လက်စားချေခြင်း
Vol. 8 Ch. 109
ကျန်စီဖေးသည် အံကြိတ်လိုက်ရာ သူမသွားများပင် ကျိုးမတတ်ဖြစ်သွားသည်။ ထို လင်းယန်ဆိုသည့် မိန်းမဆိုးသည် ယုတ်မာပြီး ကောက်ကျစ်သူဖြစ်သည်။
ငါရဲ့ အင်တာဗျူးကိုတောင် ပေါ်တင်ခိုးယူရဲတာလား။
ကျူမန်ချန်က အေးစက်စက် လှောင်ပြောင်လိုက်သည်။
“ကျောက်ဟုန်လင်း သူမကို ဒီနေ့ ဘာလို့ ခေါ်လာတာလဲဆိုတာ အံ့သြစရာ မလိုပါဘူး။ သူမက ပလပ်စတစ်ဆာဂျရီ လုပ်လာလို့ပဲ။ ဟားဟား မင်းရဲ့ မန်နေဂျာဟောင်းက ပိုက်ဆံကြောင့် ရူးသွားပြီ”
ကျန်စီဖေးက လက်ပိုက်လျက် စိတ်ဆိုးနေသည့်ပုံစံဖြင့် “ဒါကိုတော့ ဘယ်တတ်နိုင်မလဲ။ သူမမှာ ငါ့အပြင် တခြားဘယ်သူမှ မရှိတော့ဘူးလေ” ဟု ပြောလိုက်သည်။
သူတို့၏ အသံများ ကျယ်လောင်နေသောကြောင့် လင်းယန်၏ မျက်လုံးများက လူအုပ်ကို ကျော်၍ ကျူမန်ချန်နှင့် ကျန်စီဖေးဆီသို့ ရောက်သွားသည်။ သူမ၏ မျက်နှာပေါ်မှာ မျက်လုံးများဆီ မရောက်သည့် အပြုံးဖျော့ဖျော့လေး ပေါ်လာသည်။
ကျောက်ဟုန်လင်း၌ မည်သူမျှ မရှိတော့ခြင်းမှာ သူမ၏ ကြိုးစားအားထုတ်မှုများ၊ အချိန်များနှင့် အရင်းအမြစ်များ အားလုံးကို ကျန်စီဖေးအပေါ်မှာသာ သုံးခဲ့ခြင်းကြောင့်ပင်။
လင်းယန်က ဖြတ်ပြောလိုက်သည်။
“ကျွန်မ မန်နေဂျာ မစ္စ ကျောက်ဟုန်လင်းက ကျန်စီဖေးကို ပိုက်ဆံကြောင့် အရည်အသွေးမကောင်းတဲ့ ဇာတ်ရုပ်တွေ ပေးခဲ့တယ်လို့ မန်နေဂျာကျူ ပြောတာ ကြားလိုက်တာလား မသိဘူး”
ကျူမန်ချန်က လင်းယန် သူမဆီသို့ ကျည်ဆံတစ်တောင့် ပစ်လိုက်သည်ကို ကြားလိုက်ရသောအခါ လည်ချောင်းရှင်းပြီး မချေမငံ အသံဖြင့် ထွက်လာသည်။
“ဘာလဲ ငါတစ်ခုခု မှားပြောမိလို့လား”
“မစ္စ ကျန်စီဖေး နင့်ရဲ့ မန်နေဂျာ ကျူမန်ချန် ပြောတာကို နင်သဘောတူလား” ဟု လင်းယန်က ကျန်စီဖေးကို ကြည့်လျက် ပြတ်ပြတ်သားသား မေးလိုက်သည်။
ကျန်စီဖေးက တိတ်ဆိတ်သွားပြီး မျက်နှာတည်နေသည်။ သူမ သဘောတူပုံရသည်။ သူမ၏ ရုပ်ရည်က သာမန်သာဖြစ်သောကြောင့် သူမသည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သတိထားနေခဲ့ရသည်။ သို့သော် ကျောက်ဟုန်လင်းက သူမကို အရသာမရှိသည့် ဇာတ်ရုပ်များ ပေးခဲ့သောကြောင့် သူမသည် ကိုယ့်ကိုယ်ကိုယ် ရည်ရွယ်ချက်ရှိရှိ ရုပ်ဆိုးအောင် လုပ်ခဲ့ရတာတောင် ရှိခဲ့သည်။ သူမ တော်လောက်ပြီဟု ခံစားရသည်။ သူမ၏ ရုပ်ရည်ကို ဝေဖန်သည့် သတင်းများကို ဖတ်တိုင်း သူမ ဒေါသနှင့် ဆူပွက်နေခဲ့ရသည်။ ယခုချိန်၌ လင်းယန် မိတ်ကပ်မပါဘဲနှင့်ပင် သူမ၏ အလှက သူမ၏ မျက်လုံးများကို စူးရှစွာ တောက်ပနေဆဲပင်။
ကျန်စီဖေး တိတ်ဆိတ်နေသည်ကို သတိထားမိတော့ လင်းယန်က အေးစက်စက် လှောင်ပြောင်လိုက်သည်။ သူမ၏ မျက်လုံးများက သတင်းထောက်များဆီ လှည့်ကြည့်ရင်း “ကောင်းပြီ။ ဒီလိုဆိုရင် မစ္စ ကျန်စီဖေး နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ဇာတ်ရုပ်တွေကို ကျွန်မ ပြောပြချင်ပါတယ်” ဟု ပြောလိုက်သည်။
“ကျွန်မမှာ ကောင်းမွန်တဲ့ မှတ်ဉာဏ်ကလွဲလို့ တခြားအားသာချက် မရှိပါဘူး။ ကျွန်မ မှတ်မိတာ မှန်တယ်ဆိုရင်တော့ မစ္စ ကျန်စီဖေးဟာ သုံးနှစ်အကြာက ပွဲဦးထွက်ခဲ့ပြီး ရုပ်ရှင်ငါးကားမှာ ပါဝင်ခဲ့ပါတယ်။”
