#ကျွန်မသူ့ကို ဖြတ်တောက်နိုင်စွမ်းမရှိဘူး#
Vol. 75 Ch. 1057
နှင်းမုန်တိုင်းက ဒီနေရာအား တိုက်ခတ်နေသည်။ သန့်စင်ကာအပြစ်အနာအဆာ ကင်းမဲ့သည့် နှင်းပွင့်ဖြူများက နေရာတိုင်းတွင်ရှိနေသည်။
သို့စေကာမူ ဒီနှင်းဖြူရောင်နေရာက သွေးသံတရဲရဲတိုက်ပွဲဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။
ဂိုဏ်းချုပ်နှင့် နှင်းခဲဂိုဏ်း၏ တပည့်တိုင်း၊ အကြီးအကဲတိုင်း၊ အားလုံးက အညံ့ခံတာထက် သေတာကို ပိုလိုလားကြသည်။
တစ်ချို့က အသံအက်ရှစွာအော်ဟစ်သည်။ တစ်ချို့က မဆုတ်မနစ်တည်ရှိပြီး တစ်ချို့က သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နှက်နေကြ၏။
ဒါကိုကြားသော် နှင်းခဲဂိုဏ်းချုပ်ပြုံးလိုက်မိသည်။
နှင်းခဲဂိုဏ်းက အဓိကဂိုဏ်းလေးဂိုဏ်းတွင် အတွေ့အကြုံအနည်းဆုံးနှင့် သာမညောင်ညအခြေခံသာ ရှိသော်လည်း တပည့်များနှင့် အကြီးအကဲများထဲက မည်သူမှ သူရဲဘောကြောင်သူမဟုတ်ကြပါ။
ဒါက ဂိုဏ်းတစ်ဂိုဏ်းတွင် အရေးအပါဆုံးအရာပေတည်း။
ရေခဲနတ်ဘုရားဗိမာန်ဖြစ်စေ၊ အေးစိမ့်ရေခဲခန်းမ သို့မဟုတ် ရေခဲမြစ်ချိုင့်ဝှမ်းဖြစ်စေ၊ ရေခဲတောင်အောက်ခြေက တစ်ကိုယ်တော်ကျင့်ကြံသူများပင်ဖြစ်စေ နှင်းခဲဂိုဏ်း၏ မလွဲဧကန်ပျက်စီးမှုအတွက် သူတို့စိတ်မကောင်းသလို ခံစားရသော်လည်း လေးစားသည့် ခံစားချက်တစ်ခုကိုပါ ခံစားကြရသည်။
ရှန်းဖူယန် နှင်းခဲဂိုဏ်းချုပ်ကိုကြည့်ရင်း သူ့အမူအရာက ဖြည်းဖြည်းချင်းလေးနက်သွား၏။
"ငါတို့သာ မင်းရဲ့နှင်းခဲဂိုဏ်းကို နှစ်ထောင်ချီကြာ ဖွံ့ဖြိုးခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့ဂိုဏ်းက မင်းတို့ရဲ့ပြိုင်ဘက်ဖြစ်မှာ မဟုတ်တော့ဘူး"
ယခုလိုပေါင်းစည်းမှုမျိုးက ဂိုဏ်းသုံးဂိုဏ်း မြင်နိုင်စွမ်းမရှိသည့် အရာတစ်ခုပင်။
"ဒီအတွက်ကြောင့်ပဲ ဒီအဆင့်မှာ မင်းတို့ကို ဆက်လက်ဖွံ့ဖြိုးလာခွင့် ပေးလို့မရတော့ဘူး" ရှန်ဖူယန် အနည်းငယ် လက်ဝှေ့ယမ်းသောအခါ ချက်ချင်းဆိုသလို သူ့နောက်က တိမ်များက အမှန်တကယ်ပြန့်ကြဲသွားပြီး ကောင်းကင်ကို လက်တစ်ဖက်တည်းနှင့် ခွဲပစ်သည်။
တိမ်များအထက်တွင် မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများ၏ မျက်နှာထက်၀ယ် ရက်စက်သည့်အပြုံးများရှိနေပြီး သူတို့၏အော်ရာများက အတော်လေးအစွမ်းထက်နေကြသည်။
