#ရှေးဦးမူလဓားကျမ်း၊ ပဉ္စမမြောက်ဓားချက်#
Vol. 75 Ch. 1054
အေးစက်သည့်လေက ပြင်းထန်စွာ တိုက်ခတ်နေပြီး နှင်းမှုန်များက လေထဲ၌ ထက်ရှသည့်မြှားများပမာ ပျံသန်းကာ လေပွေမုန်တိုင်းတစ်စင်းကို ဖြစ်စေသည်။
ယဲ့ချိုးပိုင်၏ အသံကညင်သာသော်လည်း တခြားသူများ၏ နားထဲတွင်မူ နားကွဲလုမတတ်ပင်။
ချန်ယုနင်၏မျက်နှာပေါ်က အပြုံးရေးရေးက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မျက်လုံးများ၌ အေးစက်သည့်အလင်းတစ်ချက်က အစားထိုးသွား၏။
"ဒီလိုဆိုရင် မင်းဘာလို့မကြိုးစားကြည့်ရတာလဲ"
"ငါရှုံးမယ်ဆိုရင် ငါ့ဆန္ဒအလျောက်ပြန်ဆုတ်မယ်၊ ဒါပေမယ့် ဒါကဖြစ်နိုင်မယ်လို့ ငါမထင်ပါဘူး"
ဒီနေရာတွင် ချန်ယုနင် ရှန်းဖူယန်ကို ကြည့်သည်။
ရှန်းဖူယန်ခေါင်းညိတ်ပြသည်။
ယဲ့ချိုးပိုင် ဒါကိုကြားသော် ထူးမခြားနားစွာပြောသည်။
"မင်းနှလုံးသားထဲက အားနည်းချက်ကို ဖုံးကွယ်ဖို့အတွက် မင်းဒီလောက်စကားများနေတာလား"
ချန်ယုနင်၏ အမူအရာက ကြည့်ရဆိုးသွားသည်။
နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးက ဘယ်လိုလုပ် ဒီလောက်ထိ မောက်မာနိုင်ရလေသနည်း။
တစ်ခဏအကြာတွင် ချန်ယုနင်၏ နှလုံးသားအနက်ပိုင်းကနေ သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ထိုးတက်လာခဲ့သည်။
"ဆေဘာနဲ့ဓားတွေမှာ မျက်လုံးမပါဘူး၊ ဒါကိုမင်းလည်း နားလည်တယ်မလား"
ယဲ့ချိုးပိုင်နှာခေါင်းရှုံ့သည်။
"ငါ့ရဲ့သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို မင်းအဖေတားမှာကိုပဲ ငါကြောက်မိတာ"
ရှန်းဖူယန်၏နှလုံးသားက မကြည်မလင်ဖြစ်နေသော်လည်း သူ့မျက်နှာပေါ်၌ အပြုံးရေးရေးတစ်ပွင့်ရှိနေဆဲပင်။
သူ့လိုအဆင့်က လူတစ်ယောက်အတွက် လူငယ်မျိုးဆက်က တစ်ဦးနှင့် ငြင်းခုံနေတာက ရှက်စရာကောင်းလွန်းသည်။
"မင်းကလျှာဇောင်းထက်သားပဲ၊ မင်းမှာ ငါနဲ့ယှဉ်နိုင်ဖို့ ခွန်အားရှိဖို့ကိုပဲ ငါမျှော်လင့်တယ်" ချန်ယုနင် လက်အစုံကို ကျောနောက်တွင် ထားပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ သူခေါင်းငုံ့ကာ ယဲ့ချိုးပိုင်အား ကြည့်ပြီး ထူးမခြားနားစွာပြောလာသည်။
"တက်လာခဲ့၊ မင်းအရင်ဆုံးတိုက်ခိုက်ပါ"
ယဲ့ချိုးပိုင်ယဉ်ကျေးနေမည်မဟုတ်။
သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုတွင် သူမည်သည့်အတွက်ကြောင့် ဒီလောက်အများကြီး ဂရုစိုက်နေရမည်နည်း။ ဒါက ဧရာမအခွင့်အလမ်းကို ဖြုန်းတီးရာကျသည် မဟုတ်ပေလော။
လူတိုင်း၏အံ့ဩသင့်နေသည့် အကြည့်များအောက်တွင် ယဲ့ချိုးပိုင် ချန်ယုနင်ဆီသို့ ပျံသန်းသွားသည်။
ငွေနဂါးဓားပေါ်၌ အေးစက်သည့် အလင်းတစ်ချက် လင်း၀င်းသွားပြီး ဓားဆန္ဒက ဒီတဒင်္ဂမှာပင် ရုတ်တရက်ပေါက်ကွဲကာ ကမ္ဘာကြီးအား ဖြတ်သန်းရင်း ချန်ယုနင်အား လွှမ်းခြုံပစ်သည်။
ဓားပိုင်နက်၊ မြှင့်တက်လာစမ်း!
