← Chapters

နယ်မြေအစည်းဝေး

Vol. 2 Ch. 16

နယ်မြေအစည်းဝေး

Vol. 2 Ch. 16

ဟွမ်းသည် ရှဲ့လန်ကို ထိုးကြိတ်ခဲ့ပြီးနောက် တပည့်လေးဦးကို ခေါ်၍ ထွက်လာခဲ့သည်။ ထို့နောက် လုချောင်းယန်ကို ရှာရပေမည်။

"ဆရာ...ကောင်းကင်ကျားချီဟူက ဒီနားမှာတင်ပဲ" လုရှင်းယန်သည် သူနှင့် ကောင်းကင်ကျား၏ သွေးစာချုပ်ကြောင့် အာရုံခံ၍ရခြင်းဖြစ်သည်။

"မိန်းကလေးယွဲ့ အဆင်ပြေရဲ့လား" လုချောင်းယန်သည် အလောတကြီးရောက်လာပြီးမေးလိုက်၏။ ထို့နောက် သူ၏ ပခုံးပေါ်မှ ကြောင်အရွယ်စားသာ ရှိသည့် ချီဟူသည် လုရှင်းယန်၏ ပခုံးထက် ခုန်ကူးသွားလေသည်။

"ပြေပါတယ်..." ယွဲ့ဝူယောင်သည် ခေါင်းညိတ်ရင်းပြောလိုက်၏။

"အဖေက ဒီကိုဘယ်လိုရောက်လာတာလဲ" လုရှင်းယန်သည် အနည်းငယ်အံ့ဩပြီး မေးလိုက်သည်။

"ငါတို့ တည်းဖို့ အိမ်တော်တစ်လုံးငှားထားတယ်လေ၊ ပြီးတော့ လူအချို့ငှားပြီး လိုအပ်တာတွေ ပြင်ဆင်နေတုန်း မိန်းကလေးယွဲ့ ရဲ့ ရေခဲစွမ်းအင်ကို ခံစားမိလိုက်တာပဲ၊ ဒါကြောင့် ချီဟူကို ခေါ်ပြီး လိုက်လာတာ" လုချောင်းယန်သည် ရှင်းပြလိုက်၏။ ထို့နောက်ဆက်မေးလိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ"

"မပြောချင်ပါဘူး အဖေရာ၊ ဦးနှောက်ထဲ ကြွက်သားတွေပြည့်နေတဲ့ကောင်တစ်ကောင်က အစ်မကြီးကို တိုက်ခိုက်ဖို့စိန်ခေါ်တယ်လေ...အဲ့ဒါအစ်မကြီးက ရိုက်နှက်ပေးလိုက်တာပဲ" လုရှင်းယန်သည် စိတ်ပျက်စွာပြောလိုက်၏။ ဖြစ်ကြောင်းကုန်စင်ကို သူတို့ငှားထားသည့် အိမ်တော်သို့ ပြန်နေရင်းရှင်းပြလိုက်သည်။

"ထိုက်ရွှမ်မြို့မှာ တိုက်ခိုက်ခွင့်မရှိဘူးလေ၊ ပြီးတော့ မြို့အုပ်ချုပ်သူက နတ်ဘုရားတစ်ပိုင်းအဆင့်မှာရှိတယ်လေ" ထိုအကြောင်းများကို ပါးစပ်အဟောင်းသားနှင့် နားထောင်လာသည့် လုချောင်းယန်သည်ပြောလိုက်၏။

"ဟုတ်တယ် အဲ့အဘိုကြီး ရှဲ့လန်က အစ်မကြီးကို အနိုင်ကျင့်ဖို့ ကြိုးစားတာလေ၊ အဲ့အချိန် ဆရာရောက်လာပြီး ထိုးကြိတ်ပေးလိုက်တာပဲ" လုရှင်းယန်သည် သူဆရာ၏ အေးဆေးလှသည် တိုက်ခိုက်ပုံကို ပြန်တွေးမိပြီး သဘောကျနေ၏။

