ဒီတိုင်းပဲလွှတ်ပေးလိုက်တော့မှာလား
Vol. 1 Ch. 15
“ဒီမိန်းကလေး တကယ်ကို ကြမ်းတာပဲ” ထျယ်ရှန်းသည် ယွဲ့ဝူယောင်ကို စတိုက်ကတည်းက အထင်မသေးခဲ့ပေ။ သို့သော် ဤလောက်ထိ ဖိအားပေးတိုက်ခိုက်နိုင်လိမ့်မည်လို့တော့ မထင်ထားခဲ့ပေ။ သူမ၏ ချီစွမ်းအင်နှင့် တိုက်ခိုက် တုန်းက သူသည် အနည်းငယ် အသာစီယူပြီးတိုက်ခိုက်နိုင်ခဲ့သည်။ စိူ့သော် ဝိညာဉ် စွမ်းအားနှင့် တိုက်ခိုက်သည့်အခါ သူမသည် အခြားတစ်ယောက်ပြောင်းသွားသည့်အလား တိုက်ခိုက်ခဲ့သည်။ သူသည် အောက်စီးရောက်ရှိနေ၏။
“မိန်းကလေးသတိထားတော့” ချက်ချင်းပင် ဝိညာဉ်စွမ်အင် များစွာကို သူ၏ လက်သီးတွင် စုစည်းလိုက်သည်။ ထို့နောက် သူ၏ ပတ်လည်တွင် လေများ ‘တဟူးဟူး’ တိုက်ခတ်လာသည်။ ထို့နောက် သူ၏ ညာခြေကို ကွေးညွှတ်လိုက်၏။ သူ၏ လက်သီးတွင် အနီရောင်စွမ်းအင်များသည် လက်သီးသဖွယ် ဖြစ်တည်လာခဲ့သည်။
“သံမဏိဖြိုခွဲလက်သီး”
ထို့နောက် ယွဲ့ဝူယောင်ကို တိုက်ခိုက်ရန် ပစ်လွှတ်လိုက်၏။
ယွဲ့ဝူယောင်သည် မတုံ့နှေးရဲချေ။ ချက်ချင်းပင် လေပေါ်သို့ ခုန်တက်သွားခဲ့၏။ ပြန်ကျမလာချေ။ အခြေတည်ဝိညာဉ် အဆင့်သည် မပျံသန်းနိုင်သေးသော်လည်း ဝိညာဉ်စွမ်းအင် လုံလောက်လျှင် လေပေါ်တွင် ခဏတာ ရပ်တည်နိုင်၏။ ထို့နောက် သူမ၏ ဝိညာဏ်စွမ်းအင်များကို စုစည်းလိုက်သည်။ ယခုအခါ စွမ်းအင်စုစည်းရာတွင် ရှေ့အခေါက်များထက် ချောမွေ့လာ၏။
“အေးခဲသောလ၏ရိုက်ချက်” သူမ၏ စွမ်းအင်လက်ဝါးကို ထုတ်သုံးလိုက်၏။
ထိုလက်ဝါးသွားရာ လမ်းရှိ လေထုသည် အေးခဲသွားသည်။ ထို့နောက် ထျယ်ရှန်း၏ စွမ်းအင်လက်သီးနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့၏။
“ဝုန်း.....” ကြီးမားလှသည် စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
ပွဲကြည့်နေကြသော ပရိတ်သတ်များသည်လည်း အဝေးသို့ ဆုတ်ခွာ ကုန်ကြရ၏။ အဆင့်နိမ့်ကျင့်ကြံသူတစ်ချို့သည် သွေးအန်ကုန်ကြသည်။
ထိုစွမ်းအင်နှစ်ခုသည် အပြင်းထန် အားပြိုင်နေကြ၏။ ထျယ်ရှန်းသည် အနည်းငယ် တုန်လှုပ်လာ၏။ သူ၏ စွမ်းအင်သည် အားပျော့လာသောကြောင့်ဖြစ်သည်။ သူ၏ စွမ်းအင်လက်သီးသည် မပျောက်ကွယ်သေးသော်လည်း နောက်သို့ ဆက်တိုင် ဆုတ်လာခဲ့ရ၏။ ထို့ကြောင့် သူသည် ထိုလက်သီးဆီသို့ ဝိညာဉ်စွမ်းအင်များ ဆက်တိုက်ပို့လွှတ်နေခဲ့သည်။ သို့သော်အချီးနှီးသာ။
ယွဲ့ဝူယောင်၏ စွမ်းအင်ကြောင့် ထျယ်ရှန်းသည် သူ၏ဝိညာဉ် စွမ်းအင်များ ကုန်လုနီးပါးဖြစ်လာခဲ့၏။
“မိန်းကလေးငါ အရှုံး...”
