ဝိညာဉ်ချုပ်နှောင်ခြင်း
Vol. 2 Ch. 29
သွေးဝံပုလွေသည် ယွဲ့ဝူယောင်ကို သူ၏ လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည့်အချိန်တွင် သူ၏ လက်သည်းများ ပူလောင်လာသည် ကို ခံစားမိလိုက်သည်။ မျက်မှောင်ကြုပ်ပြီးကြည့်လိုက်သည့်နောက် သူရှေ့တွင် သူနှင့် တန်းတူနီးပါးရှိသည် အနီရောင်ကျားတစ်ကောင်ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုကျားမှာ ကောင်းကင်ကျား ချီဟူ ဖြစ်ပေတော့သည်။
သူသည် လုရှင်းယန်၏ ဝိညာဉ်ပင်လယ်ထဲတွင် အိပ်ကာ စွမ်းအားစုစည်းနေခြင်းဖြစ်သည်။ ထို့ကြောင့် လုရှင်းယန်သည် နှိုးပြီးနောက် တိုက်ခိုက်ခိုင်းလိုက်ခြင်းဖြစ်သည်။
ချီဟူသည် ချက်ချင်းပင် သူပါးစပ်မှ စွမ်းအင်များ စုစည်းကာ မီးလုံးကြီး ထုတ်ဖော်လိုက်သည်။ ထို့နောက် သွေးဝံပုလွေဆီသို့ ပစ်လွှတ်လိုက်လေသည်။
“အဆင့်တူပေမဲ့ ငါ့ထက် စွမ်းအား အများကြီးနိမ့်ကျတဲ့ သားရဲပဲ” သွေးဝံပုလွေသည် ထိုသို့ တွေးလိုက်မိသည်။ သို့သော် အထင်မသေးရဲချေ။ ထို့ကြောင့် သူသည် သွေးစွမ်းအင်များထုတ်ဖော်ပြီးနောက် သူ၏ ပါးစပ်တွင် စွမ်းအင်အရည်များ စုစည်းလာပြီး ပြန်လည်ပစ်လွှတ်လိုက်သည်။ သူ၏ စွမ်းအင်များပြားစွာသုံးစွဲပြီး ထုတ်ပေါ်လိုက်သည့် နည်းစနစ်ဖြစ်သည်။
“သွေးဖောက်ခွဲခြင်း”
သို့သော် မထင်မှတ်ထားသည်များ ဖြစ်လာခဲ့သည်။ ချီဟူ မီးဘောလုံးသည် လမ်းတစ်ဝက်မှာတင် ဟွမ်းကို တိုက်ခိုက်ခဲ့သည့်အတိုင်း မီးပန်းများအဖြစ်ပြောင်းလဲသွားသည်။
“ဘုန်း...”
သို့သော် သွေးဝံပုလွေ၏ သွေးစွမ်းအင်များသည် ချီဟူကို ထိမှန်သွားခဲ့သည်။ ကြီးမားသည့် ပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြီး ချီဟူသည် ချက်ချင်းပင်လွင့်စင်သွားကာ သတိလစ်သွားခဲ့သည်။ ထိုအပြင် သူခန္ဓာကိုယ်လိမ့်သွားသည့် လမ်းတစ်လျှောက် မြေပြင်များ အက်ကွဲကုန်သည်။
သွေးဝံပုလွေ “...”
ထျယ်ရှန်းနှင့် လျှိုမင်ယွမ် “...”