'အုပ်ချုပ်သူကိုတောင် ရိုက်ခဲ့တာလား၊ သူက မြို့အုပ်ချုပ်သူဆိုပေမဲ့ ထိုက်ရွှမ်ဂိုဏ်းရဲ့ အကြီးကဲတစ်ဦးလည်းဖြစ်သေးတယ်လေ၊ အုပ်ချုပ်သူရှဲ့သာ ထိုက်ရွှမ်ဂိုဏ်းကိုတင်ပြလိုက်ရင် ပြသနာတွေဖြစ်လာမှာစိုးရိမ်မိတယ်၊ နတ်ဘုရင်တွေပါ ရောက်လာရင်တော့...' လုချောင်းယန်သည် တွေးမိရင်း ကျက်သီးထသွားလေသည်။

"စီနီယာ၊ အုပ်ချုပ်သူရှဲ့က ထိုက်ရွှမ်ဂိုဏ်းရဲ့ အကြီးကဲတစ်ဦးဖြစ်သေးတယ်၊ အဲ့ဒါကြောင့် ထိုက်ရွှမ်ဂိုဏ်းက နတ်ဘုရင်တွေပါရောက်လာရင်တော့ ပြသနာဖြစ်နိုင်တယ်၊ ကျုပ်တို့သတိထားရလိမ့်မယ်" လုချောင်းယန်သည် သူ၏ အတွေးများကို ထုတ်ပြောခဲ့သည်။ သူ၏အမူရာသည်လည်း စိုးထိတ်နေပုံပေါ်သည်။

ထိုအချင်းရာကို ကြားပြီးနောက် ယွဲ့ဝူယောင်တို့သည် အနည်းငယ် မျက်မှောင်ကျုံ့သွား၏။ ထိုက်ရွှမ်ဂိုဏ်းလို ဂိုဏ်းကြီးတစ်ခုအနေနှင့် သူတို့၏ တပည့်များကို အနိုင်ကျင့်ခံရလျင်တောင် ခွင့်မလွှတ်တက်ကြပေ။ ဂိုဏ်းရဲ့ အကြီးကဲတစ်ဦးကို တိုက်ခိုက်ခဲ့သည်ဆိုလျင်တော့ နတ်ဘုရင်များ တကယ်ကြီးရောက်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းကြီးများသည် ၎င်းတို့၏ ဂိုဏ်း ဂုဏ်သိက္ခာကို အထိခိုက် အစော်ကားမခံကြသောကြောင့်ဖြစ်၏။

"ပြသနာမရှိဘူး..." ဟွမ်းသည် တည်ငြိမ်စွာပြောလိုက်၏။ ယွဲ့ဝူယောင်တို့သည်လည်းစိတ်အေးသွား၏။ သူတို့၏ဆရာ ပြသနာမရှိဘူးဆိုလျင် နတ်ဘုရင်များကို မမှုဘူးဆိုသည့်သဘောပင်။ ထို့ကြောင့် သူတို့၏ဆရာအဆင်ပြေသည်ဆိုလျှင် သူတို့စိုးရိမ်စရာမရှိတော့ပေ။

'ငါတို့လဲ တစ်ချိန်မှာ ဆရာ့လို အဆင့်ရောက်အောင်ကြိုးစားရမယ်' တပည့်များသည် ထိုအချင်းရာကိုတွေးမိရင်း ပို၍စိတ်ဓာတ်များ တက်ကြွလာကြသည်။ သူတို့၏ဆရာသည် တစ်ဖက်လူ မည်မျှပင် အားကောင်သည်ဖြစ်စေ မပင်ပန်းပဲ အနိုင်ယူနိုင်လေသည်။

'စီနီယာက ဘယ်အဆင့်ရောက်နေပါလိမ့် အင်ပါယာ တစ်ပါးဖြစ်နေမလား' လုချောင်းယန်သည် အံ့ဩနေ၏။

...

