← Chapters

စီးပွားရေးလုပ်ခြင်း

Vol. 2 Ch. 24

စီးပွားရေးလုပ်ခြင်း

Vol. 2 Ch. 24

ဟွမ်းနှင့် ချုးယွီဟွာတို့သည် ကျောက်စိမ်း မြို့သခင်အိမ်တော်သို့ရောက်ရှိလာကြသည်။ ထို့နောက် သတိမေ့နေသည့် မုလင်းကို မြို့သခင်ယန် သည်အခန်းတစ်ခုအတွင်းပို့ဆောင်စေခဲ့သည်။ ထို့နောက် အိမ်တော်၏ ဧည့်ခန်းမတွင် ချုးယွီဝမ်နှင့် ဆွေးနွေးနေကြည်။

“မိန်းကလေးချုး တစ်ခြားလိုအပ်တာများရှိသေးလား” မြို့သခင်ယန်သည် ကိစ္စတစ်ချို့ ဆွေးနွေးပြီးနောက်မေးလိုက်၏။

“မရှိပါဘူး...ကျွန်မတို့ တည်းခိုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ချုးယွီဟွာသည် အနည်းငယ်ပြုံး၍ပြောလိုက်သည်။ သူမ၏ အပြုံးသည် အလွန်လှပ၏။

“မိန်းကလေးချုးကို ကယ်ခဲ့တဲ့ အဲ့ဒီလူငယ်က ဘယ်သူများလဲ” မြို့သခင်ယန်သည် ဟွမ်းအကြောင်းမေးလိုက်၏။

“ကျွန်မ သေချာမသိဘူး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်မတို့လှည်းပေါ်လိုက်လာခဲ့တာ” ချုးယွီဟွာသည် ခေါင်းအနည်းငယ် ခါလိုက်ကာ ပြောလိုက်သည်။ သူမသည် အမှန်တိုင်း မပြောခဲ့ပေ။ ထိုအကြောင်းရာမှာ ယုတ္တိမရှိသောကြောင့် ဖြစ်သည်။

‘စွမ်းအားမြင့် စီနီယာတစ်ဦးကို အလုပ်သမားအဖြစ်ခေါ်လာတယ်ပြောရင် မည်သူကယုံမည်နည်း’

“ဒီလိုလား... “ မြို့သခင်ယန်သည် ထိုအကြောင်းနှင့်ပတ်သတ်ပြီး ဆက်မေးရန် မသင့်တော့ချေ။ ထို့နောက် သူတို့၏စကားဝိုင်းကို အဆုံးသတ်လိုက်၏။

“မိန်းကလေးချုးနားဖို့ အခန်းစီစဉ်ပေးထားတယ်...အနားယူလိုက်ပါဦး”

“ဒါနဲ့...မြို့သခင်ယန်၊ စီနီယာရော ဘယ်မှာလဲ” သူမသည် ဟွမ်းနှင့် အကြောင်းရာတစ်ချို့ပြောဆိုချင်သေး၏။ ထို့ကြောင့်မြို့သခင်ကို မေးလိုက်သည်။

“ကျုပ် အဲ့ဒီလူငယ်ကို အခန်းတစ်ခုစီစဉ်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ အိမ်တော်ရဲ့ ဥယျာဉ်ထဲမှာထိုင်နေတယ်လို့ ပြောတယ်” မြို့သခင်သည် ဟွမ်း၏ အကြောင်းကို သိရှိသူမဟုတ်ပေ။ ထို့ကြောင့် “စီနီယာ” အစား “အဲ့ဒီလူငယ်” ဟုသာ သုံးနှုံးခဲ့သည်။

“ကျွန်မကို ခွင့်ပြုပါဦး” ချုးယွီဟွာသည် မြို့သခင်ကို နှုတ်ဆက်ပြီးနောက် ခန်းမထဲမှ ထွက်လာသည်။ ထို့နောက် အစောင့်များ၏ လမ်းညွှန်မှုကြောင့် ဥယျာဉ် ငယ်တစ်ခုဆီသို့ရောက်သွားသည်။

သူမသည် ထိုဥယျာဉ်သို့ရောက်လာသည့်အခါ ထိုဥယျာဉ်၏ ခုံတန်းလျား တစ်ခုပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည့် ဟွမ်းကို တွေ့လိုက်ရသည်။ ထို့ပြင် ဤညတွင် လသည် ပို၍တောက်ပနေသည်။