အေးစိမ့်ရေခဲခန်းမသခင်နှင့် ရေခဲမြစ်ချိုင့်ဝှမ်းသခင်တို့၏ အော်ရာများကလည်း အနည်းငယ်တုန်ခါသွားကြပြီး သူတို့နောက်တွင် တပည့်များနှင့် အကြီးအကဲများက အပြည့်အ၀ ထွက်လာကြသည်။
နှင်းခဲဂိုဏ်းချုပ် ဒါကိုမြင်သော် သူမ၏မူလက လေးလံနေသည့်နှလုံးသားက ရေကဲ့သို့ တည်ငြိမ်သွားခဲ့သည်။။
"ရှင့်တို့က ငါ့ရဲ့နှင်းခဲဂိုဏ်းကို အတော်လေးမြင့်မြင့်တွေးထားကြတာပဲ၊ ဂိုဏ်းသုံးဂိုဏ်းကိုတောင် တစ်ချိန်တည်းမှာ တိုက်ခိုက်လာစေတယ်ဆိုတော့ ကြည့်ရတာ ဒါကို ရှင်တို့ စီစဉ်ထားတာ အတော်ကြာပြီဖြစ်တယ်"
"ဒါဆိုတိုက်ခိုက်ကြတာပေါ့" နှင်းခဲဂိုဏ်းချုပ် နူးညံ့စွာ အော်ဟစ်လိုက်၏။
"နှင်းခဲအစီအရင်ကို အသက်သွင်းလိုက်"
သို့စေကာမူ သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်နယ်မြေက နတ်သမီးသံအလား အသံတစ်သံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
"ဂိုဏ်းချုပ်၊ ကျွန်မ အဓိကနေရာက ပါ၀င်ပါရစေ"
နှင်းခဲဂိုဏ်းချုပ်နှင့် အကြီးအကဲများ နောက်သို့ အထိတ်တလန့်လှည့်ကြည့်ကြသည်။
ယဲ့ချိုးပိုင်၏ လေးနက်နေသည့်မျက်နှာကလည်း ဒီအခိုက်အတန့်၌ ပြေလျော့သွားခဲ့သည်။ လေထဲ၌ တဖြည်းဖြည်းလျှောက်လာနေသည့် ပုံရိပ်လေးကို ကြည့်ရင်း သူပျော်ရွှင်စွာ ပြုံးလိုက်သည်။
အမျိုးသမီးက ပန်းချီကားတစ်ခုထဲကနေ ထွက်လာသည့် နတ်သမီးတစ်ပါးအလားပင်။
သူမဟင်းလင်းပြင်ပေါ်တက်လှမ်းကာ တိမ်များကို ပေါ့ပါးစွာ ဖြတ်နေခြင်းက အချိန်နှင့် လေဟာနယ်အကန့်အသတ်များကို ဖြတ်ကျော်နေသည့်ပမာ။
သူမသိမ်မွေ့သည့် ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း နှင်းမုန်တိုင်းတစ်ခုက သူမခြေဖဝါးအောက်တွင် ပေါ်လာကာ သူမအား မတင်ပေးသည်။
နှင်းပွင့်များက သူမ၀န်းကျင်၌ အတောင်ပံများကို ဖြန့်ကြက်ထားသည့် လိပ်ပြာများအလား ကခုန်နေကြ၏။
လူတိုင်းကြက်သေသေသွားကြသည်။
"ဒါက နှင်းခဲဂိုဏ်းရဲ့ သူတော်စင်မိန်းမပျို မုဇီရှင်းပဲ"
ချန်ယုနင် မည်းမှောင်သည့် အမူအရာဖြင့် ကြည့်ပြီးနောက် သူ့မျက်နှာထက်တွင် ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ရှိနေသည်။
နှင်းခဲဂိုဏ်းဖျက်ဆီးခံရသရွေ့ မင်းကငါ့အပိုင်ပဲ!
