အမှောင်ဝိညာဉ်
Vol. 2 Ch. 18
“ဒီဓားကို တိမ်လွှာဓားလို့ ခေါ်တယ်၊ ဒီဓားက အရှင်သခင် ကျို့ယွင်ရဲ့ဓားပဲ၊ ပြီးတော့ ကျုပ်က ဓားဝိညာဉ် ရှောင်ယွင် ပဲ” ဓားဝိညာဉ်သည် သူ့ကိုယ်သူမိတ်ဆက်လိုက်၏။
“အရှင်သခင်ကျို့ယွင်က တိုက်ပွဲတစ်ခုမှာ ကျဆုံးသွားခဲ့တယ်၊ အဲ့ဒါကြောင့် ဓားဝိညာဉ်ဖြစ်တဲ့ ကျုပ်လဲအိပ်ပျော်သွားခဲ့ရတာပဲ၊ ဒီကိုဘယ်လိုရောက်လာလဲတော့ ကျုပ်မမှတ်မိတော့ဘူး”
“အရှင်သခင်ကျို့ယွင်က အရမ်းအစွမ်းထက်တာလား” ပိုင်ကျန့်ယွီသည် မေးလိုက်၏။
“ဒါပေါ့ ကျုပ်သခင်က အရမ်းအစွမ်းထက်တယ် ယီယွင်ကုန်းမြေကြီးတစ်ခုလုံးရဲ့ အရှင်သခင်ပဲ” ရှောင်ယွင်သည် ဂုဏ်ယူစွာပြောလိုက်၏။ ထို့နောက် ဝမ်းနည်းသွားသည့် ပုံစံဖြင့်ထပ်ပြောလိုက်သည်။
“အဲ့ဒီတုန်းက နယ်မြေကျူးကျော်တဲ့ တိုက်ပွဲကြီးဖြစ်ခဲ့တယ်၊ အရှင်သခင်ကျို့ယွင်က ယီယွင်ကုန်းမြေကြီးကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တယ်၊ ဒါပေမဲ့ ကျူးကျော်သူတွေက မထင်မှတ်ထားလောက်အောင် အစွမ်းထက်လွန်းတယ်၊ ဒါပေမဲ့ ကျုးကျော်သူတွေက နှစ်ဦးထဲရယ်၊ အမျိုးသမီးတစ်ယောက်ကို ရှာနေတာတဲ့၊ ယွီယွင်ကုန်းမြေမှာ ဖွက်ထားတယ်ဆိုပြီး ကုန်းမြေကြီး တစ်ခုလုံးကို မြေလှန်ခဲ့တယ်၊ အဲ့ဒီလိုနဲ့ အရှင်သခင်ကျို့ယွင်နဲ့ တိုက်ပွဲပြီးစတော့တာပဲ၊ နောက်ဆုံးရလဒ်ကတော့ ကုန်းမြေ တစ်ခုလုံး ပြိုကွဲပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တယ်၊ ပြီးတော့ ကုန်းမြေပေါ်ကလူတွေ တစ်ယောက်မှ သေဘေးက မလွတ်မြောက်ခဲ့ဘူး”
ဓားဝိညာဉ်လေးသည် ဝမ်းနည်းပက်လက်ဖြင့် အတိတ်အကြောင်းများပြောလိုက်၏။
“အရှင်သခင်ကျို့ယွင်က အရမ်းအစွမ်းထက်တဲ့သူ လဲပြောသေးတယ်၊ အဲ့လူတွေကို မနိုင်ဘူးလား၊ မင်းလျှောက်ပြောနေတာလား” လုရှင်းယန်သည် ခနဲ့လိုက်၏။
“ဟမ့် ကောင်လေး မင်းဉာဏ်ရည်က မင်းရဲ့ စွမ်းအားလိုပဲ နိမ့်ကျလိုက်တာ၊ အဲ့လူတွေကို မနိုင်တာက ငါ့သခင်က အားနည်းလို့မဟုတ်ဘူး၊ အဲ့လူတွေကိုက အားကောင်းလွန်းနေလို့...” ဓားဝိညာဉ်သည် ဒေါသထွက်နေသည့်လေသံဖြင့် ပြန်ပြောလိုက်၏။
