ဝိညာဉ်သတ်အဆိပ်
Vol. 2 Ch. 22
“ဒီလူက ဘယ်လောက်တောင် အစွမ်းထက်တာလဲ...မဖြစ်နိုင်ဘူး” ဟေးကျန့်သည်ရေရွေတ်လိုက်၏။
‘ဒီ နည်းစနစ်ထဲမှာက ငါ့ရဲ့ အပြင်းထန်ဆုံး အဆိပ်တွေ ထည့်သွင်းထားတာလေ၊ သူတော်စဉ်အဆင့်တွေတောင် ခုခံနိုင်တဲ့အရာမဟုတ်ဘူး၊ ဒါကို ဒီလူက လွယ်လွယ်လေး ဖျတ်စီးသွားတယ်’
ချုးယွီဟွာသည်လည် အံ့ဩသွား၏။ ထိုအဆိပ်လှောင်အိမ်ထဲမှ ဤကဲ့သို့ အလွယ်တကူ ထွက်နိုင်လိမ့်မည်ဟု မထင်ခဲ့ချေ။ ထို့အပြင် သူမသည်လည်း အဆိပ်များထွက်ပေါ်လာသည့်အခါ သေတော့မည်ဟု ကျိန်းသေထင်ခဲ့သည်။ သို့သော် ဤလူ၏ နည်းစနစ်တစ်ခုနဲ့ပင် ဘာမှမဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
“မင်းရဲ့ အဆိပ်က ကလေး ကစားစရာသက်သက်ပဲ၊ ငါက အဆိပ်သုံးတဲ့ လူအိုကြီးတစ်ယောက်နဲ့ ရင်းနှီးဖူးတယ်၊ ဒါကြောင့် မင်းကို သက်ညှာတဲ့ အနေနဲ့ အစစ်မှန်အဆိပ်ဆိုတာကို ခံစားရင်းသေခွင့်ပေးမယ်” သူသည် ဒေါသထွက်သွားခဲ့၏။ ထိုအဆိပ်သည့် သူ့အပေါ် မသက်ရောက်သော်လည်း သူ့အလုပ်ရှင်ထိခိုက်သွားပါက သူ၏ လုပ်အားခ ဆုံးရှုံးပေလိမ့်မည်။
“စော်ကားလွန်းတယ်...” သူတစ်ဘဝလုံးအားစိုက်လေ့လာခဲ့ရသည့် အဆိပ်အပေါ် ဤကဲ့သို့ ပျက်ရယ်ပြုခြင်း ခံလိုက်ရသည်ကို သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် ထပ်တိုက်ခိုက်ရန်ပြင်လိုက်၏။
“နေဦး...” ဟွမ်းသည် တားဆီးလိုက်၏။
ထို့နောက်ဟွမ်း၏ လက်ထဲတွင် လက်သည်းခွံအရွယ်လောက်သာရှိသည် ဆေးလုံးတစ်လုံးပေါ်လာခဲ့သည်။ ထိုဆေးလုံးသည် အဖြူရောင်ဖြစ်ပြီး အနက်ရောင်မျဉ်းကြောင်းလေး နှစ်ကြောင်းလဲပါရှိသည်။ “တင်း” ဟူသည်စာလုံးလေးတစ်လုံးလဲရေးထိုးထားသည်။
ထိုဆေးလုံးတွေ့လိုက်သည့်အချိန်တွင် ဟေးကျန့်၏ မျက်နှာထက်တွင် အံ့ဩမှုများပေါ်လာခဲ့သည်။ ဤဆေးလုံးသည် အဆိပ်ဆေးလုံးမှန်း ချက်ချင်းသိသွား၏။ မည်သည်ပါဝင်ပစ္စည်းများ ပါသည်ကို သူမသိသော်လည်း အတော်လေး အဆင့်မြင့်သည်ဟု တွေးလိုက်မိသည်။