ဒီဓားဆန္ဒကို အာရုံခံမိသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
ဒါကဓားနတ်ဘုရားနယ်ပယ်လား!
သူက ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတင် ဓားနတ်ဘုရားနယ်ပယ်ကို ခြေချနေပြီလား!
"ဒီလူကတကယ်ပဲ ဘယ်သူလဲ၊ သူ့ရဲ့ ဓားတာအိုပါရမီနဲ့ဆိုရင် သူက အရင်ကတည်းက မြောက်၀င်ရိုးစွန်းကြယ်ဒေသတစ်ခုလုံးမှာ ကျော်ကြားနေသင့်တာမလား"
"သူက တောင်ထဲကနေ ထွက်လာတဲ့ တန်ခိုးရှင်ပုဂ္ဂိုလ်တစ်ချို့ရဲ့ တပည့်များလား"
တိမ်များကြားတွင် အဖိုးအိုနှစ်ဦးမှာ အနည်းငယ် ထိတ်လန့်သွားကြ၏။
"ငါဒါကိုမတွေးမိခဲ့ဘူး"
"အဲဒီနှင်းခဲဂိုဏ်းက ကောင်လေးက အတော်လေးယုံကြည်မှုရှိပြီး ဟိုကလေးချန်ယုနင်ကို တမင်တကာဒေါသထွက်အောင် လုပ်နေတာ အံ့ဩသင့်စရာမရှိတော့ပါဘူး၊ တကယ်က သူကဒီလိုဝှက်ဖဲတစ်ခုကို ဖုံးကွယ်ထားတာကိုး"
ရှန်းဖူယန် သူ့၏မထီမဲ့မြင်အမူအရာကို ရုပ်သိမ်းကာ ဂိုဏ်းချုပ်ထံ အကြည့်ပို့လွှတ်လိုက်သည်။
"ခေးအောစ့်အနှစ်သာရဓားသခင်တောင် ဓားနတ်ဘုရားနယ်ပယ်ကို ချိုးဖျက်ရုံပဲ ရှိသေးတယ်၊ ဒီလူဘယ်ကလာတာလဲ"
ဘယ်ကလာတာလဲ!
ငါလည်းမသိဘူး!
နှင်းခဲဂိုဏ်းချုပ်၏နှလုံးသားက ကသောင်းကနင်းဖြစ်နေသော်လည်း အခြေအနေရပ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် တည်ငြိမ်သည့် အမူအရာကို ဖော်ဆောင်ထားသည်။
သူမ ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များပေါ်က ဖြစ်စဉ်တစ်ရပ်လုံးကို မကြည့်ခဲ့သလို ကျန်းချင်းလန်ကလည်း ယဲ့ချိုးပိုင် ဘယ်လိုခွန်အားမျိုးကို သုံးခဲ့သလဲဆိုတာကို သူမအား မပြောပြခဲ့ပေ။
ယဲ့ချိုးပိုင် ဒီလောက်ထိ ယုံကြည်မှု ပြည့်၀နေတာ အံ့ဩသင့်စရာမရှိတော့ပါ။
မုဇီရှင်း သူ့ကိုချစ်မြတ်နိုးမိသွားတာ အံ့ဩစရာမရှိတော့။
ချန်ယုနင်ကလည်း ထိတ်လန့်သွားသည်။ သူကြည့်နေစဉ် ယဲ့ချိုးပိုင် ထူးမခြားနားသည့် အမူအရာဖြင့် ပိုင်းဖြတ်လာသည်။ ထက်ရှသည့်ဓားထိပ်က လေဟာနယ်ကိုပင် ပိုင်းဖြတ်ချင်နေသည့်အလား အေးစက်သည့်အလင်းနှင့်အတူ လင်း၀င်းနေသည်။
ချန်ယုနင် သူ့ကိုအရင်တိုက်ခိုက်ခွင့်ပေးမည်ဆိုသော ကတိအပေါ် ဂရုမစိုက်နိုင်တော့ပါ။
နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်အော်ရာက ပေါက်ကွဲလာခဲ့သည်။
ရေခဲနှင့်နှင်းစွမ်းအားက ချန်ယုနင်၏ ညာလက်ပေါ်တွင် ဓားရှည်တစ်လက်ကို ဖြစ်စေသည်။ နှင်းမုန်တိုင်းက ဓားရှည်ကို ဝိုင်းရံနေပြီး အေးစက်သည့်အော်သံတစ်ချက်နှင့်အတူ သူယဲ့ချိုးပိုင်ကို ရင်ဆိုင်သည်။
ဓားသမားလား!
