← Chapters

ဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်

Vol. 2 Ch. 19

ဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်

Vol. 2 Ch. 19

“ကောင်းတယ်... မင်းရဲ့ အနာဂတ်ကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်” ဟွမ်းသည် လျှိုမင်ယွမ် ဒူးထောက်သည့်နေရာကို လျှောက်လာခဲ့၏။

“ဒီကျင့်စဉ်ကို ဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်လို့ခေါ်တယ်” ထို့သို့ပြောပြီး လျှိုမင်ယွမ်၏ နဖူးကို လက်ဖြင့် တို့လိုက်၏။ ဟွမ်းသည် အမှောင်ဝိညာဉ် ချိတ်ပိတ်ခြင်းကို သူကိုယ်တိုင်လဲ မသေချာပေ။ ထို့ကြောင့် လျှိုမင်ယွမ်၏ ဝိညာဉ်သန်မာစေရန် စဉ်းစားခဲ့၏။ ထို့ကြောင့် ဤဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်ကို လျှိုမင်ယွမ်အား ပေးလိုက်ခြင်းဖြစ်သည်။

“ဒီကျင့်စဉ်ရဲ့ ပထမအဆင့်ကို ဝိညာဉ် ထိန်းချုပ်ခြင်းလို့ခေါ်တယ်၊ မင်းဝိညာဉ်ကို သန်မာအောင် လေ့ကျင့်တဲ့နေရာမှာ ကြီးမားတဲ့ အထောက်ကူပေးလိမ့်မယ်၊ ပြီးရင် မင်းရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်အောင်ကြိုးစားရမယ်၊ ဒါမှ မင်းဝိညာဉ်သန်မာလာလေ အနာဂတ်မှာ အမှောင်ဝိညာဉ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ မျှော်လင့်ချက်ရှိလာလေပဲ”

လျှိုမင်ယန် ထိုကျင့်စဉ်ကြောင့် အံ့ဩသွား၏။ ဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်ကို ကျွမ်းကျင်လာရင် သူ့ကို အမှောင်ဝိညာဉ်က အလွယ်တကူထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။

“ဆရာ..တပည့်က အမှောင်ဝိညာဉ်ရဲ့ ထိန်းချုပ်မှုကို မခံရအောင်ကြိုးစားပါ့မယ်” လျှိုမင်ယန်သည် အလေးအနက်ပြောလိုက်၏။ ဟွမ်းသည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။ ထို့နောက်ပြောလိုက်၏။

“လေ့ကျင့်ဖို့ သွားတော့...”

“ဆရာ နောက်နေ့ကျရင် တပည့်တို့ ထိုက်ရွှမ်မြို့ရဲ့ တာဝန်ခန်းမကနေ တာဝန်တစ်ချို့သွားလုပ်ချင်တယ်” ယွဲ့ဝူယောင်သည် ခွင့်တောင်းလိုက်၏။ ထိုတာဝန်ခန်းမသည် ထိုက်ရွှမ်မြို့အတွင်းနေထိုင်သူများသာမက ပြင်ပမှ လာရောက်သူများကိုပါ သူတို့၏ တာဝန်များကို လုပ်ဆောင်ရန်ခွင့်ပြုထားသည်။ သတ်မှတ်ထားသည့် တာဝန်များပြီးဆုံးသည့်အခါ ဆုလာဘ် များလည်းပေး၏။

“ဘာလို့လဲ၊ လေ့ကျင့်ဖို့ ဆိုရင် တောထဲက သားရဲတွေဆီသွားလို့ရတယ်လေ” ဟွမ်းသည် နားမလည်စွာပြောလိုက်၏။ လေ့ကျင့်ရန်အတွက် တာဝန်များကို ပြုလုပ်နေရန်မလိုပေ။ တောတစ်ခုခုကို သွားပြီး သားရဲရိုင်းများနှင့် တိုက်ခိုက်ပြီးလေ့ကျင့်လို့ရပေသည်။

