#စိတ်ခံစားချက်ဖြတ်တောက်ခြင်းကို ကျော်လွှားရန် ခက်ခဲခြင်း၊ ရေခဲနတ်ဘုရားဗိမာန် ဆင်းသက်လာသည်#
Vol. 75 Ch. 1052
နှင်းခဲဂိုဏ်းကမည်သူမှ ရေခဲပုံဆောင်ခဲစမ်းသပ်မှုအကြောင်းကို မသိကြပါ။
ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များကို ဖြတ်ကျော်ကာ ရေခဲဂုဏ်သတ္တိသွေးကြောတစ်ခုကို ပိုင်ဆိုင်မှသာ ရေခဲပုံဆောင်ခဲစမ်းသပ်မှုထဲကို ၀င်ရန် အရည်အချင်းပြည့်မီသည်။
မုဇီရှင်းရှေ့တွင် ရေခဲစိုက်က အကွာအဝေးတစ်ခုအထိ ကျယ်ပြန့်သွားပြီး နှင်းဖြူများက မြေကြီးကို ဖုံးလွှမ်းထားသည်။ ဒါက အဆုံးမဲ့နေပုံရပြီး ကောင်းကင်နှင့် ဆက်သွယ်နေသည်။
နှင်းထဲတွင် ပုံရိပ်ယောင်တစ်ခုထဲက ကျောက်မျက်များပမာ မှိတ်တုန်မှိတ်တုတ်လင်းနေသည့် ထူးဆန်းသောရေခဲပုံဆောင်ခဲမျိုးစုံရှိသည်။ အပိုင်းအစတိုင်းက လူများကိုပင် နစ်၀င်သွားစေနိုင်သည့် အလင်းတစ်ခုကို ထုတ်လွှတ်သည်။ ဒီ လှပခမ်းနားပုံရသည့်မြင်ကွင်းနောက်တွင် မရေမတွက်နိုင်လောက်သည့် အရိုးစုများက မြေပေါ်တွင်ရှိပြီး အဆုံးမဲ့အန္တရာယ်များကို ဖုံးကွယ်ထားသည်။ အရိုးစုများပတ်လည်၌ အောက်ခြေမဲ့အက်ကြောင်းများရှိသည်။
လေပြင်းက မုဇီရှင်း၏ အလွန်အမင်း မောပန်းနွမ်းနယ်နေသည့် မျက်နှာလေးကို တိုက်ခတ်နေသည်။ ရေခဲနှင့်နှင်းက သူမဆံပင်တွင် ကပ်ငြိနေကြ၏။ ပိတ်ဆို့၍မရနိုင်သည့် အဆုံးမဲ့အအေးဓာတ်က လူတိုင်းကို ဝါးမြိုချင်နေပုံရသည်။
"အင်း....ဒါကနောက်ဆုံးစစ်ဆေးရေးအမှတ်ဖြစ်ရမယ်" မုဖူရှန်း ရေခဲသလင်းဓားရှည်တစ်လက်ကို လက်ထဲတွင် ကိုင်ထားသည်။ သူမ၏ မူလကသိမ်မွေ့နေသည့် မျက်နှာလေးက ယခုတွင် အတော်လေူ လေးနက်နေပုံရသည်။
သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကြိုးကြာဖြူများက အတောင်ပံများကို ဖြန့်ကြက်ကာ ကောင်းကင်ပေါ် ပျံသန်းသွားကြ၏။
ကြိုးကြာဖြူက သူမကိုမတိုက်ခိုက်ဘဲ သူမခေါင်းပေါ်၌ ဆက်တိုက်လည်ပတ်နေသည်။
နောက်ဆုံးအဆင့်က ဒီကြိုးကြာဖြူကို သတ်ရမှာလား!
ကြိုးကြာဖြူ၏အော်ရာက သာမန်ဖြစ်ပြီး ဘာကျင့်ကြံခြင်းမှမရှိပါ။
နောက်ဆုံးအဆင့်က အရမ်းလွယ်မနေဘူးလား!