“အတူတူပဲလေ...” လုရှင်းယန်သည် ပခုံးတွန့်၍ပြောလိုက်၏။
“မင်း...” ဓားဝိညာဉ်သည် ထိုအကောင်ကို တိမ်လွှာဓားနှင့် ပြေးပိုင်းချင်သည့်စိတ်ကို အတင်းချိုးနှိမ်ထားရ၏။ ထို့နောက် သူ၏ သေးငယ်သည့်မျက်လုံးအစုံကို ပြူး၍ လုရှင်းယန်ကို စိုက်ကြည့်နေ၏။
“အဲ့ဒီတိုက်ပွဲက ဘယ်အချိန်ကဖြစ်ခဲ့တာလဲ” ဟွမ်းသည် သူတို့နှစ်ဦး၏ အကြည့်ပြိုင်ပွဲကို လျစ်လျှုရှုပြီး မေးလိုက်၏။
“ဘယ်လောက်ကြာပြီလဲဆိုတာ မသိဘူး၊ တိုက်ပွဲပြီးတော့ အိပ်ပျော်သွားတာဆိုတော့ နှစ်ထောင်ချီကြာနေတာလဲ ဖြစ်နိုင်တယ်” ဓားဝိညာဉ်သည်ဖြေလိုက်၏။
“သူတို့က ဘာနည်းစနစ်သုံးတာလဲ” ဟွမ်းသည် ထပ်မေးလိုက်၏။
“အမှန်တိုင်းပြောရရင် ဘာနည်းစနစ်မှ မသုံးပဲ နတ်စွမ်းအင် နဲ့တင် တိုက်ခိုက်သွားတာ၊ ခွန်အားတွေက အလွန်အမင်းကို ကောင်းလွန်းတယ်” ရှောင်ယွင်သည် ယခုထိလန့်နေသေးဟန်ဖြင့် ပြောလိုက်၏။
“သူတို့က ဘယ်သူတွေဆိုတာ ပြောသွားလား” ဟွမ်းသည် ဆက်တိုက်မေးမြန်းနေခဲ့သည်။
“မပြောသွားဘူး သူတို့ကမာနကြီးလွန်းတယ်၊ အမျိုးသမီးတစ်ဦးကို လာရှာတာဆိုပြီး၊ ချက်ချင်းဖျတ်ဆီးတော့တာပဲ၊ ဘာမှ တုန့်ပြန်ချိန်တောင်မရခဲ့ဘူး” ရှောင်ယွင်သည် စိတ်ဓာတ်ကျစွာ ဖြေလိုက်၏။
တပည့်လေးဦးတို့သည် စိတ်ဝင်စားစွာနားထောင်နေကြသည်။
“ဒါကို ထားလိုက်တော့” ဟွမ်းသည် စိတ်မဝင်စားသည့်ပုံစံပြန်ဖြစ်သွား၏။ ထို့နောက် ပိုင်ကျန့်ယွီကို ညွှန်ပြပြီးပြောလိုက်၏။
“ငါ့တပည့်ကို ဒီဓားရဲ့ သခင်အဖြစ် အသိမှတ်ပြုလိုက်”
“အဓိပ္ပါယ် မရှိတာ၊ သူမှာ ဓားသန္ဓေရှိတယ်ဆိုပေမဲ့ အဆင့်က နိမ့်..နိမ့်.. နေပါဦး ဓားသန္ဓေ..ခန္ဓာကိုယ်နဲ့ပဲ”