“တပည့်တို့ က ဆင်းရဲလွန်းနေတယ်” ယွဲ့ဝူယောင်သည် စိတ်ဓာတ်ကျစွာပြောလိုက်၏။

“ဆရာမေ့သွားတာပဲ...” ထိုအခါမှသာ ဟွမ်းသည် သဘောပေါက်သွား၏။ သူ့အတွက် သလင်းကျောက်များ မလိုအပ်သော်လည်း သူတပည့်များသည်မတူပေ။ ယခုမှ သေမျိုးများသာ ဖြစ်နေတုန်းရှိသေး၏။ ထို့ကြောင့် သလင်းကျောက်များလိုအပ်လေသည်။

“ကောင်းပြီ... မင်းတို့ကျင့်စဉ်တွေ တည်ငြိမ်အောင်လုပ်ပြီးရင် တာဝန်တွေသွားယူလိုက်” ဟွမ်းသည် ခွင့်ပြုပေးလိုက်သည်။

‘ဆရာတစ်ယောက်အနေနဲ့ ငွေကြေးမရှိတာ ရှက်စရာပဲ...’

…

တစ်ဖက် ထိုက်ရွှမ်မြို့၏ အကျဉ်းထောင်တွင်

ထျယ်ရှန်းသည် သတိရလာခဲ့၏။ ချက်ချင်းပင် ကုန်းထပြီး ထိုင်လိုက်လေသည်။ ထို့နောက် ပြီးခဲ့သည့် တိုက်ပွဲကို ပြန်တွေးရင်း တီးတိုးရေရွတ်လိုက်၏။

“ဒီမိန်းကလေးက တအားကြမ်းလွန်းတာပဲ၊ ဒီတိုင်းဆို ငါက အားနည်းသေးတယ်၊ ပိုသန်မာအောင် လုပ်ရမယ်၊ ပြီးရင် ဒီမိန်းကလေးကို ထပ်စိန်ခေါ်မယ်”

“ဘုန်း...” ထျယ်ရှန်းသည် သူ၏ စကားမဆုံးခင် အရိုက်ခံလိုက်ရ၏။ သူ၏ နောက်စေ့ကို ရိုက်ခံလိုက်ရခြင်းဖြစ်သည်။

“ဘယ်ကောင်လဲကွ... သတ္တိရှိရင် ရှေ့ကလာတိုက်ပါလား...” သူသည် ရှူးရှူးရှားရှား ဖြစ်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။

“အော်...ဆရာလား..ဘယ်တုန်းကရောက်တာလဲ..တပည့်က အဆင်ပြေတယ်..ဘာဒဏ်ရာမှမရဘူး” ရှဲ့လန်သည် သူ၏နောက်တွင်ရောက်နေခဲ့ခြင်းဖြစ်သည်။

ထျယ်ရှန်းသည် အုပ်ချုပ်သူရှဲ့လန်၏ တပည့်ရင်း တစ်ယောက်ဖြစ်သလို ထိုက်ရွှမ်ဂိုဏ်းသားတစ်ဦးလည်းဖြစ်သည်။ သို့သော် လွန်ခဲ့သည် နှစ်နှစ်က သူတို့ဆရာတပည့်နှစ်ဉီးကို ထိုက်ရွှမ်မြို့အတွင်းတာဝန် ထမ်းဆောင်ရန်စေလွှတ်ခံခဲ့ရသည်။ ရှဲ့လန်၏ ထိုက်ရွှမ်မြို့အုပ်ချုပ်သူ ဟူသော ဂုဏ်ပုဒ်ကြီး ကြီးကျယ်ခမ်းနားသည် ထင်ရပေမဲ့ ထိုက်ရွှမ်ဂိုဏ်းအတွင်းက ကြည့်လျှင် ရာထူးချခံရခြင်းနှင့် သာဆင်တူ၏။