ထိုဥယျာဉ်တစ်ခုလုံးသည် လရောင်အောက်မှာ အသက်ဝင်လှသည်။ ပန်းပေါင်းစုံရဲ့ ရနံ့တွေ၊ သစ်ရွက်များ၏ တီးတိုးသံတွေ၊ လေညင်း၏ ညင်သာစွာ တိုက်ခတ်သံများသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲနေသယောင်ပင်။

ထိုလရောင်သည် ဟွမ်း၏ မျက်နှာပေါ်ကို တိုက်ရိုက်ကျရောက်နေသောကြောင့် ကြည်လင်ဖြူစင်တဲ့ အသားအရေကို ပိုပြီး ထင်ရှားစေသည်။ ထို့အပြင် လေညင်း တိုက်ခတ်လာတိုင်း သူ့၏ ရှည်လျားနက်မှောင်တဲ့ ဆံပင်များသည် လွင့်မျောနေပြီး၊ သူ၏ အဖြူရောင်ဝတ်စုံ ရှည်သည်လဲ လှုပ်ခပ်နေသည်။ သူ၏ မျက်လုံးများသည် ထို တောက်ပနေသည့်လကို ကြည့်ရင်း မေးခွန်းတွေအပြည့်နှင့် ငေးမောနေသည့်အတိုင်းပင်။ တချိန်တည်းမှာ ငြိမ်းချမ်းမှုအပြည့်နှင့် တည်ငြိမ်နေဟန်ရှိ၏။

ချုးယွီဟွာသည် ထိုမြင်ကွင်းကို မှင်သတ်စွာကြည့်နေမိသည်။ သူမ ဘယ်လောက်ကြာကြာ ကြည့်နေမိမှန်းတောင် မသိခဲ့ချေ။ ထိုမြင်ကွင်းကြောင့် သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ်လေး လှိုက်ဖိုနေခဲ့သည်။ သူမသည် ဤသို့ ခံစားမှုမျိုး အရင်က မဖြစ်ပေါ်ဖူးခဲ့ချေ။ ထို့နောက် သူမကိုယ်တိုင်တောင် မသိလိုက်ပဲ သူမ၏ မျက်နှာပေါ်တွင် အပြုံးငယ်လေးတစ်ခုပေါ်လာခဲ့သည်။ ထိုအပြုံးကြောင့် သူမသည် လရောင်အောက်တွင် ပိုပြီး လှပနေ၏။

“မိန်းကလေးချုး အနားမယူသေးဘူးလား” ဟွမ်းသည် သူ့အား ရပ်ကြည့်နေသည့်မိန်းကလေးကို သတိထားမိခဲ့သည်။ ဘာပြောရမှန်း မသိသောကြောင့် တိတ်တဆိတ်နေခဲ့သည်။ သို့သော် ဤမိန်းကလေးသည် သူ့ကို အချိန်တော်ကြာသည် အထိ ကြည့်နေခဲ့သည်။ သူမသည် အတွေးထဲ နစ်မြောနေသည့်အလားပင်။ ထို့ကြောင့် ဟွမ်းသည် မျက်မှောင်ကျုံ့၍ မေးလိုက်သည်။

‘ငါရမဲ့ သလင်းကျောက်တွေ မပေးချင်လို့ စဉ်းစားနေတာတော့ မဟုတ်လောက်ဘူးမလား’

ချုးယွီဟွာသည် သတိဝင်လာပြီးနောက် အတော်လေးရှက်သွားခဲ့သည်။ သူမ၏မျက်နှာသည် အလွန်ပင် နီရဲလာ၏။

“စီ..စီနီယာ...နာမည် မသိရသေးဘူး၊ အဲ့ဒါကြောင့် မေးချင်လို့ပါ” ချုးယွီဟွာသည် ဟွမ်းရှိသည့်နေရာသို့ ချဉ်းကပ်လာပြီး စကားများ ထစ်အစွာမေးလိုက်၏။ သူမ၏ မျက်နှာသည် အခုထိ နီရဲနေတုန်းပင်။

“ဟွမ်း”

