← Chapters

ဆရာသခင် ဇနီးလောင်း

Vol. 55 Ch. 904

ဆရာသခင် ဇနီးလောင်း

Vol. 55 Ch. 904

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှ ချန်လွေ့ ထွက်ခွာသည်မှာ တစ်လကျော် ကြားခဲ့ပြီးနောက်တွင် အမှောင်လမြို့သို့ ပြန်ရောက်လာခဲ့သည်။ ထိုအကြိမ်တွင် သူ့လက်အောက်ခံ ဖြစ်လာသည့် ဗက်ဇယ်နာကိုပါ ခေါ်ဆောင်လာခဲ့သည်။

သေခြင်းရှင်ခြင်း၊ လွတ်လပ်ခြင်းနှင့် ရုပ်သေးဖြစ်ခြင်း တို့တွင် နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဗက်ဇယ်နာသည် နောက်ဆုံးတွင် မှန်ကန်သောရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် တစ်ဖက်လူက သူကိုမသတ်ဘဲ ထွက်သွားခဲ့လျှင်ပင် သူသည် ထိုကြောက်မက်ဖွယ်နေရာတွင် တစ်သက်လုံး ပိတ်မိနေ သည်ကို မခံနိုင်ပေ။ တစ်ခါတစ်ရံတွင် အထီးကျန်ခြင်းသည် သေခြင်းထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။

ဒီ “ရိုင်ကိုနန်”က နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၊ ကြယ်ကြွေတမန်ဓား၊ အမျက်ဘုရင်ချပ်ကာ အပါအဝင် အဆောင်ပစ္စည်း(၇)မျိုးကို အသက်သွင်းနိုင်တယ်။ အဲဒါကြောင့် သူက နတ်ဘုရားဝင်စားတာ တစ်ခုခု ဖြစ်လောက်တယ်။ ပြီးတော့လည်း သူ့စွမ်းအားက ငါ့ထက် သာနေတယ်။ ငါ အညံ့မခံဘူးဆိုရင် သေရင်သေ၊ မသေရင် ရုပ်သေးဖြစ်မှာပဲ။ အဲဒါကြောင့် ငါက အညံ့ခံဖို့ပဲ ရွေးလိုက်ရတယ်။

ဗက်ဇယ်နာ အံကြိတ်ပြီး ကျွန်-သခင်စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီးနောက် ချန်လွေ့သည် [အစစ်အမှန် အနီရောင်ကွယ်ပျောက်ခြင်း] စွမ်းအားကို အနီးရှိကျွန်းဆီသို့ ပစ်လွှတ်လိုက်သည်။ ထိုအရာမှာ သူ၏စွမ်းအားကို ပြသလို၍ ဖြစ်ကြောင်း ထင်ရှားသည်။ အရာအားလုံး ကွယ်ပျောက် သွားသော ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသည့် အခါ ဗက်ဇယ်နာသည် တုန်လှုပ်သွားပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထိုတိုက်ခိုက်မှုကို သူ့အပေါ် အသုံးပြုခဲ့လျှင် သူသည် သူ၏ အကောင်းဆုံး အခြေအနေတွင်ပင် ခံနိုင်မည်မဟုတ်ပေ။

အညံ့ခံခြင်း၏ အရှက်ရမှုနှင့် နှိုင်းယှဉ်ပါက နောက်ဆက်တွဲ “အကျိုးကျေးဇူးများ”သည် ဗက်ဇယ်နာကို အံ့အားသင့် စေကာ ပျော်ရွှင်စေခဲ့သည်။