အကြောင်းမှာ ထျယ်ရှန်းသည် ထိုက်ရွှမ်ဂိုဏ်းအတွင်းတွင် ပြသနာများစွာရှာခဲ့သောကြောင့်ဖြစ်သည်။ သူ၏ စီနီယာများ၊ဂျူနီယာများ သူစိန်မခေါ်ဖူးသူ မရှိခဲ့ပေ။ သူ့ထက် အားကောင်းသည်ဟု ယူဆသည့် သူတိုင်းကို လိုက်၍ စိန်ခေါ်ခဲ့ခြင်းဖြစ်၏။ တစ်ကြိမ် နှစ်ကြိမ်တွင် ပြသနာ မရှိခဲ့ပေ။ သို့သော် အကြိမ်ကြိမ်လာရောက်ပြီး အမြဲတိုက်ခိုက်ဖို့ ကြိုးစားနေ၏။ ဂိုဏ်းသားများသည် ကျင့်ကြံခြင်းတွင်အာရုံမစိုက်နိုင်တော့ပေ။ နောက်ဆုံး သည်းမခံနိုင်တော့ပဲ အကြီးကဲများကိုပင် တိုင်ကြားခဲ့ကြသည်။ အစပိုင်း တွင် အကြီးကဲများသည်လည်း ရှဲ့လန်၏ မျက်နှာကြောင့် ပြေရာပြေကြောင်း ဖျန်ဖြေပေးခဲ့၏။ သို့သော်လည်း ဤသတ္တဝါလေးသည် သူတို့၏စကားများကို ဒီဘက်နားကဝင် ဟိုဘက်နားကထွက် သည့်ပုံစံနှင့်သာ နားထောင်ခဲ့၏။ သူတို့အား စိန်မခေါ်ခဲ့သည်ကိုပင်ကျေးဇူးတင်ရမလိုဖြစ်ခဲ့၏။

အကြီးကဲများသည်လည်း ကြံရာမရသည့်အဆုံး အကြီးကဲချုပ်ကိုသာ တင်ပြလိုက်ရတော့လေသည်။ အကြီးကဲချုပ်သည် အလုံးစုံနားလည်သွားသည့်အခါ ထျယ်ရှန်းကို ထိုက်ရွှမ်မြို့ထဲတွင်နေထိုင်ဖို့ အမိန့်ထုတ်ခဲ့၏။ သို့သော် ရှဲ့လန်သည် သူ၏ တပည့်ကို စိတ်ပူသောကြောင့် ထိုက်ရွှမ်မြို့ အုပ်ချုပ်သူရာထူးကို ယူရန်ဆုံးဖြတ်ခဲ့လေသည်။ သို့မှသာ သူ့တပည့်အား ကြီးကြပ်နိုင်မည်ဖြစ်သည်။

ထိုအခါအကြီးကဲချုပ်သည် အနည်းငယ်အခက်တွေ့သွား၏။ အကြောင်းမှာ ယခင် မြို့အုပ်ချုပ်သူဟောင်း နေရာဖယ်ပေးရန်ပြောဆိုဖို့လိုအပ်လေသည်။ အကြောင်းရင်းမရှိပဲ ရာထူးရုပ်သိမ်းရန်လဲ မဖြစ်နိုင်ပေ။ ထို့အပြင် မြို့အုပ်ချုပ်သူဟောင်းသည် ထိုက်ရွှမ်မြို့ အုပ်ချုပ်ရာတွင်လည်း အတော်လေးအရည်ချင်းရှိ၏။ မတက်သာလျှင်တော့ သူတို့နှစ်ဦးအား သွေးသံရဲရဲတိုက်ပွဲတစ်ခု ဆင်နွဲပေးရန်သာကျန်တော့သည်။ ထို့သို့ဖြစ်သွားလျင် နှစ်ဦးနှစ်ဖက်လဲ အငြိုးတေးများက ဖြစ်လာနိုင်သည်။ သို့သော်လည်းမတက်နိုင်ပေ၊ မြို့အုပ်ချုပ်သူဟောင်း ကျေနပ်စေရန် နည်းမျိုးစုံဖြင့် နှစ်သိမ့်ပေးမည်ဟုအထိပင် တွေးထားခဲ့၏။ ဤလောက်အထိ လုပ်ရခြင်းမှာ ထျယ်ရှန်းကို ဂိုဏ်းထဲတွင် ထားရန် မဖြစ်နိုင်တော့သောကြောင့်ဖြစ်သည်။ မဟုတ်လျှင်ဂိုဏ်းသားများ အေးချမ်းစွာ ကျင့်ကြံနိုင်မည်မဟုတ်တော့ပေ။