ချန်ယွမ်ဂိုဏ်းတွင်

ဂိုဏ်းချုပ်နေထိုင်သည့် အဓိကတောင်ထွတ် သို့ လီယန်နှင့် ဝူလင်းတုန် တို့နှစ်ဦး အပြေးလွှားရောက်လာကြသည်။ ထို့နောက် ငိုလုမတက်အသံနှင့် အော်ခေါ်လိုက်သည်။

"ဂိုဏ်းချုပ်.."

"အစ်ကိုကြီး.."

"ဆရာဦးလေးတို့... ဆရာက နယ်မြေအစည်းဝေးပွဲသွားတယ်လေ" အသက် ၁၈ နှစ်အရွယ်လူငယ်လေးရောက်လာပြီးပြောလိုက်၏။

ထိုလူငယ်လေးသည် ချန်ယွမ် ဂိုဏ်းချုပ်၏ တပည့်ရင်း ချင်းယွီ ဖြစ်သည်။ သူသည် အတော်လေးကြည့်ကောင်းသည့်ရုပ်ရည်နှင့် ပါရမီသည်လည်းပြောစရာမလိုချေ။ အခြေတည်ဝိညာဉ်အဆင့် အထွတ်ထိပ်သို့ရောက်နေ၏။

"ဘာဖြစ်လာတာလဲ ဆရာဦးလေးတို့က.." ချင်းယွီ သည် မေးလိုက်၏။

"ဘာဖြစ်ရမလဲ.. ငါတို့ ဂိုဏ်းထဲ ဝင်ပြီးဆေးပင်တွေခိုးသွားတဲ့ကျားကြောင့်ပေါ့..." ဝူလင်းတုန်သည် ဖြစ်ပုံကိုအစဆုံးရှင်းပြလိုက်၏။

"ဒါဆို အဲ့ဒီစီနီယာဟွမ်းက အစွမ်းထက်လွန်းတာပဲ.သူ့တပည့်တွေလဲ အစွမ်းထက်လိမ့်မှာသေချာတယ်" ချင်းယွီ သည် ထိုအကြောင်းရာကို နားထောင်ပြီးနောက် အတွေးနက်သွား၏။

...

နယ်မြေအစည်းဝေးပွဲကို အဆုံးမဲ့တောင်တွင် ပြုလုပ်နေသည်။

ဤနေရာသည် ယွဲ့ဝူယောင် လိုက်လံတိုက်ခိုက်ခံခဲ့ရသည်တောင်တန်း၏ ထိပ်ပိုင်းဖြစ်သည်။ သူမပြေးလွားခဲ့ရသည်မှာ တောင်တန်း၏ အောက်ခြေတွင်သာဖြစ်၏။ အဆုံးမဲ့တောင်သည် လင်းယွမ်နယ်မြေ၏ အစွန်ဖျားတွင်သာတည်ရှိသည်။ ဤတောင်တန်းသည် လွန်စွာမြင့်မားလှသော်လည်း ချီစွမ်းအင် နှင့် ဝိညာဉ်စွမ်းအင်များ နည်းပါးခြင်းကြောင့် မည်သူမျှ နေထိုင်ခြင်း မရှိကြသည့် စွန်ပစ်တောင်တန်းမျှသာဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ ဝိညာဉ်စွမ်းအင်များ အလွန်ကြွယ်ဝလာသည်။

အဆုံးမဲ့တောင်သည် တောင်ခြေရင်းကနေ တဖြည်းဖြည်း မြင့်တက်သွားပြီး၊ တောင်အောက်ခြေပတ်လည် မိုင်ပေါင်းများစွာ ကျယ်ဝန်းလှ၏။ အမြင့်အားဖြင့် တိမ်တိုက်များကို ကျော်လွန်နေပြီး၊ မိုင်ပေါင်းရာချီဝေးတဲ့နေရာမှဆိုလျှင်တောင် တောက်ပနေသည့် ဤတောင်ထိပ်ကို မြင်တွေ့နိုင်ပေသည်။ ထို့ပြင် အဆုံးမဲ့တောင်၏ ဘေးပတ်ပတ်လည်တွင် ထူထပ်သိပ်သည်းသည့် ရှေးဟောင်းသစ်တောကြီးများက ဝန်းရံထားသည်။