ထောင်ချီသည့်ကြွေးကြော်သံများ ရှိနေသော်လည်း မုဇီရှန်း သူတို့ကို လျစ်လျုရှုကာ သူမ၏ သိမ်မွေ့ကာ ပြုံးယောင်သမ်းနေသည့် မျက်လုံးများက ယဲ့ချိုးပိုင်၏ မျက်လုံးများနှင့်သာ ဆုံစည်းသွားခဲ့သည်။
ဒီအခိုက်အတန့်၌ သူမ၀န်းကျင်က အရာရာတိုင်းက ပျောက်ကွယ်သွားသည့်အလား တစ်ဘက်လူ၏ ပုံရိပ်ကသာ သူမ၏ မျက်လုံးထဲတွင် ရှိနေသည်။
နေပူပူကပင် မင်းမျက်နှာလောက် မတောက်ပဟု ဆိုနေသယောင်။
နွေဦးလေပြေလေညင်းက ဆယ်မိုင်ကြာခဲ့ပြီး နွေးထွေးသောနေပူက ကျယ်ပြောကာ အားကောင်းနေသည်။
"မတွေ့တာကြာပြီ"
"မတွေ့တာကြာပြီ...."
ထောင်ချီသောစကားလုံးများရှိနေသည့်တိုင် စကားလုံးများနှင့် အတွေးအားလုံးကို ဒီစကားလေးတစ်ခွန်းထဲတွင် စုစည်းထားသည့်အသွင်။
မုဇီရှင်း ယဲ့ချိုးပိုင်ရှေ့ကို ရောက်လာသည်။
ယဲ့ချိုးပိုင် လက်ကိုဆန့်လိုက်သောအခါ မုဇီရှင်းအပြုံးလေးနှင့်အတူ သူမ၏ လှပသွယ်လျသည့် လက်ကလေးနှင့် ဖမ်းကိုင်လိုက်၏။
မုဖူရှန်းနှင့် ဖန်ချန်းတို့ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ရိုးသားစွာ ပြုံးလိုက်ကြသည်။
ဒီအခိုက်အတန့်၌ ရှန်ဖူယန် အနည်းငယ် မျက်မှောင်ကြုတ်သည်။
"သူတကယ်ပဲ ရေခဲပုံဆောင်ခဲစမ်းသပ်မှုကို အောင်မြင်ခဲ့တာလား"
နှင်းခဲဂိုဏ်းချုပ်ပင်လျှင် အနည်းငယ်အံ့ဩသင့်နေရသည်။ သူမအရင်က ရေခဲပုံဆောင်ခဲစမ်းသပ်မှုကို တစ်ခါမှ မကြိုးစားကြည့်ဖူးပါ။
နှင်းခဲဂိုဏ်းရှိ ရှေးဟောင်းစာအုပ်များအရ ရေခဲပုံဆောင်ခဲစမ်းသပ်မှုကို လူတစ်ဦးတည်းသာလျှင် အောင်မြင်ခဲ့ပြီး သူက တည်ထောင်သူဖြစ်သည်။ ထို့နောက်တွင် မရေမတွက်နိုင်လောက်သည့် နှင်းခဲဂိုဏ်း၏ ပါရမီရှင်များ ကြိုးစားခဲ့ကြသော်လည်း အထဲတွင် သေဆုံးသွားခဲ့ရသည်။
"ဇီရှင်း၊ ရေခဲပုံဆောင်ခဲစမ်းသပ်မှုက ဘာဖြစ်သွားတာလဲ၊ နင်ဘယ်လိုအောင်မြင်ခဲ့တာလဲ" နှင်းခဲဂိုဏ်းချုပ် ပူပန်စွာမေးသည်။
မုဇီရှင်း ပထမအဆင့်အနည်းငယ်ကို အတိုချုပ်ရှင်းပြသည်။
ဒါက မရေမတွက်နိုင်လောက်သောသူများကို အံ့ဩစေသည်။
ရေခဲပုံဆောင်ခဲစမ်းသပ်မှုဆိုသည့်အတိုင်းပင်။ မည်သူမှ မကျော်လွှားနိုင်တာ အံ့ဩသင့်စရာမရှိတော့။
"နောက်ဆုံးစမ်းသပ်မှုကရာ"
မုဇီရှင်းနူးညံ့စွာပြောသည်။
"စိတ်ခံစားချက်တွေကို ဖြတ်တောက်ခြင်း"
ဟူး.....!