ပထမဆုံးအနေဖြင့် ဆန်းကြယ်သော [ကြယ်-အဆင့် တိုးမြှင့်မှု]သည် သူ၏အခြေခံ စွမ်းအားကို ပြန်လည်ပြုပြင် ပေးခဲ့သည်။ ၎င်းသည် ဂျုံမှ ဖွဲနုကို ခွဲခြားသကဲ့သို့ပင် ဖြစ်သည်။ ထိုကဲ့သို့ “သန့်စင်မှု”၏ အကျိုး ကျေးဇူးများကို သူ၏လက်ရှိအဆင့်တွင် အလိုလို နားလည်နိုင် လေသည်။ လေ့ကျင့်သူ၏အဆင့် မြင့်လေလေ၊ အဆင့် ကျော်ဖြတ်ရန် ခက်ခဲလေလေ ဖြစ်သည်။ ဗက်ဇယ်နာ၏ လက်ရှိ နတ်ဘုရားတစ်ပိုင်း အလတ်ပိုင်းကို ဥပမာ အနေဖြင့်ဆိုရလျှင် ခြေလှမ်း တစ်လှမ်းစီတိုင်းသည် မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှု လိုအပ်သည်။ “သန့်စင်မှု”သည် သူ၏ စွမ်းအားကို တစ်စုံတစ်ရာအထိ တိုးတက်စေရုံသာမက နောင်တွင် အခက်အခဲများကို ကျော်လွှားရန်လည်း များစွာ လျော့နည်းသွားမည် ဖြစ်သည်။ ထိုမျှသာမက သူ၏ “သခင်” နှင့်အတူရှိနေပါက သူ၏စွမ်းအားသည် အထူးစွမ်းအားမြင့် ကောင်းချီးများ ရရှိမည်ဖြစ်သည်။ ထိုစွမ်းရည်သည် ဒဏ္ဍာရီလာနတ်ဘုရား၏ ကောင်းချီးနှင့် နှိုင်းယှဉ်နိုင်သည်။

နောက်ပိုင်းတွင် ကြယ်အပ်နှင်းခြင်းက ဗက်ဇယ်နာ၏ စိတ်ထဲမှ မှန်းဆချက်ကို အတည်ပြုပေးခဲ့သည်။ သူ၏ ရာထူးမှာ ကြယ်တပည့် ဖြစ်သည်။ သူသည် အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သောကြောင့် “အစစ်အမှန် ကြယ်တပည့်” အဖြစ် တိုက်ရိုက် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

အစစ်အမှန် ကြယ်တပည့် - ရွေ့လျားမှု အမြန်နှုန်း ၅၀% တိုးသည်။ အထူးဂုဏ်သတ္တိ [အစစ်အမှန် လျှပ်စီးခြေလှမ်း] - တိုက်ခိုက်မှု သို့မဟုတ် မှော်ပညာ အသုံးပြုနှုန်း ၅၀% တိုးသည်။ အရှိန်မြှင့်မှော်ပညာ၏ အကျိုးသက်ရောက်မှု နှစ်ဆတိုးသည်။ အရှိန်လျော့မှော်ပညာ၏ သက်ရောက်မှု ထက်ဝက်လျော့နည်းသည်။

ထိုကဲ့သို့သော အရည်အချင်းမြှင့်တင်မှုသည် တိုးတက်ရန် ရုန်းကန်နေရသော နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးအတွက် မယုံကြည်နိုင် လောက်အောင် ကြီးမားသော တိုးတက်မှုဖြစ်သည်။ ကြယ်အပ်နှင်းခြင်း ကွင်းဆက်ထဲရှိ “ဧကရာဇ် အဟန့်အတား” နှင့် “ကိုင်းရှိုင်းမှု” တို့နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ယခင်က ကျွန်တစ်ဦး ဖြစ်ရမည်ကို မကျေမနပ်ဖြစ်ခဲ့လျှင်ပင် ယခုမူ လုံးဝ သစ္စာရှိသော ကိုးကွယ်သူတစ်ဦး ဖြစ်နေပြီဖြစ်သည်။