“ဝုန်း..” ထျယ်ရှန်းသည်စကားဆုံးအောင် မပြောလိုက်ရချေ။ ပေါက်ကွဲမှု တစ်ခုထပ်ပေါ်လာပြီးနောက် သူ၏ သန်မာလှသည့် ခန္ဓာကိုယ်သည်အေးခဲခြင်းခံလိုက်ရ၏။ ထူးဆန်းသည်မှာ သူ၏ ခန္ဓာကိုယ်တွင် ခရမ်းရောင် ရေခဲများဖြင့် ဖုံးလွှမ်းနေခြင်းဖြစ်သည်။ သူသည်မခုခံနိုင်တော့ချေ။ ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားခဲ့၏။ ထို့နောက် သတိပါလစ်သွားခဲ့သည်။
“ရေခဲက ခရမ်းရောင်တွေလား”
“သူမအရမ်းကြမ်းတာပဲ” ပွဲကြည့်ပရိတ်သတ်များသည် အံ့ဩကုန်ကြ၏။ ထို့နောက် တီးတိုးရေရွတ်နေကြသည်။
ထိုပေါက်ကွဲမှုကြောင့် အနီးနားရှိ အဆောက်ဦးများလည်း ပျက်စီးကုန်သည်။ ထို့ပြင် ကွင်းပြင်ကဲ့သို့ပြောင်ရှင်းနေ၏။
ယွဲ့ဝူယောင်သည် သူမ၏ မျက်နှာတွင် ပင်ပန်းမှုများပေါ်လာခဲ့ပြီးနောက် အောက်သို့ဆင်းလာခဲ့၏။
လုရှင်းယန်နှင့် ပိုင်ကျန့်ယွီသည် ချက်ချင်းရောက်လာခဲ့ကြသည်။
“အစ်မကြီး အဆင်ပြေရဲ့လား” ပိုင်ကျန့်ယွီသည် စိုးရိမ်စွာ မေးလိုက်၏။
“ဘာမှမဖြစ်ပါဘူး... ဝိညာဉ်စွမ်းအား သုံးတာများသွားရုံပါ” ယွဲ့ဝူယောင်သည် တိုးလျစွာဖြေလိုက်၏။
ထိုစဉ် ပွဲကြည့်ပရိတ်သတ်များ၏ နောက်မှ အုပ်ချုပ်သူရှဲ့ ပေါ်လာခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွား၏။
“မိန်းကလေး ဒီကောင်ကို ခဲထားတာလေး ပြန်ဖျက်ပေးလို့ရမလား၊ မင်းနိုင်သွားပြီပဲ” ရှဲ့လန်သည် တိတ်ဆိတ်မှုကို ဖြိုခွဲပြီး ပြောလိုက်၏။ ထို့နောက်ယွဲ့ဝူယောင်သည် ထိုခရမ်းရောင် ရေခဲများကို ဖယ်ရှားပေးလိုက်၏။
“ဒီမျိုးမစစ်ကို ချုပ်လိုက်တော့၊ ပြီးရင် ဒီမိန်းကလေးကိုလဲ ဖမ်း” ရှဲ့လန် အမိန့်ပေးလိုက်သည်နှင့် အစောင့်များပေါ်လာပြီး သတိလစ်နေသည့် ထျယ်ရှန်းကို ထမ်း၍သယ်သွားကြသည်။
“ခင်ဗျားက ဘယ်သူလဲ”လုရှင်းယန်သည် ယွဲ့ဝူယောင်ကို ကာကွယ်ထားပြီးမေးလိုက်၏။
