ဒုတိယမြောက် ငွေသေတ္တာ
Vol. 55 Ch. 900
ဖျက်ဆီးခြင်းနန်းတော်၏ ဥပဒေသ အကြောကို နားလည်ပြီးနောက် ချန်လွေ့က ဖျက်ဆီးခြင်း နန်းတော်သည် မူလဇစ်မြစ်တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်ရမည်ဟု နောက်ဆုံးတွင် သဘောပေါက်ခဲ့သည်။ တစ်နည်းအားဖြင့် ဖျက်ဆီးခြင်းနန်းတော်သည် မူလဇစ်မြစ်က ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခု ဖြစ်ပေသည်။
မှန်ပေသည်။ ထို‘ပုံရိပ်ယောင်’က ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ သေစေနိုင်သော အရာဖြစ်၏။
မူလဇစ်မြစ်သည် နန်းတော်ထဲ၌ ရှိနေပြီး မည်သည့် နေရာတွင်မဆို ဝှက်ထားခြင်းခံရနိုင်သည် သို့မဟုတ် မည်သည့်နေရာတွင်မှ မရှိခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ထိုနန်းတော်မှ ဥပဒေသကို ဖျက်နိုင်ပါက မူလဇစ်မြစ်ကို ရှာတွေ့နိုင်ပေသည်။
သို့သော်လည်း နတ်ဘုရား-ယောင်များပင် ဖျက်ဆီးခြင်း နန်းတော်၏ ဥပဒေသစွမ်းအားကို မခံနိုင်ကြရာ၊ ၎င်းကို ဖျက်ရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
ဖျက်ဆီးခြင်းဥပဒေသသည် တစ်ခုတည်းမဟုတ်ဘဲ မရေမတွက်နိုင်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။ လူတိုင်း၏ နားလည်မှုက ကွဲပြားခြားနားသည်။ အသူရာ၏ အထူးကိုယ်ပွားဖြင့် ချန်လွေ့သည် ဇစ်မြစ်စွမ်းအား၏ အစိတ်အပိုင်းတစ်ခုကို ထိတွေ့နိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် နားလည်မှုနှင့် သိမြင်မှုမှာ အခြေခံ အဆင့်တွင်သာ ရှိသေးသည်။ သူသည် စစ်မှန်သော ‘မူလဇစ်မြစ်’၏ အဆင့်သို့ မရောက်နိုင်သေးပေ။
ဖျက်ဆီးခြင်းနန်းတော်သည် ဇစ်မြစ် ဥပဒေသမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ချန်လွေ့၏ လက်ရှိအဆင့်အရ နန်းတော်၏ ဥပဒေသစွမ်းအားကို ချေမှုန်းရန် မဖြစ်နိုင် သေးသော်လည်း သူသည် ၎င်းကို ဖိနှိပ်ရန် အကြွင်းမဲ့ ခွန်အားကို အသုံးပြုရန် မလိုအပ်ပေ။ ပုရွက်ဆိတ်တွင်းလေး တစ်ခုသည်ပင် ကြီးမားသော တာတမံကို ပြိုလဲစေနိုင်သည်။ သီဝရီအရ နန်းတော်သည် အချို့သော အမှတ်များကို လွှမ်းမိုးခြင်းဖြင့် သူ့အလိုလို ပြိုလဲသွားနိုင်သည်။
