သခင်လေး ဖြေးဖြေးရိုက်ဦး သေသွားလိမ့်မယ်” လင်းဟွေ့နောက်ရှိ နောက်လိုက် တစ်ဦးက ပြောလိုက်၏။

“ဟမ့် သေသွားတော့လဲ ဘာအရေးလဲ၊ ဒီလိုအမှိုက်ကို အိမ်တော်ကနေဖယ်ရှားပစ်ရမယ်” လင်းဟွေ့သည် ထိုလူငယ်လေးကို တောင်စွန်းပေါ်ကနေကန်ချလိုက်၏။ ထိုလူငယ်လေးသည် လျှိုမင်ယွမ် ဖြစ်ပြီး အစေခံ အလုပ်သမားတစ်ဦးဖြစ်သည်။

“သွားစို့...”လင်းဟွေ့နှင့်နောက်လိုက်များသည်ထွက်သွားကြတော့လေသည်။

လျှိုမင်ယွမ်၏ တစ်ကိုယ်လုံးသည် ကြာပွတ်အရာများ ထင်နေပြီး သွေးများလဲ ရွဲနစ်နေ၏။ သေလောက်သည့် ဒဏ်ရာများတော့ မရှိချေ။ သို့သော် ဤတောင်စွန်းမှ ကန်ချခံလိုက်ရခြင်းကြောင့် တောင်အောက်ရောက်သည်နှင့် ကျိန်းသေပေါက် သေနိုင်ပေသည်။ သူသည် အခြေခံအုတ်မြစ် အဆင့်သာရှိသေး၏။ ဘာမျှ မတက်နိုင်ချေ။ သို့သော် သူ၏ မျက်နှာထက်တွင် ကြောက်ရွံ့နေဟန်မရချေ။ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေ၏။

“လင်းဟွေ့ ငါသာ မသေခဲ့ရင် မင်းကိုသတ်မယ်” လျှိုမင်ယွမ်သည် ဒေါသတကြီးအော်ဟစ်လိုက်၏။ သို့သော် အရှိန်ဖြင့်ကျနေခြင်းကြောင့် အသံသည် ပြတ်တောင်းပြတ်တောင်းဖြစ်နေ၏။

“သေချာလား...” ပြုတ်ကျနေစဉ် တည်ငြိမ်သည့် အသံတစ်ခုကြားလိုက်ရ၏။

“သေချာပါတယ်” လျှိုမင်ယွမ်သည် အလေးနက် ဖြေလိုက်၏။

ထို့နောက် သူ၏ဘေးတွင် အလွန်ချောလှသည် လူငယ်တစ်ဦးပေါ်လာခဲ့၏။ ထိုလူသည် လျှိုမင်ယွမ်၏ ဂုတ်မှကိုင်ပြီးနောက် ပျောက်ကွယ်သွား၏။

ထို့နောက် တောင်အောက်ရှိ စမ်းချောင်းနားတွင်ပြန်ပေါ်လာခဲ့၏။

“ကျေးဇူးတင်ပါတယ်၊ စီနီယာ နာမည်သိချင်ပါတယ်၊ တစ်ချိန်ကျ ကျေးဇူးပြန်ဆပ်ချင်လို့ပါ” လျှိုမင်ယွမ်သည် တည်ငြိမ်စွာ ပြောလိုက်၏။ သေဘေးကြုံထားရသည့်လူငယ်လို့ မထင်ရလောက်အောင် တည်ငြိမ်လွန်းသည်။ တကယ်တမ်းတွင် သူသည် အမြဲတမ်းကြောက်ရွံ့နေခဲ့ရ၏။ သို့သော် သူ့တွင် အားကိုးစရာမရှိ၊ သူ့ကိုယ်သူသာ အားကိုးရမည်ဖြစ်သည်။ ထို့ကြောင့် ကြောက်ရွံ့ခြင်းကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ရသည်ကများခဲ့ရသည်။

