သူမကိုသတ်လို့မရဘူး
Vol. 2 Ch. 21
“ကံတရားက ကျုပ်အပေါ် မျက်နှာသာပေးခဲ့တယ်ထင်တယ်၊ သခင်မလေးချုး ဒီလိုနေ့ရောက်လာလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူးမလား...” ဟေးကျန့်သည့် ချုးယွီဟွာ အနားသို့ ချဉ်းကပ်လာခဲ့သည်။
“ရှင် တကယ်ပဲ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဖြစ်သွားခဲ့ပြီ” ချုးယွီဟွာသည် တိုးလျစွာပြောလိုက်သည်။
ဟေးကျန့်သည် အရင်ချိန်က ချီယင်းအိမ်တော်၏ အစေခံတစ်ဦးဖြစ်ခဲ့ဖူးသည်။ သူသည် ပါရမီရှင်တစ်ဦးဟု မခေါ်ဆိုထိုက်သော်လည်း အသက် နှစ်ဆယ့်ငါးနှစ်တွင် ရွှေအမြူတေ အထွတ်ထိပ်သို့ရောက်ရှိနေသူဖြစ်သည်။ ထို့အပြင် အတော်လေးအားကိုးရသည့် အစေခံ တစ်ဦးလည်းဖြစ်ခဲ့လေသည်။
တစ်နေ့တွင် သူသည် အဆိပ်များကို စတင်စမ်းသပ်လာခဲ့သည်။ ထို့နောက် ချီယင်းအိမ်တော်၏ အစေခံများကို ထိုအဆိပ်များ သုံး၍စတင်စမ်းသပ်လာခဲ့သည်။ အစပိုင်းတွင် ထိုအဆိပ်များသည် အန္တရာယ်သိပ်မပေးခဲ့ပေ။ ထို့ကြောင့် အဆိပ်များ စွာ ပေါင်းစပ်၍ စမ်းသပ်မှုအမျိုးမျိုးလုပ်ခဲ့သည်။
တဖြေးဖြေးနှင့် သူ၏ အဆိပ်များသည် အန္တရာယ်ရှိစပြုလာခဲ့သည်။ သူ၏ အဆိပ်အသုံးခံလိုက်ရသည့် သူတိုင်း အသက်အန္တရာယ်ပါ ချိန်းခြောက်လာခဲ့သည်။ နောက်ပိုင်း ပို၍ဆိုးလာပြီး သေဆုံးမှုများပါရှိခဲ့သည်။ အဆိုးဆုံးသည် သူ၏အဆိပ်ကြောင့် သေဆုံးသူများ များပြားလာခဲ့သည်။
အစပိုင်းတွင် ချီယင်းအိမ်တော် သခင်သည် အားကိုးရသည့် အစေခံဖြစ်၍ လျစ်လျုရှုခဲ့လေသည်။ သို့သော် သေဆုံးမှုများ များပြားလာသည့်နောက် သည်းမခံနိုင်တော့ပဲ ချီယင်းအိမ်တော်မှ နှင်ချခဲ့သည်။
ထို့ကြောင့် ဟေးကျန့်သည် ဒေါသထွက်သွားပြီး ချီယင်းအိမ်တော်တစ်ခုလုံးကို အဆိပ်ခပ်၍ တိုက်ခိုက်ခဲ့သည်။ ချီယင်းအိမ်တော်သခင်သည် သူတော်စင်အဆင့် ဖြစ်သောကြောင့် အချိန်မှီ ထိန်းချုပ်နိုင်သော်လည်း ဆုံးရှုံးမှုများစွာရှိခဲ့သည်။ ထို့ကြောင် ဟေးကျန့်ကို ရှာဖွေပြီး သတ်ဖြတ်ပေးရန် ထိုက်ရွှမ်ဂိုဏ်းကို တင်ပြခဲ့သည်။