ဇစ်မြစ်စွမ်းအားဖြင့်သာ မူလအမှတ်များကို ‘လွှမ်းမိုး’ နိုင်သောကြောင့် ချန်လွေ့သည် အသူရာ၏ စွမ်းအားကို အသုံးပြုရန် လိုအပ်ခဲ့သည်။ အသူရာသည် ငွေရောင်သေတ္တာမှ ဆင်းသက်လာသော အခြား ဖျက်ဆီးခြင်း တည်ရှိမှု တစ်ခု ဖြစ်ပြီး သူကိုယ်တိုင်က မူလဇစ်မြစ်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ သို့သော်လည်း သီဝရီနှင့် လက်တွေ့ကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေသေးသည်။ ချန်လွေ့သည် အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း [အထူးစိစစ်မှု]ကို အားပြုကာ နန်းတော် ဥပဒေသတစ်ခုလုံး၏ ဖွဲ့စည်းပုံကို ခန့်မှန်းခြေအားဖြင့်သာ နားလည်နိုင်ခဲ့သည်။ သို့သော်လည်း လွှမ်းမိုးမှု ဖြစ်ပေါ် စေနိုင်သော အမှတ်တစ်ခုကိုပင် မတွေ့နိုင်သေးပေ။ ၎င်းသည် စာရေးသားမှုစွမ်းရည် မပြည့်စုံသော ကျောင်းသားတစ်ဦးနှင့် တူနေ၏။ သူသည် အရွယ်ရောက်ပြီးသော စာရေးဆရာ တစ်ဦး၏ လက်ရာကို ပြင်ဆင်ရန် ကြိုးစားလိုသော်လည်း လက်ထဲတွင် ဘောပင်နှင့် အဘိဓာန်ရှိနေသည့်တိုင် မည်သို့ စတင်ရမှန်း မသိသကဲ့သို့ပင်။
တစ်ဖနီက ချန်လွေ့၏ လက်ထဲတွင် ရှိနေပြီး ရုန်းကန်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မပြုဘဲ နန်းတော် ပတ်ပတ်လည်တွင် ပျံသန်းနေသည်ကို ဂရုမစိုက်ဘဲ ကြည့်နေခဲ့သည်။ ထိုသူက ငွေသေတ္တာကို ရှာဖွေနေကြောင်း သူနားလည်သော်လည်း သူကဲ့သို့သ ‘သော့’မျိုးသည်ပင် ငွေသေတ္တာ၏ သဲလွန်စကို ရှာဖွေရန် အစီအရင်တစ်ခု သို့မဟုတ် အချို့သော အရာများကို စတေးရလေသည်။ ထိုသူ၏ တိုက်ရိုက် ရှာဖွေခြင်းမှာ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေသည်။
ပြဿနာမှာ သူသည် ယခုအခါ ထိုသူ၏ လက်ထဲသို့ ရောက်ရှိနေပြီး သူ၏ ဝိညာဉ်ကို ထိန်းသိမ်းရန် ထိုအသက်စွမ်းအားနှင့် ယုံကြည်မှုစွမ်းအားမျိုးကို အားကိုးရမည် ဖြစ်သည်။ ထို့ကြောင့် သူ စိတ်ရှည် ရမည်ဖြစ်ပြီး ထိုသူ အကြံကုန်သည့်အထိ စောင့်ဆိုင်းကာ ထို့နောက်မှ သူ့အား ထပ်မံ ညှိနှိုင်းရန် ကြိုးစားနိုင်သည်။
ချန်လွေ့သည် [အထူးစိစစ်မှု]၏ စွမ်းအားကို အသုံးပြု၍ လျင်မြန်စွာ တွက်ချက် စဉ်းစားနေခဲ့သော်လည်း သူ တွက်ချက်လေလေ ပိုမိုရှုပ်ထွေးလေလေ ဖြစ်သည်။ ထိုကဲ့သို့သော နားလည်မှုဆိုင်ရာ ကိစ္စရပ်မှာ အလွန်နက်နဲ ဆန်းကြယ်ပြီး ရိုးရှင်းသော အချက်အလက်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်ပေ။ အကြိမ်ကြိမ် ကြိုးစား၍ မအောင်မြင်ပြီးနောက် သူသည် [အထူးစိစစ်မှု] ကို ပိတ်ပစ်လိုက်သည်။ သူသည် ဖျက်ခြင်းနှင့် လွှမ်းမိုးခြင်း အကြောင်းကို ဆက်မစဉ်းစားတော့ဘဲ အသူရာ၏ မူလဇစ်မြစ်ကို အသုံးပြုကာ နန်းတော်၏ မူလဇစ်မြစ်ကို သန့်စင်စွာ ခံစားကြည့်လိုက်သည်။
