#ငါးရက်အထိ နောက်ပြန်ရေတွက်ခြင်း#
Vol. 75 Ch. 1051
လေတိုးသံက ဆက်တိုက် နှစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။
ဒါက နှင်းခဲဂိုဏ်း၏သမိုင်းတွင် တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးသည့် အရာတစ်ခုပေတည်း။
မုဖူရှန်းက ယဲ့ချိုးပိုင်နှင့်ဖန်ချန်းတို့၏ ဂိုဏ်းတူညီအစ်ကိုဖြစ်ကြောင်း ရှင်းပြပြီးနောက်တွင် နှင်းခဲဂိုဏ်းက သူ့ကိုလည်း ၀င်ခွင့်ပေးခဲ့သည်။
ရက်တစ်၀က်အကြာတွင် နှင်းခဲဂိုဏ်း၏ အကူအညီနှင့်အတူ ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ တဖြည်းဖြည်းနိုးလာကြ၏။
သူ့အနီး၀န်းကျင်က ရေခဲပုံဆောင်ခဲနံရံများကို ကြည့်ရင်း ယဲ့ချိုးပိုင် ဖြည်းဖြည်းချင်း အသိပြန်၀င်လာပြီး မုဖူရှန်းကို ချက်ချင်းလှည့်ကြည့်ကာ မေးသည်။
"မင်းသူ့ဆီက တစ်ခုခုရခဲ့လား"
မုဖူရှန်းအနည်းငယ် ခေါင်းခါယမ်းသည်။
"ကျွန်တော် နှင်းခဲဂိုဏ်းချုပ်ကို အခြေအနေရပ်အကြောင်း အကြမ်းဖျင်းရှင်းပြပြီးပါပြီ၊ ဒါပေမယ့် သူက ကျွန်တော်တို့သုံးမယ့် နည်းလမ်းအကြောင်းကို အစ်ကိုကြီးနဲ့ ဆွေးနွေးချင်နေတယ်"
ဆွေးနွေးမယ်!
ဒါက နှင်းခဲဂိုဏ်းက ယဲ့ချိုးပိုင်ကို သာမန်ဂျူနီယာတစ်ယောက်အဖြစ် မဆက်ဆံခဲ့ဟု ဆိုလိုနေသည်။
ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များကို ဖြတ်ကျော်နိုင်သောသူများက နှင်းခဲဂိုဏ်းတည်ထောင်သူဖြစ်လာရန်အတွက်ပင် အခွင့်အရေးတစ်ခုရှိသည့် တည်ရှိမှုများဖြစ်သည်။
ဒါ့အပြင် နှင်းခဲဂိုဏ်း၏ စည်းမျဉ်းအရ ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များကို ဖြတ်ကျော်နိုင်သူက နောက်ထပ်ဂိုဏ်းချုပ်ဖြစ်လာပေလိမ့်မည်။
ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီး အိမ်ထဲကနေ ထွက်လာသည်။ ကျန်းချင်းလန် သူ့ကို ဒီနေရာတွင် စောင့်နှင့်နေလိမ့်မည်ဟု ယဲ့ချိုးပိုင်မမျှော်လင့်ထားခဲ့ပေ။
ကျန်းချင်းလန် ယဲ့ချိုးပိုင်ကို ထူးဆန်းသည့်အမူအရာဖြင့်ကြည့်သည်။
"ရှင့်မှာ ဒီလိုစွမ်းရည်မျိုးရှိမယ်လို့ ကျွန်မမမျှော်လင့်ထားခဲ့မိဘူး"
ယဲ့ချိုးပိုင်ရယ်ချင်စိတ်မရှိပါ။ ယင်းအစား သူလေးနက်စွာပြောသည်။