ယဲ့ချိုးပိုင်၏ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားပြီး ဓားပိုင်နက်က ချက်ချင်းဆိုသလို ထိုးတက်သွားခဲ့သည်။
တိုက်ခိုက်မှုနှင့် တွေ့ဆုံသည့်အချိန်တွင် ချန်ယုနင်း၏ ခန္ဓာက ရုတ်တရက်ရပ်သွားသည်။ သူ့ကိုယ်ထဲက ဓားတာအိုက ဒီတဒင်္ဂ၌ လည်ပတ်နေတာ ရပ်သွားပုံရသည်။
သူ့လက်ထဲက ဓားရှည်က စတင်တုန်ခါလာပြီး ယဲ့ချိုးပိုင်ကြောင့် သူ့ဓားတာအိုက အမှန်တကယ်ပင် လုံး၀ဖိနှိပ်ခံရသည်။
ယခုယဲ့ချိုးပိုင်ကို ကြည့်မည်ဆိုပါက ငွေနဂါးဓားနှင့် ဒီဓားသမားက ဒီနေရာ၌ ဓားတာအိုအရှင်သခင်တစ်ပါးအလား ထင်ရသည်။
ကျန်သောဓားသမားများက သူ့ကို အညံ့ခံရုံသာ တတ်နိုင်ကြသည်။
သူထပ်ပြီးမတွေးတောနိုင်ခင်မှာပင် ယဲ့ချိုးပိုင်၏ ငွေနဂါးဓားက ချန်ယုနင်၏ဓားကို ပိုင်းဖြတ်ပစ်သည်။
ဓားပိုင်နက်၏ဖိနှိပ်မှုအောက်တွင် ဓားတာအို၏ အကြွင်းမဲ့ဖိနှိပ်မှုက ချန်ယုနင်လက်ထဲကဓားကို ချန်ယုနင်မတုံ့ပြန်နိုင်ခင်မှာပင် တိုက်ရိုက်လွင့်ထွက်သွားစေသည်။
သူအလျင်အမြန်နောက်ဆုတ်ကာ ယဲ့ချိုးပိုင်၏ဓားကို ရှောင်တိမ်းသည်။
ဒါကသူတို့၏ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည့်တိုင် အောင်ပွဲက သိသာထင်ရှားနေသည်။
ချန်ယုနင် သူ့စကားလုံးများကို ချိုးဖျက်ပစ်ခဲ့သည်သာမက ယဲ့ချိုးပိုင်၏ တိုက်ခိုက်မှုအောက်တွင် သူ့ဓားကသူ့လက်ထဲက ထွက်သွားပြီး သူ့ပုံရိပ်ကလည်း အပြင်းအထန် နောက်ဆုတ်ကာ အတော်လေးသနားစရာကောင်းနေသည်။
ရှန်းဖူယန်၏မျက်နှာက မူလအသွင်အပြင်ကို တဖြည်းဖြည်းဆုံးရှုံးလာရသည်။ နယ်ပယ်တစ်ခုအကြွင်းမဲ့အားသာချက်နှင့်အတူ နယ်ပယ်ကြီးတစ်ခု ခြားနားနေသည့် အခြေအနေ၌ ချန်ယုနင်က တစ်ဘက်လူ၏ ဖိနှိပ်ခြင်းကို ခံရသည်။
ယေယုယျအားဖြင့်ဆိုပါက ဒီလိုတိုက်ပွဲမျိုးက တစ်ဖက်သတ်ဆန်လှသည်။
ဂိုဏ်းချုပ်ကလည်း ဒီလိုဖြစ်ပျက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ့နောက်ကအကြီးအကဲများကလည်း သူတို့၏အံ့ဩမှုများကို မဖုံးကွယ်ထားနိုင်ကြပါ။
ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များကို ဖြတ်နိုင်သောသူတစ်ယောက်ဟု တကယ်ပင် ခေါ်ထိုက်ပေသည်။
ယဲ့ချိုးပိုင်၏ တိုက်ခိုက်မှုက ရပ်မသွားဘဲ သူ့ဓားပိုင်နက်က ထိုးတက်လာပြီး ဓားဆန္ဒက အေးစက်သည့် အသင်္ချေအလင်းတန်းများအဖြစ် သိပ်သည်းကာ ချန်ယုနင်အား ရုတ်တရက် ပိုင်းချသည်။
ဒါကိုမြင်သော် ချန်ယုနင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။ သူဒေါသတကြီးအော်ဟစ်သည်။
"ဓားနတ်ဘုရားနယ်ပယ်လား၊ ဒီလိုဆိုမှတော့ ငါသနားညှာတာမှုကို ပြသစရာမလိုတော့ဘူးပေါ့"
ချန်ယုနင်၏ ကိုယ်ခန္ဓာမျက်နှာပြင်ပေါ်တွင် အပြာရောင်လိုင်းများစတင်ပေါ်လာသည်။
အနီးကပ်ကြည့်မည်ဆိုပါက ဒီအပြာရောင်လိုင်းများက ချန်ယုနင်၏ သွေးစီးဆင်းရာနေရာဘက်သို့ ကိုယ်စားပြုနေတာကို ရှာတွေ့သွားပေလိမ့်မည်။
တစ်ခဏအကြာတွင် အပြာရောင်အလင်းတစ်ခု ပွင့်လန်းလာခဲ့သည်။
ချန်ယုနင်ကို ဗဟိုပြုရင်း ပတ်၀န်းကျင်က လေဟာနယ်က လျင်မြန်စွာ စတင်သိပ်သည်းပြီး အေးခဲလာပုံရသည်။
အဆုံးစွန်သောအအေးဓာတ် ဒီကမ္ဘာကြီးထဲကို ဆင်းသက်လာသောအခါ ယဲ့ချိုးပိုင်၏ လှုပ်ရှားမှုများက စတင်နှေးကွေးသွားရသည်။
စူးရှအေးစက်သောအလင်းကလည်း လေထဲတွင်ပင် အေးခဲနေပြီး လခြမ်းကွေ့ပုံသဏ္ဍာန် ရေခဲရုပ်တစ်ရုပ်ကို ဖြစ်ပေါ်စေသည်။
"ရေခဲနတ်ဘုရားသွေးကြော"
နှင်းခဲဂိုဏ်းက တပည့်တစ်ယောက် ရေရွတ်လိုက်သည်။
"ရေခဲနတ်ဘုရားဗိမာန်က ဘယ်သူမှ နှစ်ထောင်ချီကြာအောင် ရေခဲနတ်ဘုရားသွေးကြောကို မနိုးထစေနိုင်ခဲ့ဘူး၊ ဒါက လေဟာနယ်ကို အကြည့်တစ်ချက်တည်းနဲ့ အေးခဲ့စေနိုင်တယ်၊ ပြောရရင် ဒီသွေးကြောက တကယ်ပဲ ပုံမှန်မဟုတ်သလို အရမ်းအစွမ်းထက်တယ်...."
"နယ်ပယ်နဲ့ ဒီကောင်းကင်ကိုဆန့်ကျင်နေတဲ့ သွေးကြောစွမ်းအား ဖိနှိပ်မှုနဲ့ဆိုရင် ဓားနတ်ဘုရားတစ်ပါးတောင် အနိုင်ရဖို့အတွက် ခက်ခဲတယ်...."