တဖြည်းဖြည်းနှင့် ထိုပြောင်းလဲမှုသည် မမျှော်လင့်သော အကျိုးသက်ရောက်မှုများကို ပေးခဲ့သည်။ အချင်းချင်း တွန်းလှန်ပြီး ဖျက်သိမ်းမှု အချိန်ကာလတစ်ခု ကုန်လွန် ပြီးနောက် မူလဇစ်မြစ်နှစ်ခုသည် နောက်ဆုံးတွင် ဖြည့်စွက်ပြီး ပေါင်းစည်းသွားခဲ့သည်။ အသူရာ၏ မူလဇစ်မြစ်သည် များစွာ ကြီးထွားလာခဲ့ပြီး ဖျက်ဆီးခြင်း၏ မူလဇစ်မြစ်မှာ ပိုမိုပြည့်စုံ လာခဲ့သည်။
ချန်လွေ့၏ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက် သွားသည်။ ဒီလိုကိုး။ ငါက အခြေခံအကျဆုံး ဖျက်ဆီးခြင်း ဥပဒေသကို ကျွမ်းကျင်နားလည်ဖို့အတွက် အသူရာရဲ့ ဇစ်မြစ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်မယ်ဆိုရင် နောက်ထပ် အဆင့်ကို ရောက်ဖို့အတွက် ငါ ဓူဝံကြယ်နီဧကရာဇ် ထိပ်သီးပိုင်းကို အမှန်တကယ် ရောက်နိုင်ပြီ။
ချန်လွေ့ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ အကြောင်းမှာ သူသည် ဖျက်ဆီးခြင်းနန်းတော်၏ ယေဘုယျ လျှို့ဝှက်ချက်ကို နားလည်ခဲ့ရုံသာမက ရှေ့ဆက်မည့်လမ်းကိုပါ ရှင်းလင်းစွာ သိရှိခဲ့သောကြောင့်ပင်။
တစ်ဖနီ၏ အံ့သြသော အကြည့်အောက်တွင် ချန်လွေ့သည် နန်းတော်၏ တိုင်တစ်ခုကို လက်ညှိုး ထိုးပြလိုက်သည်။ တစ်ဖနီ၏ မျက်လုံးများတွင် ၎င်းသည် တိုင်တစ်ခုဖြစ်သော်လည်း ချန်လွေ့၏ မျက်လုံးများတွင် ၎င်းသည် ဥပဒေသ အမှတ်တစ်ခု ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းသည်ပင် ၎င်းကို မခံစားနိုင်သော်လည်း ချန်လွေ့ကမူ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
သူသည် ထိုအခိုက်အတန့်၌ အသူရာ၏ ဖျက်ဆီးခြင်း စွမ်းအားကို အသုံးပြုနေခြင်းမဟုတ်ဘဲ အလွန်ကြွယ်ဝသော အသက်စွမ်းအားကို အသုံးပြုနေခြင်းဖြစ်သည်။ အစပိုင်းက အသူရာကို အနိုင်ယူခဲ့စဉ်ကဲ့သို့ပင် သူ အသက်သွင်း ခဲ့သည်မှာ ဖျက်ဆီးခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ‘ဖန်တီးခြင်း’ စွမ်းအားပင်။ အသက်သည် အကြီးမားဆုံးသော ဖန်တီးမှုပင်။
အသက်စွမ်းအားသည် ဖျက်ဆီးခြင်းဥပဒေသဖြင့် ချက်ချင်း စုပ်ယူခံလိုက်ရသော်လည်း ဥပဒေသအမှတ် ကိုလည်း ၎င်းက လွှမ်းမိုးခဲ့သည်။ တိုင်သည် ရုတ်တရက် အက်သွားပြီး မျက်နှာကျက်အပိုင်းပင် ပြိုလဲသွားကာ ချက်ချင်း ပြန်လည်မရရှိနိုင်သော မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ဖနီသည် ဘာဖြစ်နေသည်ကို နားမလည်သော်လည်း ဖျက်ဆီးခြင်းနန်းတော်သည် အစွမ်းထက်ဆုံး ဖျက်ဆီးခြင်း ဥပဒေသဖြင့် ဖန်တီးထားကြောင်း သူ ကောင်းစွာ သိသည်။ ဆရာ-စေတန် ကိုယ်တိုင်ပင် ၎င်းကို ဖျက်ဆီးနိုင်မည်မဟုတ်ဘဲ ထိုလူကမူ အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သည်။