ချုးယွီဟွာသည် ထိုဆေးလုံးသည် မည်သည့်အရာဖြစ်သည်ကို သေချာ မသိသော်လည်း ထိုဆေးလုံးသည် သူမ၏စိတ်ကို မသက်မသာဖြစ်စေသည်။
“ဒါကို ဝိညာဉ်သတ်အဆိပ်လို့ခေါ်တယ်၊ နတ်ဘုရားတွေတောင်သတ်နိုင်တယ်လို့ပြောဖူးတယ်၊ ဒီမှာပါတဲ့ အဆိပ်နဲ့က ဝိညာဉ်ပါ ပြိုကွဲပြီး ပျောက်ကွယ်သွားမယ်တဲ့၊ ဒါ့ကြောင့် မင်းရဲ့အသက်ကို အဆင့်တန်းရှိရှိသေခွင့်ပေးလိုက်မယ်” ထိုသို့ပြောပြီးနောက် ဟွမ်းသည် ချက်ချင်းပင် ဟေးကျန့် ရှေ့တွင်ပေါ်လာခဲ့သည်။ ထိုက်နောက် ဟေးကျန့်၏ ဗိုက်ကို အသာရိုက်လိုက်ပြီး သူ၏ ပါးစပ်ထဲ ဝိညာဉ်သတ်အဆိပ် ကို ထည့်ပေးလိုက်လေသည်။
“မင်း ဘာလုပ်လိုက်တာလဲ” ဟေးကျန့်သည် သူ၏ သွေးများ ပွက်ပွက်ဆူလာသည်ဟုခံစားလိုက်ရသည်။ သို့သော် ခနအတွင်းတွင် သူ၏ခန္ဓာကိုယ်သည် မည်သည့် နာကျင်မှုကိုမျှ မခံစားရတော့ပေ။ အကြောင်းမှာ သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် ကွဲကွာသွားသောကြောင့်ဖြစ်သည်။
ချုးယွီဟွာသည် အထိတ်တလန့်ဖြစ်သွား၏။ ထိုသို့အရာမျိုး မမြင်ဖူးခဲ့ချေ။
“ဒါဘယ်လို အဆိပ်မျိုးလဲ၊ ဝိညာဉ်တစ်ခုလုံးကို ခန္ဓာကိုယ်ကနေ ဆွဲထုတ်နိုင်တဲ့ အဆိပ်မျိုး တကယ်ပဲ ရှိတာလား” ဟေးကျန့်သည် ထိတ်လန့်မှုထက် အံ့ဩမှုက ပိုနေခဲ့သည်။ အဆိပ်ကို နှစ်ပေါင်းများစွာလေ့လာခဲ့သူတစ်ယောက်အနေနှင့် ဤအရာသည် အဆိပ်ဆိုတာ ကျိန်းသေသည်။ သို့သော် ဤကဲ့သို့ ဖြစ်နိုင်တာမျိုး သူသည် တွေးတောင် မတွေးခဲ့ဖူးချေ။ သူသည် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။
“အား....” ဟေးကျန့်၏ဝိညာဉ်သည် နာကျင်သည့် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ၏ဝိညာဉ်ကို သန်းချီရှိသည့် အဆိပ်အပ်ပေါင်း များစွာနှင့် ထိုးစိုက်နေ့သကဲ့သို့ ခံစားနေရသည်။ မပြီးဆုံးသေးချေ။ သူ၏ ဝိညာဉ်ကို အပိုင်းပိုင်းဆုတ်ဖြဲနေသည်။ အပ်ပေါက်စာလောက်သာရှိသည့် အပိုင်းစလေးများဖြင့် တစ်ခုစီ ဆုတ်ဖြဲခံနေရသည်။
‘ဒီလိုအဆိပ်မျိုးကို အစောကတည်းကလေ့လာခွင့်ရခဲ့ရင်ကောင်းမယ်၊ ငါဘဝတစ်လျှောက်လုံးလေ့လာခဲ့တာက ဒီအဆိပ်နဲ့ ယှဉ်ရင် အမှိုက်ပါပဲလား’