"ကျုပ်ကို ခင်ဗျားတို့ရဲ့ဂိုဏ်းချုပ်ဆီကို ခေါ်သွားပေးပါ"
ဒါကိုမြင်သော် ကျန်းချင်းလန် နှုတ်ခမ်းများကို ကွေးညွတ်ကာ ရှေ့သို့လျှောက်သွားသည်။
အပြင်ကနေကြည့်ပါက နှင်းခဲဂိုဏ်းတည်ရှိသည့် ရေခဲတောင်က အမြဲလိုလိုနှင်းမုန်တိုင်းနှင့် တိုက်ခိုက်ခံနေရသည်။
သို့စေကာမူ နှင်းခဲဂိုဏ်းတွင် အရာတိုင်းက ငြိမ်းချမ်းနေသည်။ ပြင်းထန်အေးခိုက်လှသည့်လေဟူ၍မရှိဘဲ ကြွေကျနေသည့် သစ်ရွက်များအား တိုက်ခတ်နေသည့် လေပြေလေညင်းနှင့် လင်း၀င်းနေသည့် နေပူပူသာလျှင်ရှိသည်။
သူတို့နှင်းခဲဂိုဏ်းထဲသို့ လျှောက်သွားစဉ် ယဲ့ချိုးပိုင်ကိုမြင်သောအခါ မရေမတွက်နိုင်လောက်သည့် တပည့်များကရပ်သွားကြသည်။ သူတို့က တီးတိုးပြောနေကြသလို ထိတ်လန့်နေသည့် အမူအရာများလည်း ရျှကြသည်။ အများစုကမူ လေးစားနေကြသည်။
ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များကို ဖြတ်သန်းနိုင်ခဲ့သည့်သတင်းက နှင်းခဲဂိုဏ်းတစ်ခုလုံးအတွင်း ပျံ့သွားသည်မှာ ရှင်းနေသည်။
ကျန်းချင်းလန်ရှင်းပြသည်။
"ရှင့်ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်တွေကို ဖြတ်ကျော်နိုင်ခဲ့တော့ ဒါက ရှင့်နှင်းခဲဂိုဏ်းကို ၀င်နေသရွေ့ ရှင့်ရဲ့အဆင့်က သူတော်စင်မိန်းမပျိုနဲ့ ညီမျှနေလိမ့်မယ်လို့ ဆိုလိုနေတာပဲ"
ယဲ့ချိုးပိုင်မေးသည်။
"ဒါဆို ကျုပ်ဇီရှင်းရှိတဲ့နေရာကို သွားလို့ရလား"
သို့စေကာမူ ကျန်းချင်းလန်ခေါင်းခါယမ်းသည်။
"ရှင့်သွားမယ်ဆိုရင်တောင် သူ့ကိုပြန်ခေါ်ဖို့အတွက် မကူညီနိုင်ဘူး၊ ရေခဲပုံဆောင်ခဲကမ္ဘာက ရုပ်ခန္ဓာကို တကယ်ပိတ်ဆို့ပြီး ဝိဉာဉ်နဲ့ စမ်းသပ်မှုထဲကို ၀င်စေတယ်၊ တစ်ချိန်တည်းမှာပဲ ဒါက သွေးကြောကို အားကောင်းစေတယ်"
"ဒါကြောင့် ဒါတွေအားလုံးက သူတော်စင်မိန်းမပျိုရဲ့ ကံအပေါ်မှာပဲ မူတည်ပါတယ်၊ တကယ်လို့သူသာ အောင်မြင်ရင် သူ့ခွန်အားက အကြီးအကျယ်ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ရလိမ့်မယ်၊ တကယ်လို့ သူမအောင်မြင်ဘူးဆိုရင်တော့ သူ့ဝိဉာဉ်က ရေခဲပုံဆောင်ခဲစမ်းသပ်မှုထဲကို ထာ၀ရကျဆင်းသွားလိမ့်မယ်...."