ထိုတောထဲတွင် နှစ်ပေါင်း ထောင်ချီသက်တမ်းရှိတဲ့ သစ်ပင်ကြီးများ၊ ဆေးပင်နွယ်ပင်များအပြင် သားရဲအချို့လည်းရှိသေး၏။

တောင်၏ ထိပ်ဖျားပိုင်းတွင် ဝိညာဉ်စွမ်းအင်များ အလွန်အမင်း ပြည့်နှက်နေခြင်းကြောင့် အဆင့်မြင့်ကျင့်ကြံသူများအတွက် သက်တောင့်သက်သာရှိမှုနှင့် စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းနိုင်ပေသည်။

ထိုအချင်းရာကို ထိုက်ရွှမ်ဂိုဏ်းချုပ်သည် တွေ့ရှိပြီးနောက် ဤနေရာတွင် နယ်မြေအစည်းဝေးလုပ်ရန် အခြားဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များကို ဖိတ်ကြားခဲ့သည်။ ထိုနှစ်ဂိုဏ်းသည် ချန်ယွမ်ဂိုဏ်းနှင့် ဖူရှန်းဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းနှစ်ဂိုဏ်း သည် လင်းယွမ် နယ်မြေတွင် ထိုက်ရွှမ်ဂိုဏ်းအောက် တစ်ဆင့်သာနိမ့်ပေသည်။

အဆုံးမဲ့တောင်ထိပ်တွင် အစွမ်းထက် သည့်လူသုံးဦး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သူတို့သည် ရောင်ဝါများဖြင့် အလွန်တောက်ပနေ၏။

ထိုသုံးဦးထဲမှ ဆံပင်များသည် နက်မှောင်နေသော်လည်း အဘိုးအိုအရွယ်ဖြစ်နေသည့် လူသည် ချမ်ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ချွမ်ရှန်းဖြစ်သည်။ သူသည် ကောင်းကင်နတ်ဘုရားအလယ်လတ် အဆင့်စွမ်းအားရှင် ဖြစ်၏။

နောက်တစ်ဦးမှာ ဆံပင်များဖြူနေသော်လည်း ချန်ယွမ်ဂိုဏ်းချုပ်လောက် အသက်မကြီးဟု ထင်ရသည့် သူသည် ဖူရှန်းဂိုဏ်း၏ ဂိုဏ်းချုပ် လော်ဟုန်ဖြစ်၏။ သူသည်လည်း ချမ်ယွမ်ဂိုဏ်းချုပ်နှင့် တူညီသည့် အဆင့်တွင်ရှိနေ၏။

နောက်ဆုံးတစ်ဦးသည် ထိုအဖိုးကြီးနှစ်ဦးနှင့်မတူပေ။ သက်လတ်ပိုင်းအရွယ် ကြည့်ကောင်းသည် ဟုထင်ရပြီး ထိုနှစ်ဦးထက် များစွာငယ်ပုံပေါက်နေ၏။ ထိုလူမှာ ထိုက်ရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ထိုက်ဟုန်ကျွင်း ဖြစ်၏။ ထို့ပြင် သူ၏ အဆင့်သည် နတ်ဘုရင် အထွတ်ထိပ် အဆင့်သို့ရောက်နေ၏။ ထိုအဘိုးကြီးနှစ်ဦးထက် များစွာ အားပိုကောင်းလေသည်။ ထို့ပြင်သူသည် နှစ်ပေါင်းသုံးရာကျော်နှင့် နတ်ဘုရင်အဆင့်ရောက်ခဲ့သည့် ပါရမီရှင်ဖြစ်သည်။ ယခု သူ၏အသက် နှစ်ငါးရာပြည့်ပြီးနောက် နတ်ဘုရင် အထွတ်ထိပ်ထိရောက်ရှိနေပြီဖြစ်၏။