ချန်လွေ့သည် ထိုရက်ပိုင်းအတွင်း အလကား မနေခဲ့ပေ။ သူသည် အမှောင်လမြို့သို့ ပြန်မသွားဘဲ စိတ်ကို ငြိမ်သက်စေပြီး ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေပေါ်၌ နေထိုင်ခဲ့သည်။ သူသည် ဖရိုဖရဲဘုံမှ ရရှိခဲ့သော ဖျက်ဆီးခြင်း ဇစ်မြစ် ဥပဒေသကို ဆင်ခြင်တွေးခေါ်နေပြီး ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို လိုက်လံရှာဖွေခြင်းဖြင့် နားလည်ထားသော ဥပဒေသကို လေ့ကျင့်အတည်ပြုနေသည်။ သေချာပေါက် စူပါစနစ်ထဲရှိ အချိန် လေ့ကျင့်ရေး ကွင်းပြင်သည်လည်း မပါမဖြစ် လိုအပ်သည်။

ဗက်ဇယ်နာသည် [ကြယ်အဆင့်တိုးမြှင့်မှု] နှင့် ချန်လွေ့၏ ဆေးများ ပေးပြီးနောက်တွင် ဒဏ်ရာများ လုံးဝပျောက်ကင်း သွားခဲ့သည်။ သူသည် ချန်လွေ့ကို တိုက်ပွဲဝင်ရာတွင် ကူညီပေးခဲ့သည်။ သူသည် ကိုယ်ပိုင်စွမ်းအားကို တိုးတက် စေရုံသာမက ဥပဒေသ အပိုင်းအစများစွာ ကိုလည်း ရရှိခဲ့သည်။

အသူရာ ပြန်လည်ရှင်သန်လာပြီးနောက် ချန်လွေ့သည် အတွေးအမြစ် အသစ်တစ်ခု ရရှိခဲ့ပြီး ဥပဒေသစွမ်းအားကို ပိုမိုမြှင့်တင်နိုင်ခဲ့သည်။ သို့သော် ဇစ်မြစ် ဥပဒေသ၏ လျှို့ဝှက်ဆန်းကြယ်မှုသည် နက်ရှိုင်းသည်။ အသူရာနှင့် ငွေသေတ္တာ ၃လုံး၏ ဇစ်မြစ်များ ရှိသော်လည်း သူနားလည်ထားသည်မှာ နှိုင်းယှဉ်ချက်အရ ရိုးရှင်းသည့် အရာများသာဖြစ်သည်။ ငွေသေတ္တာ ၃လုံး၏ ဇစ်မြစ်များကို အပြည့်အဝကျွမ်းကျင်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ် လိုလျှင် ကာလတိုအတွင်း လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ထို “ကာလတို”သည် အချိန်ကိုသာမက အတွေ့အကြုံနှင့် ပေါင်းစပ်မှု သို့မဟုတ် ဉာဏ်အလင်း ပွင့်မှုကိုပင် ဆိုလိုလေသည်။

ချန်လွေ့က အမြန်လို အနှေးဖြစ်တတ်သော အမှန်တရားကို နားလည်သောကြောင့် အချို့သော တစ်ဆို့မှု အခြေအနေသို့ ရောက်ရှိပြီးနောက် အတင်းအကျပ် မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူက ရပ်နားပြီး အမှောင်လမြို့သို့ ပြန်လာရန် ရွေးချယ်ခဲ့သည်။ သူသည် စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်စေရန် အချိန်လိုအပ်ပြီး အခြေခံကို တစ်ဆင့်ပြီးတစ်ဆင့် ခိုင်မာအောင် လုပ်ဆောင်ကာ အဆင့်ကျော်ဖြတ်ရန် ကြိုးစားနိုင်ပေသည်။

သူ ပြန်ရောက်လာသည်ကို ပထမဆုံး အာရုံခံမိသူမှာ ဇိုလာမဟုတ်ဘဲ ဇာမဏီ သမီးငယ်လေးပင်။

“ဖေဖေ!” မီးလျှံတစ်ခု လျှင်မြန်စွာ ပျံသန်းလာခဲ့ပြီး ၎င်းသည် သူ့သမီး၏ ထူးခြားသော လျှို့ဝှက်ပညာ – ဒေါသအိုးငှက် ဖြစ်ကြောင်း ချန်လွေ့က မျက်လုံးမှိတ်ထား လျက်ပင် သိနိုင်သည်။