“ငါ့ကိုငါ မိတ်ဆက်ဖို့မေ့နေတယ်၊ ငါ့နာမည်က ရှဲ့လန်ပါ၊ ငါ့ကို အုပ်ချုပ်သူရှဲ့လို့ ခေါ်ကြတယ်၊ ထိုက်ရွှမ်မြို့ရဲ့ အုပ်ချုပ်သူပေါ့၊ ထိုက်ရွှမ်မြို့ထဲမှာ တိုက်ခိုက်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းရှိတယ်လေ၊ အဲ့ဒါကြောင့် ဒီမိန်းကလေးကိုရော ဖမ်းပြီး အပြစ်ပေးရလိမ့်မယ်” အုပ်ချုပ်သူရှဲ့သည် အကြောင်းစုံရှင်းပြလိုက်၏။
“ဒါပေမဲ့... ထျယ်ရှန်းက ကျုပ်တို့ အစ်မကြီးကို လာစိန်ခေါ်တာလေ၊ ပြီးတော့ ကျုပ်တို့က ခုမှ ထိုက်ရွှမ်မြို့ကို ရောက်တာလေ၊ ဒီစည်းမျဉ်းရှိမယ်ဆိုတာမသိခဲ့ဘူးလေ” လုရှင်းယန်သည် ပြန်လည်ချေပလိုက်၏။
“ဒီလိုဆင်ခြေတွေပေးကြလွန်းလို့ ထိုက်ရွှမ်မြို့ အဝင်ဝမှာ ဆိုင်းဘုတ်အကြီးကြီးနဲ့ စည်းကမ်းချက်တွေရေးထားပေးတယ်လေ၊ မဖက်ခဲ့ဘူးလား” အုပ်ချုပ်သူရှဲ့သည် အော်ငေါက်လိုက်၏။
“ဟင်...” ယွဲ့ဝူယောင်တို့ သုံးယောက် အလွန်ပင်အံ့ဩသွား၏။
အဝင်ဝမှာ ရှိတယ်ဆို သူတို့ အဘယ်ကြောင့်မတွေ့ခဲ့ရသနည်း။ အဖြေကတော့ရှင်းပါတယ်။ မြို့တံတိုင်းကြီးကိုပဲ အာရုံရောက်နေကြပြီး ထိုစည်းကမ်းချက် ဆိုင်းဘုတ်ကို ရှိသိဟုပင် မထင်သောကြောင့်ဖြစ်သည်။
‘နောက်မြို့တွေကိုသွားရင် စည်းကမ်းချက်ဆိုင်းဘုတ်အရင် ရှာကြည့်ရမယ်’
‘ဟိုခွေးကောင်က၊ ဒီလိုစည်းကမ်း ရှိတာသိရက်နဲ့ တိုက်ခိုက်ဖို့စိန်ခေါ်ရလား၊ ဒီကောင်ငါတို့ကို ဒုက္ခပေးနေတာပဲ’ လုရှင်းယန်သည် ထိုအကြောင်းကိုသိပြီး ဒေါသထွက်လာ၏။ သူမသိသေးသည်မှာတော့ ထျယ်ရှန်းသည် ထိုက်ရွှမ်မြို့တွင်းရှိ အဆင့်တူလူတိုင်းကို စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ပြီးတော့ ဒီပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးတစ်ဝက်ပေးရလိမ့်မယ်” အုပ်ချုပ်သူရှဲ့သည် ကွင်းပြင်ကြီးကို လက်ညိုးထိုး၍ပြောလိုက်သည်။
“ကျုပ်တို့...” လုရှင်းယန်သည် ဆို့နစ်သွား၏။ သူတို့သုံးယောက်ပေါင်းလိုက်လျှင်တောင် အလယ်လတ်သလင်းကျောက် ဆယ်ခုစာပင် မပြည့်သောကြောင့်ဖြစ်သည်။ သူတို့သည် မွဲနေပြီဖြစ်၏။
“သူတို့ကို အချုပ်ခန်းထဲခေါ်သွား” အုပ်ချုပ်သူရှဲ့သည် အစောင့်များကို အမိန်ပေးလိုက်၏။
“ကျွန်မတို့ အချုပ်ထဲမလိုက်နိုင်ဘူး” ယွဲ့ဝူယောင်သည် ဆန့်ကျင်လိုက်၏။