မိနစ်ပိုင်းလောက်ကြာပြီးနောက် သူ၏အော်သံသည် ငြိမ်သက်သွားခဲ့သည်။ သူ၏ဝိညာဉ်လည်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်စားချေလိုစိတ်ပျင်းပြနေသည့် ဟေးကျန့်သည် နောက်ဆုံးတွင် လက်စားမချေနိုင်ခဲ့ချေ။ အဆင့်တန်းမြင့်မားသည့် အဆိပ်ကို တွေ့ဖူးသွားခဲ့လေသည်။ ကံဆိုးသည်က သူ့တွင်နောက်ဘဝဆိုသည်ပင် မရှိတော့ချေ။ ဝိညာဉ်ပါပျောက်ကွယ်သွားရသည်ဖြစ်သည်။
ချုးယွီဟွာသည် မှင်သတ်နေ၏။ ဟေးကျန့်သည် ဤကဲ့သို့ အဆုံးသတ်သွားမည်ဟု မျှော်လင့်မထားခဲ့ချေ။ ထို့နောက် ဟွမ်းကို ကြည့်လိုက်ပြီးနောက် သူမသည် လဲနေသည်မှ ထလာခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ” သူမသည် ထိတ်လန့်နေသော်လည်း အလျင်မြန်ပင်ဦးညွှတ်လိုက်၏။
“ခင်ဗျား ကျုပ်ကို လုပ်အားခပေးဖို့တော့ ကတိမဖျတ်ဘူးမလား” ဟွမ်းသည် ရုပ်တည်ဖြင့်မေးလိုက်၏။
“မဖျတ်ပါဘူး...စိတ်ချပါစီနီယာ ထိုက်ရွှမ်မြို့ရောက်ရင် ပေးမှာပါ” ချုးယွီဟွာသည် အသည်းသန်ဖြေလိုက်ရ၏။
‘စီနီယာစွမ်းအားနဲ့ ဘယ်သူက ကတိဖျတ်ရဲမှာလဲ’
ဟေးကျန့်တိုက်ခိုက်ခဲ့သည့် အဆိပ်လှောင်အိမ် ကို အလွယ်တကူ ဖျတ်စီးလိုက်ခြင်း၊ ဆေးလုံးတစ်လုံးနဲ့ တင် လူတစ်ယောက်ကို ရက်ရက်စက်စက်သတ်နိုင်ခြင်း၊ အဲ့လိုလုပ်နိုင်တဲ့လူတစ်ယောက်ကို ရူးနေတဲ့သူမှပဲ ကတိဖျတ်ရဲပေမည်။
“စီနီယာ အဲ့ဆေးလုံးက ဘယ်လိုအဆင့်လဲဟင်”သူမသည် သိချင်ဇောနှင့်မေးလိုက်၏။
“သေချာတော့ မသိပါဘူး၊ အဲ့ဒီဆေးလုံးဖန်တီးတဲ့ လူအိုကြီးက လက်ဆောင်ပေးလိုက်တာပဲ၊ သူပြောတာတော့ တန်ဖိုးမဖျတ်နိုင်ဘူးတဲ့” ဟွမ်းသည် စိတ်ထဲ မထားသည့် အလားဖြေလိုက်၏။
‘အလတ်လတ်ဝိညာဉ်သလင်းကျောက် ငါးရာအတွက်နဲ့ ဒီလိုအဆင့်မြင့်ဆေးလုံးကို ထုတ်သုံးလိုက်တာလား’ ဤစီနီယာ၏ အတွေးများကို သူမ လိုက်မမှီသလို ခံစားလိုက်ရသည်။
“တန်ဖိုးမဖြတ်နိုင်မှတော့ ဘာသုံးစားလို့ရမှာလဲ၊ အခုလိုအပ်နေတာက သလင်းကျောက်လေ” ဟွမ်းသည် သက်ပြင်းချကာပြောဆိုလိုက်သည်။
ချုးယွီဟွာ “...”