ဓားဝိညာဉ်သည် အံ့ဩသွား၏။ ဓာသန္ဓေနှင့် မွေးဖွားသူများသည် အလွန်ပင်ရှားပါးလှ၏။ ထိုခန္ဓာကိုယ်ပိုင်ရှင်များသည် ဓားနှင့်ပတ်သတ်လျှင် အလွန်ပင် ထူးချွန်တက်ကြပြီး အနာဂတ်တွင် လောက၏ ထိပ်ဆုံးရပ်တည်နေသူများထဲတွင်ပါဝင်နိုင်စွမ်းရှိသည်။ ပိုင်ကျန့်ယွီသည် သူ့တွင် ဤသို့ ခန္ဓာရှိမှန်းလဲ မသိခဲ့ပေ။ သူသည်ဆင်းရဲစွာနေထိုင်ခဲ့ရခြင်းကြောင့် ကျင့်ကြံခြင်းနှင့်ပတ်သတ်၍လည်း ဘာမှ မသိခဲ့ပေ။ ဓားနတ်ဆိုး၏ အမွေနှစ်ကြောင့်သာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ရောက်ရှိလာသူဖြစ်ခဲ့သည်။
“ဒီလို အဆင့်နိမ့်ကမ္ဘာ တစ်ခုမှာ ဓားသန္ဓေခန္ဓာကိုယ်ရှိနေတာပဲ၊ ဒါပေမဲ့ ကျုပ်ရဲ့ သခင်ဖြစ်ဖို့တော့ မထိုက်တန်သေးဘူး” ဓားဝိညာဉ်သည် မာနကြီးလွန်း၏။ ပိုင်ကျန့်ယွီကဲ့သို့ အဆင့်နိမ့် ကောင်လေးကို သူလို့ အဆင်တန်းမြင့် ဓားဝိညာဉ်အနေနှင့် သခင်အဖြစ် အသိမှတ်ပြုရမည်မှာ မဖြစ်နိုင်ပေ။
“ကောင်းပြီ... ဒါဆို မင်းကို ဒီဓားကနေဖယ်ထုတ်လိုက်မယ်” ဟွမ်းသည် ဓားဝိညာဉ်ကို ဖယ်ရန်ပြင်လိုက်၏။
“ခ..ခဏ နေပါဦး ကျုပ်စဉ်းစားပေးမယ်” ရှောင်ယွင်သည် အလွန်မင်း လန့်သွားခဲ့၏။
‘သူသည် ဤဓားမှ မွေးဖွားလာသည့် ချစ်စရာဝိညာဉ်ငယ်လေးဖြစ်၏။ အဲ့ဒါကို ထိုမကောင်းဆိုးဝါးကောင်က ဤဓားမှ ဖယ်ထုတ်ရန် ကြိုးစားနေ၏။ ဘယ်လောက်တောင် ရက်စက်လိုက်လဲ၊ ကျုပ်ဘာအပြစ်များ လုပ်မိလို့လဲ’
“သဘောတူတယ်” ရှောင်ယွင်သည် မတက်သာသည့်အဆုံးလက်ခံလိုက်ရ၏။ မဟုတ်လျှင်သူသည် ကြွေလွင့်ရသည် ဝိညာဉ်လေးဖြစ်ပေတော့မည်။ သူသည် မည်မျှပင်မာနကြီးပါစေ၊ သေဆုံးပျောက်ကွယ်ရမည်လမ်းကို မရောက်ချင်ပေ။ အသက်နှင့် ယှ၍လျှင် မာနသည် အရေးမကြီးတော့ချေ။
သက်ရှိများကို အညံ့ခံစေရန် အထိရောက်ဆုံးနည်းလမ်းသည် ခြိမ်းခြောက်ခြင်းပင်။ သို့သော် ခြိမ်းခြောက်နိုင်သည့် စွမ်းအားရှိဖို့တော့လိုအပ်ပေသည်။
“ဒီဓားနဲ့ပေါင်းစပ်ပြီးသွားရင် မင်းဘဝတစ်လျှောက်လုံးဒီဓားကိုပဲ သုံးရတော့မယ်၊ မင်းဆုံးဖြတ်ပြီးရင် ပေါင်းစပ်လိုက်တော့၊ မင်းရဲ့ အသက်သွေးကြောရတနာ ဖြစ်လာလိမ့်မယ်” ထိုဓားကို ပိုင်ကျန့်ယွီကို ပြန်ပေးလိုက်ပြီး ရွေးချယ်ခိုင်းလိုက်၏။