ထိုက်ရွှမ်ဂိုဏ်းသည် ဟေးကျန့်ကို မိစ္ဆာလမ်းစဉ်ကျရောက်သွားသည်ဟု ထုတ်ပြန်ကာ စတင်ရှာဖွေခဲ့ကြသည်။ ထို့နောက် လူများစွာ၏ ရှာဖွေမှုအောက်တွင် ဟေးကျန့်သည့် ကြာကြာမပုန်းနိုင်တော့ချေ။ လအနည်းငယ်ကြာပြီးနောက် ထိုက်ရွှမ်ဂိုဏ်းတပည့်များသည် သူ့ကို တွေ့ရှိသွားခဲ့သည်။ ထို့နောက် ဂိုဏ်းတပည့်များစွာ၏ လက်အောက်တွင် ဒဏ်ရာ အများအပြားရရှိခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။
“မိစ္ဆာလမ်းစဉ် ဟုတ်လား...ဟာသပဲ “ ဟေးကျန့်သည့် သူ၏ မျက်လုံးအစုံတွင် နာကျည်းသည့်အရိပ်ယောင်များပေါ်လာခဲ့သည်။
ချီယင်းအိမ်တော်သည် ထိုက်ရွှမ်မြို့တွင် အဆင့်တန်းမြင့်အိမ်တော်ဖြစ်သော်လည်း သူတော်စင်အဆင့်ရှိသူမှာ အိမ်တော်သခင်တစ်ယောက်သာ ဖြစ်ပြီး မုလင်းသည်လည်း အခြေတည်ဝိညာဉ်အဆင့်သာရှိသည်။ ယခင်က ချီယင်းအိမ်တော်တွင် သူတို့နှစ်ဦးသာ အစွမ်းထက်ဆုံးဖြစ်သည်။ သို့သော် အခြားအိမ်တော်များနှင့်ယှဉ်လျင်နိမ့်ကျနေ၏။ ထို့ကြောင့် စီးပွားရေးသာ အဓိကထားပြီး အခြားအိမ်တော်များနှင့် မိတ်ဖက်ယူထားရသည်။ သို့သော်လည်း အင်အားနိမ့်ကျနေသည်ကတော့ အမှန်တရားပင်။
အဝေးခရီးသို့ ကုန်ပစ္စည်းများ သွားရောက် ပို့ဆောင်ရသည့်အချိန်များတွင် တစ်ခါတစ်ရံ တိုက်ခိုက်လုယက်ခြင်း ခံကြရသည်။ ဟေးကျန့်သည် စွမ်းအားနိမ့်ကျခြင်းကြောင့် အနိုင်ကျင့်ခံရမှုများအပေါ် အလွန်ဒေါသထွက်လာသည်။ သူသည် ချီယင်းအိမ်တော်ကို ကာကွယ်ရန်၊ အနိုင်ကျင့် မခံရစေရန်၊ အနိုင်ကျင့်ခံရမှုများရှိလာလျှင်လဲ စွမ်းအားခြင်းမယှဉ်နိုင်လျှင် အဆိပ်နှင့် တိုက်ခိုက်မည်ဟု တွေးတောခဲ့သည်။ ထိုအကြောင်းရာများကြောင့် ဟေးကျန့်သည် အဆိပ်နှင့် တိုက်ခိုက်နိုင်မည့် နည်းလမ်းကို စတင်လေ့လာခဲ့သည်။ ထိုအရာထိ မမှားခဲ့ပေ။
သို့ပေမဲ့ အိမ်တော်၏ အစေခံများကို သုံး၍ စမ်းသပ်လာသည့်အခါ သူ၏နည်းလမ်းမှားယွင်းလာသည်ဟုဆိုရပေမည်။ သို့သော်သူသည် ဂရုမစိုက်ချေ၊ အဆိပ်ဖော်စပ်မှုသာ အောင်မြင်သွားလျှင် ထိုပေးစပ်ရမှုသည် တန်သည်ဟု ခံစားခဲ့သည်။