‘စီနီယာ တန်ဖို့မဖြတ်နိုင်ဘူးဆိုတဲ့ စကားကို နားလည်မှုလွဲနေတယ်ထင်တယ်၊ ဒီဆေးလုံးကို စီနီယာလိုချင်သလောက်နဲ့ ထုတ်ရောင်းလို့ရတယ်လေ’ ချုးယွီဟွာသည် သူမအတွေးများ မထုတ်ဖော်ရဲပေ။
သို့သော် သူမ သာပြောလိုက်လျှင် ဟွမ်းသည် ဟေးကျန့်ကို ပြန်ရှင်အောင် လုပ်ပြီး သူဗိုက်ထဲမှ ထိုဆေးလုံးကို ပြန်ယူပေလိမ့်မည်။ ထို့အပြင် ထိုအဆိပ်ဆေးလုံးပိုင်ရှင် အဖိုးကြီးသာသိလျှင်တော့ သူသေကိုယ်သေ တိုက်မဲ့ တိုက်ပွဲတစ်ခုဖြစ်သွားနိုင်ပေမည်။
ထို့နောက် ချုယွီဟွာသည် မုလင်းကို သတိရသွားပြီးနောက် ပြေးသွားခဲ့သည်။
“ဦးလေးမု အဆင်ပြေရဲ့လား” မုလင်း၏ အသားရည်သည် တစ်ကိုယ်လုံးမဲနက်နေပြီး သတိလည်းလစ်နေပြီဖြစ်သည်။
“စီနီယာ ဦးလေးမုကို ကယ်တင်ပေးနိုင်လား စီနီယာ လိုအပ်တာတွေ ကျွန်မဖြည့်စည်းပေးပါ့မယ်” သူမသည် တောင်းဆိုလိုက်၏။
“သလင်းကျောက်ပေးမှာလား”
“ဟုတ်ကဲ့..စီနီယာ လိုအပ်သလောက်ပေးပါ့မယ်”
“ကောင်းပြီ..” သလင်းကျောက်ရမည် ဆိုသောကြောင့် ဟွမ်း၏ မျက်လုံးအစုံသည် တောက်ပလာခဲ့သည်။ ထို့နောက် သူ၏လက်ကို မုလင်း၏ နဖူးပေါ်သို့ တင်လိုက်လေသည်။ အဆိပ်များသည် မုလင်း၏ သွေးကြောများအတွင်းထိ ဝင်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် ဟွမ်းသည် သူ၏ နတ်ဘုရားစွမ်းအင်နှင့် ထိုသွေးကြောများအတွင်းရှိ အဆိပ်များကို လက်မောင်းရှိသွေးကြောတစ်ခုအတွင်းသို့ စုစည်းလိုက်သည်။ မုလင်း၏ အသားရည်သည် ပုံမှန်ပြန်ဖြစ်လာသည်။ သို့သော် သတိမရသေးချေ။
“အဲ့ဒီသွေးကြောနေရာကို ဓားနဲ့ဖောက်လိုက်” ဟွမ်းသည် အဆိပ်များ စုစည်းထားသည့် နေရာသို့ ညွှန်ပြလိုက်သည်။ ချုးယွီဟွာသည် သူမ၏ ဓားဖြင့် ထိုသွေးကြောကို ဖောက်ထုတ်လိုက်၏။ ထိုအခါ အနက်ရောင် သွေးများ ထွက်လာခဲ့သည်။
“ဝိညာဉ်စွမ်းအားနည်းသွားလို့ ခဏနေရင် ပြန်သတိရလာလိမ့်မယ်” ဟွမ်းသည် ပြောလိုက်၏။
ချုးယွီဟွာသည် စိတ်အေးသွားခဲ့သည်။ မုလင်းသည် ချီယင်းအိမ်တော်၏ အစေခံဖြစ်သော်လည်း ချုးယွီဟွာအတွက်တော့ ဦးလေးအရင်းတစ်ယောက်လိုဖြစ်ပေသည်။ သူမငယ်စဉ်ကတည်းက ထိန်းကျောင်းပေးလာခဲ့သူဖြစ်သည်။ ထို့ပြင် သူမသည် ကျင့်ကြံခြင်းတွင် ပါရမီမပါသည့်အပြင် အလွန်ပင်အားနည်းသေယကြောင့် မုလင်းသည် တစ်လျှောက်လုံးကာကွယ်ပေးခဲ့ရသည်။ သူမ၏ အခြေတည်ဝိညာဉ်အဆင့်ကို ဆေးလုံးများ၏ အကူညီနှင့် တက်ရောက်ထားခြင်းဖြစ်ပေသည်။