ဒါကိုကြားသော် ယဲ့ချိုးပိုင်၏ အမူအရာက အတော်လေးကြည့်ရဆိုးသွားသည်။
"အနည်းဆုံးတော့ ကျုပ်ကို တစ်ချက်ကြည့်ခွင့်ပေးပါ"
ကျန်းချင်းလန်အကူအညီမဲ့စွာပြောသည်။
"ရှင့်ကျွန်မလို ကိုယ်ပိုင်တပည့်တစ်ယောက်ကို ဘာလို့ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောနေရတာလဲ၊ ကျွန်မမှာ အာဏာမရှိပါဘူး၊ ရှင့် နောက်ကျရင် ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့နဲ့ ပြောလို့ရပါတယ်"
သူတို့နှစ်ယောက် ရေခဲနန်းတော်တစ်ခုရှေ့ကို ရောက်လာသောအခါ ကျန်းချင်းလန် ရုတ်တရက်ရပ်ပြီး ယဲ့ချိုးပိုင်ကို လေးနက်စွာ လှည့်ကြည့်သည်။
"ရှင့်မှာဒီလိုပါရမီနဲ့ခွန်အားရှိနေမှတော့ သူတော်စင်မိန်းမပျိုကို သေချာပေါက် ရေခဲနတ်ဘုရားဗိမာန်ရဲ့လက်ထဲကို ကျသွားမှာကို လုံး၀ခွင့်ပြုလို့မရဘူး"
"သူတို့က သူတော်စင်မိန်းမပျိုရဲ့ သွေးကြောကို စိတ်၀င်စားနေကြတာ၊ သူတို့ သူ့ကိုလက်ထပ်လိုက်တာနဲ့ သူတော်စင်မိန်းမပျို ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး..."
ယဲ့ချိုးပိုင်ကြက်သေသေသွားပြီး သူ့ပါးစပ်က အနည်းငယ်လှုပ်သွား၏။ သူခေါင်းညိတ်ကာ ကျန်းချင်းလန်အနီးကနေ ဖြတ်လျှောက်သွားပြီး နန်းတော်တံခါးကို တွန်းဖွင့်ရင်း ၀င်သွားလေတော့သည်။
ယဲ့ချိုးပိုင်၏စကားလုံးများကြောင့် ကျန်းချင်းလန် မှင်သက်ကာကျန်နေခဲ့သည်။
"မစိုးရိမ်ပါနဲ့၊ သူမထွက်သွားချင်သရွေ့ ဘာ်သူကမှ သူ့ကိုခေါ်သွားလို့မရဘူး"
ဒီစကားလုံးများက သာမန်ဆန်ပုံရသော်လည်း ယဲ့ချိုးပိုင်၏အသံက မယိမ်းယိုင်သည့် သစ္စာတရားနှင့် ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။
နန်းတော်ထဲတွင် အလှဆင်ပစ္စည်းများ သိပ်မရှိဘဲ ယဲ့ချိုးပိုင်ရှေ့၌ ဧရာမစားပွဲဝိုင်းကြီးတစ်ခုရှိသည်။ စားပွဲဝိုင်း၏ နေရာရှစ်ခုလုံးက လူများနှင့် ပြည့်နှက်နေသည်။
ဦးဆောင်နေသည့် အမျိုးသမီးက နှင်းခဲဂိုဏ်းချုပ်ဖြစ်သည်။
ယဲ့ချိုးပိုင်၀င်လာသောအခါ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ သူ့ကိုလှမ်းကြည့်ကြသည်။
ဂိုဏ်းချုပ်တိုက်ရိုက်ပင်ပြောသည်။