သူသည် ချီယင်းအိမ်တော်ကို ကာကွယ်ရန်ကြိုးစားခဲ့ခြင်းသာဖြစ်၏။ ထို့နောက် ချီယင်းအိမ်တော်သခင်သည် သူ့ကို နှင်ထုတ်သည့်အခါ ဒေါသထွက်ခဲ့ရသည်။ သူသစ္စာရှိရှိ ကြိုးပမ်းနေမှုကို အလေးမထားပဲ နှင်ထုတ်ခဲ့ခြင်းကြောင့် သူ့အား သစ္စာဖောက်သည်ဟုပင် ထင်မှတ်ခဲ့သည်။ ထို့ကြောင့် ဒေါသအလွန်ထွက်သွားပြီး ချီယင်းအိမ်တော်တစ်ခုလုံးကို အဆုံးသတ်ပစ်ရန် အဆိပ်များစွာဖော်ထုတ်ပစ်ခဲ့သည်။ အိမ်တော်သခင်၏ အင်အားကြောင့် သူသည် ထွက်ပြေးခဲ့ရသည်။
ထို့နောက် ရက်ပေါင်းများစွာပုန်းအောင်းခဲ့ရသော်လည်း အဆုံးတွင် သူသည် သတ်ဖြတ်ခံခဲ့ရသည်။
သို့ပေမဲ့ သူသည် အဆိပ်သုံးနည်းများကို ကျွမ်းကျင်လာပြီးနောက် အဆိပ်တစ်မျိုးကို ဖော်စပ်ခဲ့သည်။ ထိုအဆိပ်သည် သုံးရက်ခန့် လူသေအတိုင်းဖြစ်သွားမည်ဖြစ်သည်။ ဆိုးကျိုး အနေဖြင့် သူ၏ ခန္ဓာကိုယ် အတွင်းပိုင်း ပျက်စီးသွားမည်ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သက်တမ်းရှည်ကြာစွာ နေရတော့မည်မဟုတ်ပေ။ သို့သော်လည်း မတက်နိုင်ပေ ထိုအဆိပ်ကို သုံးရမည်ဖြစ်သည်။ လူသည် လူအင်အားများစွာကို ပြန်မတိုက်ခိုက်နိုင်သောကြောင့်ဖြစ်သည်။
ထိုအဆိပ်ကြောင့် သူသည် နှလုံးခုန်ရပ်တန့်သွားခဲ့ရသည်။ ထို့ကြောင့် ထိုက်ရွှမ်ဂိုဏ်းသားများသည်လည်း သူသေပြီအထင်နှင့် ပစ်ထားခဲ့ခြင်းဖြစ်သည်။
“နှမြောစရာပဲ မင်းရဲ့ အဖေကိုပါ မသတ်နိုင်တော့ဘူး...ဒါလဲကောင်းပါသည်၊ သူ့သမီးကို မကယ်တင်နိုင်ခဲ့တဲ့ စိတ်နဲ့ တစ်သတ်လုံးရှင်သန်သွားရမှာ...” ဟေးကျန့်သည် ချုးယွီဝမ်ကို စိုက်ကြည့်ရင်းပြောလိုက်၏။
“ရှင်...ရွီးအိမ်တော်ကလူတွေအကုန်လုံးကိုလဲ သတ်ပစ်လိုက်တာလား” ချုးယွီဟွာသည် ကြောက်လန့်စွာမေးလိုက်၏။
“သေတော့မယ့်သူက တစ်ပါးသူတွေအတွက် စိတ်ပူနေသေးတယ်” ဟေးကျန့်သည် ခေါင်းအသာယမ်းကာပြောလိုက်သည်။ ထို့နောက် ဝန်ခံလိုက်၏။
“ဟုတ်တယ်၊ အကုန်သတ်ပစ်ရတာပဲ၊ ဒီလိုမှ မဟုတ်ရင် မင်းကို ထိုက်ရွှမ်မြို့ထဲက ခေါ်ထုတ်နိုင်မှာမဟုတ်ဘူး”
သူမသည် ထိုက်ရွှမ်မြို့ထဲတွင်သာ အနေများ၏။ ဟေးကျန့်သည်လည်း ထိုက်ရွှမ်မြို့ထဲသို့ မဝင်နိုင်ချေ။ ထို့ကြောင့် ရွီးအိမ်တော်ရှိလူများကို အဆိပ်ခပ် ထိမ်းချုပ်ပြီး ချီယင်းအိမ်တော်၏ အခြေနေများကို စုံစမ်းခဲ့သည်။