ဒီစကားလုံးများကိုကြားသောအခါ လူတိုင်းနီးပါး လေအေးများကိုပင် ရှူသွင်းလိုက်မိကြသည်။
ယဲ့ချိုးပိုင်ပင်လျှင် ကြက်သေသေသွားကသည်။
နှင်းခဲဂိုဏ်းချုပ် ခါးသီးသောအပြုံးဖြင့် ခေါင်းခါယမ်းသည်။
"အဲဒါကတကယ်ပဲ စိတ်ခံစားချက်တွေကို ဖြတ်တောက်ခြင်းဖြစ်နေတာပဲ"
သို့စေကာမူ နှင်းခဲဂိုဏ်းချုပ်၏အကြည့်က ယဲ့ချိုးပိုင်နှင့် မုဇီရှင်းတို့၏ ကိုင်ထားသည့် လက်ပေါ်သို့ ကျသွားသောအခါ သူမ အနည်းငယ် ကြက်သေသေသွားကြ၏။
"နင် စိတ်ခံစားချက်တွေကို မဖြတ်တောက်ခဲ့ဘူးလား၊ ဒါဆိုဘာလို့လဲ"
သူမစိတ်ခံစားချက်များကို အတိအကျဖြတ်တောက်ခဲ့ရပေမည်။ ဒီလိုဆိုပါက မည်သည့်အတွက်ကြောင့် ယဲ့ချိုးပိုင်နှင့် ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်နိုင်ရလေသနည်း။
မုဇီရှင်းတည်ငြိမ်စွာပြောသည်။
"အဲဒီကြိုးကြာဖြူက သူပဲ၊ နှင်းမုန်တိုင်းကလည်း သူပဲ၊ ပြီးတော့ နှင်းတောင်တန်းကလည်း သူပဲ"
ဒီနေရာတွင် မုဇီရှင်း ယဲ့ချိုးပိုင်ကို လက်ညိုးထိုးပြသည်။ သူမ၏ပါးကလေးအစုံက အနည်းငယ်နီရဲသွားပြီး မျက်ခုံးချကာ ရှက်ရွှံ့စွာပြောသည်။
"ကျွန်မသူ့ကို ဖြတ်တောက်နိုင်စွမ်းမရှိဘူး"
ယဲ့ချိုးပိုင် မုဇီရှင်း၏လက်ကလေးကို ပူဆွေးစွာဆုပ်ကိုင်ထားသည်။ သူမစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့သော်လည်း ခံစားချက်များကို မဖြတ်တောက်နိုင်ခဲ့ပေ။ သူမဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ကြီးမားသည့် နာကျင်မှုကို ခံစားခဲ့ရပေလိမ့်မည်။
"အဲဒီနောက်မှာ ကျွန်မလက်လျှော့လိုက်ပြီး သေဖို့အတွက် ပြင်ဆင်ထားခဲ့တယ်" မုဇီရှင်းဆက်ပြောသည်။
"ဒါပေမယ့် ရေခဲပုံဆောင်ခဲစမ်းသပ်မှုထဲမှာ ဝိဉာဉ်တစ်ခုပေါ်လာခဲ့တယ်၊ ကျွန်မရဲ့သွေးကြောခန္ဓာက ဒီကျင့်ကြံခြင်းကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် အတော်လေးသင့်တော်တယ်လို့ သူပြောခဲ့တယ်"
"နှစ်များစွာကြာအောင် ရေခဲပုံဆောင်ခဲစမ်းသပ်မှုမှာ ပါ၀င်သူတွေက သွေးကြောနဲ့ ရုပ်ခန္ဓာလိုအပ်ချက်တွေနဲ့ မကိုက်ညီခဲ့ကြဘူး၊ ဒီလမ်းကြောင်းကို ရက်စက်မှုလမ်းစဉ်နဲ့ပဲ လျှောက်လှမ်းနိုင်တာက ၀မ်းနည်းစရာပဲ"
"တခြားနည်းလမ်းမရှိဘူးဆိုတာ ကျွန်မယုံကြည်တယ်၊ ဒါကြောင့်လည်း သူက ကျွန်မကို စိတ်ခံစားချက်လမ်းကြောင်းကို စမ်းကြည့်စေချင်တာပဲ"