မုဇီရှင်း အနည်းငယ်မျက်မှောင်ကြုတ်သည်။
သို့စေကာမူ သူမ၏အဆီအနှစ်ချီနှင့် ဝိဉာဉ်က အကန့်အသတ်နှင့် နီးစပ်နေလေပြီ။ ဒီရေခဲပုံဆောင်ခဲစမ်းသပ်မှာ၌ သူမ၏ကိုယ်ထဲက ဝိဉာဉ်ချီနှင့် ဝိဉာဉ်စွမ်းအားကို အလျင်အမြန် သုံးစွဲနေရသည်။
သူမတွေးတောနေရင်း အချိန်မကုန်နိုင်တော့ပါ။
မုဇီရှင်း လက်ထဲက ရေခဲသလင်းဓားကို မြှောက်ကာ ခပ်ပေါ့ပေါ့ခုန်လိုက်ပြီး ကြိုးကြာဖြူတစ်ကောင်အနီး ပိုးချည်မျှင်တစ်စကဲ့သို့ လွင့်မြောသွားရင်း လက်ထဲက ဓားရှည်နှင့် ပိုင်းချလိုက်၏။
သို့စေကာမူ ဓားက ကြိုးကြာဖြူပေါ်သို့ ကျရောက်တော့မည့်အချိန်တွင် ကြိုးကြာဖြူ၏ပုံရိပ်က ရုတ်တရက် ယဲ့ချိုးပိုင်အဖြစ်သို့ ပြောင်းသွား၏။ သူမတို့ပထမဆုံး စတွေ့စဥ်ကတည်းက အပြုံးလေးက မျက်နှာထက်တွင် ရှိနေသေးပြီး အော်ရာပင်လျှင် တူညီနေခဲ့သည်။
မုဇီရှင်းထိတ်လန့်သွားပြီး လက်ထဲက ဓားကို အလျင်အမြန် ရုပ်သိမ်းပစ်သည်။
သူမဓားကို အစွမ်းကုန်လွှဲယမ်းလိုက်ခြင်းပင်။ ယခုလမ်းတစ်၀က်၌ ပြန်လည်ရုပ်သိမ်းရသောအခါ ဒါက မုဇီရှင်း၏ အားနည်းနေသည့်ခန္ဓာကို ပိုဆိုးသွားစေသည်။
ညည်းညူးသံတစ်ချက်နှင့်အတူ သူမပါးစပ်ထောင့်စွန်းကနေ သွေးများစီးကျလာကြ၏။
ဒီရေခဲပုံဆောင်ခဲကမ္ဘာ၌ အဖြူရောင်ကလွဲ၍ နောက်ထပ်အရောင်အဆင်းတစ်ခုရှိလာသဖြင့် ဒါက မုဇီရှင်းကို ပို၍ပင် ထိသွားစေသည်။
သူမမြေပေါ်သို့ ပြန်ကျပြီး ကြိုးကြာဖြူများကို ထပ်မံမော့ကြည့်သည်။
ထိုကြိုးကြာဖြူများက ယဲ့ချိုးပိုင်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားလေပြီ။
ဘာကြောင့် ကြိုးကြာဖြူများတွင် ကျင့်ကြံခြင်းမရှိဘဲ ရေခဲပုံဆောင်ခဲစမ်းသပ်မှု၏ နောက်ဆုံးအဆင့်က အလွယ်တကူ ဖြတ်ကျော်နိုင်သည်ဟု ထင်ရသကဲ့သို့ ဖြစ်နေရသလဲဆိုတာ နောက်ဆုံးတော့ မုဇီရှင်းနားလည်သွားခဲ့သည်။
ဒီနောက်ဆုံးအဆင့်က စိတ်ခံစားချက်များကို ဖြတ်တောက်ခြင်းပေတည်း။
ကြိုးကြာဖြူကိုသတ်လိုက်ပါက မုဇီရှင်း၏ စိတ်ခံစားချက်ခုနှစ်ခုနှင့် စိတ်ဆန္ဒခြောက်ခုက လုံး၀ပြတ်တောက်သွားမည်ဖြစ်ပြီး သူမရက်စက်မှုလမ်းကြောင်းအတွင်း အပြည့်အ၀ လျှောက်လှမ်းရပေလိမ့်မည်။
ဒီလိုကမ္ဘာမျိုးတွင် စိတ်ခံစားချက်များ၊ စိတ်ခွန်အားနှင့် ဝိဉာဉ်စွမ်းအားက အဆုံးမဲ့ ချဲ့ကားသွားပေလိမ့်မည်။