“ဟွမ်း...၊ မင်းခန္ဓာကိုယ်ကို သန့်စင်လိုက်ဦး” လျှိုမင်ယွမ်၏ တစ်ကိုယ်လုံးသည် သွေးများဖြင့် နီရဲနေ၏။ ထို့ကြောင့် ဤစမ်းချောင်းရှိရာ နေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဟွမ်းသည် အဝတ်စားတစ်စုံကိုပေးလိုက်၏။

သန့်စင်ပြီးနောက် ဤ ကောင်လေးသည် အလွန်ပင်ချောမောပေသည်။ လုရှင်းယန်ထက်တောင် ချောသေး၏။

“ကျုပ်က လျှိုမင်ယွမ်ပါ၊ ဗဟိုနယ်မြေ လင်းအိမ်တော်ရဲ့ အစေခံအလုပ်သမားတစ်ယောက်ပါ” လျှိုမင်ယွမ်သည် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

ဤကုန်းမြေကြီး တစ်ခုလုံးကို ထျန်းယွမ်ကုန်းမြေဟုခေါ်သည်။ ထျန်းယွမ်ကုန်းမြေတွင် နယ်မြေကြီးငါးခုရှိ၏။ ထိုက်ရွှမ်ဂိုဏ်းရှိရာ လင်းယွမ်နယ်မြေသည် ထျန်းယွမ်ကုန်းမြေ၏ တောင်ပိုင်းတွင်တည်ရှိ၏။ ထို့အပြင် မြောက်ပိုင်းနယ်မြေ၊ အနောက်ပိုင်းနယ်မြေ၊ အရှေ့ပိုင်းနယ်မြေနှင့်၊ အလယ်ပိုင်းတွင်တည်ရှိသော ဗဟိုနယ်မြေဟူပြီးတည်ရှိနေသည်။

လင်းအိမ်တော်သည် ဗဟိုနယ်မြေတွင် အင်အားကြီးသည့် အိမ်တော်တစ်ခုဖြစ်သည်။ လင်းအိမ်တော်သည် သတ္တုတွင်းများစွာပိုင်ဆိုင်ပြီး အခြားအင်အားစုများနှင့် အရောင်းအဝယ် ပြုလုပ်သည်။ လျှိုမင်ယွမ်သည် ထိုက်ရွှမ်မြို့ကို သတ္တုများ လာရောက်ပို့ဆောင်ချိန်တွင် လိုက်ပါလုပ်ဆောင်ပေးရန် တာဝန်ကျခဲ့၏။ ထို့ကြောင့် ထိုက်ရွှမ်မြို့သို့ရောက်ရှိခဲ့ ခြင်းဖြစ်သည်။ သို့သော် အပြန်လမ်းတွင် ဤနည်းဖြင့် နှိပ်စက်ခံရမည်ဟု မထင်ထားခဲ့ပေ။ အကြောင်းမှာ လျှိုမင်ယွမ်သည် လင်းအိမ်တော်သခင်မလေးကို ကြိုက်နှစ်သက်နေသည်ဟု လင်းဟွေ့ ထင်မှတ် သွားသောကြောင့်ဖြစ်သည်။

လင်းအိမ်တော်၏ သခင်မလေးသည် ဗဟိုနယ်မြေလင်းအိမ်တော်ခေါင်းဆောင် သမီးဖြစ်သည့်အပြင် ဗဟိုနယ်မြေ၏ ထိပ်တမ်းပါရမီရှင် တစ်ဦးလည်းဖြစ်၏။ ထို့ကြောင့် လျှိုမင်ယွမ်နှင့်ယှဉ်လျှင် အဖက်ဖက်မှ သာလွန်နေ၏။

လျှိုမင်ယွမ်ပြောပြနေစဉ် ဟွမ်း၏ မျက်နှာ အမူအရာ သည် တစ်စုံတစ်ရာမျှ မပြောင်းလဲချေ။ မျက်နှာသေဖြင့်သာ နားထောင်နေခဲ့၏။