ဒါကိုကြားသော် နှင်းခဲဂိုဏ်းချုပ်နှင့် အကြီးအကဲများ ခါးသက်စွာ ရယ်မောလိုက်မိကြသည်။
တကယ်တမ်းတွင် သူတို့၏ပါရမီက အရမ်းအားနည်းလွန်းပြီး သူတို့ထဲကမည်သူမှ ဒီစံနှုန်းနှင့် မကိုက်ညီခြင်းပင်။ ဒါက စမ်းသပ်မှုထဲက စီနီယာများကို မခံမရပ်ဖြစ်စေပြီး စံနှုန်းများကို လျှော့ချပစ်ရုံသာ တတ်နိုင်ခဲ့ကြသည်။
သို့စေကာမူ မုဇီရှင်းပြောဆိုခဲ့သည့် စမ်းသပ်မှုထဲက ဝိဉာဉ်က မည်သူပင် ဖြစ်လေသနည်း။
ရှေးဟောင်းစာအုပ်များ၌ ဘာမှတ်တမ်းမှ မရှိပါ။
"နင်ဖြတ်ကျော်နိုင်ခဲ့ပြီဆိုတော့ ဒါကကောင်းတဲ့ အရာတစ်ခုပဲ" နှင်းခဲဂိုဏ်းချုပ် မုဇီရှင်းအား ပြုံးပြပြီး ခေါင်းညိတ်သည်။
"နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်မှာ နင်အများကြီးရခဲ့တယ်"
"ဒီလိုဆိုရင် နှင်းခဲအစီအရင်ကို ငါနင့်ကို လက်လွှဲပေးခဲ့မယ်"
ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များနှင့် ရေခဲပုံဆောင်ခဲစမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှသာ နှင်းခဲအစီအရင်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ယခုမုဇီရှင်းပြန်လာသောအခါ နှင်းခဲဂိုဏ်း၏ အနိုင်ရရှိနှုန်းက သုညကနေ တစ်ထိကို တိုးသွားသည်။
မုဇီရှင်းခေါင်းညိတ်ကာ ယဲ့ချိုးပိုင်အား ကြည့်ပြီး နူးညံ့စွာပြောသည်။
"အားလုံးပြီးသွားတဲ့အခါကျမှ စကားပြောကြရအောင်နော်"
"ဘာပဲဆိုဆို နှင်းခဲဂိုဏ်းက ငါ့ရဲ့ ကယ်တင်ရှင်ပဲလေ"
ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းညိတ်သည်။
"မင်းဒီလိုလုပ်သင့်တာပါ၊ ဒါ့အပြင် နှင်းခဲဂိုဏ်းက သေဆုံးရမှာမဟုတ်ပါဘူး၊ ဂျူနီယာညီလေးမုလည်း ဒီမှာရှိနေတယ်လေ"
မုဖူရှန်း သူတို့နောက်တွင် မျက်လုံးလိမ့်လိုက်မိသည်။
ဒီအခြေအနေရပ်တွင် သူတို့ကိုကူညီပေးရမယ်ဆိုတာ သူသိပါသည်။
ဖန်ချန်းကလည်းပြုံးရင်း မုဖူရှန်းပခုံးကို ပုတ်သည်။
"စီနီယာအစ်ကိုမု၊ ကျွန်တော်တို့ အစ်ကိုရဲ့ခွန်အားကို အားကိုးရဦးမယ်"
ဘေးတွင်ရှိနေသည့် ကျန်းချင်းလန်မှာ သူတို့၏ စကားလုံးများကို ကြားသောအခါ စိတ်ရှုပ်ထွေးသွားရသည်။
သူကရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်တွေကိုတောင် မစမ်းကြည့်ရဲဘူးလေ၊ သူ့ကို အားကိုးရဦးမယ်ဆိုတာက ဘာကိုပြောချင်တာလဲ!
အပိုင်း(1058) coming။