← Chapters

သွေးစတေးခြင်း

Vol. 2 Ch. 30

သွေးစတေးခြင်း

Vol. 2 Ch. 30

ထိုက်ရွှမ်မြို့ အပြန်လမ်းတွင် ဆရာနှစ်ဦးနှင့် တပည့်ငါးဦးတို့သည် တိတ်တဆိတ်သာ သွားနေတကြသည်။ ထိုတိတ်ဆိတ်မှုကို ရှဲ့လန်သည် ဖြိုခွင်းလိုက်၏။

“စီနီယာ က တစ်ခြားနယ်မြေကလာတာလား” ရှဲ့လန်သည် သိချင်စိတ်ဖြင့်မေးလိုက်၏။ သူသည် ဟွမ်းအကြောင်းစုံစမ်းခဲ့သော်လည်း ‘လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ထိုက်ရွှမ်မြို့ရောက်လာတယ်’ ဆိုတာကလွဲပြီး ဘာမျှ မသိရချေ။

“ဆိုပါတော့ ပြသနာရှိလို့လား” ဟွမ်းသည် သာမန်ကာလျှံကာဖြေလိုက်သည်။

“မ..မရှိပါဘူး ကျုပ်က အနည်းငယ်သိချင်ယုံပါ၊ စီနီယာ လိုအပ်ရင် အခုနေတဲ့အိမ်တော် ထက်ပိုကောင်းတဲ့ အိမ်တော်တစ်ခုမှာ နေထိုင်ဖို့ ကျုပ်စီစဉ်ပေးပါ့မယ်” ရှဲ့လန်သည် ဟွမ်းနှင့် ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ရန် ကြိုးစားလိုက်၏။

“မလိုပါဘူး၊ အော်...ဒါနဲ့ မြို့ထဲမှာ မီးစွမ်းအင် ကောင်းတဲ့ လေ့ကျင့်ရေးနေရာရှိလား” ဟွမ်းသည် လုရှင်းယန် အတွက် မေးမြန်းလိုက်သည်။

“စီနီယာ မီးစွမ်းအင် ကျင့်ကြံသူက နည်းတော့ မြို့ထဲမှာတော့ မရှိပါဘူး” ရှဲ့လန်သည် အားတုံ့အားနာဖြင့်ပြောလိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွားသည့် ပုံစံဖြင့်ပြောလိုက်သည်။

“ဒါပေမဲ့ မီးစွမ်းအင် ကောင်းတဲ့ နေရာ တစ်ခုတော့ ရှိတယ်၊ အဲ့ဒါက လင်းယွမ် နယ်မြေရဲ့ အနောက်ဘက်ပိုင်းမှာပါ၊ ဟော်ယန်တောင် ပါ”

“ကောင်းပြီ..” ဟွမ်းသည်အသိမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

လုရှင်းယန်၏ မျက်လုံးများသည် တောက်ပလာသည်။ သူ့အနေနှင့် မီးစွမ်းအင် ကောင်းသည့် ကျင့်ကြံရေးနေရာ တစ်ခုလိုအပ်နေသည်မှာ အမှန်ပင်။

….

ချီယင်းအိမ်တော်တွင်

“အဲ့လိုတွေ ဖြစ်ခဲ့တာလား” သက်လက်ပိုင်းအရွယ်လူကြီးသည် ချုးယွီဟွာပြောသည်များကို တအံ့တဩနားထောင်ရင်း သူ၏ မျက်နှာ အမူယာသည် မျိုးစုံပြောင်းလဲနေသည်။ သူသည် ချုးယွီဟွာ၏ ဖခင် ချီယင်းအိမ်တော်သခင် ချုးထန် ဖြစ်သည်။ အိမ်တော်၏ ဧည့်ခန်းမထဲတွင် သူတို့ သားအဖ နှစ်ဦးသာရှိနေ၏။

“ဒီကောင်လေး ဒီလိုမျိုးတွေ အထိ ဖြစ်သွားခဲ့မယ်လို့မထင်ထားခဲ့ဘူး” ချုးထန်သည် သက်ပျင်းချကာပြောလိုက်၏။ သူသည် ဟေးကျန့်ကို အတော်လေးသံယောဇဉ်ရှိခဲ့သည်။ သူသည် ဟေးကျန့်ကိုကာကွယ်ရန်လည်း ကြိုးစားခဲ့သည်။ သို့သော် ဟေးကျန့်သည် အမှောင်စိတ်ဖုံးသွားပြီးနောက် အရာအားလုံးပြောင်းလဲသွားခဲ့သည်။

“အဲ့ဒီ စီနီယာကရော ဘယ်သူလဲ ရှောင်ဟွာ၊ သမီးကို ကယ်ခဲ့ပေးလို့ ကျေးဇူးတင်စကားသွားပြောရအောင်” ချုးထန်သည် တဆက်တည်းမေးလိုက်၏။