သူတို့သုံးဦး၏အလယ်တွင် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ကျောက်စားပွဲကြီးရှိ၏။ ထို့နောက် ထိုက်ရွှမ်ဂိုဏ်းချုပ်သည်စကားစလိုက်၏။

"ကျုပ် အဓိကပြောချင်တာက နောက် ငါးနှစ်နေရင် ဗဟိုကုန်းမြေမှာ လူငယ်ပါရမီရှင်များရွေးချယ်ပွဲစတော့မယ်၊ အဓိကကတော့ အနာဂတ်တွက် နတ်အင်ပါယာတွေကို ပြုစုပျိုးထောင်ချင်လို့ပဲ၊ လွန်ခဲ့ တဲ့ ဆယ်ငါးနှစ်က အဖြစ်ပျက်ကို ခင်ဗျားတို့လည်း သိပါတယ်" ထိုက်ဟုန်ကျွင်းသည် တည်ငြိမ်သည့်လေသံဖြင့်ပြောနေသည်။

ထိုဂိုဏ်းချုပ်နှစ်ဦးသည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်က အဖြစ်ပျက်ကို တွေးမိရင်း ကြက်သီးများ ထလာသည်။

"ဟုတ်ကဲ့ သိပါတယ်" ဂိုဏ်းချုပ်ချွမ် နဲ့ ဂိုဏ်းချုပ်လော် တို့သည် ပြိုင်တူဖြေလိုက်ကြသည်။

"အဲ့အဖြစ်ပျက်ကြောင့် နယ်မြေတစ်ခု ဆုံးရှုံးပြီး နတ်အင်ပါယာ တစ်ပါး ကြွေလွင့်ခဲ့ရတယ်၊ အဲ့ဒါကြောင့် ကျန်ခဲ့တဲ့ နတ်အင်ပါယာလေးပါးက အနာဂတ်အတွက် အစီစဉ်ချခဲ့တယ်" ထိုက်ဟုန်ကျွင်းသည် စကားစ ဖြတ်လိုက်၏။

"အဲ့ဒါက ဗဟိုကုန်းမြေမှာ ပါရမီရှင်ရွေးချယ်ပွဲနဲ့ သက်ဆိုင်တာလား" ချမ်ယွမ်ဂိုဏ်းချုပ် ချွမ်ရှန်းသည်မေးလိုက်၏။

"ဟုတ်တယ်၊ ကျန်ခဲ့တဲ့ နတ်အင်ပါယာလေးပါးက အနာဂတ်အတွက် နတ်အင်ပါယာဖြစ်လာနိုင်မဲ့သူတွေကို မွေးထုတ်ပေးချင်ခဲ့တယ်၊ အဲ့ဒါကြောင့် ဗဟိုကုန်းမြေမှာ ပါရမီရှင်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ ပြီးတော့ ကုန်းမြေတစ်ခုလုံးက လူငယ်တွေကို ရွှေးထုတ်ချင်တာ" ထိုက်ဟုန်းကျွင်းသည် ရှင်းပြ၏။

"ဒါဆို နတ်ဘုရင်ထိုက် ဆိုလိုချင်တာက အဲ့ဒီပွဲမှာ ကျုပ်တို့ဂိုဏ်းက လူငယ်တွေပါခွင့်ရမှာလား" ဖူရှန်းဂိုဏ်းချုပ် လော်ဟုန်က မေးလိုက်၏။ ဂိုဏ်းချုပ်နှစ်ဦးလုံး၏ မျက်လုံးများအရောင်လတ်လာ၏။