ဒီနေ့လို ချီယင်းအိမ်တော် အလုပ်များလှသည့်နေ့တွင် ဟေးကျန့်သည် ရွီးအိမ်တော်က ကုန်ပစ္စည်းများ အရေးပေါ် အမြန်လိုအပ်သည်ပုံစံဖြင့် မှာလိုက်၏။ ချီယင်းအိမ်တော်တွင် လူအင်အား မလုံလောက်သောကြောင့် ချုးယွီဟွာသည် သူမကိုယ်တိုင်သာ ပို့ဆောင်ရန် ဖြစ်လာခဲ့သည်။
“ရှင် အခုထိရက်စက်တဲ့သူဖြစ်နေတုန်းပဲ...” ချုးယွီဟွာသည် ဟေးကျန့်၏ ရက်စက်မှုကို ပို၍ တုန်လှုပ်လာလေသည်။
“အဲ့ဒီအချိန်တုန်းက ကျုပ်က ချီယင်းအိမ်တော်ကို ကာကွယ်ဖို့ အတွက်စဉ်းစားခဲ့တာ... ဒါတောင် ကျုပ်ကို မိစ္ဆာကျင့်ကြံသူဆိုပြီး နာမည်တပ်ခဲ့ကြသည်” ဟေးကျန့်သည် ပြောရင်း ဒေါသထွက်လာခြင်းကြောင့် တုန်ယင်လာ၏။
“ရှင်က ရက်စက်လွန်းတဲ့လုပ်ရပ်တွေလုပ်ခဲ့တယ်၊ ဒါကို ချီယင်းအိမ်တော်ကို ကာကွယ်တာဆိုပြီး နာမည်တပ်နေတာမဟုတ်ဘူးလား၊ ရှင့်ကြောင့် သေဆုံးသွားရတဲ့ လူတွေကလဲ အစေခံဆိုပေမဲ့ ချီယင်းအိမ်တော်သားတွေပဲ၊ အဖေက အစပိုင်းမှာ ရှင့်က အားကိုးရသူ ဖြစ်တဲ့အတွက်ကြောင့် မျက်ကွယ်ပြုခဲ့တာကြောင့် ရှင်က ပိုပြီးဆိုးရွားတဲ့ လုပ်ရပ်တွေလုပ်ခဲ့တာ” ချုးယွီဟွာသည် ပြောဆိုလိုက်၏။
“တိတ်စမ်း...ကျုပ်လဲ ချီယင်းအိမ်တော်သား တစ်ယောက်ပဲ မဟုတ်ဘူးလား အဲ့ဒီအချိန်ကသာ ကျုပ်ကို နှင်ထုတ်ပြီး သတ်ဖြတ်ဖို့ မကြိုးစားခဲ့ရင် ချီယင်းအိမ်တော်က ဒီနေ့မှာ အောင်မြင်မှုများစွာရနေမှာ၊ ပြီးတော့ ဒီလို အဆုံးသတ်နဲ့လဲ ကြုံရမှာ မဟုတ်ဘူး” ဟေးကျန့်သည်ပြောလိုက်၏။
“ရှင့်ကို နှင်မထုတ်ခဲ့ရင် ထိုက်ရွှမ်ဂိုဏ်းက တွေ့ရှိတဲ့အချိန်ကျ ရှင်သတ်ခံရမှာကျိန်းသေတယ်၊ ဒါကြောင့် အဖေက ရှင့်ကို မသေစေချင်လို့ နှင်ထုတ်ခဲ့တာ၊ ဒါပေမဲ့ ရှင်က ကျေးဇူးကန်ပြီး ချီယင်းအိမ်တော် တစ်ခုလုံးကို အဆိပ်ခပ်ခဲ့တယ်၊ ဒါကြောင့် အဖေက မတက်သာပဲ ထိုက်ရွှမ်ဂိုဏ်းကို တင်ပြလိုက်ရတာပဲ” ချုးယွီဟွာ ထိုသို့ပြောလိုက်သည်နှင့် ဟေးကျန့်သည် သူ၏ ဘယ်လက်ဖြင့် သူမ၏ လည်ပင်းကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်၏။
“အခုမှလာပြီး လူကောင်းယောင်ဆောင်ဖို့ မကြိုးစားနဲ့၊ ဒီလိုစကားတွေနဲ့ လှည့်စားပြီး မင်းကိုသတ်ဖို့လက်လျော့လိုက်မယ်ထင်နေတာလား” ဟေးကျန့်သည့် သူ၏ မျက်လုံးများ နီရဲလာပြီး ဒေါသများသည် တစ်ဆုံးထွက်လာခဲ့၏။