ကလေးမလေးသည် သူ့ရှေ့တွင် ခုန်ပေါက်ကာ သူ့ကို ရင်ဖွင့်သော အနေအထားဖြင့် ပြေးဖက်ပြီး လည်ပင်းကို ဖက်တွယ်လိုက်သည်။ “ပြွတ် ပြွတ်” ဟူသော အသံများဖြင့် မဒမ်-သော်သော်က ဖေဖေ့မျက်နှာပေါ်တွင် သူ၏ပိုင်ဆိုင်မှုကို ကိုယ်စားပြုသော အမှတ်တံဆိပ်များစွာကို ပုံနှိပ်လိုက်၏။

ချန်လွေ့သည် သမီးဖြစ်သူ၏ ကိုယ်သင်းပျံ့ရနံ့ကို နမ်းရှိုက်လိုက်ပြီး စိတ်ထဲတွင် မကြုံဖူးသော နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက သော်သော်၏ မျက်နှာကို နမ်းလိုက်သည်။

“မကောင်းတဲ့ဖေဖေ။ ဖေဖေ့မုတ်ဆိတ် အရမ်းစူးတယ်။” မစ်-သော်သော်က အနမ်းခံရသည့်နေရာကို မကျေမနပ် ဖြစ်ကာ ဖေဖေ၏ မျက်နှာကို လက်စားချေသည့်အနေဖြင့် အကြိမ်အနည်းငယ် ပြန်နမ်းလိုက်၏။

ချန်လွေ့ ရယ်လိုက်သည်။ သမီးဖြစ်သူ ဝတ်ထားသည်မှာ အနည်းငယ် ဆန်းပြားသည်ကို မြင်သောအခါ မေးလိုက် လေသည်။ “သမီးလေး၊ ဒီနေ့ ဘာတွေထပ်ကစားနေတာလဲ ဖေဖေ့ကို ပြောပြပါဦး။ လက်စွပ်ရာဇာလား။”

“ဟားဟား၊ ဖေဖေ မှားတယ်။ သမီးတို့က လွန်ခဲ့တဲ့ တစ်ရက်ကမှ လက်စွပ်ရာဇာ ကစားခဲ့တာ။ သော်သော်က မဟာ မကောင်းဆိုးဝါး ဘုရင်ကြီး ဆော်ရွန်။ ဒိုဒိုရဲ့ အကူအညီနဲ့ ဒေါ်လေး-အသီနာရဲ့ လက်စွပ်အစောင့် အဖွဲ့ကို အကုန်ဖမ်းမိခဲ့တယ်။”

ချန်လွေ့သည် ခဏတာ ကိုးရိုးကားရား ဖြစ်သွားသည်။ ဒီလို ပြောင်းပြန်ဇာတ်လမ်းကို ဘယ်သူ လုပ်ခဲ့ပါလိမ့်။

“ဒီနေ့က မြွေဖြူဒဏ္ဍာရီလေ။” မစ်-သော်သော်က ကလေးဆန်သော အသံနှင့် ပြောလိုက်သည်။ “သော်သော်က ဖာဟိုင်။ မိန်းကလေးပိုင်နဲ့ မိန်းကလေးရှောင်ချင်းကို ချုပ်နှောင်ထားပြီးပြီ။ ရှူရှန်းနဲ့ လက်ထပ်တော့မှာ။”

“ဘာပြောတယ်။” ချန်လွေ့ တုန်လှုပ်သွားသည်။ ဆရာတော် ဖာဟိုင်လား။

မြွေစိမ်းနဲ့မြွေဖြူကို ချုပ်နှောင်ရုံတင် မကဘူး။ သူက လက်ထပ်တော့မှာလား။ သတို့သမီးက တကယ်ပဲ... ရှူရှင်းလား။

“ဖေဖေ လာတာ ကွက်တိပဲ။ အတူတူသွားပြီး လက်ထပ်ကြရအောင်။ ဟိုးဟိုးဟိုးဟိုး...”