ခဏကြာပြီးနောက်
လူတစ်ဦးသည် နောက်လိုက်ဆယ်ဦးလောက်နှင့်အတူ ရွီးအိမ်တော်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုလူသည် ကျောက်စိမ်းမြို့သခင်ဖြစ်၏။ သူသည်လဲ အခြေတည်ဝိညာဉ်အဆင့်တွင်ဖြစ်သည်။ မြို့သခင်သည် ရွီးအိမ်တော်အတွင်းတွင် ဖြစ်ပျက်နေသည်များကို တွေ့မြင်ပြီး မျက်မှောင်ကျုံ့သွားခဲ့သည်။
“ဒါဘယ်လိုဖြစ်တာလဲ၊
ရွီးအိမ်တော်က လူတွေကရော၊
မင်းတို့ကရောဘယ်သူတွေလဲ
ဒါကျောက်စိမ်းမြို့ကွ မင်းတို့လုပ်ချင်တိုင်းလုပ်ခွင့်မရှိဘူး” မြို့သခင်သည် မေးခွန်းများ တသီတတန်းကြီးမေးလိုက်၏။
ဟွမ်း ‘အိမ်တော်တစ်ခု ပြာကျသွားပြီးမှလဲ ရောက်လာသေးတယ် သောက်ကြီးသောက်ကျယ်နဲ့’
“ကျွန်မက ချီယင်းအိမ်တော်ရဲ့ ချုးယွီဟွာပါ”
“အော်.. မိန်းကလေးချုးပဲ...ဒီလူအိုကြီးက ခုမှမိန်းကလေးချုးကို မြင်ဖူးတာမို့ ခွင့်လွှတ်ပါ.. ရွီးအိမ်တော်မှာ ဘာတွေဖြစ်သွားတာလဲ” မြို့သခင်သည် မေးလိုက်၏။ ချီယင်းအိမ်တော်ကမှန်းသိသွားသည့်နောက် သူ၏ပုံစံသည် ယဉ်ကျေးသွားခဲ့သည်။ ထိုက်ရွှမ်ဂိုဏ်း ပိုင်နက်အတွင်းရှိ မြို့များစွာသည် ချီယင်းအိမ်တော်နှင့် စီးပွားရေးအရ လွတ်ကင်းနိုင်ခြင်းမရှိကြချေ။ ချီယင်းအိမ်တော်သည် တိုက်ခိုက်ရေး အင်အားနည်းသော်လည်း စီးပွားရေးတွင် ထိုက်ရွှမ်ဂိုဏ်း ပိုင်နက်တစ်ခုလုံးကို လွမ်းမိုးထားနိုင်သည်။
“ဒီလိုပါ...” ချုးယွီဟွာသည် အဖြစ်ပျက်များကို ရှင်းပြလိုက်လေသည်။
အဖြစ်ပျက်များကို ကြားပြီးနောက် သူ၏နားရွတ်တံ့တွေးစွတ်ခံလိုက်ရသည်ကို သိလိုက်ရသည်။ သူ၏ ခံစားချက်များအောင့်သက်သက်ဖြစ်နေ၏။
“မြို့သခင်ယန် ရဲ့အပြစ်မဟုတ်ပါဘူး၊ ဟေးကျန့်က ရွီးအိမ်တော်စရောက်ကတည်းက ဝိညာဉ်စွမ်းအင် သုံးခဲ့တာမဟုတ်ဘူး၊ ရွီးအိမ်တော်သားတွေကို အဆိပ်နဲ့ပဲ ထိန်းချုပ်ပြီး သတ်သွားခဲ့တာ၊ မြို့သခင်ယန် သတိမထားမိတာလဲ မလွန်ပါဘူး” ချုးယွီဟွာသည် မြို့သခင်ကို နှစ်သိမ့်လိုက်၏။ ဟေးကျန့်သည် ကျောက်စိမ်းမြို့သခင်ပါ ပါလာမည်စိုးသောကြောင့် ရွီးအိမ်တော်ကို အဆိပ်များသုံး၍သာ ထိန်းချုပ်ခဲ့ရ၏။ မုလင်းနဲ့ တိုက်ခိုက်သည့် အချိန်မှသာ ဟေးကျန့်သည် မတက်သာ၍ ဝိညာဉ်စွမ်းအင် သုံးလိုက်ရခြင်းဖြစ်သည်။ ထိုအချိန်မှသာ ကျောက်စိမ်းမြို့သခင် သည် သတိထားမိပြီးရောက်လာခဲ့ခြင်းဖြစ်သည်။