ချက်ချင်းပင် ချန်လွေ့သည် အလျင်အမြန် ပျံသန်းကာ နန်းတော်အတွင်း လက်ညှိုးထိုးပြသည်။ သူ ဖြတ်သန်း သွားသည့် နေရာတိုင်း၌ နယ်မြေကျယ်ကြီးတစ်ခု ပြိုလဲသွားရာ မပြည့်စုံသကဲ့သို့ ဖြစ်သွားစေသည်။ သူ၏ နောက်ဆုံး လှုပ်ရှားမှု အပြီးတွင် နန်းတော်တစ်ခုလုံး ပြိုလဲသွားခဲ့သည်။ ထိုမြူခိုးများသည် တစ်စုံတစ်ရာက ဆွဲဆောင်ခံရသကဲ့သို့ တစ်နေရာတည်းသို့ လျင်မြန်စွာ စုစည်းလာသည်။ ငွေရောင်အလင်းသည် တဖြည်းဖြည်း ရှင်းလင်းလာပြီး လေထဲတွင် ဝဲနေသော လေးထောင့်သေတ္တာတစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။
ငွေသေတ္တာ! တစ်ဖနီ ထိတ်လန့်သွားသည်။ ထိုသူသည် ငွေသေတ္တာကို အမှန်တကယ်ပင် ရှာတွေ့ခဲ့လေသည်။
ချန်လွေ့သည် တစ်ဖနီကို လွှတ်ပေးပြီး ငွေရောင် အလင်းဆီသို့ ပျံသန်းသွားသည်။ တစ်ဖနီအား ကာကွယ်ရန် စွမ်းအားစုစည်းမှုတစ်ခု ထုတ်လွှတ်ပေးရန် မမေ့ခဲ့ပေ။
တစ်ဖနီ၏ မျက်လုံးများထဲရှိ ထိတ်လန့်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်ပျက်အားငယ်မှုဖြင့် အစားထိုးခံလိုက်ရသည်။
ထိုသူက ငွေသေတ္တာကို ရှာတွေ့ခဲ့ပြီဖြစ်သောကြောင့် သူ၏ အသုံးဝင်မှု တန်ဖိုး ကုန်ဆုံးသွားပြီ ဖြစ်သည်။ ထိုသူက သူကို မသတ်ဘဲ ထိုနေရာ၌ စွန့်ပစ်ခဲ့လျှင်ပင် သူကိုယ်ခန္ဓာပေါ်ရှိ ကာကွယ်မှု ကုန်ဆုံးသွားသည်နှင့် သူ၏ ဝိညာဉ်သည် ကွယ်ပျောက်သွားလိမ့်မည်။
ချန်လွေ့သည် ရင်းနှီးသော ငွေသေတ္တာကို ဆုပ်ကိုင် လိုက်သည်။ ၎င်းသည် အသေအချာပင် အမှောင်လမှ ငွေသေတ္တာနှင့် တူညီနေသည်။
သူ စဉ်းစားပြီး သေတ္တာကို ဖွင့်လိုက်သည်။ တစ်ခဏချင်းမှာပင် အသက်စွမ်းအား စီးဆင်းမှုနှုန်းသည် ရုတ်တရက် အဆပေါင်း ထောင်နှင့်ချီ တိုးလာခဲ့သည်။
ထို့နောက် ချန်လွေ့သည် ဖျက်ဆီးခြင်းကို မြင်တွေ့ ခဲ့ရသည်။
ဖျက်စီးခြင်းက စကြဝဠာရဲ့ နိယာမ တစ်ခုပဲ။ အရာ အားလုံးမှာ သေဆုံးခြင်း ရှိတယ်။ စကြဝဠာကိုယ်တိုင် အပါအဝင်ပေါ့။ ဒါပေမဲ့ သေဆုံးခြင်း ဆိုတာက အဆုံးသတ် မဟုတ်ဘူး။ အဲဒါက နောက်ထပ် ဖန်တီးခြင်း တစ်မျိုးဖြစ်တဲ့ စွမ်းအင် အပြောင်းအလဲတစ်ခုပဲ....