“မင်းတို့မှာ ငြင်းဆန်ခွင့်မရှိဘူး” ထို့နောက် သူ၏ နတ်ဘုရားအရှိန်ဝါကို ဖော်ထုတ်လိုက်၏။ သို့သော် ချက်ချင်း မျက်မှောင်ကျုံ့သွား၏။ အခြားကျင့်ကြံသူများသည် သူ၏ အရှိန်ဝါကြောင့် ဖိအားများ ခံစားလိုက်ရသော ကြောင့် နောက်ဆုတ်ကုန်ကြ၏။ သို့သော် ထိုသုံးယောက်သည် မည်သည်မျှ မခံစားရပုံပေါ်နေ၏။
“ငါ့တပည့်တွေကို အနိုင်ကျင့်ချင်တာလား...” ထိုအသံနှင့်အတူ အလွန်ချောလှသည့် လူနှစ်ဦးတစ်လှမ်းခြင်း လျှောက်လာကြ၏။
“ဆရာ..” ယွဲ့ဝူယောင်တို့ သုံးယောက်သည် အလွန်ပင်ပျော်ရွှင်သွားကြသည်။ လုရှင်းယန်သည် မျက်ရည်ကျလုမတက်ဖြစ်သွား၏။
“ခင်ဗျားက သူတို့ဆရာလား” အုပ်ချုပ်သူရှဲ့သည် မျက်မှောင်ကျုံ့ပြီးမေးလိုက်၏။ ထိုလူငယ်၏ အဆင့်ကို မသိရချေ။
ဟွမ်းသည် သူ၏ တပည့်များအနီးသို့ရောက်လာ၏။ထို့နောက် ယွဲ့ဝူယောင်ကို သူ၏ ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းပေးလိုက်၏။
“မဆိုးဘူးတော်တယ်...” သူမ၏ ခေါင်းကို ပုတ်ပေးပြီးချီးကျုးလိုက်၏။ ဟွမ်းသည် သူမ စတိုက်ခိုက်ကတည်းကရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ယွဲ့ဝူယောင်သည် အလွန်ပင်ကျေနပ်သွား၏။ ထို့နောက် ဟွမ်းသည် ဆက်ပြောလိုက်၏။
“သူက မင်းတို့ရဲ့ စတုတ္ထမြောက်ညီလေး လျှိုမင်ယွမ်ပဲ...”
“အစ်မကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကို” လျှိုမင်ယွမ်သည် လေးစားမှုပြလိုက်၏။ အထူးသဖြင့် အစ်မကြီးကို အတော်လေး လေးစားနေ၏။ သူမ၏ တိုက်ခိုက်ပုံများကို မြင်ခဲ့ရခြင်းကြောင့်ဖြစ်သည်။
အုပ်ချုပ်သူရှဲ့ အတော်လေးစွံ့အသွား၏။ သူကိုလျစ်လျုရှုထားခြင်းကြောင့် အတော်လေးဒေါသထွက်လာ၏။ သို့သော် ဟွမ်း၏ အဆင့်ကိုမမြင်နိုင်သောကြောင့် အထင်မသေးရချေ။
‘ငါ့ကိုတော့မြင်လိုက်တယ်မဟုတ်ဘူးလား၊ အဘယ်ကြောင့် ကိုယ့်အိမ်ကိုယ့်ယာထဲ ရောက်နေသလို အေးအေးလူလူ ဖြစ်နေကြတာလဲ’
ထို့နောက် သူ၏ ဒေါသကို ထိန်းပြီးပြောလိုက်၏။