ထို့နောက် ဟေးကျန့်သည် ချုးယွီဟွာကို ဘယ်ဘက်လက်နှင့် လည်ပင်းဆုက်ကိုင်ထားပြီး ညာဘက်လက်တွင်ရှိသော ဓားဖြင့် သူမကို အဆုံးသတ်ရန်ကြိုးစားလိုက်၏။ သူသည်စကားများနှင့် အချိန်မဖြုန်းချင်တော့ပေ။ အစောပိုင်းမုလင်းနှင့်တိုက်ပွဲတွင် ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်သွားခြင်းကြောင့် မြို့သခင်သည် သတိထားမိတော့မည်ဖြစ်သည်။ ထို့ကြောင့် ချုးယွီဟွာကို အဆုံးသတ်ရန် ကြံရွယ်လိုက်၏။ သူမ၏ ဝမ်းဗိုက်ကို ဓားဖြင့် ထိုးလိုက်လေသည်။
“မင်း...သူမကို သတ်လို့မရဘူး” တည်ငြိမ်သည့် အသံကြောင့် ဟေးကျန့်သည် ရပ်တန့်သွား၏။ ထို့ကြောင့် သူသည် အသံလာရာသို့ကြည့်လိုက်လေသည်။ ဟွမ်းသည် မြင်းလှည်းပေါ်တွင် သင်တောင့်သက်သာဖြင့် ထိုင်နေလေသည်။
“မင်းဘယ်သူလဲ...” ဟေးကျန့်သည် မျက်မှောင်ကျုံ့သွားပြီးနောက် မေးလိုက်၏။ အဝတ်အစားသည် အစေခံများ၏ ဝတ်စုံနှင့် ကွဲပြားနေသည်။ ဟေးကျန့်သည် ဟွမ်းကို အစောပိုင်းတွင် အစေခံတွေထဲက တစ်ယောက်ဖြစ်မည်ဟုထင်မှတ်ခဲ့သည်။ မည်သည့်စွမ်းအားမျှ မရှိသောကြောင့် သူကို လာမတိုက်ရဲခြင်းဖြစ်နိုင်သည်။ ထို့ကြောင်သူသည် အရေးလုပ်ရန် စိတ်မဝင်စားခဲ့ချေ။
“လောလောဆယ်တော့ သူမက ငါ့အလုပ်ရှင်ဖြစ်နေတယ်၊ အဲ့ဒါကြောင့် ငါ့ လုပ်အားခကိုအရင် ရှင်းခွင့်ပေးလိုက်၊ ပြီးမှ မင်းကိစ္စဆက်လုပ်” ဟွမ်းသည် လေသံမာမာဖြင့်ပြောလိုက်၏။ ချုးယွီဟွာသာ အခု သေသွားလျှင် သူသည် လုပ်အားခရမည်မဟုတ်တော့ပေ။ ထို့ကြောင့် သူတပည့်တွေကို မျက်နှာပြနိုင်မည်မဟုတ်တော့ပေ။
“ကောင်လေး ဝင်မရှုပ်စမ်းနဲ့” ဟေးကျန့်သည် ချုးယွီဟွာကို အောက်သို့ပစ်ချပြီးနောက် သူ၏ ဓားနှင့် ချက်ချင်း ခုတ်လိုက်၏။ သို့သော်အံ့ဩသွား၏ သူ၏ဓားသည် ဟွမ်း၏ အနီးတွင် ရပ်တန့်နေလေသည်။ နောက်သို့ ပြန်ဆွဲယူလို့ရသော်လည်း ရှေ့သို့ ဆက်တိုး၍ မရ၊ မမြင်ရသည် အကာကွယ်တစ်ခုရှိနေသည့်အလား ဖြစ်နေ၏။
“မိန်းကလေးချုး ကျုပ်လုပ်အားခလေးအရင်ရှင်းပေးမလား” ဟွမ်းသည် ချုးယွီဟွာ အနားကို ရောက်လာပြီး မေးလိုက်၏။
ချုးယွီဟွာသည် တုန်လှုပ်သွား၏။ သို့သော် သူမ၏ မျက်လုံးတွင် မျှော်လင့်ချက် အရိပ်ယောင်များ ပေါ်လာခဲ့သည်။