“ဒုတိယအစ်ကို ကျုပ်တို့ မသေခဲ့ရင် အဲ့ကျားကို ပိုင်းလိုက်ကြစို့”
ပိုင်ကျန့်ယွီသည် အလေးနက်ပြောလိုက်သည်။ လုရှင်းယန်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ အရင်အချိန်များတွင် ပိုကျန့်ယွီသည် ကင်စားချင်သည်ပြောသော်လည်း သူသည် ဝင်တားဆီးပေးရသည်။ သို့သော်ယနေ့တွင်တော့ သူကိုယ်တိုင်ပင် ကင်ချင်နေခဲ့သည်။
ကောင်းကင်ကျားသည် သူတော်စင် အဆင့်ရောက်နေသော်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ပေ။ ထို့အပြင် အခြားသူတော်စင်သားရဲမျှားနှင့်ယှဉ်လျှင် အားနည်းလှ၏။
ထို့နောက် ယွဲ့ဝူယောင်သည် ထလာပြီးနောက် လျှင်မြန်စွာပင် သွေးဝံပုလွေ အနီးသို့ ထပ်မံချဉ်းကပ်လာသည်။
သွေးဝံပုလွေသည် အံ့ဩသွား၏ အခြေတည်ဝိညာဉ်အဆင့်လေးက ဤမျှလောက် မာကျောမည်မှန်း မထင်ထားခဲ့ချေ။
ထို့နောက် သွေးဝံပုလွေ၏ လက်ကိုခုတ်ပိုင်းရန်ပြင်လိုက်ပြန်သည်။
“ဒီအကွက်ပဲ လာပြန်ပြီလား” သွေးဝံပုလွေသည် စိတ်မရှည်တော့ပေ။ ထို့ကြောင့် အားပြင်းပြင်း သုံးကာ ရိုက်ချလိုက်သည်။
“ဝုန်း...”
သူ၏ ရိုက်ချက်ကြောင့် မြေပြင်တစ်ခုလုံးကြေမွသွားခဲ့သည်။ သို့သော် ယွဲ့ဝူယောင်ရှိမနေချေ။ သွေးဝံပုလွေမျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက်သူမသည် အခြားဘက်မှ ပေါ်လာတော့မည်ကို သိလိုက်သည်။ ချက်ချင်းပင် ဘက်ပြောင်းက တိုက်ခိုက်လိုက်သည်။
“ဝိညာဉ်ချုပ်နှောင်ခြင်း”
ဤနည်းစနစ်သုံးလိုက်သူမှာ လျှိုမင်ယွမ်ဖြစ်သည်။ သူသည် ရွှေအမြူတေအဆင့်သာ ရှိသေးသောကြောင့် သူတော်စင်အဆင့် သားရဲပေါ်တွင် များစွာ မသက်ရောက်ချေ။ သို့သော်လုံလောက်ခဲ့၏။
သို့ပေမဲ့လည်း သူတော်စင်အဆင့် စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်ခြင်းကြောင့် သူ၏ ဝိညာဉ်သည်လည်း ပြင်းထန်စွာ နာကျင်သွားရသည်။ ထို့နောက် သွေးများ အန်ထွက်လာသည်။
“မင်ယွမ်..” လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် ဖေးမပေးထားရသည်။ မဟုတ်လျှင် လဲကျသွားတော့မည်ဖြစ်သည်။
လျှိုမင်ယွမ်၏ တိုက်ခိုက်မှုကြောင့် သွေးဝံပုလွေသည် မည်သို့မျှမဖြစ်ခဲ့သော်လည်း အနည်းငယ်တုံနှေးသွားခဲ့သည်။ ထိုအခွင့် ယွဲ့ဝူယောင်သည် ချက်ချင်းပင် သူ၏ အခြားတစ်ဖက်မှ ပေါ်လာခဲ့ပြီး သူမ၏ ဓားနှင့် သွေးဝံပုလွေ၏ အခြားလက်တစ်ဖက်ကို ထိုးစိုက်လိုက်သည်။ ထို့နောက် သူမသည် နောက်သို့ ဆုတ်သွားခဲ့ရသည်။ ထို့ပြင် လဲကျလုမတက် ဖြစ်နေလေသည်။ သွေးဝံပုလွေနှင့် ခဏတာသာ တိုက်ခိုက်ရသေးသော်လည်း အဆင့်ကွာခြားချက်ကြောင့် အလွန်ပင် ပင်ပန်းနေသည်။ ဤတိုက်ချက်ကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်သည် ကုန်လုနီးပါးဖြစ်သွားခဲ့ရသည်။
“အား...”
သွေးဝံပုလွေသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ထို့နောက် ထိုခရမ်းရောင်ရေခဲဓားကို ရိုက်ချလိုက်သည်။ သို့သော် ရေခဲစွမ်းအင်များသည် ဒဏ်ရာ အတွင်းမှ သွေးကျောများ ထဲ အထိသို့ စီးဝင်သွားသည်။ သူ၏ သွေးကျောများ ခဲလုမတက်ဖြစ်လာခဲ့သည်။ ထို့နောက် သူသည် ဝိညာဉ်စွမ်းအင် သုံးကာ ရေခဲ ဓာတ်များ ဖယ်ရှားရန် ကြိုးစားလိုက်သည်။ ယွဲ့ဝူယောင်သည် စွမ်းအင်ကုန်လုနီးပါးထိ ထုတ်သုံးကာ သူ၏ သွေးကြောများ ခဲအောင် လုပ်ဆောင်ခဲ့သည်။
သို့သော်ဖယ်ရှား၍ မရပေ။ သွေးကြောများထဲသို့ လျင်မြန်စွာစီးဝင်နေခြင်းကြောင့် သွေးဝံပုလွေ ပြတ်ပြတ်သားသား သူ့၏ လက်ကို ခုတ်ဖြတ်လိုက်သည်။ ထို့ကြောင့် သူ၏ လက်သည်းများတွင် သူ၏သွေးများ စွန်းထင်းသွားသည်။ အခြေတည်ဝိညာဉ်အဆင့် မိန်းကလေးသည် သူ့အားလတ်တစ်ဖက် ဆုံးရှုံးအောင် လုပ်နိုင်ခဲ့သည်။
“မင်းခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်မယ်”
သွေးဝံပုလွေ၏ မျက်လုံးများနီရဲလာခဲ့သည်။ ဒေါသတကြီးကြုံးဝါးလိုက်သည်။ ထို့နောက် သူ၏ သွေးများ စွန်းထင်းနေသည့် လက်သည်းဖြင့် ယွဲ့ဝူယောင်ကို အဆုံးသတ်ရန်ပြင်ဆင်လိုက်သည်။ ထိုလက်တွင် သွေးစွမ်းအင်များစွာ ဖြစ်တည်လာပြီးနောက် ယွဲ့ဝူယောင်ရှေ့ ချက်ချင်းပေါ်လာခဲ့သည်။ ထို့နောက် သူမ၏ လည်ပင်းကို ထိုးခွဲလိုက်သည်။ ယွဲ့ဝူယောင်တွင် ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါးဖြစ်နေသည်။ထို့ပြင် ရှောင်တိမ်း၍လည်းမရနိုင်တော့ချေ။
“အစ်မကြီး” သုံးဦးသားသည် အော်ဟစ်မည်ကျွေးရင်း သူမအနီးသို့ ပြေးလာခဲ့ကြသည်။ ထျယ်ရှန်းသည်လည်း အလွန်ပင် စိတ်မကောင်းဖြစ်သွားခဲ့သည်။
ယွဲ့ဝူယောင်သည် ပြေးလာကြသည့် သူမ၏ ဂျုနီယာ မောင်လေးတွေကို ပြုံးကာ ကြည့်လိုက်သည်။
သွေးဝံပုလွေ၏ လက်သည်းများသည် ယွဲ့ဝူယောင်၏ ကျော့ရှင်းလှပသည့် လည်တိုင် အနားရောက်ခါနီးတွင် သူ၏ လက်များရပ်တန့်သွားခဲ့ရသည်။ ရှေ့ဆက်တိုး၍ မရတော့ချေ။
“ငါ့တပည့်တွေကို အနိုင်ကျင့်ဖို့ ဘယ်သူက သတ္တိပေးထားတာလဲ” တည်ငြိမ်ပြီး စူးရှလှသည့်အသံ ထွက်ပေါ်လာခဲ့သည်။
“ဆရာ...” ပြေးလာနေသည့် လုရှင်းယန်တို့ ပျော်လွန်း၍ မျက်ရည်များပင် ကျဆင်းလာခဲ့သည်။
“ဆရာ..” ယွဲ့ဝူယောင်၏ ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာလေးသည် အရောင်တောက်လာပြီး သူမ၏ လှပလွန်းသည် မျက်လုံးအစုံသည် မျက်ရည်များဝိုင်းလာခဲ့သည်။
“ဒီလိုအမှိုက်ကို လက်တစ်ဖက် ပြတ်သွားအောင်လုပ်လိုက်နိုင်တာ အရမ်းတော်တယ်” ဟွမ်းသည် သူမအနီးရောက်လာပြီး ခေါင်းလေးပုတ်ကာပြောလိုက်၏။