ဒါက ပုံရိပ်ယောင်နှင့်တူသော်လည်း အခြေခံကျသည့် ကွာခြားချက်တစ်ခုရှိသည်။
အရာရာတိုင်းက ပြတ်တောက်သွားပေလိမ့်မည်။
မုဇီရှင်းခေါင်းမော့ပြီး ဒီမြင်ကွင်းကို ကြည့်နေသည်။ သူမတစ်စုံတစ်ရာကို တွေးနေသည့်အလား သူမ၏ပါးမို့မို့လေးများက အနည်းငယ်နီရဲသွားပြီး ပါးစပ်ထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွား၏။
သူမ ကြိုးကြာဖြူများကို နက်ရှိုင်းသည့် မြတ်နိုးမှုနှင့် တုံ့ဆိုင်းမှုများဖြင့် ကြည့်ရင်း ဖြည်ညင်းစွာ တင်ပလ္လင်ခွေထိုင်လိုက်သည်။
သူမယဲ့ချိုးပိုင်နှင့် မျှဝေခဲ့သော အနည်းငယ်သော အမှတ်တရများမှတဆင့် အချစ်ဆိုသောအရာက ဖြစ်လာခဲ့ခြင်းပင်။
အကယ်၍ သူမသာယဲ့ချိုးပိုင်နှင့် မခွဲနိုင်ပါက ရေခဲပုံဆောင်ခဲစမ်းသပ်မှု၌ ကျသွားပြီး ထွက်သွားနိုင်မည်မဟုတ်ဘဲ ယဲ့ချိုးပိုင်ကို နောက်တစ်ခါ မြင်ရတော့မည်မဟုတ်။
"ဒါပေမယ့်.... ရှင့်ကိုနောက်ဆုံးတစ်ကြိမ် တွေ့ရတာ အရမ်းကောင်းတာပဲ"
နှင်းနှင့်ရေခဲများက လွင့်စင်သွားစဉ် နှင်းများကျလာပြီး မကြာမီ မုဇီရှင်းအား နှင်းထဲတွင် မြှုပ်နှံပစ်သည်။
သို့စေကာမူ ဒီအခိုက်အတန့်လေးတွင်ပင် အကန့်အသတ်မဲ့ရေခဲပြင်မှ သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည့်ပုံပင်။
....
ငါးရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ရေခဲနတ်ဘုရားဗိမာန်ဆီက သတင်းတစ်ခုထွက်လာပြီး မြောက်၀င်ရိုးစွန်းကြယ်ဒေသတစ်ခုလုံးအတွင်း ပျံ့သွားခဲ့သည်။
ရေခဲနတ်ဘုရားဗိမာန်၌ ချန်ယုနင် နှင်းခဲသူတော်စင်မိန်းမပျိုနှင့် မင်္ဂလာပွဲတစ်ခု ကျင်းပရန်အတွက် နှင်းခဲဂိုဏ်းကို သွားတော့မည်ဖြစ်သည်။
ဒါကိုမျက်မြင်ကိုယ်တွေ့ကြုံရရန်အတွက် မြောက်၀င်ရိုးစွန်းကြယ်ဒေသက ကျင့်ကြံသူအားလုံးကို အထူးဖိတ်ခေါ်ခဲ့သည်။ သူတို့ကို ဆုမွန်ကောင်းတောင်းပေးသူတိုင်းအား ဆီးနှင်းခဲဝိဉာဥ်ဆေးလုံးတစ်လုံးစီပေးမည်ဖြစ်သည်။
ဆီးနှင်းခဲဝိဉာဉ်ဆေးလုံးက ရေခဲသွေးကြောရှိသည့် ကျင့်ကြံသူများအတွက် နတ်ဘုရင်နယ်ပယ်ကို ချိုးဖျက်ရာ၌ အောင်မြင်နှုန်းကို တိုးစေနိင်သည့် အဖိုးတန်ဆေးလုံးတစ်လုံးပေတည်း။
"ရေခဲနတ်ဘုရားဗိမာန်က တကယ်ကိုရက်ရောတာပဲ"
"ဒါပေမယ့် ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ရေခဲနတ်ဘုရားဗိမာန်မှာပဲ ဒီလိုအခြေခံအုတ်မြစ်မျိုးရှိတယ်..."