“ဒီက...” သူမသည် မည်သို့ ခေါ်ရမည်မှန်းမသိ အခက်တွေ့သွား၏။
“စီနီယာ ကျွန်မက လုပ်အားခကို ထိုက်ရွှမ်မြို့ပြန်ရောက်မှ ရှင်းနိုင်မှာလေ” သူမသည် ညှိနှိုင်းလိုက်၏။ ဟေးကျန့်၏ တိုက်ခိုက်မှုသည် ဤလူကို မသက်ရောက်ခဲ့ချေ။ မည်သို့မျှပင် မခုခံပဲ သက်တောင့်သက်သာပုံစံဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤလူ၏ စွမ်းအင်သည် မြင့်မားလိမ့်မည်ဟု တွေးမိလိုက်သည်။
“ကောင်းပြီလေ.. ထိုက်ရွှမ်မြို့ ပြန်ကြတာပေါ့” ဟွမ်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ သူ၏ လုပ်အားခ မရမှာ စိတ်ပူနေလေသည်။
“သေချင်နေတာပဲ...” ဟေးကျန့်သည့် သူ၏ဒေါသကို မည်သို့ဖော်ပြရမည်ကိုပင်မသိတော့ချေ။ ထိုလူငယ်သည် သူရှိနေသည်ကို မသိသည့်အလား ပြုမှုနေ၏။
“အဆိပ်လှောင်အိမ်” သူ၏ ဝိညာဉ် စွမ်းအင်များစုစည်းပြီးနောက် နည်းစနစ်တစ်ခု ဖော်ထုတ်လိုက်၏။ ထို့နောက် ဟွမ်းနှင့် ချုးယွီဟွာ ဘေးပတ်ပတ်လည်မှ နွယ်ပင်ပုံစံ အစိမ်းရောင် အလင်းတန်း များ ပေါ်ထွက်လာပြီး လှောင်အိမ်သဖွယ် ဖြစ်တည်သွား၏။ ထိုလှောင်အိမ်ထဲတွင် အဆိပ်များစွာ ပျံ့နှံ့လာလေသည်။
“စီနီယာ အဆိပ်တွေပျံ့လာပြီ” ထိုအဆိပ်များသည် ချုးယွီဟွာ ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။ ထို အဆိပ်များသည် လေထုကိုပင်တိုက်စားလာ၏။ ထို့အပြင် အဆိပ်ပျံ့နှုန်းသည်လည်း အလွန်ပင် မြန်ဆန်လှသည်။ ထိုအဆိပ်များသည် သူမ၏ ကိုယ်တွင်းသို့ ဝင်ရောက်လာသည်။ သူမ၏ ဖြူဖွေးသည့် အသားရည်သည် တဖြေးဖြေးနက်မှောင်လာပြီး ချက်ချင်းပင် သွေးများအန်ထွက်လာ၏။
ထို့နောက် ဟွမ်းသည် လက်ပုံစံ တစ်ခုလုပ်လိုက်၏။ သူ၏ လက်ထဲတွင် အလင်းလုံးလေးတစ်ခုပေါ်လာခဲ့၏။ ထို့နောက် ထိုအလင်းလုံးကို လက်ဖြင့် မြေပြင်ပေါ် အသာ ရိုက်လိုက်လေသည်။
ချက်ချင်းပင် ထိုအဆိပ်များ ပျောက်ကွယ်သွားပြီး၊ လှောင်အိမ်လည်း ပျောက်ကွယ်သွားခဲ့၏။ လေထုသည်လည်း ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။ ချုးယွီဝမ်လည်း သူမ၏အသားရည်သည် တဖြေးဖြေး မူလအနေအထားသို့ ရောက်ရှိလာသည်။
“မဖြစ်နိုင်ဘူး...”