“မိန်းကလေးချုး ခဏနေဆို မှောင်တော့မယ် ကျုပ်တို့ အိမ်တော်မှာ လိုက်တည်းလှည့်ပါ၊ မနက်မှ ထိုက်ရွှမ်မြို့ ပြန်ကြပေါ့” ကျောက်စိမ်း မြို့သခင်သည် သူ၏ အိမ်တော်သို့ ဖိတ်ခေါ်လိုက်သည်။ ချုးယွီဟွာသည် ထိုက်ရွှမ်မြို့သို့ ယခုချိန်ပြန်ရန် မဖြစ်နိုင်ပေ။ အသွားအပြန်သည် နေဝက်လောက်ကြာခဲ့၏။ ထို့အပြင် အစေခံများသည်လည်းသေဆုံးသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်ပြန်လျှင်တောင် သန်းခေါင်မှ ထိုက်ရွှမ်မြို့သို့ရောက်တော့မည်ဖြစ်သည်။ ထိုက်ရွှမ်ဂိုဏ်းပိုင်နက်သည် အေးချမ်းလှသော်လည်း အမြဲတမ်းတော့မဟုတ်ပေ။
ချုးယွီဟွာသည် ဟွမ်းကို မသိလိုက်မသိဘာသာနှင့်ကြည့်လိုက်မိသည်။ ဟွမ်းပြန်မည်ဟုဆိုလျှင်လည်း သူမသည် စိုးရိမ်စရာမရှိပေ။ သူ၏ စွမ်းအားနှင့်ဆိုလျှင် ထိုက်ရွှမ်မြို့ကို ပြန်ရန် ဘယ်လောက်မျှကြာမည်မဟုတ်ပေ။
ဟွမ်းက ခေါင်းငြိမ့်လိုက်သည့်အခါမှ မြို့သခင်ကို အဖြေပေးလိုက်၏။
“ဦးလေးမုလင်းကလည်း သတိမရသေးဘူး၊ ဒီည တည်းဖို့အတွက် မြို့သခင်ယန်ကို ဒုက္ခပေးရတော့မယ်”
“ဒုက္ခမများပါဘူး၊ ကျုပ်တို့ မနက်မှ ရွှီးအိမ်တော်နဲ့ ပတ်သတ်တာတွေစီမံတော့မယ်”
မြို့သခင်သည် သူမနှင့် ဟွမ်း၏ ဆက်ဆံရေးကိုမြင်တွေ့ပြီးနောက် ဂရုတစိုက်ဆက်ဆံရန်ဆုံးဖြတ်ခဲ့သည်။
‘ဟေးကျန့်ကို သတ်ခဲ့တာ၊ ဒီလူပေါ့ သူရဲ့စွမ်းအားက ငါ့ထက်သာမဲ့ပုံပဲ သူတော်စင် အဆင့်ဖြစ်လောက်မယ်’
ထိုလူသည် ရုပ်ရည်ချောသည့်ပုံရှိသော်လည်း သူ၏စွမ်းအားကို မခန့်မှန်းနိုင်ဖြစ်နေသည်။ ထို့ကြောင့်ယဉ်ကျေးစွာဆက်ဆံလိုက်သည်။ သို့သော် ထိုလူငယ်၏ စွမ်းအင်ကို မမြင်ဖူးခြင်းကြောင့် အရမ်းအထင်ကြီးခြင်းတော့မရှိပေ။
ကိုယ်တိုင်မကြုံဖူးသ၍ အထင်မကြီးချင်းမှာ လူသားများ၏ သဘာဝပင်ဖြစ်သည်။
“ကြွပါ...” မြို့သခင်သည် ချီယင်းအိမ်တော်သခင်မလေးနှင့် ပိုရင်းနှီးချင်ပေသည်။ သို့မှသာ သူ၏ လုပ်ငန်းများလည်း ပို၍ချော့မွေ့လာမည်ဖြစ်သည်။
မြို့သခင်၏ အစောင့်များသည် သတိလစ်နေသည့် မုလင်းကို ထမ်း၍ ခေါ်သွားခဲ့သည်။ အစောင့်အချို့သည် မြင်းလှည်းများကို မောင်း၍လိုက်လာခဲ့ကြသည်။