“ဟွမ်း...” ချုးယွီဟွာသည် နာမည်ကိုရေရွတ်ရင်း အတွေးနက်နေသည်။

‘ဒီမိန်းကလေးက ထူးဆန်းတာပဲ’ နာမည်ကြားပြီး အတွေးနက်နေသည့် မိန်းကလေးကို ကြည့်ရင်း ဆွံ့အနေသည်။ ထို့နောက် သူမအတွေးများသည် သူမမျက်နှာထက်တွင် ထင်ဟပ်နေသောကြောင့် ထပ်ဖြေလိုက်၏။

“ငါ့မှာ မျိုးရိုးနာမည် မရှိဘူး၊ အထီးကျန်ခြင်းကို အဓိပ္ပါယ် သက်ရောက်တဲ့ ‘ဟွမ်း’ ပဲ”

သူမသည် အတော်လေး အံ့ဩသွား၏။ ဤကဲ့သို့ စွမ်းအားမြင့်သည့် လူတစ်ယောက်က မျိုးရိုးနာမည် မရှိခြင်းသည် အတော်လေး ထူးဆန်းလှ၏။ သို့သော် ဆက်မေး၍ မကောင်းချေ။

“စီနီယာဟွမ်းက ထိုက်ရွှမ်မြို့ရောက်တာ မကြာသေးဘူးမလား” သူမသည် မေးခွန်းပြောင်းကာမေးလိုက်၏။ ထိုက်ရွှမ်မြို့ထဲတွင် ဤသူ၏ အကြောင်းကို မကြားဖူးချေ။ သူမသည် အရင်က စပ်စုတက်သူတစ်ယောက်မဟုတ်သည့်အပြင် သူမနှင့် မသက်ဆိုင်သည့် အရာများကို စိတ်မဝင်စားတက်ပေ။ သို့သော် ယခုတွင် အလွန်စပ်စုနေသည်။

“တပည့်လေးယောက်နဲ့လာတာ” ဟွမ်းသည် ခေါင်းအသာညိမ့်ကာဖြေလိုက်၏။ မဟုတ်လျှင် သူမဆက်မေးနေမည်ဖြစ်သည်။

“စီနီယာစွမ်းအား နဲ့ဆို သလင်းကျောက်ရှာဖို့ မခက်ဘူးလေ၊ ဘာလို့ အပင်ပန်းခံနေတာလဲ” ချုးယွီဟွာသည် သလင်းကျောက် အနည်းငယ်အတွက် ဟွမ်းသည် အလုပ်လုပ်ခြင်းကို နားမလည်နိုင်ဖြစ်နေသောကြောင့်မေးလိုက်သည်။

‘ဤမိန်းကလေးသည် အလွန်ပင် အမေးမြန်းထူ၏’

သာမန်အချိန်များတွင်တော့ သူသည်ပြန်ဖြေရန် စိတ်ကူးပင်ရှိမည်မဟုတ်ချေ။ သို့သော် ဤညတွင်တော့ တစ်စုံတစ်ရာကြောင့် သူစိတ်ကောင်းဝင်နေခြင်း ဖြစ်နိုင်သည်။

“ဆင်းရဲနေလို့၊ ပျိုးထောင်ရမဲ့ တပည့်လေးယောက်ရှိပေမဲ့ ဆရာဖြစ်သူက ဆင်းရဲနေလို့လေ” ဟွမ်းသည် စိတ်မသက်သာစွာဖြေလိုက်၏။ သူ့တွင် သလင်းကျောက် တစ်တုံးတစ်လေပင် မရှိချေ။

ချုးယွီဟွာ “...”

ချုးယွီဟွာ သည်စွံ့အသွားသည်။ ဒီလို အဆင့်မြင့် စွမ်းအားရှင်တစ်ဦးက ဆင်းရဲနေခြင်းသည် အလွန်ပင် အံ့ဩစရာကောင်းလှ၏။

“စီနီယာဟွမ်း ဒါဆို စီးပွားရေး တစ်ခုခုလုပ်ကြည့်ရင်ရော” ချုးယွီဟွာသည် အကြံပေးလိုက်၏။

“ဟုတ်လား ဘယ်လိုစီးပွားရေးလုပ်သင့်လဲ” ဟွမ်း၏ တည်ငြိမ်နေသည့် မျက်လုံးအစုံသည် တောက်ပလာ၏။ သူသည် စီးပွားရေးတစ်ခုခုလုပ်လိုက်လျှင် သလင်းကျောက်များစွာ ရှာနိုင်မည် ဖြစ်သည်။

‘ဒီမိန်းကလေးနဲ့ စကားပြောရတာ အကျိုးရှိသား’