“ဒီဓားကိုပဲ သုံးမှာပါဆရာ” ထိုဓားဝယ်ဖို့ သူ့၏ အစ်မကြီးနှင့် ဒုတိယအစ်ကိုတို့က ရှိသမျှရင်းပြီးဝယ်ပေးခဲ့ခြင်းဖြစ်သည်။ သူ့အတွက် အဖိုးအဖြတ်နိုင်ပေ။
ယွဲ့ဝူယောင်နှင့် လုရှင်းယန်တို့၏ မျက်နှာထင်တွင် အပြုံးရေးရေးလေး ပေါ်လွင်နေ၏။
“ဒီက အရှင် ကျုပ်က ခုမှနိုးထလာတာမို့ စွမ်းအင် ပြန်စုစည်းဖို့ အချိန်လိုသေးတယ်” ကြောက်လန့်နေသည့် ဓားဝိညာဉ်သည် မချင့်မရဲပြောလိုက်၏။
“မင်းရဲ့ စွမ်းအင်တွေကို ပြန်စုစည်းလိုက်”
“ကျေးဇူးပါအရှင်” ထို့နောက် ရှောင်ယွင်သည် တိမ်လွှာဓားအတွင်း သို့ဝင်ရောက်သွား၏။
ထို့နောက် ဟွမ်းသည်လျှိုမင်ယွမ်ကို ကြည့်လိုက်၏။ သူ၏အကြည့်များသည် လေးနက်လာသည်။
ထို့နောက် တည်ငြိမ်စွာဆိုလိုက်၏။
“မင်းမှာ အမှောင်ဝိညာဉ်ရှိနေတယ်”
သို့သော်တပည့်လေးဦး၏ မျက်နှာထက်တွင်နားမလည်သည့် အမူရာများထင်ဟပ်နေ၏။
“ဆရာ အမှောင်ဝိညာဉ်ဆိုတာ ဘာလဲ” လျှိုမင်ယွမ်သည် ထိုအရာကို သူမသိချေ။ သူ၏ ဆရာတူအစ်ကို အစ်မများသည်လည်း စိတ်ဝင်စားသည့်အမူရာများဖြင့်နားစွင့်နေကြသည်။ သူတို့သည် အမှောင်ဝိညာဉ်ဆိုသည့်အရာကို တစ်ခါမျှမကြားဖူးကြပေ။
“လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်က အမှောင်စွမ်းအင်နဲ့ လူတစ်ဦးပေါ်ပေါက်လာဖူးတယ်၊ မထင်မှတ်ထားလောက်တဲ့ နှစ်ရာဂဏာန်းလောက်ပဲရှိတဲ့အချိန်အတွင်းမှာ အမှောင်ဝိညာဉ်မျိုးနွယ်ဆိုပြီး တည်ရှိလာခဲ့တယ်၊ အဲ့ဒီမျိုးနွယ်မှာ လူဦးရေက ရာဂဏာန်းလောက်ပဲရှိပေမဲ့ တစ်ဦးချင်းစီတိုင်းက အရမ်းကို ကြောက်စရာကောင်းတဲ့ အင်အားကို ပိုင်ဆိုင်ထားတယ်၊ တဖြေးဖြေးနဲ့ သူတို့က တစ်ခြား မျိုးနွယ်စုတွေအပေါ် ရက်ရက်စက်စက်အနိုင်ကျင့်လာတယ်၊ အဆိုးဆုံးက တစ်ခြားအင်အားကြီး မျိုးနွယ်အချို့ကို သတ်ဖြတ် သုတ်သင်ခဲ့တာပဲ၊
အဲ့ဒီနောက်မှာ သည်းမခံနိုင်တော့တဲ့ ကောင်းကင်ဧကရာဇ်က အမှောင်ဝိညာဉ်မျိုးနွယ်ကို အမြစ်ဖြတ် သုတ်သင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်၊ အဲ့ဒါကြောင့် အင်အားကြီး မျိုးနွယ်တွေက ပူးပေါင်းပြီး တိုက်ပွဲကြီးတစ်ခုဖြစ်လာတယ်၊ ဘယ်လောက်ပဲ တစ်ဦး ချင်းစွမ်းရည်က သာလွန်တယ်ပြောပြော မျိုးနွယ်စုများစွာရဲ့ ပူးပေါင်းတိုက်ခိုက်မှု ဒဏ်ကို မခံနိုင်ခဲ့ဘူး၊ နောက်ဆုံးမှာတော့ အမှောင်စွမ်းအင် သယ်ဆောင်လာခဲ့တဲ့ သူလဲ သေဆုံးခဲ့ရတယ်၊