သွေးဝံပုလွေသည် သူအား အမှိုက် ဟု ခေါ်ခံရခြင်းကြောင့် ဒေါသပိုထွက်လာခဲ့သည်။ ထို့ကြောင့် သူ၏ လက်ကို ရုတ်သိမ်းလိုက်ပြီး ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်သည်။
သို့သော် သူလေပေါ်သို့ လွင့်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူလက်ရုတ်လိုက်သည့် အချိန်ကတည်းက ဟွမ်းသည် သူ့ဝမ်းဗိုက်အား လက်ဝါးဖြင့်ရိုက်လိုက်ခြင်းဖြစ်သည်။ သူသည် မည်သို့အရိုက် ခံလိုက်ရသည်မှန်း မသိအောင်ပင် မြန်ဆန်လွန်းလှသည်။
“အား..” သူသတိဝင်သည့်အချိန်တွင်တော့ သူ၏ ကိုယ်တွင်းအင်္ဂါများ တစ်စစီ ဖျတ်စီးခံထားရသည့်အလား အလွန်မင်း နာကျင်နေသည်။ ထို့ကြောင့် မြေပြင်တွင် လှုးလိမ့်နေရသည်။
ဟွမ်းသည် လှည့်မကြည့်ပေ။ သူတပည့်များကို ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းပေးနေသည်။
“မင်းတို့ အားလုံးတော်ကြတယ်” ဟွမ်းသည် ချီးကျူးလိုက်သည်။
“ဆရာရောက်နေတာကြာပြီလား” လုရှင်းယန်သည် မျက်လုံးပြူးကာ မေးလိုက်သည်။
“သိပ်မကြာသေးပါဘူး မင်းတို့စတိုက်တုန်းကမှရောက်တာ” ဟွမ်းသည် လေသံ အတက်ကျ မရှိတည်ငြိမ်စွာပြောလိုက်၏။
တပည့်များ “...”
“မဟုတ်ရင် မင်းတို့ ဒီလောက် ချစ်ခင်စည်းလုံးနေတာကို မြင်ရမှာမဟုတ်ဘူးလေ” ဟွမ်းသည် ပြေားရင်း ထျယ်ရှန်း ကိုယ်ထဲ ဝိညာဉ်စွမ်းအင်များ သွင်းပေးလိုက်သည်။
“မင်းအင်းအားက မဆိုးဘူး”
‘ဒီစီနီယာက အတော်သန်မာတာပဲ’
“ကျေးဇူးတင်ပါတယ် စီနီယာ” ထျယ်ရှန်းသည်ပြောလိုက်၏။
ဟွမ်းသည် သတိလစ်နေသည့် ကောင်းကင်ကျားကို ကြည့်ကာ ခေါင်းရမ်းလိုက်မိသည်။ ထို့နောက်ဝိညာဉ်စွမ်းအင်သွား ထည့်သွင်းပေးလိုက်သည်။ ကောင်းကင်ကျားသည် နိုးနိုးချင်း အသွင်ပြောင်းကာ လုရှင်းယန်၏ ဝိညာဉ်ပင်လယ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ သူသည် ရှက်လွန်း၍ မျက်နှာ မပြရဲခြင်းဖြစ်သည်။
ထိုအချိန်တွင် ရှဲ့လန် အပြေးအလွားရောက်လာသည်။
“အသက်ရှင်ကြသေးတယ်” ရှဲ့လန်သည် မောပန်းကြီးစွာပြောလိုက်၏။ သူသည် ဤနေရာသို့ ရှိသမျှ အားအင်သုံးကာ အပြေးလာခဲ့ခြင်းဖြစ်သည်။
ဟွမ်းနှင့်တပည့်များ “...”
“ဆရာရောရောက်လာတာလား” ထျယ်ရှန်းသည့် အံ့ဩစွာပြောလိုက်သည်။
‘သူများတွေ ဆရာများ လှတပတ စတိုင်ကျကျနဲ့ ပေါ်ထွက်လာတာ၊ ငါဆရာကျ ဖရိုဖရဲနဲ့’
“ဒီမှာ သူတော်စင် သားရဲရှိတာဆို ဘယ်မှာလဲ” ရှဲလန်သည် အမောမပြေသေးသည့်ဟန်ဖြင့်မေးလိုက်၏။
နာကျင်မှုကြောင့် လှုးလိမ့်နေသည့် သွေးဝံပုလွေရှိရာသို့ လက်ညိုးထိုးပြလိုက်၏။
ရှဲ့လန် “...”