ချန်လွေ့၏ မျက်လုံးများ နီရဲလာသည်။ ဖျက်ဆီးခြင်း နန်းတော်ကို စူးစမ်းနေစဉ်ကပင် သူ တစ်စုံတစ်ရာကို သဘောပေါက်ခဲ့သည်။ ယခုအခါ ထိုခံစားမှုမှာ ပိုမိုရှင်းလင်းပြီး ပြည့်စုံလာခဲ့သည်။ အသူရာ၏ မူလဇစ်မြစ်သည် ထိုနားလည်မှု၌ ပြည့်စုံသွားခဲ့သည်။
ဖျက်ဆီးခြင်းသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့က ငွေရောင်သေတ္တာကို ပိတ်လိုက်ခြင်းကြောင့်ပင်။
ငွေရောင်သေတ္တာ၌ အခြားသော ပိုမိုထူးခြားသည့် လုပ်ဆောင်ချက်များ ရှိနိုင်သော်လည်း သူ့အတွက်မူ အဖိုးတန်သော အရာတစ်ခုကို ရရှိခဲ့ပြီး ဖြစ်သည်။
ထူးခြားသည်မှာ ထိုငွေသေတ္တာအတွင်း၌ သေးငယ်သော သေတ္တာလေး ရှိမနေခြင်းပင်။
ချန်လွေ့သည် အမှောင်လမှ ငွေသေတ္တာအတွင်း၌ ပိုမိုသေးငယ်သော သေတ္တာလေး ရှိသည်ကို ကောင်းကောင်း မှတ်မိသည်။ ဘာဖြစ်နေတာလဲ။
အဲဒီသေတ္တာငယ်လေးက ဘာလဲ။
ထိုသို့သော အတွေးကို ဘေးမှ တိုးတိုးလေး ထွက်ပေါ်လာသည့် အသံတစ်ခုက ဖြတ်တောက်လိုက်သည်။ ငွေသေတ္တာကို ဖွင့်လိုက်သောအခါ စုပ်ယူခံရသော အသက်စွမ်းအင်သည် သာမန်အခြေအနေထက် အဆပေါင်း ထောင်နှင့်ချီ များပြားသောကြောင့် တစ်ဖနီ၏ ကိုယ်ခန္ဓာပေါ်ရှိ ကာကွယ်မှုစွမ်းအားသည် ချက်ချင်း ကုန်ခမ်းသွားခဲ့ခြင်း ဖြစ်သည်။ သူသည် ဖျက်ဆီးခြင်းစွမ်းအင်ဖြင့် ဖုံးအုပ် ခံထားရပြီး သေလုနီးပါး ဖြစ်နေပြီ။
ချန်လွေ့သည် ချက်ချင်း တစ်ဖနီရှေ့သို့ ရောက်ရှိသွားကာ လက်ဝှေ့ယမ်းလိုက်သည်။ အသက်စွမ်းအားနှင့် ယုံကြည်မှု စွမ်းအင် အလွှာထပ်သည် တစ်ဖနီအား ဖုံးအုပ်လိုက်ရာ သူ ပြန်လည်လန်းဆန်းလာခဲ့သည်။
ထိုအခိုက်အတန့်၌ ငွေရောင်သေတ္တာ စတင်ဝဲနေခဲ့သော နေရာတွင် ဝဲဂယက်ပုံစံ ထွက်ပေါက်တစ်ခု ပေါ်လာသည်။ ချန်လွေ့၏ မျက်လုံးများ လင်းလက်သွား၏။ ဒါက ဖရိုဖရဲဘုံကနေ ထွက်သွားနိုင်တဲ့ လမ်းကြောင်းများလား။
“ကျွန်မကို သတ်လိုက်ရင် ဒီကနေ ထွက်သွား နိုင်လိမ့်မယ်။” တစ်ဖနီ၏ စကားများက သူ၏ သံသယများကို အတည်ပြုပေးခဲ့သည်။
ချန်လွေ့ အနည်းငယ် ပြုံးလိုက်ပြီး လက်ဆန့်တန်းကာ ပြောလိုက်သည်။ “ငါနဲ့ လိုက်ခဲ့။”
တစ်ဖနီ မလှုပ်ရှားဘဲ အနည်းငယ် မမျှော်လင့်ဘဲ မေးလိုက်သည်။ “ဘာလို့လဲ။”
“ငါ ပြောခဲ့ပြီးပြီလေ။ ဒီကိုလာရတဲ့ ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ဒီသေတ္တာပါ။ ဒုတိယတစ်ခုက ခင်ဗျားကို ကာကွယ်ဖို့ပါပဲ။” ချန်လွေ့ ပခုံးတွန့်လိုက်သည်။ “တကယ်တော့ ငါ ပြောင်းပြန်ပြောမိတာ။ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က မင်းကို ဘေးကင်းအောင် ခေါ်သွားဖို့ပဲ။ ငွေသေတ္တာက ဒုတိယအချက်ပါ။”
တစ်ဖနီ သူ့ကို ခဏတာ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများ အနည်းငယ် နူးညံ့လာသည်။ သူသည် ငွေသေတ္တာကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ “ရှင်ပဲ သွားပါ။”
ငွေသေတ္တာမရှိဘဲ သူ ထိုနေရာမှ ထွက်ခွာခြင်းမှာ အဓိပ္ပာယ်မဲ့လိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူ သေဆုံးရမည်သာ ဖြစ်သည်။
ချန်လွေ့ သူ၏ စိတ်ကို မြင်သွားပြီး မေးလိုက်သည်။ “ပြောပါဦး။ အသက်အပြင် ငွေသေတ္တာနဲ့ ဘာတွေ ထပ်ရနိုင်သေးလဲ။”
တစ်ဖနီ ခဏတာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ဆိုလိုက်၏။ “လွတ်လပ်မှု၊ ပြီးတော့… အမေ...”