သူ့သမီး၏ သာမန်မဟုတ်သော အဆုံးသတ်ရယ်သံကို ချန်လွေ့ကြားလိုက်ရသောအခါ သူစကားမပြောနိုင်ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခု သူ့စိတ်ထဲတွင် ပြည့်နှက် လာသည်။

“အိုး ဟိုးဟိုးဟိုး...” ရင်းနှီးသော လှောင်ရယ်သံသည် သူ့ရှေ့မှ ထွက်ပေါ်လာပြီး မစ်-သော်သော်၏ အသံထွက် မှားနေသည်ကို “မူရင်းဗားရှင်း”က ပြင်ပေးနေပုံရသည်။

ရယ်သံကြောင့် ချန်လွေ့၏ ဆံပင်များ ထောင်သွားကာ ရန်သူတစ်ဦး၏ နာမည်ကို မထိန်းနိုင်ဘဲ အော်ပြောလိုက် မိသည်။ “လာလာရီယာ...”

“ဟိုးဟိုးဟိုး... ငါပဲပေါ့။” ရင်ပြား လိုလီတစ်ဦးသည် ချန်လွေ့ရှေ့တွင် ခေါင်းလှုပ်ရင်း ပေါ်လာသည်။ သူသည် ကြီးမားသော ညှပ်ပလာယာပါသော ဦးထုပ်ကို ဆောင်းထား သော်လည်း နှုတ်ခမ်းမွှေးမရှိပေ။

တကယ် လာလာရီယာပဲ။ နောက်ဆုံး သိုင်းပြိုင်ပွဲမှာ ရှုံးနိမ့်ပြီးတော့ သူ နဂါးကျွန်းကို ပြန်မသွားဘူးလား။

ရင်ပြားလိုလီ၏နောက်တွင် အစ်ဇဘယ်လာ၊ ခီရာ၊ ရိုမန်၊ ဒေလီယာနှင့် အခြားသူများ ရှိနေသည်။ သူတို့အားလုံးသည် ထူးဆန်းသော မိတ်ကပ်များ လိမ်းထားကြသော်လည်း အသီနာနှင့် ဇိုလာကို မတွေ့ရပေ။

“ဒေါ်လေး လာလာရီယာက ကင်းခြေများနတ်။ ပြီးတော့ သော်သော်ရဲ့ ဆရာပေါ့။ သူက သော်သော့်ကို မြွေစိမ်းနဲ့ မြွေဖြူဆီကနေ ဒေါ်လေး ရှူရှင်း အစ်ဇဘယ်လာကို လုယူဖို့ သင်ပေးခဲ့တာ။”

ကင်းခြေများနတ်က ဖာဟိုင်ရဲ့ဆရာဖြစ်လာပြီး ဖာဟိုင်ကို အချစ်ကိုလုယူဖို့၊ မြွေစိမ်းနဲ့ မြွေဖြူနှစ်ကောင်ကို အနိုင်ယူပြီး ရှူရှင်းနဲ့ လက်ထပ်ဖို့ ပြောခဲ့တာလား။ ဒါက ဇာတ်လမ်း လှည့်ကွက်တင် မကတော့ဘူး၊ အစွန်းရောက်လှည့်ကွက်ပဲ။

ချန်လွေ့သည် လာလာရီယာကို ထူးဆန်းသော အပြုံးဖြင့် ကြည့်လိုက်သည်။ ရုတ်တရက် ထိုပွဲကြီးပွဲကောင်း ဇာတ်ညွှန်းရေးသူမှာ မည်သူဖြစ်သည်ကို နားလည်သွားပြီး အကြိမ် အနည်းငယ် တုန်လှုပ်သွားသည်။ စကားပုံအရတော့ အနာဂတ်ကို အသက်၃နှစ်မှာ ဆုံးဖြတ်လို့ရတယ်။ ငယ်ငယ် ကတည်းကနေ ဆုံးမထားရမယ်။ ငါသမီးလေးကို ဒီထူးဆန်းတဲ့လိုလီ အဆိပ်ခတ်တာ ခံလို့ မဖြစ်ဘူး။ မဟုတ်ရင် အကျိုးဆက်တွေက စိတ်ကူးလို့တောင် ရမှာ မဟုတ်ဘူး။