“ကျုပ် လင်းဟွေ့ကို လက်စားချေချင်တယ်၊ စီနီယာ ခိုင်းသမျှ ကျုပ်လုပ်ပေးပါ့မယ်၊ လင်းဟွေ့ကို သတ်နိုင်မယ့်စွမ်းအားတွေရအောင်ကူညီပေးပါ” လျှိုမင်ယွမ်သည် တောင်းဆိုလိုက်၏။သူ၏မျက်လုံးထဲတွင် ဒေါသမီးများလောင်ကျွမ်းနေ၏။ ဤလူသည် သူကို ကယ်ခဲ့ခြင်းကြောင့် အစွမ်းထက်သူတစ်ဦးဖြစ်မည်ဟုထင်လိုက်သည်။

“လင်းဟွေ့ကို သတ်ချင်တာလား” ဟွမ်းသည်မေးလိုက်၏။

“ဟုတ်ပါတယ်၊ လင်းဟွေ့က ကျုပ်တစ်ဘဝလုံးကို အနိုင်ကျင့်လာခဲ့တာ၊ ကျုပ်ကျိန်းသေပေါက်သတ်ချင်တယ်” လျှိုမင်ယွမ်သည် ပြတ်သားစွာပြောလိုက်သည်။ သူ၏ မျက်လုံးများသည် တည်ငြိမ်နေ၏။

“ဘယ်အချိန်မှာသတ်မှာလဲ” ထပ်မေးလိုက်၏။

“ကျုပ်မှာ လင်းဟွေ့ကို သတ်ဖို့ လုံလောက်တဲ့ အင်အားရှိတဲ့အချိန်ပါ” လျှိုမင်ယွမ်သည် ချက်ချင်းဖြေလိုက်၏။

“လင်းအိမ်တော်မှာ လင်းဟွေ့အဆင့်တန်းက ဘာလဲ” ဟွမ်းသည် သူသိချင်သည်များကို ဆက်မေးနေ၏။

“တတိယအကြီးကဲရဲ့ သားပါ၊ ပြီးတော့ လင်းယွင်ဂိုဏ်းရဲ့ အတွင်းစဉ်းတပည့်တစ်ဦးပါ” လျှိုမင်ယွမ်သည် ဟွမ်းမေးခွန်းများကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေး၏။ ဤစီနီယာသည် အကြောင်းတစ်ခုခုကြောင့် မေးနေသည်ဟုတွေးမိသည်။

ဟွမ်း “လင်းအိမ်တော်ရဲ့ အင်အားက ဘယ်လိုလဲ”

“အိမ်တော်ခေါင်းဆောင်က ကောင်းကင်နတ်ဘုရားအဆင့်ပါ၊ နတ်ဘုရားတစ်ပိုင်းအဆင့် အကြီးကဲလေးဦးလဲရှိသေးတယ်” လျှိုမင်ယွမ်သည် လင်းအိမ်တော်၏ အင်အားကို ပြောပြလိုက်၏။

“လင်းဟွေ့ကို မင်းသတ်နိုင်ရင်တောင် သူတို့တွေက ဒီတိုင်းထိုင်ကြည့်မယ်ထင်နေလား၊ မင်းမသေမချင်း သူတို့က မင်းနောက်လိုက်နေမှာပဲ၊ ဘယ်လောက်ကြာကြာပုန်းနေနိုင်မှာလဲ၊ ပြီးတော့ တစ်လျှောက်လုံး ပုန်းနေရတဲ့ ဘဝမျိုးကို မင်းလိုချင်လား” ဟွမ်းသည် တည်ငြိမ်စွာ အကျိုးအကြောင်းများကို ခွဲခြမ်းစိတ်ဖြာ ပြီးပြောလိုက်သည်။

“ကျုပ်...” လျှိုမင်ယွမ်သည် တွေဝေသွား၏။ ဟုတ်ပေသည် လင်းဟွေ့၏ အဆင့်တန်းသည် အတော်လေးမြင့်သည်ဟု ဆိုရပေမည်။ လင်းအိမ်တော် တတိယအကြီး၏ သားဖြစ်ပြီး လင်းယွင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးလည်းဖြစ်၏။ သူသည် လင်းဟွေ့ကို သတ်နိုင်ခဲ့လျှင် လင်းအိမ်တော်၏ လိုက်လံသတ်ဖြတ်ခြင်းခံရမည်ဖြစ်သည်။ ထို့အပြင် လင်းယွင်ဂိုဏ်းသည်လည်း သူ့ကို ခွင့်လွတ်မည်မဟုတ်ပေ။ ဂိုဏ်းအတွင်းစည်းတပည့်တစ်ဦးကို သတ်ဖြတ်ခြင်းသည် ဂိုဏ်း၏ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်၏။ ထို့ကြောင့်သူသည် အင်အားစု နှစ်ခုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