ထို့နောက်အကြီးကဲချုပ်သည် မြို့အုပ်ချုပ်သူဟောင်း နှင့်စကားစမြည်ပြောကြည့်ခဲ့သည်။ ယခင်မြို့အုပ်ချုပ်သူဟောင်းသည် ထိုအကြောင်းကို သိသောအခါ အတော်လေးအံ့ဩသွားခဲ့၏။

မျက်ရည်များပါ ကျဆင်းလုမတက် ဝမ်းပန်းတသာနှင့် ရာထူးမှ ဆင်းပေးခဲ့သည်။ ဖြစ်နိုင်လျှင် အခုချက်ချင်းတောင် နေရာလဲပေးချင်နေ၏။ သို့သော်လဲ ရာထူးများလွှဲပြောင်း ပြီး စနစ်တကျစီစဉ်ရန်လိုသေး၏။

‘ဒီလောက်သောက်လုပ်ရှုပ်တဲ့ မြို့အုပ်ချုပ်သူရာထူးကို ဘယ်သူက လိုချင်မှာလဲ၊ နေ့တိုင်း ပြသနာပေါင်း သောင်းခြောက်ထောင်လောက်ဖြေရှင်းနေရတာ၊ ဂိုဏ်းထဲပဲအေးဆေးကျင့်ကြံချင်တာပေါ့’

အကြီးကဲချုပ်သည်လည်အံ့ဩသွား၏။ သူများစွာ စိတ်ပူခဲ့ရပေမဲ့ ဤလောက်လွယ်လွယ်လေးနှင့် ပြီးသွားမည်ဟု မထင်ထားခဲ့ပေ။ ရှဲ့လန်သည် အုပ်ချုပ်သူရာထူး လွဲယူလိုက်သည့်နေ့တွင် မြို့အုပ်ချုပ်သူဟောင်းသည် ကျေးဇူးတင်သည် အကြည့်များ နှင့်သာကြည့်နေ၏။ သူ၏မျက်လုံးများသည်လည်း လင်းလက်တောက်ပနေ၏။ ထို့ပြင် နှစ်စဉ်နှစ်တိုင်း ရှဲ့လန်ဆီ လက်ဆောင်များ ပို့ပေးလျှက်ရှိသည်။

သို့သော်လည်း ဤသတ္တဝါကောင်သည် အချိုးပြောင်းမလာချေ။

“ခွေးကောင်... မင်းအကျင့်မပြောင်းဘူးဆို ဒီတစ်ခါ ထပ်ပြီး အချုပ်ထဲက မလွှတ်တော့ဘူး” ရှဲ့လန်သည် နာကျည်းစွာ ပြောလိုက်၏။ သူ၏ ဒေါသများသည်လည်း အဆုံးစွန်ထိရောက်ရှိနေ၏။ ရှဲ့လန်သည် သူ၏ တပည့် သတိလစ်သည်အထိ တိုက်ခိုက်ခံထားရသောကြောင့် စိတ်ပူ၍လာကြည့်ခြင်းဖြစ်သည်။ သို့ပေမဲ့ ဤသူတောင်းစားလေးသည် ထပ်တိုက်ခိုက်ဖို့တောင် ကြံရွယ်နေပြန်သည်။

“စိတ်ချပါဆရာ... နောက်မဖြစ်စေရဘူး” ထျယ်ရှန်းသည် အလေးနက်ပြောလိုက်၏။ သူ၏ မျက်နှာထားသည် နောင်တရမှုများပြည့်နက်နေပြီး နောက်မဖြစ်စေရန် သံဓိဌာန် ချထားသည့်အလားတည်ငြိမ်လွန်း၏။