“ချန်လွေ့၊ ပြန်လာပြီပဲ။” အစ်ဇဘယ်လာနှင့် ခီရာတို့သည် မျက်လုံးများတွင် ပျော်ရွှင်မှုဖြင့် ရှေ့သို့ တိုးလာကြသည်။

“အင်း။” ချန်လွေ့ ပြန်ဖြေရင်း မဒမ်-သော်သော်၏ ရင်ခွင်မှ လက်တစ်ဖက်ကို လွတ်လိုက်သည်။ မိန်းကလေး နှစ်ယောက်ကို တစ်လှည့်စီ ဖက်လိုက်သောအခါ “အိမ်” ဟူသော နွေးထွေးမှုမျိုးက သူ့စိတ်ထဲတွင် ရစ်ဝဲနေခဲ့သည်။

“ဖေဖေ၊ ဒီဒေါ်လေးအသစ်က ဘယ်သူလဲ။” မစ်-သော်သော်က ဗက်ဇယ်နာကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

“‘အဖွဲ့ဝင်အသစ်’ တစ်ယောက် ရှိသေးလား” အစ်ဇဘယ်လာနှင့် ခီရာတို့ နှစ်ယောက်စလုံး သတိထားသော မျက်လုံးများနှင့် ကြည့်နေကြသည်။

မျက်မိတစ်မှိတ် အတွင်းမှာပဲ မိသားစု နွေးထွေးမှုက တရားရုံးမှ လူထုစစ်ဆေးပွဲ ပုံစံမျိုး ဖြစ်သွားပြီး အမုန်းဆုံးအချက်က ဘေးနားက သူငယ်ချင်းဆိုး နှစ်ယောက်ပင်။ သူတို့က အမှန်တကယ်ပင် ပျော်ရွှင်စွာ အောင်ပွဲခံနေကြသည်။

ဗက်ဇယ်နာသည် သစ္စာရှိသူ တစ်ဦးအဖြစ် ဦးနှောက်ဆေး ခံထားရသော်လည်း သူသည် ငတုံး မဟုတ်ပေ။ သူသည် အစ်ဇဘယ်လာနှင့် ခီရာတို့ကို ဦးညွှတ်ကာ ချက်ချင်းပင် ပြောလိုက်သည်။ “ဗက်ဇယ်နာဘယ်ဇီဘတ်ပါ။ သခင်မ နှစ်ဦးကို ဂါရဝပြုပါတယ်။”

“သခင်မ”ဟူသော ဘွဲ့နာမည်နှင့် ဗက်ဇယ်နာ၏ ရိုသေသော အမူအရာသည် အစ်ဇဘယ်လာနှင့် ခီရာတို့ကို အချင်းချင်း ကြည့်မိစေပြီး စိတ်သက်သာရာရသွားကြသည်။ လာလာရီယာ၏ မျက်လုံးများသာ ဗက်ဇယ်နာကို စူးစိုက်ကြည့်နေပြီး အသက်ရှူမှားသွားပုံရသည်။ အချိန် အတော်ကြာမှ သတိထားစွာဖြင့် မေးလိုက်သည်။ “နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်လား။”

“ခွမ်း!” ပျော်နေကြသော သူငယ်ချင်းနှစ်ယောက်၏ ဖန်ခွက်များသည် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ချန်လွေ့ကို “သခင်”လို့ ခေါ်နေတဲ့ ဒီအမျိုးသမီးက… နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်တဲ့လား။