“ဒီကရောင်းရင်း ခင်ဗျားက ဒီမိန်းကလေးရဲ့ ဆရာဆိုရင်တောင် ဒီမိန်းကလေးက မြို့စည်းကမ်းအရ အပြစ်ဒဏ်ပေးခံရဦးမှာပဲ” အုပ်ချုပ်သူရှဲ့သည် ဖြောင့်မှတ်မှန်ကန်သည့်ပုံစံဖြင့် ပြောလိုက်၏။
“ထိုက်ရွှမ်မြို့က ဧည့်သည်တွေကိုဒီလိုပဲ ဆက်ဆံတာလား” ဟွမ်းသည် တည်ငြိမ်စွာမေးလိုက်၏။ သူ၏မျက်နှာတွင် မည်သည့် အရိပ်ယောင်မျှ မပေါ်ချေ။
“စည်းကမ်းသာ မချိုးဖောက်ခဲ့ရင် ဒီလိုဆက်ဆံမှာမဟုတ်ဘူး” အုပ်ချုပ်သူရှဲ့သည် ခေါင်းအနည်းငယ် ခါပြီးပြောလိုက်သည်။
“ဒါဆို ခင်ဗျားအစောကြီးကတည်းက ဝင်မတားခဲ့သင့်ဘူးလား” ဟွမ်းသည် အုပ်ချုပ်သူရှဲ့၏ မျက်လုံးများကို တည့်တည့်ကြည့်ပြီးမေးလိုက်၏။ ဟုတ်ပေသည် ရှဲ့လန်သည် အစောကြီးကတည်းက ရောက်နေပြီးဖြစ်သည်။ သို့သော် တိုက်ပွဲပြီးမှသာ ဝင်ရောက်လာခြင်းဖြစ်ခဲ့၏။
“ဒါ..” ရှဲ့လန်သည် အို့တို့အမ်းတမ်းဖြစ်သွား၏။ ထို့နောက် ချက်ချင်းပင်ပြောလိုက်ရန်ပြင်လိုက်ချိန်တွင် ဟွမ်းသည် စကားဖြတ်၍ ပြောသွားသည်။
“စည်းမျဉ်း အရဆိုရင် ဒီမြို့မှာ တိုက်ခိုက်ခွင့်ရှိတာ ခင်ဗျားတစ်ယောက်တည်းပဲ ဖြစ်တဲ့ပုံပဲ” ဟွမ်းသည် ရည်ရွယ်ချက်ရှိရှိမေးလိုက်၏။ ထိုက်ရွှမ်မြို့၏ စည်းမျဉ်းကို ချိုးဖောက်ရင် ဖမ်းချုပ်အပြစ်ပေးခံရမည်ဖြစ်သည်။ သို့သော်ပြန်လည်ခုခံလျှင် အုပ်ချုပ်သူရှဲ့လန်သည် တိုက်ခိုက်မည်ဖြစ်၏။ ထို့ကြောင့် ဤမြို့တွင် သူသည် တိုက်ခိုက်ခွင့်ရှိသူတစ်ဦးဖြစ်၏။
“ကျုပ်က ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးယုံသက်သက်ပါပဲ” ရှဲ့လန်သည် အမှန်တရား၏ ဘက်တော်သားတစ်ယောက်သဖွယ် ပြုံးပြီးပြောလိုက်သည်။
“ကောင်းပြီ... ဒါဆိုကျုပ်တိုက်ပြီ..” ဟွမ်းသည် ထိုသို့ပြောပြီးနောက် ချက်ချင်းနေရာမှပျောက်ကွယ်သွား၏။
“ဘာကိုဆိုလို...” ရှဲ့လန်သည် စကားပင်ဆုံးအောင် မပြောလိုက်ရချေ။ သူ၏အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားရ၏။ အကြောင်းမှာ ဟွမ်းသည် သူ့အနားရောက်နေပြီဖြစ်သည်။ ထို့နောက် ဟွမ်းသည် မည်သည့်စွမ်းအင်မျှမပါဝင်ပဲ ခွန်အားသက်သက်ဖြင့်သာ ထိုးချလိုက်၏။ သူ၏လက်သီးသည် ရှဲ့လန်၏ မျက်နှာဆီသို့ ဦးတည်သွားသည်။