“သူ့နာမည်က ဟွမ်းတဲ့၊ မြို့ရဲ့ အိမ်တော်ခန်းမကနေ အိမ်တော်တစ်ခုငှားထားတယ်တဲ့၊ ပါရမီရှင် တပည့်လေးယောက်လဲ ရှိသေးတယ်၊ တစ်ခြားတော့ ဘာမှ မသိသေးဘူး” ချုးယွီဟွာသည် ဟွမ်းအကြောင်းပြောရာတွင် သူမ၏ မျက်လုံးများ အရောင်လက်နေ၏။ ထိုအချင်းရာကို ချုးထန် လည်းသတိထားမိသွား၏။

ချုးထန် “...”

“ပြီးတော့ ချီယင်းအိမ်တော်နဲ့ အလုပ်ကိစ္စ ပူးပေါင်းမယ်လို့တော့ပြောသွားသေးတယ်” ချုးယွီဟွာသည် မသေချာသည် လေသံမျိုးဖြင့်ပြောလိုက်၏။

“ဒါဆိုရင်တော့ ကောင်းတာပဲ၊ အဖေတို့ မနက်ဖြန်ကျ အဲ့ဒီအိမ်တော်ကို သွားကြတာပေါ့” ချုးထန်သည် ထိုသို့ပြောပြီးနောက် ထွက်ခွာသွား၏။

ချုးယွီဟွာသည် သူမဖခင်၏ စကားကြောင့် အလွန်ပျော်သွား၏။ ခနအကြာတွင် အတွေးထဲ နစ်မြောသွားသည်။ ဘာတွေးနေမည်ဆိုတာတော့ သူမသာ သိပေလိမ့်မည်။ သူမ၏ ပုံစံကို ချုးထန်သည် တံခါးပေါက်မှ လှည့်ကြည့်ရင်း အသာခေါင်းယမ်းမိလိုက်သည်။

…

လင်းယွမ်နယ်မြေ၏ မှောင်မိုက်ပြီး ချောင်ကျသည့်နေရာတစ်ခုတွင် လူသုံးဦးသည် တိတ်တဆိတ်ဆွေးနွေးနေကြသည်။ မှောင်လွန်းနေသောကြောင့် သူတို့၏ မျက်နှာများကို သေချာ မမြင်ရပေ။

“ရွှယ်အာ မင်း နတ်ဘုရင် အဆင့်ရောက်သွားပြီ” ထိုစကားပြောလိုက်သူမှာ မော့ယီ ဖြစ်သည်။

“ဟုတ်တယ် အကိုကြီးတို့ ကျွန်မတို့ အိမ်ပြန်ဖို့ နီးစပ်လာပြီလား” မော့ရွှယ်အာသည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။ သူမ၏ အသံသည် သေးငယ်ပြီး အလွန်ပင် ချိုသာလွန်းသည်။

“ဒီကုန်းမြေကဝိညာဉ်စွမ်းအင် နည်းပါးလွန်းတယ်၊ အစ်ကိုကြီးတို့က မူလ အဆင့်ပြန်ရောက်ဖို့ ဆိုရင် နှစ်တစ်သိန်းလောက် စောင့်ရလိမ့်မယ်၊ အဲ့ဒါကြောင့် အကိုကြီးတို့ စဉ်းစားထားတာရှိတယ်” မော့ယီသည် ဝမ်းနည်းသည့်လေသံဖြင့်ပြောလိုက်သည်။

“အခု ရွယ်အာက နတ်ဘုရင် အဆင့်ကိုရောက်ပြီလေ၊ ဒီကုန်မြေကြီးကနေထွက်ဖို့ဆိုရင် အဆင့် နှစ် နတ်အင်ပါယာ ဖြစ်ဖို့လိုတယ်၊ အဲ့ဒါကြောင့် အကိုကြီးတို့က ရွှယ်အာကို နတ်အင်ပါယာ အဆင့်ကို ရောက်အောင်လုပ်ပေးမလို့” ယခုပြောလိုက်သူမှာ မော့ရှဲ့ဖြစ်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” မော့ရွှယ်အာသည် မယုံနိုင်သည့် လေသံဖြင့် အံ့ဩစွာပြောလိုက်သည်။

“ဒါပေါ့...တစ်ခြားသူတွေ အတွက်တော့ မဖြစ်နိုင်ဘူးလေ..ဒါပေမဲ့ အကိုကြီးတို့လို နတ်ဆိုးမျိုးနွယ်ကတော့ ဖြစ်နိုင်တယ်” မောယီသည်ထိုသို့ပြောပြီးနောက် မော့ရှဲ့ကို ကြည့်လိုက်သည်။ မော့ရှဲ့သည် ချက်ချင်း ဝိညာဉ်စွမ်းအားထုတ်သုံးလိုက်သည်။