ဒါပေမဲ့ ဒီအဖြစ်ပျက်တွေက ပြီးဆုံးမသွားခဲ့ဘူး၊ ရာစုနှစ် ထောင်စုနှစ်တိုင်းမှာ လူတစ်ချို့က အမှောင်ဝိညာဉ်နဲ့ မွေးဖွားလာကြတယ်၊ အဲ့လိုပေါ်လာတိုင်းလဲ လူများစွာရဲ့ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရတာပဲ၊
အဲ့လိုနဲ့ အမှောင်ဝိညာဉ် ရှိတဲ့သူတိုင်းက လောကကြီးရဲ့ တားမြစ်ချက်ဖြစ်လာတာပဲ”
လျှိုမင်ယွမ်သည် သူ၏ခန္ဓာကိုယ်အား မိုးကြိုးပစ်ချခံလိုက်ရသလို တုန်ယင်သွား၏။ ယွဲ့ဝူယောင်တို့သည်လည်း မျက်လုံးပြူးသွားကြ၏။
“ဆရာ ဒါဆို တပည့်က အသတ်ခံရမှာလား” လျှိုမင်ယွမ်သည် မချင့်မရဲ မေးလိုက်၏။
“အမှောင်ဝိညာဉ်ဆိုတာ ထူးဆန်းတဲ့ ဖြစ်တည်မှုတွေထဲက တစ်ခုပဲ၊ သူ့ရဲ့မူလဇစ်မြစ်ကို ဘယ်သူမှလဲ သေချာမသိကြဘူး၊ ဒါပေမဲ့ အမုန်းတရားတွေ ကြီးထွားလာတဲ့အခါ တကယ့်မှောင်မိုက်တဲ့ ဘက်ခြမ်းကိုကူးပြောင်းသွားကြတယ်၊ အမှောင်ဝိညာဉ်မျိုးနွယ် ပျက်စီးသွားတဲ့နောက်ပိုင်း အမှောင်ဝိညာဉ်နဲ့ မွေးဖွားလာတဲ့လူတွေက အမုန်းတရားကြောင့် ပျက်စီးသွားကြတဲ့သူတွေပဲ”
ထိုနေ့က လျှိုမင်ယွမ်၏ စိတ်တွင် အမုန်းတရားများ အနည်းငယ်ပေါက်ဖွားနေသည်ကို မြင်ပြီးနောက် ဟွမ်းသည် ကယ်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
“မင်းရဲ့ အမှောင်ဝိညာဉ်က မနိုးထသေးဘူး၊ ဒါကို မင်းကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ ကြိုးစားရမယ်၊ မင်းသာ အမှောင်ဝိညာဉ် ထိန်းချုပ်တာခံလိုက်ရပြီဆိုရင် တစ်လောကလုံးရဲ့ ထိပ်သီးကျင့်ကြံသူတွေက မင်းကို သတ်ဖို့ကြိုးစားကြတော့မှာ၊ ဆရာတောင် မင်းကို အဆုံးထိ ကာကွယ်နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး၊ မင်းစိတ်ဓာတ်ခိုင်မာမှ အမှောင်ဝိညာဉ်ရဲ့ ထိန်းချုပ်ခြင်းမခံရမှာ”