နှင်းခဲဂိုဏ်းချုပ်ကလည်း တုံ့ဆိုင်းနေပြီး ယဲ့ချိုးပိုင်ကို ကယ်တင်ရမလားတွေးနေသည်။ သို့စေကာမူ ဒါကအလုပ်မဖြစ်ပါ။
"ရေခဲနတ်ဘုရားဆင်းသက်ခြင်း...." ချန်ယုနင်၏မျက်သူငယ်အိမ်များက မိုးပြာရောင်ပြောင်းသွားလေပြီ။ သူ ယဲ့ချိုးပိုင်ကို အထင်အမြင်သေးသည့် အပြုံးဖြင့်ကြည့်ရင်း လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။
"ဒီအချိန်မှာတော့ မင်းမှာဘာအခွင့်အရေးမှ မရှိတော့ဘူး...."
ယဲ့ချိုးပိုင်အနည်းငယ်မျက်မှောင်ကြုတ်သည်။ သူ့ခြေလက်အင်္ဂါများက ရေခဲကြောင့် အေးခဲနေပြီး သူအလွယ်တကူ မလှုပ်ရှားနိုင်ပေ။
သူ့သွေးကြောကလည်း ရေခဲအဖြစ်သို့ အေးခဲနေသည်။
ချန်ယုနင်မြှောက်လိုက်သောလက်ကို ကြည့်လိုက်စဉ် ရေခဲပန်းဆွဲတစ်ခုက သူ့လက်ချောင်းထိပ်တွင် အရူးအမူးသိပ်သည်းနေသည်။
ယဲ့ချိုးပိုင် သေစေလောက်သည့် ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။
"ကြည့်ရတာ အဲဒီလှုပ်ရှားမှုကို ငါသုံးဖို့ လိုအပ်နေတုန်းပဲ"
ယဲ့ချိုးပိုင်၏ခန္ဓာက တုန်ယင်သွားပြီး သူ့ဓားနတ်ဘုရားဆန္ဒက အစွမ်းကုန် ပေါက်ကွဲသွား၏။
မရေမတွက်နိုင်လောက်သည့်ဓားများက ဓားချီမုန်တိုင်းတစ်စင်းအဖြစ် ပြောင်းလဲကာ ပတ်၀န်းကျင်က အေးခဲနေသည့် ရေခဲများကို ပျံ့သွားစေသည်။
"အိုး၊ မင်းလှုပ်ရှားနိုင်သေးတာလား" ချန်ယုနင်နှာခေါင်းရှုံ့သည်။
"ဒါပေမယ့် ဒါပဲမလား"
ထို့နောက် သူလက်ချောင်းကိုလှုပ်ရှားလိုက်သောအခါ ရေခဲပန်းဆွဲက ယဲ့ချိုးပိုင်၏ မျက်ခုံးကြားသို့ တည့်တည့်ထိုးစိုက်၀င်ရောက်သွားသည်။
မည်သည့်အသံမရှိဘဲ ဒါက လေဟာနယ်ကို ဖြတ်သန်းစုတ်ပြဲစေသည်။
ယဲ့ချိုးပိုင်၏ အမူအရာက တည်ငြိမ်နေဆဲပင်။
သူလက်ထဲက ငွေနဂါးဓားကို ဖြည်းဖြည်းချင်းမြှောက်လိုက်သောအခါ ဓားဆန္ဒက ဓားပေါ်၌ အဆက်မပြတ်သိပ်သည်းသွားသည်။
အဆုံးမဲ့ရှင်ခြင်းဆန္ဒတို့က စတင်လည်ပတ်လာသည်။
"ရှေးဦးမူလဓားကျမ်း၊ ပဉ္စမမြောက်ဓားချက်"
ချန်းယုနင် မတုံ့ပြန်နိုင်သေးခင်မှာပင် သူဓားချက်ကို လုံးလုံးလျားလျား ထုတ်လွှတ်လိုက်၏။
"ကောင်းကင်အဆုံးသတ်"
အပိုင်း(1055) coming။