ထို့နောက် မော့ရွှယ်အာ အနီးတွင် အနီရောင်ဝိညာဉ် ချိန်းကြိုးများပေါ်ထွက်လာသည်။ ထိုချိန်းကြိုးများသည် မော့ရွှယ်အာ၏ လက်နှင့် ခန္ဓာကိုယ်ကို ချက်ချင်းတုပ်နှောင်ပြီးသားဖြစ်သွားသည်။

“အစ်ကိုကြီးတို့ ဒါဘာလုပ်တာလဲ” မော့ရွယ်အာသည် လွန်စွာထိန့်လန့်သွားပြီး မကောင်းသည့် ခံစားချက်များရလာသည်။

“ဒါကို နတ်ဆိုးသွေးစတေးခြင်းလို့ခေါ်တယ်” မော့ယီသည် ချက်ချင်းပင် လက်ပုံစံ တစ်ခု ဖော်ထုက်လိုက်သည်။ မော့ရှဲ့လည်း ထိုအတိုင်း လုပ်လိုက်သည်။

သူတို့၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ အစိမ်းရောင် အလင်းများ ပေါ်ထွက်လာသည်။ ထို့အလင်းများသည် မော့ရွှယ်အာ၏ ရှေ့တွင် လာရောက်စုဝေးလာသည်။ ထိုသွေးစတေးခြင်းသည် စွမ်းအင် လွဲပြောင်းပေးခြင်းနှင့်ဆင်တူသည်။ သို့သော်သာမန် စွမ်းအင်လွှဲပြောင်းခြင်းထက် များစွာရက်စက်သည်။ သွေးစတေးခြင်းကို အသုံးပြုလိုက်သူသည် သူတို့၏ စွမ်းအင်များကို သူတို့သေဆုံးသည်အထိ စုစည်းလွှဲပြောင်းရခြင်းဖြစ်သည်။ ထို့ပြင် သူတို့ လွှဲပြောင်းလိုက်သည့် သူသည်လည်း မည်သည့် ဆိုးကျိုးမျှ မခံစားရပဲ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။

“အကိုကြီးတို့ ရပ်လိုက်၊ ရွှယ်အာက နတ်အင်ပါယာ အဆင့်လဲ မရောက်ချင်တော့ဘူး၊ အိမ်လဲ မပြန်ချင်ဘူး” သူမသည် အော်ဟစ်ကာ ရပ်တန့်ခိုင်းလိုက်၏။

သို့သော် ထိုသူနှစ်ဦးသည် မရပ်တန့်ပေ။

“ရွှယ်အာ နတ်ဘုရင် အဆင့်ရောက်သွားပြီဆိုတော့၊ ဒီကုန်းမြေမှာ ရွှယ်အာကို အနိုင်ကျင့်နိုင်မဲ့သူ၊ အတော်နည်းသွားပြီ၊ ဒါကြောင့် အကိုကြီးတို့က ရွှယ်အာရသင့်တာတွေကို ပြန်ပေးဖို့ ဒီလိုဆုံးဖြတ်လိုက်တာ” မော့ရှဲ့သည် ပြတ်သားစွာပြောလိုက်၏။

“ရပ်လိုက်ပါ၊ စွမ်းအားတွေမလိုချင်ဘူး၊ အကိုကြီးတို့ မရှိတော့ရင် စွမ်းအားတွေ ရှိနေလဲ ဘာလုပ်ရမှာလဲ” သူမသည် ငိုယိုကာ ပြောနေ၏။ သို့သော် သူမကို ချုပ်နှောင်ထားသောကြောင့် မလှုပ်နိုင်ပေ။

“ရွှယ်အာ သေချာနားထောင်ပါ၊ မထင်မှတ်ထားတဲ့ အဖြစ်ပျက်ကြောင့် အကိုကြီးတို့ရဲ့ နတ်ဆိုး မျိုးနွယ်က ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်ခဲ့ရတယ်၊ ကောင်းကင်ဧကရာဇ်ရဲ့ အကူညီ ပေးမှုကြောင့်သာ အကိုကြီးတို့ လွှတ်မြောက်လာခဲ့တာ၊ အဲ့ဒီလူရဲ့စွမ်းအားက ကြောက်စရာကောင်းလွန်းတယ်၊ ကောင်းကင်နန်းတော်က လူတွေတောင် အတော်လေးဒုက္ခများခဲ့တာ၊ ပြီးတော့ အဲ့ဒီဖြစ်ရပ်ကြောင့် အကိုကြီးတို့ရဲ့ နတ်ဘုရား အမြူတေက အတော်လေး ပျက်စီးနေပြီ၊ အဲ့ဒါကြောင့် အကိုကြီးတို့ရဲ့ လက်ကျန်စွမ်းအားတွေကို သန့်စင်ပြီး ရွှယ်အာဆီပေးခဲ့မယ်” မော့ယီသည် အတိကျရှင်းပြခြင်းမရှိခဲ့ချေ။ အဓိကအကြောင်းရင်းများသာပြောလိုက်သည်။