“စီနီယာဟွမ်း ဆေးဖော်တက်လား” သူမသည် အကြံပေးရန်အတွက် မေးမြန်းလိုက်သည်။

“မဖော်တက်ဘူး... ဆေးပင်တောင် မခွဲတက်ဘူး” ဟွမ်းသည် သက်ပျင်းချကာဖြေလိုက်သည်။

ချုးယွီဟွာ “ဒါဆို လက်နက်တွေရော သွန်းလုပ်တက်လား”

ဟွမ်း “မသင်ခဲ့ဖူးဘူး...ပင်ပန်းလို့”

ချုးယွီဟွာ “ ဒါဆို အစီအရင် ဖန်တီးခြင်းမှာ ကျွမ်းကျင်တာလား”

ဟွမ်းသည် သူကျွမ်းကျင်သည့်ပုံစံဖြင့် ပျော်ရွှင်သွားပြီးဖြေလိုက်၏။ “အသံလုံအစီရင်တော့ လုပ်တက်တယ်”

ချုးယွီဟွာ “...”

‘ဤလူ ဘဝတစ်လျှောက်လုံးဘယ်လိုကျင့်ကြံလာတာတုန်း၊ အသံလုံအစီရင်နဲ့ ဘာသွားလုပ်ရမှာတုန်း’

ဂိုဏ်းများ အဖွဲ့စည်းများကို မဝင်ပဲ တစ်ကိုယ်တော် ကျင့်ကြံသည့် သူများသည် အတက်ပညာ တစ်ခုခုတော့ လေ့လာရန်လိုအပ်ပေသည်။ သို့မှသာ ကျင့်ကြံရေး အရင်းမြစ်များ ရှာနိုင်မည် ဖြစ်ပေသည်။ ချုးယွီဟွာသည် စိတ်ဓာတ်ကျသွားပြီးနောက် သူမ အတွေးများကို ရုတ်တရက် ပြောမိလိုက်သည်။

“စီနီယာဟွမ်း ကျင့်ကြံခဲ့တဲ့တစ်လျောက်လုံး ဒီလိုပဲ ထိုင်နေရင်း အကြမ်းရည်သောက်ပြီး နေလာခဲ့တာလား”

ဟွမ်းသည် အံ့ဩသွားပြီးဖြေလိုက်လေသည်။

“မိန်းကလေးချုး...မင်း ဘယ်လိုသိတာလဲ”

ချုးယွီဟွာ “...”

“ကျုပ်ဆုံးဖြတ်ပြီးသွားပြီ... မိန်းကလေးချုး အိမ်တော်က ဘာပစ္စည်းဖြစ်ဖြစ် အရောင်းဝယ် လုပ်လို့ရတယ်လား” ဟွမ်းသည် မေးလိုက်၏။

“ရပါတယ်ရှင့်...ကျွန်မတို့ ချီယင်းအိမ်တော်က ကျင့်ကြံသူတွေသုံးတဲ့ ပစ္စည်းတွေအပြင် သာမန်သူတွေ လိုအပ်တဲ့ အရာတွေမှန်သမျှ အရောင်းဝယ်လုပ်ပါတယ်၊ ကျင့်ကြံသူတွေအတွက် တန်ဖိုးကြီး ပစ္စည်းတွေဆိုရင်တော့ လေလံပွဲ လုပ်ပြီးရောင်းချပါတယ်” ချုးယွီဟွာသည် ချီယင်းအိမ်တော်အကြောင်းပြောပြလိုက်၏။ ထို့နောက် ဟွမ်းသည် မည်သည့်စီးပွားရေးလုပ်မည်ဆိုတာကို စိတ်ဝင်စားပြီးမေးလိုက်သည်။

“စီနီယာက ဘာရောင်းချင်တာလဲ”