လာလာရီယာသည် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ဝင်ရောက်စပြုနေပြီ ဖြစ်ကြောင်း ဗက်ဇယ်နာသည် အလိုလို မြင်နိုင်သည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြရင်း ပြောလိုက်သည်။ “သခင်ရဲ့ ကောင်းချီးနဲ့ လမ်းညွှန်မှုကြောင့် ယုံကြည်သူ တစ်ဦးအနေဖြင့် ကျွန်မက နတ်ဘုရားတစ်ပိုင်း၏ အမြင့်ဆုံးအဆင့်ကို ထိတွေ့နေပြီးတော့ အဆင့်တက်ဖို့က အနှေးနဲ့အမြန်ပါပဲ။”

“နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်ကို ရောက်တော့မယ့် သူက မင်းရဲ့ ယုံကြည်သူလား။” လာလာရီယာက မယုံကြည်နိုင်စွာဖြင့် ချန်လွေ့ကို ကြည့်လိုက်သည်။ အဆိပ်နဂါးက ပို၍ပင် လွန်ကဲနေ၏။ သူက ရိုမန်၏ မျက်နှာပေါ်သို့ ဝိုင်များ ထွေးထုတ်လိုက်လေသည်။

ချန်လွေ့သည် သမီးဖြစ်သူကို ပခုံးပေါ်တွင် တင်ဆောင်ထားရင်း ရင်ပြား လိုလီဆီသို့ ခေါင်းပြန်လှည့် လိုက်သည်။ “ခင်ဗျားနဲ့မဆိုင်ဘူး။ သွားကြစို့၊ သမီးလေး သော်သော်။ ဖေဖေ မင်းကို တကယ့်ပြဇာတ် တာဝန်ဆီကို ခေါ်သွားမယ်။”

“ဘာလို့ ငါနဲ့မဆိုင်ရမှာလဲ။” ရင်ပြားလိုလီက မျက်လုံးလှန်ပြီး အိုလစ်ဖီးရက်စ်ကို ဆွဲခေါ်လိုက်သည်။ “အဲ... ဗက်ဇယ်နာ၊ အိုလစ်ဖီးရက်စ်နဲ့ ငါက သူ့ရဲ့ ဇနီးလောင်းတွေ၊ ဒါကြောင့် မင်းလည်း ငါတို့ကို သခင်မလို့ ခေါ်ရမယ်။”

“ခဏလေး နေပါဦး။” ချန်လွေ့ တုန်လှုပ်သွားသည်။ “ခင်ဗျား ဘယ်တုန်းက ကျုပ်ရဲ့ ဇနီးလောင်း ဖြစ်သွားတာလဲ။”

“ဟင်း။ ငါက ဘယ်သူမို့လို့လဲ။ လောင်းကစားဘုရင် တစ်ပါးအနေနဲ့ ရှုံးတာကို ဝန်ခံမှာပေါ့!” ရင်ပြားလိုလီက သူ့ရင်ပြားကို ရိုက်ပြီး ဂုဏ်သိက္ခာရှိစွာ ပြောလိုက်သည်။ “ငါ မင်းကို သိုင်းပြိုင်ပွဲမှာ ရှုံးခဲ့တဲ့အတွက် ငါက မင်းရဲ့ ဇနီးလောင်းပဲ။”

“အဲဒါက မဆိုင်ဘူး မဟုတ်လား။”

“မင်းပြောတာနဲ့ပဲ မဆိုင်တော့ဘူးလား။ မင်း ဝန်မခံတော့ ဘူးလား။” ရင်ပြား လိုလီက ဝမ်းနည်းပြီး ဒေါသထွက် နေပုံရသည်။ အပြင်လူများက သူသည် ချန်လွေ့၏ အကျိုးအမြတ် ယူခံရပြီးနောက် စွန့်ပစ်ခံရသည်ဟု ထင်မှတ်ကြမည်။

“သူဌေး၊ လာလာရီယာ သူဌေးကိုရှုံးတာကို အဖေသိတော့ သူ့ပိုင်ဆိုင်မှုတွေ အကုန်သိမ်းပြီး နဂါးကျွန်းကနေ မောင်းထုတ် လိုက်တယ်။ သူပြောတာက သူ့ကတိကို မတည်ရင် အဆင်းရဲဆုံး နဂါးပဲ ဖြစ်လိမ့်မယ်တဲ့။” ဘေးမှ အိုလစ်ဖီးရက်စ်က ချက်ချင်းသတင်းပေးပြီး အကျိုးအမြတ် ယူလိုက်သည်။ ဆက်သွယ်ရေးကျောက်တုံး တစ်ခုကိုလည်း ထုတ်ပြလိုက်၏။။ “ဒါက အဖေ သူဌေးအတွက် ထားခဲ့တာ။”