ရှဲ့လန်သည် ထို မျက်ခွက်အား ထပ်မရိုက်မိစေရန်စိတ်ထိန်းနေရသည်။ အကြောင်းမှာ ထိုအကောင်သည် ပြသနာရှာပြီးတိုင်း ဤကဲ့သို့ မျက်နှာထားနှင့် ပြောလေ့ရှိသည်။

“ဆရာကရော...ဘယ်သူ့ကို သွားပြသနာရှာထားလို့ အရိုက်ခံလိုက်ရလာလဲ” သူ၏လေသံသည် သူ့ဆရာအတွက် တရားမျှတမှု ပြန်တောင်းပေးချင်သည့်အလားဖြစ်နေသည်။

အစောပိုင်းတွင် အချုပ်ခန်းသည် အလင်းရောင်နိမ့်ပါးသောကြောင့် ထျယ်ရှန်းသည် ရှဲ့လန်၏ မျက်နှာကို သတိမထားမိခဲ့ချေ။ သို့သော်သေချာကြည့်ပြီးချိန်တွင် ရှဲ့လန်၏ မျက်နှာတစ်ခြမ်းသည် ယောင်ကိုင်းနေ၏။

“ဒီခွေးကောင်တော့...” ရှဲ့လန်သည် အသက်ရှုရပ်မတက် ဒေါသထွက်နေ၏။ သူ၏ ရင်ဘက်သည်လည်း နိမ့်ခြေမြင့်ခြေ နှင့် ဆက်တိုက် တုန်ခါနေ၏။ ထို့နောက်တွင်တော့ သူ၏စိတ်ကိုလျော့လိုက်လေသည်။ ဒီအကောင်နဲ့ဆိုရင် သူအသက်တိုသွားနိုင်၏။

“မင်းဘယ်လောက်ပြသနာရှာရှာ၊ ငါတော်ရုံအပြစ်မမြင်ခဲ့ဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ် မင်းပြသနာရှာခဲ့တာက အရမ်းကြီးတယ်၊ ငါတို့ ထိုက်ရွှမ်မြို့ရဲ့ စည်းမျဉ်း ဖောက်ဖျတ်ရဲသူ တစ်ဦးပေါ်လာခဲ့ပြီ” ရှဲ့လန်သည် စိတ်လျှော့ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

“ဆရာ...ဘာကိုဆိုလိုတာလဲ” ထျယ်ရှန်းသည် သူအတော်လေး မှားယွင်းသွားသလို ခံစားမိ၏။ သူပြသနာရှာတိုင်း သူ့ဆရာသည် ရိုက်နှက်ဆုံးမကာ သတိပေးခြင်းနှင့်သာ အဆုံးသတ်လေ့ရှိသည်။ သို့သော် ယခုသူ၏ဆရာသည် ချိုသာစွာပြောနေ၏။

‘ပြသနာအကြီးကြီးဆိုရင် အကြာကြီးရိုက်ရမှာမဟုတ်ဘူးလား၊ ဆရာလဲ အရိုက်ခံရပြီးခေါင်းထိသွားတာများလား၊ ဆရာ့တောင် ရိုက်နိုင်တဲ့သူဆိုရင်တော့ အတော်အားကောင်းတဲ့သူဖြစ်ရမယ်’

ထို့အတွေးသာ ရှဲ့လန်သိရင်တော့ သူသည် ရှဲ့လန်ကို နောက်ထပ် ဆရာ ခေါ်နိုင်တော့မည်မဟုတ်ပေ။ အကြောင်းမှာ သူ့၏ အသက်ထွက်သွားခြင်းကြောင့်ဖြစ်သည်။

“အဲ့ဒီမိန်းကလေးရဲ့ဆရာက အတော်လေး အစွမ်းထက်လွန်းတယ်၊ သူက မြို့ရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်သွားတာတောင် ဆရာတို့ ဘာမှမလုပ်နိုင်ဘူး၊ မင်းထပ်ပြီး သူတို့ကိုသွားမရှုပ်နဲ့တော့၊ သူရဲ့စွမ်းအားက အကြီးကဲချုပ်ထက် သာလွန်နေမှာတောင် စိုးရိမ်ရတယ်” သက်ပျင်းတချချနှင့်ပြောနေ၏။

“ဒါဆို ဂိုဏ်းချုပ်ကို ခေါ်ပြီး ပြန်ရိုက်ခိုင်းရင်...”