ချန်လွေ့က တစ်ဖနီ၏ မိခင်မှာ လူသားဖြစ်သည်ကို သိသည်။ သူကို စေတန်က အကျဉ်းချထားတာလား။ ဒါကြောင့် သူက ဒီလောက်အထိ အသက်စွန့်နေတာကိုး။ ဒီလို ဆိုမှတော့....
“ငါမင်းကို ဒါပေးမယ်....”
တစ်ဖနီသည် လက်ထဲရှိ ငွေသေတ္တာကို မယုံကြည်နိုင်စွာ ကြည့်နေပြီး သူ၏ ကိုယ်ခန္ဓာ အနည်းငယ် တုန်ယင်လာသည်။
မဟုတ်ဘူး၊ ဒါ ပုံရိပ်ယောင်မဟုတ်ဘူး။ တကယ်ပဲ။
ချန်လွေ့၏ အသံ ထွက်ပေါ်လာသည်။ “ငါ ပြောခဲ့သလိုပဲ၊ ငွေသေတ္တာက ဒုတိယအချက်ပါ။”
“ရှင်က ဘယ်သူလဲ။” တစ်ဖနီ၏ အသံလည်း တုန်ယင်လာခဲ့သည်။ သူသည် မပြောပြနိုင်သော ကျေးဇူးတင်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ သော်လည်း မည်သည်ကြောင့် ဖြစ်ရသည်ကို နားမလည်နိုင်ခဲ့။
ဒီရတနာကို နတ်ဘုရား-ယောင်တွေကတောင် တပ်မက် နေကြတာ။ ဒီလူက ခက်ခက်ခဲခဲနဲ့ ရခဲ့ပေမဲ့ ငါ့ကို လွယ်လွယ် ပေးခဲ့တယ်။
“တကယ်တော့… ငါတို့က ဟိုးအရင် ကတည်းက တွေ့ခဲ့ဖူးပါတယ်။ ပြီးတော့ ဒီငွေသေတ္တာက အန္တရာယ်များတယ်။ ငါ သိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ အင်း၊ ပြီးတော့လည်း တခြား အကြောင်းပြချက်တွေ အများကြီး ရှိပါသေးတယ်။ စိတ်မရှိဘူးဆိုရင် ထိုင်ပြီး စကား ကောင်းကောင်းပြောဖို့ ပိုသင့်တော်တဲ့နေရာ ရှာကြမလား။ ဒါနဲ့… ငါ့လက်က နည်းနည်း ထုံနေပြီ။”
တစ်ဖနီ၏ မျက်လုံးများ နီရဲလာပြီး သူက မည်သည့် ယဉ်ကျေးသော စကားမျှ မဆိုတော့ပေ။ သူသည် ခေါင်းညိတ်လိုက်ပြီး လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
၎င်းတို့ နှစ်ဦးသည် လက်ချင်းတွဲ၍ ထွက်ပေါက်ဆီသို့ အတူတကွ ပျံသန်းသွားကြသည်။ သူတို့ ထွက်ပေါက် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဝဲဂယက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ခဏအကြာတွင် ချန်လွေ့နှင့် တစ်ဖနီတို့သည် အဆုံးမဲ့ပင်လယ်များ ဝန်းရံထားသော ကျွန်းကလေး တစ်ကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။
ထိုကျွန်းကလေး၏ အချင်းသည် မီတာဆယ်ဂဏန်းမျှသာ ရှိပြီး နေရာသည် အလွန်သေးငယ်သည်။