“ရွှယ်အာ ဒီကုန်းမြေက ကောင်းကင်နန်းတော်ရဲ့ လက်အောက်မှာရှိတယ်၊ တစ်နေ့ မင်းဒီကုန်းမြေကထွက်သွားနိုင်ခဲ့ရင် ကောင်းကင်နန်းတော်ကိုသွားပါ၊ ကောင်းကင်ဧကရာဇ်က မင်းအတွက် ရာထူးတစ်ခုပေးလိမ့်မယ်၊ မင်းစိတ်ထဲ မရှင်းတဲ့အရာတွေလဲ ရှင်းသွားလိမ့်မယ်” မော့ယီသည် ထိုသို့ပြောပြီးနောက် သူနှင့် မော့ရှဲ၏ ခန္ဓာကိုယ်က စတင်ဝေဝါးလာခဲ့သည်။

“ဒီစွမ်းအားတွေကို အကိုကြီးတို့က သန့်စင်ပေးထားပြီးသားမို့ နည်းနည်းချင်းစုပ်ယူပြီး နတ်အင်ပါယာ အဆင့်ရောက်အောင်တက်ပါ၊ ရွှယ်အာရဲ့ အရည်ချင်းနဲ့ဆို နှစ်အနည်းငယ်ပဲကြာလိမ့်မယ်၊ အကိုကြီးတို့က ရွှယ်အာကို ဒီလောက်ထိပဲ ကာကွယ်နိုင်တော့မယ်၊ ပြီးတော့ အကိုကြီးတို့ ပြောတာတွေမှတ်ထားပါ၊ ကောင်းကင်နန်းတော်ကို မရောက်မချင်း နတ်ဆိုးစွမ်းအင်ကို မသုံးနဲ့၊ မတက်သာတဲ့ အချိန်မှပဲ သုံး၊ ကောင်းကင်နန်းတော်မှာ ရာထူးတစ်ခုရမှ ရွှယ်အာရဲ့ ဘဝက အေးဆေး နေနိုင်မှာ” မော့ရှဲ့ထိုသို့ပြောပြီးနောက် သူတို့သည် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် မော့ရွှယ်အာရှေ့ရှိ စွမ်းအင် အလင်းလုံးလေးသည် သူမ၏ ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်သွားခဲ့သည်။ မော့ရှဲ့တို့ သေဆုံးသွားခဲ့ပြီမို့ မော့ရွယ်အာကို ချုပ်နှောင်ထားသည် ချိန်းကြိုးများလည်းပျောက်ကွယ်သွားပြီဖြစ်သည်။

“အကိုကြီးတို့...” သူမသည် ယူကြုံးမရဖြစ်ကာ ဆက်တိုက်ရေရွတ်နေခဲ့သည်။ သူမသည် အတိတ်က သုံးနှစ်အရွယ် ကလေးငယ်လေးတစ်ဦးသာရှိသည်မို့ ဘာမျှမမှတ်မိချေ။ သူမ သိသည်မှာ သူမ ဘဝတစ်လျောက်လုံး ဤအကိုကြီးနှစ်ဦးက ကာကွယ်စောင့်ရှောက်ပေးခဲ့ခြင်းသာ ဖြစ်သည်။ ထို့ပြင် မော့ယီတို့သည် သူမကို အပြင်လောကသို့ မထွက်ခိုင်းခဲ့ခြင်းကြောင့် သူမသည် အကြောင်းရင်းကို တဖွဖွ မေးခဲ့သော်လည်း သူတို့သည် မဖြေခဲ့ကြပေ။ သို့သော် အကြောင်းရင်းကို သိပြီးနောက် သူ၏ အကိုကြီးများကို စွန့်လွှတ်လိုက်ရမည်ဟုထင်မထားခဲ့ပေ။ သူမသည် လက်သီးကိုကျစ်ကျစ်ပါဆုပ်ထားသည်မို့ သူမ၏ ရှည်လျားသည့် လက်သည်းများသည် သူမလက်ဖဝါးအတွင်းစိုက်ဝင်နေပြီး သွေးများတစ်စက်စက်ယိုစီးနေသည်။

မှောင်မည်း တိတ်ဆိတ်လှသည် ဂူတစ်ခုအတွင်းတွင် ဝမ်းနည်းစွာ ဆက်တိုက် ရေရွတ်နေသည့် မိန်းကလေးတစ်ဦး၏ အသံသာ ပဲ့တင်ထပ်နေသည်။

All Chapters