"မင်းအကြောင်းကို ငါသိပြီးပါပြီ၊ ဒါပေမယ့် မင်းရဲ့လက်ရှိခွန်အားနဲ့ မင်းမှာ ရေခဲဗိမာန်ကို မုဇီရှင်းကို လက်လွှတ်အောင် လုပ်ဖို့အတွက် စွမ်းဆောင်နိုင်စွမ်းမရှိမှာကို ငါကြောက်မိတယ်"
"မင်းအခုဘာလုပ်မလဲ"
ယဲ့ချိုးပိုင် နှင်းခဲဂိုဏ်းချုပ်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ယင်းအစားမေးသည်။
"နှင်းခဲဂိုဏ်းရဲ့ သဘောထားကဘာလဲ"
ဒါကိုကြားသော် နှင်းခဲဂိုဏ်းချုပ် အနည်းငယ် ကြက်သေသေသွားသည်။
"နှင်းခဲဂိုဏ်းက မုဇီရှင်းကိုပို့မှာမဟုတ်ဘူး၊ သူ့ရဲ့ပါရမီနဲ့သွေးကြောက အရမ်းမြင့်မားပြီး ငါသူ့ကို နောက်ထပ်ဂိုဏ်းချုပ်လောင်းအဖြစ် သတ်မှတ်ထားပြီးပြီ"
ဒါကိုကြားရသောအခါ ယဲ့ချိုးပိုင်စိတ်သက်သာရာရသွားသည်။
အကယ်၍ နှင်းခဲဂိုဏ်း၏သဘောထားက မုဇီရှင်းကို ကျားတွင်းထဲပို့ရန်ဆိုပါက အခြေအနေက အတော်လေးခက်ခဲသွားပေလိမ့်မည်။
"အခုအချိန်က နှင်းခဲဂိုဏ်းရဲ့သဘောထားကို ဆုံးဖြတ်နေရမယ့်အချိန်မဟုတ်ဘူး၊ ရေခဲဗိမာန်ရဲ့ခွန်အားက နှင်းခဲဂိုဏ်းက မယှဉ်နိုင်တဲ့အရာတစ်ခုပဲ"
"ရေခဲဗိမာန်က ရှေးခေတ်ကတည်းက ကျန်ရှိနေခဲါတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ၊ ဒါက ကျဆင်းသွားပြီး နတ်သခင်အဆင့်ကနေ ကျဆင်းသွားတယ်ဆိုရင်တောင် အခြေခံအုတ်မြစ်က ရှိနေသေးတယ်"
"ရေခဲဗိမာန်က လက်ထပ်မှုကို အဆိုပြုဖို့အတွက် ငါးရက်ပဲကျန်တော့တယ်"
"တကယ်လို့မင်းသာ ရေခဲဗိမာန်က ပါရမီရှင်ထက် သာလွန်တဲ့ခွန်အားကို ပြသနိုင်မယ်ဆိုရင် ငါတို့အချိန်ခဏရလောက်တယ်"
ယဲ့ချိုးပိုင်မေးသည်။
"သူအခုဘယ်နယ်ပယ်မှာလဲ"
ဂိုဏ်းချုပ်ပြန်ဖြေသည်။
"နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်ဖြစ်ပြီး ရေခဲနတ်ဘုရားသွေးကြောကိုလည်း ပိုင်ဆိုင်ထားတယ်၊ မြောက်၀င်ရိုးစွန်းကြယ်ဒေသရဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ သူကနံပါတ်တစ်အဖြစ် လူသိများတယ်"
နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်လား!
ယဲ့ချိုးပိုင်အတွေးနက်ထဲကျသွားသည်။
နှင်းခဲဂိုဏ်းချုပ်ဆက်ပြောသည်။
"မင်းရဲ့ပါရမီက အကန့်အသတ်မဲ့ပြီး ငါတို့နှင်းခဲဂိုဏ်းကလည်း ရေခဲဗိမာန်ကို ကိုင်တွယ်ဖို့ အကောင်းဆုံးကြိုးစားမှာပဲ၊ ဒီတော့ မင်းမပေါ်လာရင် အကောင်းဆုံးပဲ.."