ချန်လွေ့က ကျောက်တုံးကို လက်ခံလိုက်သည်နှင့် အဘိုးကြီး၏ ဒေါသတကြီးဟစ်အော်သံ ထွက်ပေါ်လာသည်။ “ကောင်လေး။ ငါ့သမီးနှစ်ယောက်လုံး မင်းကို အခု ပေးလိုက်မယ်။ သူတို့ကို သေချာဂရုစိုက်။ မင်းသူတို့ကို မတော်မတရားလုပ်ရင် မင်းအရိုးတွေကို ရိုက်ချိုးပစ်မယ်။”

ဒီဝန်ထုတ်ဝန်ပိုး ငါ့ဆီ ပစ်လိုက်တာပဲ…။ ချန်လွေ့သည် နဂါးကျွန်းမှ ဘေးအန္တရာယ်တစ်မျိုးကို မောင်းထုတ်ခံရသည့် မြင်ကွင်းနှင့် နဂါးများအားလုံး အားပေးနေကြသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။ သူသည် စကားမပြောနိုင်ဖြစ်ကာ လာလာရီယာဆီသို့ သွားလိုက်သည်။ “အစ်ကိုကြီး ဘာလိုတာလဲ ပြောပါ။။”

ရင်ပြားလိုလီ၏ မျက်လုံးများ လင်းလက်လာပြီး ချန်လွေ့ ပခုံးကို ပုတ်လိုက်သည်။ “မင်းက အတော်လေး ပါးနပ်တာပဲ။ ပစ္စည်းဥစ္စာ အနေနဲ့ကတော့ ငါ့ပိုင်ဆိုင်မှုရဲ့ တဝက်ကို ပေးပြီး စိတ်ပိုင်းဆိုင်ရာလျော်ကြေးအဖြစ် ခီရာ ဒါမှမဟုတ် အစ်ဇဘယ်လာကို ပေး။ ငါ ချက်ချင်းထွက်သွားမယ်၊ မင်းကို နောက်ထပ် ဘယ်တော့မှ လာမနှောင့်ယှက်တော့ဘူးလို့ ကတိပေးတယ်။ အဘိုးကြီးနဲ့ လက်ထပ်စေ့စပ်တာတွေ အကုန်မေ့လိုက်တော့။”

“ဆုတောင်းလေ။” ချန်လွေ့ မျက်နှာလွှဲကာ ဇနီးမယားများနှင့် သမီးဖြစ်သူကို ခေါ်ကာ လောဘကြီးပြီး ကာမစိတ်ရှိသော လိုလီနဂါးကို လှည့်ကြည့်ခြင်း မရှိဘဲ ထွက်သွားတော့သည်။

ခီရာ သို့မဟုတ် အစ်ဇဘယ်လာကို မပြောနှင့်၊ လာလာရီယာ နှစ်ပေါင်းများစွာ စုဆောင်းထားသော ပိုင်ဆိုင်မှုသည် အလွန်အမင်း ကြီးမားလှပေသည်။ ဘေးအန္တရာယ်များကို ပိုက်ဆံပေး၍ ဖယ်ရှားခြင်းက သက်သက်၊ ခြိမ်းခြောက်ခံရခြင်းက အခြားတစ်ခုသက်သက် ဖြစ်ပေသည်။

“ဟဲဟဲ...” ဆရာသခင် ဇနီးလောင်းက စိတ်မပျက်ဘဲ သူ၏ ထူးခြားသော အပြုံးကို ပြသခဲ့သည်။ “စောင့်ကြည့်ကြ သေးတာပေါ့။”

All Chapters