ဟွမ်းသည် လျှိုမင်ယွမ်က သူ၏ တပည့်အဖြစ်ခံယူပြီး သွားပြီဖြစ်သောကြောင့် အဆုံးထိကာကွယ်ပေးမည်ဖြစ်သည်။ သို့သော် လျှိုမင်ယွမ်သာ အမှောင်ဝိညာဉ်၏ ထိန်းချုပ်ခြင်းခံရပါက ဟွမ်းသည် မည်မျှပင် အစွမ်းထက်ပါစေ တစ်လောကလုံးက အစွမ်းထက် ထိပ်သီးတွေ အောက်တွင် အမြဲကာကွယ်ပေးနိုင်မည်မဟုတ်ပေ။
“အခု ဆရာက မင်းကို မေးချင်တာက မင်း အမှောင်ဝိညာဉ်ကို မင်းကိုယ်တိုင် ထိန်းချုပ်နိုင်မယ်လို့ယုံကြည်ချက်ရှိလား၊ ဒါပေမဲ့ ယုံကြည်ချက်မရှိဘူးဆိုရင် အမှောင်ဝိညာဉ်ကို ဖယ်ရှားပေးမယ်”
ဟွမ်းသည် အမှောင်ဝိညာဉ်၏ အကြောင်းကို အသေးစိတ်ရှင်းပြပြီးနောက် ဤမေးခွန်းကိုမေးလိုက်သည်။ သို့သော် အမှောင်ဝိညာဉ်ကို ဖယ်ရှားရန်မှာ မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် အမှောင်ဝိညာဉ်သည် လျှိုမင်ယွမ် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဟွမ်း သည် ချိတ်ပိတ်ခြင်းသာလုပ်ဆောင်နိုင်မည်။ သို့သော်လည်း ထာဝရ ချိတ်ပိတ်ထားနိုင်ဖို့ရန်မှာ မဖြစ်နိုင်ပေ။
“ကျုပ်...” လျှိုမင်ယွမ်သည် အချိန်အတော်ကြာ စဉ်းစားနေသည်။ ထို့နောက်တွင် ဆုံးဖြတ်ချက်ချလိုက်၏။
“ဆရာ...ကျုပ်အနာဂတ်ကို လက်မလွှတ်ချင်ဘူး၊ အဲ့ဒါကြောင့် အမှောင်ဝိညာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ချင်ပါတယ်၊ ကျုပ်ကျရှုံးခဲ့ရင် ဆရာကိုယ်တိုင်သတ်ပေးပါ”
လျှိုမင်ယွမ်သည် ဒူးထောက်ကာ အလေးနက်ပြောလိုက်၏။ သူ၏ မျက်လုံးအစုံသည် စိတ်အားထက်သန်မှုများနှင့် ပြည့်နက်နေသည်။ သူသည် အမှောင်ဝိညာဉ်၏ ထိန်းချုပ်ခံရမည်ကို ကြောက်ရွံ့ပြီး လက်လျော့လိုက်လျှင် သူသည် နောင်တရနိုင်သည်ဟု ခံစားနေရခြင်းဖြစ်သည်။ ထို့ကြောင့် ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။
“ကောင်းတယ်... မင်းရဲ့ အနာဂတ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်” ဟွမ်းသည် လျှိုမင်ယွမ် ဒူးထောက်သည့်နေရာကို လျှောက်လာခဲ့၏။