"ဒါပေမယ့် ရေခဲနတ်ဘုရားဗိမာန်က အဲဒီပါရမီရှင်က နှင်းခဲဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုကို တကယ်လက်ထပ်ချင်တာလား၊ သူသာအောင်မြင်သွားရင် ရေခဲနတ်ဘုရားဗိမာန်ကို ခေါင်းဆောင်အဖြစ်ထားပြီး နတ်သခင်အဆင့်ဂိုဏ်းအဖြစ်ကို ချိုးဖျက်ဖို့ ကြိုးစားလိမ့်မယ်"
"ဒါကငါတို့မှန်းဆလို့ရနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး၊ အရင်ဆုံးသွားကြည့်ကြရအောင်၊ အလကားရတဲ့ ဆီးနှင်းခဲဝိဉာဉ်ဆေးလုံးကို မယူဘူးဆိုရင် ဖြုန်းတီးရာ ကျသွားလိမ့်မယ်"
တစ်ခဏအကြာတွင် တခြားအင်အားစုနှစ်ခုဖြစ်စေ သို့မဟုတ် မြောက်၀င်ရိုးစွန်းကြယ်ဒေသက ကျင့်ကြံသူများဖြစ်စေ အားလုံး နှင်းခဲဂိုဏ်းရှိရာသို့ ပြေးလွှားသွားကြလေတော့သည်။
.....
နှင်းခဲဂိုဏ်း၏ ပင်မခန်းမ၌ ဂိုဏ်းချုပ်၏ ညို့ယူဖမ်းစားဖွယ်ရာမျက်နှာလေးက ဒေါသနှင့် ပြည့်နှက်နေသည်။
ဘေးက မဟာအကြီးအကဲကလည်း စားပွဲကို လက်ဖဝါးနှင့်ရိုက်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ မုတ်ဆိတ်ဖြူများက တုန်ယင်ကာ ထောင်မတ်နေသည်။
"သူတို့အရမ်းများသွားပြီ၊ ဒါက သူတို့ ကျွန်တော်တို့နှင်းခဲဂိုဏ်းကို အလေးမထားဘူးဆိုတာ အခြေခံအားဖြင့် အသိပေးနေတာပဲ'
ဒုတိယအကြီးအကဲ၏ အမူအရာကလည်း မည်းမှောင်နေသည်။
"ကျွန်တော်တို့ ဒီလိုပဲ ဦးဆောင်ခံနေရတော့မှာလား"
ကျန်သောအကြီးအကဲများကလည်း မပျော်မရွှင်ဖြစ်နေကြ၏။
ဒီအခိုက်အတန့်မှာပင် နှင်းခဲဂိုဏ်းချုပ် လေးနက်သည့်အသံဖြင့်ပြောသည်။
"ဒါက ငါတို့နှင်းခဲဂိုဏ်းကို အတင်းအကျပ်နုတ်ထွက်စေပြီး နောက်ဆုံးပိတ်ပင်မှုတစ်ခု ပြုလုပ်လိုက်တာပဲ"
"ငါတို့သာသဘောတူရင် ဒါက နှင်းခဲဂိုဏ်းက ရေခဲနတ်ဘုရားဗိမာန်ရဲ့ လက်အောက်ခံဖြစ်လာပြီလို့ ကမ္ဘာကြီးကို ကြေညာလိုက်တာနဲ့ တူညီနေလိမ့်မယ်"
"ငါတို့သာငြင်းခဲ့မယ်ဆိုရင် ရေခဲနတ်ဘုရားဗိမာန်က နှင်းခဲဂိုဏ်းနဲ့ စစ်ပွဲကြီးတစ်ခုစတင်မယ်လို့ ကမ္ဘာကြီးကို ကြေညာလိမ့်မယ်"
မဟာအကြီးအကဲဒေါသတကြီးပြောသည်။
"ဒီလိုဆိုရင် တိုက်ခိုက်ကြရအောင်"