ရှဲ့လန်သည် ခေသူတစ်ယောက်မဟုတ်ပေ။ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူတစ်ဦးဖြစ်၏။ ထို့ကြောင့် ချက်ချင်း ကာကွယ်ရန်ပြင်လိုက်သည်။ သို့သော် မည်သည့် ဝိညာဉ်စွမ်းအားမှ သုံးမရတော့ချေ။
‘တစ်ခုခုတော့မှားနေပြီ’ သူသည်အနည်းငယ်တုန်လှုပ်သွား၏။ သူသည်မည်သို့မျှ မရှောင်နိုင်တော့ချေ။ ဟွမ်း၏လက်သီးနှင့် သူ၏ မျက်နှာ မိတ်ဆက်သွား၏။
“ခွပ်...” ထိုးခံရသည့်အသံသည် မကျယ်လောင်သော်လည်း ရှဲ့လန်၏ ခန္ဓာကိုယ်သည် ပေနှစ်လောက် လွင့်ထွက်သွား၏။ သူလွင့်ထွက်သွားသည့် လမ်းကြောင်းရှိ အဆောက်ဦးတစ်ခုနှင့်ဝင်တိုက်သွားသည်။ ထိုအဆောက်ဦးလဲ ပြိုကျသွား၏။
“သွားကြစို့ တပည့်တို့” ဟွမ်းသည် သူ၏လက်ကို ခါပြီးနောက် တပည့်များနှင့်ထွက်သွားကြတော့သည်။
အနီးနားရှိမပြန်ကြသေးသည့် လူများသည် အလွန်ပင် အံ့ဩကုန်ကြ၏။
‘အုပ်ချုပ်သူရှဲ့က နတ်ဘုရားတစ်ပိုင်းအဆင့်လေ၊ ဒါကို ဒီလူငယ်က ခွေးတစ်ကောင်ကို ရိုက်သလိုရိုက်သွားတာပဲ’
“အုပ်ချုပ်သူရှဲ့.. အဆင်ပြေရဲ့လား” အစောင့်များသည် အပြေးရောက်လာကြပြီး အုတ်ပုံထဲမှ ဆွဲထုတ်လိုက်သည်။
ရှဲ့လန်သည် မည်သည့် ဒဏ်ရာမျှ မရသော်လည်း သူ၏ပါးတစ်ခြမ်းသည် နီရဲနေ၏။
“ဒီလူထွက်သွားပြီလား..” ရှဲ့လန်သည် သက်ပြင်းချကာ မေးလိုက်၏။ ထိုလူသည် တကယ်ကြောက်စရာကောင်းပေသည်။ သူသည်မည်သို့မျှ တုန့်ပြန်ချိန်ကိုမရလိုက်ချေ။ ပိုဆိုးသည်က ထိုလူသည် မည့်သည့်စွမ်အားမျှ မသုံးခဲ့ချေ။
‘ငါ ဂိုဏ်းကိုတင်ပြရမယ်’
“ဟုတ်ကဲ့ ထွက်သွားပါပြီ၊ အုပ်ချုပ်သူရှဲ့ အဲ့ဒီလူကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား” အစောင့်သည် မကျေနပ်သည့်လေသံဖြင့်မေးလိုက်၏။
‘ဒီတိုင်း မလွှတ်ပေးလို့၊ ငါထပ်အရိုက်ခံပြီး အချုပ်ထဲလိုက်ခဲ့ပါလို့ တောင်းပန်ရမှာလား၊ ငါအရိုက်ခံလိုက်ရတဲ့ပုံကို မင်းမမြင်လိုက်ဘူးလား၊ အရိုက်ခံရတာငါလေ၊ ဘာလို့မင်းက ပိုပြီး မကျေနပ်တဲ့လေသံပေါက်နေတာလဲ’ ရှဲ့လန်သည် အံ့ဩလွန်းပြီး ပြန်တောင် မဆဲနိုင်။
…..