“ကျန်စီဖေး ပါဝင်ခဲ့တဲ့ ပထမဆုံး ဇာတ်ရုပ်ကတော့ သူမရဲ့ မန်နေဂျာက လှောင်ပြောင်ခဲ့တဲ့ တောသူမ ဇာတ်ရုပ်ပါ။ အဲ့ဒါက သူမကို နာမည်ကြီးစေခဲ့တဲ့ ပွဲဦးထွက် ဇာတ်ရုပ်ပါ။ သူမက နိုင်ငံရဲ့ အလေးအမြတ်ဆုံးနဲ့ ထူးချွန်ပြောင်မြောက်ဆုံး ဂုဏ်ပြုအခမ်းအနားဖြစ်တဲ့ Golden Crown ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်”
“သူမ ပါဝင်ခဲ့တဲ့ ဒုတိယမြောက် ရုပ်ရှင်ကိုတော့ မန်နေဂျာကျူက သူမရဲ့ စိတ်မကျေနပ်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ ဆယ်ကျော်သက် သူပုန်ကောင်မလေး ဇာတ်ရုပ်နဲ့ ပတ်သက်ပါတယ်။ ဆုပေးပွဲ ရာသီကို လွဲချော်ခဲ့ပေမယ့် အားလုံးက ကျန်စီဖေးကို ချီးကျူးခဲ့ကြပြီး သူမက ဝေဖန်ရေးသမားတွေနဲ့ လုပ်ငန်းနယ်ပယ်က ကျွမ်းကျင်သူတွေဆီကနေ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ရရှိခဲ့ပါတယ်”
“သူမရဲ့ တတိယမြောက် ရုပ်ရှင်အတွက် ကျန်စီဖေးက ဆုရမင်းသမီး ကျန်ကျားရီနဲ့ အတူ လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုမှာ အကောင်းဆုံး တရုတ်ရုပ်ရှင်ဆုအတွက် လျာထားခြင်းခံခဲ့ရတယ်”
“ကျန်စီဖေးက သူမရဲ့ စတုတ္ထမြောက် ရုပ်ရှင်မှာ အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး အကောင်းဆုံး မင်းသမီးဆုအတွက် လျာထားခြင်းခံခဲ့ရတယ် ဟုတ်တယ်မလား”
“သူမရဲ့ ပဉ္စမမြောက် ရုပ်ရှင်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်လခန့်ကပဲ မစ္စ ကျန်စီဖေးဟာ Golden Crown ဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆုကို ဆွတ်ခူးခဲ့တာကြောင့် A-list ဆယ်လီတွေရဲ့ အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်…”
လင်းယန်၏ စကားများသည် အားကောင်းပြီး ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်ခဲ့သလို သူမ၏ အချက်အလက်များကလည်း မှန်ကန်နေခဲ့သည်။
သူမက ကျူမန်ချန်နှင့် ကျန်စီဖေးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဒီနေရာမှာရှိတဲ့ လူတိုင်းသိပါတယ်၊ ဒီ လွတ်လပ်တဲ့ ရုပ်ရှင်ငါးကားရဲ့ စုစုပေါင်း ဝင်ငွေက စီးပွားဖြစ် ရုပ်ရှင်တစ်ကား ဒါမှမဟုတ် ပုံမှန် အမှိုက်ရုပ်ရှင်တစ်ကားရဲ့ ဝင်ငွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး”
“မန်နေဂျာ ကျူ၊ မစ္စ ကျန်စီဖေး နင်တို့နှစ်ယောက်စလုံးက ကျောက်ဟုန်လင်းက ကျန်စီဖေးကို အဲ့ဒီဇာတ်ရုပ်တွေ ပိုက်ဆံကြောင့် ခိုင်းခဲ့တယ်၊ သူမ ပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေကို အမှိုက်လို့ တံဆိပ်ကပ်ခဲ့တယ်လို့ ပြောခဲ့ကြတယ်။ ဒါဆို Golden Crown ဆုပေးပွဲက ဒိုင်အဖွဲ့က မျက်စိကန်းနေတယ်လို့ နင်တို့ ယူဆထားတာလား။ ဒါမှမဟုတ် ပရိသတ်ကလား။ ဒါမှမဟုတ် ပိုက်ဆံမရတဲ့ ရုပ်ရှင်တစ်ခုကို အမှိုက်ရုပ်ရှင်လို့ ခေါ်မှာလား”
လင်းယန် စကားဆုံးသည်နှင့်တပြိုင်နက် စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ သတင်းထောက်များက ကျန်စီဖေးနှင့် ကျူမန်ချန်ဆီကို အာရုံစိုက်လာကြသည်။