"အကြမ်းအားဖြင့်တော့ဟုတ်တယ်၊ ဒါပေမဲ့ နယ်မြေတစ်ခု စီတိုင်းက လူငယ် ဆယ်ဦးပဲ ပါခွင့်ရှိတယ်" ထိုက်ဟုန်ကျွင်းသည် ပြောလိုက်၏။ ထိုစကားကြားပြီးနောက် ဂိုဏ်းချုပ်နှစ်ဦး၏ မျက်လုံးများ မှိန်ကျသွားလေသည်။

"နတ်ဘုရင်ထိုက်က ဘယ်လိုဆုံးဖြတ်ထားလဲ" ဂိုဏ်းချုပ်ချွမ်သည် မေးလိုက်၏။ ထိုအရာပြောဖို့အတွက်နှင့်တော့ သူတို့နှစ်ဦးကို ခေါ်ခဲ့မည်မဟုတ်ပေ။ ထိုက်ရွှမ်ဂိုဏ်းချုပ်သည် စဉ်းစားထားပြီးသားရှိလောက်ပေသည်။

"ကျုပ်စဉ်းစားထားတာက ကျုပ်တို့ ထိုက်ရွှမ်ဂိုဏ်းကနေ လင်းယွမ်နယ်မြေရဲ့ ပါရမီရှင်တွေအတွက် ပြိုင်ပွဲလုပ်လိုက်မယ်၊ ဂိုဏ်းချုပ်နှစ်ဦးကလည်း ဂိုဏ်းချုပ်တို့ရဲ့ မြို့နယ်တွေဆီကနေ လူငယ် ပြိုင်ပွဲတွေ ကျင်းပပြီး၊ အနိုင်ရရှိသူ ဆယ်ဦးဆီကို၊ နောက်နှစ်ဝက်နေရင် ထိုက်ရွှမ်ဂိုဏ်းဆီ ခေါ်ခဲ့ပါ၊ ကျုပ်တို့ ထိုက်ရွှမ်နယ်မြေကနေလဲ ဆယ်ဦးရွေးထားလိုက်မယ်၊ ပြီးရင် သူတို့ အယောက်သုံးဆယ်ထဲက ထိပ်ဆုံး ဆယ်ဦးကို ဗဟိုနယ်မြေပြိုင်ပွဲကို ခေါ်သွားမယ်"

ထိုက်ဟုန်ကျွင်းသည် သူစဉ်းစားထားသည်ကိုပြောလိုက်၏။ သူပြောသည်မှာ ရှင်းပေသည်။ လင်းယွမ်နယ်မြေမှာ အင်အားကြီးဂိုဏ်း သုံးခုသာရှိ၏။ ထို့ကြောင့် ထိုဂိုဏ်းများ၏ ပိုင်နက်အတွင်းရှိ လူငယ်များကို ပြိုင်ပွဲကျင်းပစေလိမ့်မယ်။ ထိုအထဲကမှ ထိပ်ဆုံး လူငယ် အယောက်သုံးဆယ် ထွက်ပေါ်လာပေမည်။ ထိုအယောက်သုံးဆယ်၏ ပြိုင်ပွဲကို ထိုက်ရွှမ်ဂိုဏ်းတွင် ကျင်းပပေးပြီး ဗဟိုနယ်မြေအတွက် ထိပ်တန်း ပါရမီရှင် ဆယ်ဦးထွက်လာပေမည်။

နယ်မြေတစ်ခုတွင် လူငယ်ပါရမီရှင်များစွာရှိပေလိမ့်မည်။ သို့သော် အစစ်မှန် ပါရမီရှိသူက ရှားပါးပေသည်။ ထို့ကြောင့် ဤနည်းဖြင့် အစစ်မှန်ပါရမီရှင်များကို စစ်ထုတ်နိုင်ပေမည်။

ဂိုဏ်းချုပ်နှစ်ဦးသည် နားလည်သည့်ပုံစံဖြင့် ခေါင်းငြိမ့်လိုက်သည်။

"နတ်ဘုရင်ထိုက် ပြောတာ သဘာဝကျပါတယ်"

All Chapters