‘ဘာတွေဖြစ်သွားတာတုန်း’
ခုမှ ဟွမ်းနှင့် သူတပည့်များကို မြင်ပြီးသဘောပေါက်သွားလေသည်။
“ကျုပ်တပည့်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်စီနီယာ” ရှဲ့လန်သည် လေးစားစွာ အရိုသေပြုလိုက်သည်။
ဟွမ်းသည် စိတ်မဝင်စား၊ သွေးဝံပုလွေလှုးလိမ့်နေသည့် နေရာသို့ သွားလိုက်သည်။
“ဟန်ဆောင်မနေနဲ့တော့...” ဟွမ်းသည် ဆက်ကန်လိုက်သည်။
သွေးဝံပုလွေ “...”
“ကျုပ်ကို သက်ညှာပေးပါ အရှင်” သွေးဝံပုလွေသည် အသည်းအသန် တောင်းဆိုလိုက်သည်။
“မင်းက ရှင်သန်ဖို့ အခွင့်ရေးမရှိဘူး၊ လူသားတွေကို သတ်ပြီး သွေးစွမ်းအင်စုစောင်းနေကတည်းကပေါ့”
ထိုသို့ပြောလိုက်ပြီးနောက် အနက်ရောင်မီးတောက်များဖြင့် သွေးဝံပုလွေ၏ ခန္ဓာကိုယ်သည်လောင်ကျွမ်းသွားသည်။ သွေးဝံပုလွေသည် အော်ချိန်မရလိုက်ချေ။ အလင်းမှုန်များ အဖြစ်ပျောက်ကွယ်ကာ သေဆုံးသွားတော့သည်။ ဝိညာဉ်ပါ မကျန်ချေ။ ထိုသွေးဝံပုလွေသည် နောက်လိုက်ဝံပုလွေသုံးကောင်ကို လူသားများအားဖမ်းခေါ်စေကာ သွေးစွမ်းအင်များစုဆောင်းခဲ့ခြင်းဖြစ်သည်။
ထိုအနက်ရောင်မီးတောက်သည် လုရှင်းယန် မီးတောက်ကဲ့သို ပူလောင်မှုကို မခံစားရချေ။
ရှဲ့လန်နှင့် လူငယ်လေးများသည် အလွန်ပင် အံ့ဩသွားကြသည်။ ထိုသို့အရာမျိုး မမြင်ဖူးခဲ့ချေ။
လုရှင်းယန်သည် မီးတောက်ကျင့်ကြံသူအနေဖြင့် ပို၍ပင် အံ့ဩသွားသည်။ လုရှင်းယန်သည် မနေနိုင်၊ မေးလိုက်၏။
“ဆရာ အဲ့ဒါ ဘာမီးတောက်လဲ”
“အနက်ရောင်မီးတောက်လေ”
အားလုံး”...”
‘မီးတောက်က အနက်ရောင်မို့ အနက်ရောင်မီးတောက်လို့ ခေါ်လိုက်တာလား’
“လူအိုကြီးတစ်ယောက်က ဝိညာဉ်လောင်ကျွမ်းခြင်းမီးတောက်လို့ ခေါ်ခိုင်းတယ် ဆရာက ခေါ်ရတာ အလုပ်ရှုပ်လို့ အနက်ရောင်မီးတောက်လို့ပဲ ခေါ်လိုက်တာ” ဟွမ်းသည် ရှင်းပြလိုက်၏။
အားလုံး”...”
“မြို့ကိုပြန်ကြမယ်” ဟွမ်းသည် ဦးဆောင်က ထွက်သွားလိုက်သည်။ တပည့်များသည်လည်း နောက်မှ တန်းစီလိုက်သွားကြသည်။
“ဒီစီနီယာရဲ့ စွမ်းအားက ခန့်မှန်းလို့ကို မရဘူး” ရှဲ့လန်သည် တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူတို့သွားရာနောက်သို့ လိုက်သွားခဲ့သည်။ ဟွမ်းသည် တပည့်များ ပါသောကြောင့် အေးဆေးစွာ လမ်းလျှောက်၍ ထိုက်ရွှမ်မြို့ကို ပြန်သွားကြသည်။