“အဆောင်တွေလေ” ဟွမ်းသည်လေသံ တည်ငြိမ်စွာဖြေလိုက်၏။

“အဆောင်တွေလား...” ချုးယွီဟွာသည် အလွန်ပင် အံ့ဩ သွား၏။ လင်းယွမ် နယ်မြေ တစ်ခုလုံးတွင် အဆောင်ရေးဆွဲသူ နည်းပါး၏။ အကြောင်းမှာ အဆောင်များသည် ရေးဆွဲရ ခက်ခြင်း ဝိညာဉ်စွမ်းအင်များ များပြားစွာ သုံးစွဲရခြင်းကြောင့်ဖြစ်သည်။ အဆောင်ရေးဆွဲစဉ်တွင် အမှားယွင်းတစ်ခုခုကြောင့် ပေါက်ကွဲခြင်း၊ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားခြင်းကြောင့် ပေါက်ကွဲခြင်း၊ ထိုအကြောင်းရာများကြောင့် မည်သူမျှ မလေ့လာချင်တော့ပေ။ ထို့ကြောင့် တဖြေးဖြေး အဆောင်ပညာရပ်သည် ပျောက်ကွယ်လာခဲ့ရ၏။ ထို့အပြင် နှစ်ပေါင်းများစွာ ကြာရှည်အောင် လေ့လာရပေသည်။ ထို့သို့ ရင်းနှီးလေ့လာပြီးမှသာ အဆင့်နိမ့်အဆောင် သာရေးဆွဲနိုင်ကြသည်။

ချုးယွီဟွာသည် မျက်လုံးအရောင် လက်သွား၏။ ဤစီနီယာသည် အစွမ်းထက်သောကြောင့် အဆောင်ရေးဆွဲရာတွင် ကျွမ်းကျင်လောက်ပေမည်။ ထို့ကြောင့် ချီယင်းအိမ်တော်နှင့်ပူးပေါင်းလိုက်လျှင် အကျိုးမြတ်များ များပြားစွာရမည်ဖြစ်သည်။ ထို့ကြောင့် အတည်ပြုရန်မေးလိုက်၏။

“စီနီယာ အဆောင်ရေးဆွဲတက်တာလား”

“မဆွဲတက်ဘူးလေ..” ဟွမ်းသည် လေသံ အတက်ကျ မရှိဖြေလိုက်၏။

ချုးယွီဟွာ “...”

သူမ၏ ခံစားချက်ကို မည်သည့် နည်းလမ်းဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။ စွမ်းအားချင်းသာ တူညီရင်တော့ ထရိုက်မိမှာ ကျိန်းသေပင်။

“စိတ်မပူနဲ့...သင်လိုက်လို့ရတယ်၊ ကျုပ်က အတက်မြန်ပါတယ်၊ ပြီးတော့ ကျုပ်ဆီမှာ အဆောင်ရေးဆွဲနည်းစနစ်တွေရှိတယ်လေ၊ ဒါကြောင့် သိပ်ပြီးကြာမှာ မဟုတ်ဘူး” ဟွမ်းသည် ထိုမိန်းကလေး၏ စိတ်သည် အလွန်ပင် လှုပ်ရှားနေသည်ကို ခံစားမိ၏။ ထို့ကြောင့် သေချာရှင်းပြလိုက်သည်။

‘ဒီမိန်းကလေးက ငါအဆောင်ရေးဆွဲ မယ်ဆိုလို့ ဝမ်းသာလုံးဆို့နေတာထင်တယ်’

“ကျုပ် အချိန်တစ်ခုထိ ထိုက်ရွှမ်မြို့မှာ နေဦးမှာလေ၊ ဒါကြောင့် ကျုပ်အဆောင်ရေးဆွဲလို့ပြီးသွားရင်၊ ချီယင်းအိမ်တော်ကို လာပြီး ပူးပေါင်းဖို့ ကမ်းလှမ်းလှည့်ပါမယ်” ဟွမ်းသည် ဆက်ပြောခဲ့သည်။ အဆောင်မမြင်ရသေးပဲ အခုကတည်းက ပူးပေါင်းရန် ပြောဆိုသည်မှာ မသင့်လျော်ပေ။ ထို့ကြောင့် အဆောင်ရေးဆွဲပြီးမှ သွားရောက်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

“ဟုတ်ကဲ့ရှင့်...ချီယင်းအိမ်တော်က ကြိုဆိုနေမှာပါ” အချိန်အတော်ကြာ ပြောစရာစကားမဲ့နေသည့် ချုးယွီဟွာသည် သတိဝင်လာပြီး ဖြေလိုက်သည်။ အဆောင်ရေးဆွဲခြင်းကို တက်မြောက်ရန်မှာ အချိန်ခဏအတွင်း ဖြစ်နိုင်လား၊ မဖြစ်နိုင်လားတော့ သူမမသိချေ။ သို့သော် ဝတ္တရား အရတော့ ဖိတ်ခေါ်ရမည်ဖြစ်သည်။

All Chapters