"ကျွန်တော်တို့ သူတော်စင်မိန်းမပျိုကို သေချာပေါက် မပေးအပ်နိုင်ပါဘူး၊ ချန်ယုနင်က ဘယ်လိုအမှိုက်မျိုးလဲ၊ ရေခဲနတ်ဘုရားဗိမာန်က ဘယ်လိုအမှိုက်မျိုးလဲဆိုတာကို ကျွန်တော်တို့မသိတာလည်းမဟုတ်ဘဲနဲ့၊ သူတော်စင်မိန်းမပျိုသာ ရေခဲနတ်ဘုရားဗိမာန်ကို ရောက်သွားတာနဲ့ သူ့ရဲ့ပါရမီနဲ့ ကျင့်ကြံခြင်းတွေက လုံး၀ပျောက်ဆုံးသွားလိမ့်မယ်"
ကျန်သောအကြီးအကဲများက သဘောတူညီသည့်အသွင် ခေါင်းညိတ်သည်။
နှင်းခဲဂိုဏ်းချုပ် အနည်းငယ်ခေါင်းမော့လိုက်၏။
"စစ်ပွဲတစ်ခုစဖို့ အလျင်လိုနေစရာမလိုဘူး၊ ငါတို့ ဒီအခြေအနေရပ်ကို အခွင့်ကောင်းယူလို့ရလောက်တယ်"
အကြီးအကဲအားလုံး နှင်းခဲဂိုဏ်းချုပ်ကို ကြည့်လိုက်ကြ၏။
"ချန်ယုနင်က အရမ်းမောက်မာပြီး ဒီကမ္ဘာကြီးထဲက လူငယ်မျိုးဆက်အားလုံးကို အထင်သေးတယ်၊ ဒါဆို လူငယ်လေးယဲ့ သူ့ဒေါသကို နှိုးဆွနိုင်ပြီး သူ့ကို တရား၀င် အနိုင်ယူနိုင်နေသရွေ့ ရေခဲနတ်ဘုရားဗိမာန်က သေချာပေါက် သူတို့ရဲ့ဟန်ဆောင်မျက်နှာဖုံးကို ချွတ်ပြီး သူ့ကို အတင်းဆွဲခေါ်သွားလိမ့်မယ်၊ တစ်ချိန်တည်းမှာပဲ ယဲ့ချိုးပိုင်နဲ့ ဇီရှင်းတို့က ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်တွေကို ဖြတ်ကျော်ခဲ့တယ်ဆိုတာကို တခြားဂိုဏ်းနှစ်ဂိုဏ်းကလည်း သိသွားကြလိမ့်မယ်...."
"ဒါဆိုရင် တခြားဂိုဏ်းနှစ်ဂိုဏ်းမှာ ငါတို့နဲ့အတူ ရေခဲနတ်ဘုရားဗိမာန်ကို ခုခံဖို့အတွက် အကြောင်းပြချက်တစ်ခု ရှိလာလိမ့်မယ်"
တခြားဂိုဏ်းနှစ်ဂိုဏ်းကလည်း ရေခဲနတ်ဘုရားဗိမာန်ကို မကြိုက်ကြပါ။
သူတို့ကိုတိုက်ခိုက်ရန်အတွက် အကြောင်းပြချက်တစ်ခု ပေးနေသရွေ့ သူတို့ ဒါကိုသုံးပြီး ပါရမီရှင်နှစ်ဦး၏ ကျေးဇူးကြွေးကိုလည်း ရနိုင်ပေသည်။
ထိုဂိုဏ်းချုပ်နှစ်ဦးက ဒီလိုအခွင့်အလမ်းကောင်းတစ်ခုကို အမိအရ မဖမ်းဆုပ်ဘဲ နေကြလိမ့်မည်ဟု နှင်းခဲဂိုဏ်းချုပ်မယုံပေ။
ဒီအချိန်မှာပင် နှင်းခဲဂိုဏ်းအထက် တိမ်များကို ဖြတ်ကာ နတ်အလင်းတစ်ခုက ဂိုဏ်းတစ်ခုလုံးကို လင်း၀င်းသွားစေသည်။ ထို့နောက် မိုးကြိုးသံကဲ့သို့ အသံတစ်သံထွက်လာခဲ့သည်။
"ရေခဲနတ်ဘုရားဗိမာန်က နှင်းခဲဂိုဏ်းကို လည်ပတ်ဖို့အတွက် ဒီမှာရှိနေပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လာတွေ့ကြပါ"
အပိုင်း(1053) coming။