“ဘုန်း.....” ထျယ်ရှန်း၏ စကားမဆုံးလိုက် ရှဲ့လန်၏ရိုက်ချက်ကြောင့် အချုပ်ခန်း၏ နံရံထဲ ခေါင်းစိုက်နေပြီဖြစ်၏။

‘ငါအရင်ဘဝက ဘာအပြစ်တွေများလုပ်ခဲ့မိလို ဒီဘဝမှာ ဒီကောင့်ရဲ့ ဆရာလာဖြစ်နေရတာလဲ’

“မင်း သုံးလတိတိ ဒီထဲကနေ မထွက်ရတော့ဘူး” ဒီကောင်နဲ့ကြာကြာစကားပြောမိလျှင် သူသည် အချုပ်ခန်းထဲတွင် အသက်ထွက် သွားမှာ ကျိန်းသေ၏။ သူ၏ ရုပ်ရည်သည် ပို၍ အိုစာလာပြီဟုထင်ရသည်။ ထို့ကြောင့် အချုပ်ခန်းထဲမှ ထွက်လာခဲ့သည်။

“ဒီကောင့်ကို သုံးလ မပြည့်မချင်း ဒီထဲက ထွက်ခွင့်မပြုနဲ့” အစောင့်တစ်ဦးကို မှာလိုက်၏။

“ပြီးတော့ မနေ့က အဲ့လူအကြောင်းကို တိတ်တဆိတ်စုံစမ်းလိုက်၊ သတိမထားမိစေနဲ့” သူ၏ နောင်လိုက်အစောင့်တစ်ဦးကို ခိုင်းစေလိုက်သည်။

‘အကြီးကဲချုပ်ကလဲ တစ်ပတ်ကျော်လောက်နေမှ ရောက်လာမှာ၊ ငါလဲ မြို့ကိစ္စတွေပစ်ပြီး ဂိုဏ်းထဲ သွားလို့မရသေးဘူး၊ အကြီးကဲချုပ်နဲ့က လူချင်းတွေ့ပြီးပြောမှ အဆင်ပြေမှာ၊ တစ်ပတ်ကျော်လောက်ထပ်စောင့်တာပေါ့’

ထိုက်ရွှမ်ဂိုဏ်းသားရွေးချယ်မည့်ရက်မှ အကြီးကဲချုပ်ကိုယ်တိုင်လာစောင့်ကြည့်မည်ဖြစ်သည်။ သို့မှသာ ဟွမ်း၏ အကြောင်းကို ပြောနိုင်တော့မည်။ သူ့တွင် စိတ်ချရသည် လူယုံတစ်ယောက်လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။

‘မြို့အုပ်ချုပ်သူဟောင်းကို ပြန်ခေါ်ရင်ကောင်းမလား’

…

“ဟပ်ချိုး...” ထိုက်ရွှမ်ဂိုဏ်းအတွင်းရှိ အခန်းတစ်ခုတွင်ကျင့်ကြံနေသော မြို့အုပ်ချုပ်သူဟောင်းသည် ရုတ်တရက် ကျက်သီးများထနေပြီး ရင်ထဲစိုးထိတ်နေသည်ဟု ခံစားလိုက်ရသည်။

“ငါ့ကျင့်ကြံမှုအဆင့်နဲ့က ဒီလိုမဖြစ်သင့်ဘူး၊ ဒါနိမိတ်မကောင်းတဲ့ ခံစားချက်ပဲ၊ ဒီရက်ပိုင်း အပြင်မထွက်သင့်ဘူး အခန်းပိတ်ကျင့်ကြံရမယ်”

All Chapters