“ဒါက…” ချန်လွေ့သည် [ကြယ်ဂိတ်] ကို အသက်သွင်းရန် ကြိုးစားရာ အလင်းတံခါးသည် အတားအဆီးမရှိ ပေါ်လာခဲ့သည်။ သူတို့တို့သည် ထိုနက်နဲ ဆန်းကြယ်သော ဖရိုဖရဲဘုံမှ အမှန်တကယ်ပင် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပုံရသည်။
“မရဏပင်လယ်ပဲ။” တစ်ဖနီက ပြန်ဖြေပြီး သူ၏ လက်မှ ဆုပ်ကိုင်ထားမှုကို ညင်သာစွာ လွှတ်လိုက်သည်။
“ငါးညှီနံ့ရတဲ့ ပင်လယ်လေက ဒီလောက်မွှေးတာ ပထမဆုံးပဲ။”
ချန်လွေ့ အသက်ပြင်းပြင်း ရှူသွင်းပြီး ယုံကြည်မှုစွမ်းအင်နှင့် အသက်စွမ်းအင်ထုတ်လွှတ်မှုများကို ပိတ်ပစ်လိုက်သည်။
“နောက်ဆုံးတော့ အဲ့ဒီကျိန်စာသင့်တဲ့နေရာကနေ ထွက်လာခဲ့ပြီ။”
တစ်ဖနီ တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ကျွန်မတို့ အရင်က တွေ့ဖူးတယ်လို့ ပြောခဲ့တယ်မလား။”
ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ “မှတ်မိသေးလား… ‘အမှားတွေ များရင် စုပြီးတော့ အောင်မြင်ရင် ပျောက်သွားတဲ့’ ဂိမ်းကိုလေ။”
“ဒါဆို ခင်ဗျားက ဆိုင်မွန်ပေါ့။” တစ်ဖနီ၏ မျက်လုံးများ တောက်ပလာသည်။
ထိုအမည်ဝှက်ကို တစ်ဖနီ အမှန်တကယ် မှတ်မိနေမည်ဟု ချန်လွေ့ မမျှော်လင့်ခဲ့ပေ။ တစ်ဖနီ ထပ်မေးပြန်သည်။ “ဆိုင်မွန်၊ ပြောပြပါ။ ဘာလို့ ကျွန်မကို ကယ်တာလဲ။ ဘာလို့ ငွေသေတ္တာကို ကျွန်မဆီ ပေးရတာလဲ။”
ချန်လွေ့ ခဏစဉ်းစားပြီးနောက် သူ့လည်ပင်းမှ သွေးလက်စွပ်ပါသည့် လည်ဆွဲကို ချွတ်၍ လက်ထဲ ထည့်ပေးလိုက်သည်။ “မဖြေခင် တစ်ခု လက်ခံပေးပါ။ ဒါကို မင်းဆီ ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။”
တစ်ဖနီသည် သူလက်ထဲရှိ လက်စွပ်ကို ကြည့်နေစဉ် သူ၏ ရှုပ်ထွေးသော အကြည့်သည် တဖြည်းဖြည်း ပြောင်းလဲ သွားပြီး နောက်ဆုံးတွင် တဖြည်းဖြည်း အေးစက် သွားခဲ့သည်။ သူ စကားပြောရန် ပြင်ဆင်နေစဉ် ခါးမှ ထူးဆန်းသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာပြီး မြွေပုံစံကွက် တံဆိပ်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာကာ “ဘုန်း” ဟူသော အသံဖြင့် သူ့အလိုလို ပေါက်ကွဲသွားခဲ့သည်။
“မဟုတ်ဘူး...” တစ်ဖနီ လုံးဝထိတ်လန့်သွားပြီး အော်ပြော လိုက်သည်။ “ပြေးတော့။ ကျွန်မဆရာ စေတန် ခဏနေရင် ရောက်လာတော့မယ်။”