ယဲ့ချိုးပိုင်ပြန်ပြောသည်။
"ပြင်ဆင်ဖို့အတွက် ငါးရက်ကျန်သေးတာပဲ၊ ဒါကလုံလောက်ပါတယ်"
ဒါက ယဲ့ချိုးပိုင် ယခု နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ကိုင်တွယ်နိုင်ခြင်းမဟုတ်ပေ။ သို့သော် ဒီငါးရက်က သူ့အတွက် ထိုဓားချက်ကို လုံး၀အပြီးသတ်ရန် လုံလောက်ပါသည်။
ယဲ့ချိုးပိုင်၏ ယုံကြည်မှုအပြည့်အသံကို ကြားရသောအခါ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ကြက်သေသေသွားကြ၏။
အကြီးအကဲတစ်ဦးက အလျင်အမြန်ငြင်းဆန်သည်။
"အရမ်းမျက်ကန်းဆန်ပြီး မောက်မာမနေနဲ့၊ မင်းပါရမီနဲ့ဆိုရင်....."
သို့စေကာမူ သူစကားပြော၍ မပြီးသေးခင်မှာပင် မဟာအကြီးအကဲက သူ့အား ကြားဖြတ်ပစ်သည်။
"ဒီလိုပါရမီနဲ့ စိတ်စွမ်းအားရှိပြီး နတ်ဘုရင်နယ်ပယ်နဲ့ ဓားနတ်ဘုရားနယ်ပယ်ကို ၀င်ထားတဲ့ လူတစ်ယောက်က ကိုယ့်ကိုကိုယ်သွားအသေခံမယ်ဆိုတာ မဖြစ်နိုင်ဘူး"
"ဒီလိုဆိုမှတော့ ငါတို့မင်းအတွက် ငါးရက်အတွင်း အရှိန်အဟုန်တစ်ခု တည်ဆောက်ပေးမယ်၊ မင်းရေခဲဗိမာန်ကို ခြိမ်းခြောက်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ဒီနည်းနဲ့ ငါတို့အချိန်နည်းနည်းရနိုင်တာပေါ့၊ သူတော်စင်မိန်းမပျို ရေခဲပုံဆောင်ခဲကမ္ဘာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သရွေ့ နှင်းခဲဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အပြည့်အ၀အသက်သွင်းနိုင်လိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါတို့မှာ တိုက်ခိုက်ဖို့အတွက် စွမ်းအားရှိလာမယ်...."
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီမတိုင်ခင် ကျွန်တော် ဇီရှင်းကို အရင်မြင်ချင်တယ်"
ဂိုဏ်းချုပ်ထရပ်သည်။
"ငါ့နောက်ကလိုက်ခဲ့"
ဂိုဏ်းချုပ်၏ ဦးဆောင်မှုအောင်တွင် ယဲ့ချိုးပိုင် ရေခဲပန်းပွင့်များနှင့် ၀န်းရံထားသည့် အပြာရောင်ကမ္ဘာတစ်ခုကို ရောက်လာခဲ့သည်။
ဒါကပြားချပ်နေသည့် ရေခဲပြင်တစ်ခုဖြစ်ပြီး သလင်းကျောက်ပမာ ကြည်လင်သည့် ရေခဲပန်းပွင့်များက ရေခဲပြင်ပေါ်တွင် ရှိသည်။
အလယ်တွင် ရေခဲအိပ်ယာတစ်ခုရှိသည်။
နတ်ဘုရားမနူဝါး၏ အထင်ကရလက်ရာတစ်ခုကဲ့သို့ပင် ညို့ယူဖမ်းစားနိုင်စွမ်းရှိသည့် ဆံပင်ဖြူနှင့် မိန်းကလေးတစ်ဦးက အိပ်ရာပေါ်တွင်လဲနေပြီး လူများကို ဆွဲဆောင်နေသည်။
ယဲ့ချိုးပိုင်လျှောက်သွားပြီး မိန်းကလေး၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးကို ညင်သာစွာကိုင်လိုက်၏။ သူမ၏ လက်က အရိုးခိုက်မတတ် အေးစက်နေသည်။
"ငါဒီမှာရှိနေပါပြီ...မင်းစမ်းသပ်မှုကို ငြိမ်းချမ်းစွာနဲ့ ဖြတ်ကျော်နိုင်ပါတယ်၊ ကျန်တာတွေကို ငါ့တာ၀န်ထားလိုက်"
အပိုင်း(1052) coming။