“မင်းက သတ္တိဘယ်လောက်ကောင်းကောင်း ပါရမီ ဘယ်လောက်ရှိရှိ အကြွင်းမဲ့ စွမ်းအားရှေ့မှာတော့ အဲ့ဒီအရာတွေက အသုံးမဝင်ဘူး” ဟွမ်းသည် လျှိုမင်ယွမ်၏ ပခုံးကိုင်လိုက်ပြီးနောက် နှစ်ဦးသား ပျောက်ကွယ်သွား၏။

ကောင်းကင်ထက်၌သူတို့နှစ်ဦးပြန်ပေါ်လာခဲ့၏။ သို့သော် သူတို့နှစ်ဦးရောက်နေသည့်အမြင့်သည် ထျန်းယွမ် ကုန်းမြေတစ်ခုလုံးကို အစဆုံး မြင်နိုင်လောက်သည်အထိ မြင့်လွန်းပေသည်။ အာကာသထဲသို့ရောက်နေခြင်းဟုဆိုနိုင်သည်။

လျှိုမင်ယွမ်သည် အသက်ရှုမဝသလိုဖြစ်နေ၏။ ထို့အမြင့်သည် အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူတစ်ဦး ခံနိုင်သည် အရာမဟုတ်ပေ။ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဆိုလျှင်တောင် သေဆုံးသွားနိုင်၏။

အကြောင်းမှာ ကုန်မြေကြီးအထက် ချီစွမ်းအင်များ မရှိချင်းကြောင့်ဖြစ်သည်။ ချီစွမ်းအင်သည် ကျင့်ကြံသူများအတွက် မရှိမဖြစ် လိုအပ်သောအရာဖြစ်၏။ ထျမ်းယွမ်ကုန်းမြေထဲတွင်ဆိုလျှင် ချီစွမ်းအင်များက နေရာအနှံ့ ပျံ့နှံ့နေပြီး ကျင့်ကြံသူများအတွက် ချီစွမ်းအင်များကို ခန္ဓာကိုယ်ထဲ အဆက်မပြတ် လည်ပတ်စေနိုင်ခြင်းဖြစ်သည်။ အာကာသထဲတွင် ချီစွမ်းအင်များ မရှိပေ။ ချီစွမ်းအင်သည် ကုန်းမြေများတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ရတနာမျိုးဖြစ်သည်။ အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးသည် အာကာသထဲရောက်သွားသည့်အချိန်တွင် ချီစွမ်းအင်လုံးဝမရှိသည့် ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရလေသည်။ ထိုအခါ သူတို့၏ ခန္ဓာကိုယ်သည် ချီစွမ်းအင် လည်ပတ်မှုကို ပြတ်တောက်သွားစေသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင်းရှိ စုဆောင်းထားသည့် ချီစွမ်းအင်များကို ထုတ်သုံးရလေသည်။ သို့သော် ထိုချီစွမ်းအင်များ ကုန်ဆုံးသွားလျှင်တော့ သေဆုံးဖို့သာ ရှိပေတော့သည်။ သို့သော် အဆင့်နိမ့်ကျင့်ကြံသူများအတွက် ထိုအကြောင်းရာများသည် မဖြစ်နိုင်ပေ။ သူတို့သည် အာကာသထဲသို့ ရောက်ရန်မဆိုထားနှင့် ပျံသန်းမှုတောင် မလုပ်နိုင်သောကြောင့် ဖြစ်သည်။ လျှိုမင်ယွမ်သည်တော့ ချွင်းချက်ဖြစ်ပေ၏။

…..

All Chapters