← Chapters

#ကျင့်ကြံခြင်းနှင့် ပတ်သက်သော အမှန်တရား၊ ကြီးကြပ်ရေးဗိမာန်#

Vol. 75 Ch. 1063

#ကျင့်ကြံခြင်းနှင့် ပတ်သက်သော အမှန်တရား၊ ကြီးကြပ်ရေးဗိမာန်#

Vol. 75 Ch. 1063

လူတစ်ယောက်ကြီးပြင်းခဲ့သည့် ပတ်၀န်းကျင်က သူ့၏ပင်ကိုယ်စရိုက်ကို ဆုံးဖြတ်ပေးနိုင်သည်။ 

တော်၀င်မိသားစု၀င်တစ်ဦးအဖြစ် သူတို့အဖေ၏ စီစဉ်မှုများအောက်တွင် ညီအစ်မကို၊ မောင်နှမများက အဆင်ပြေကြသော်လည်း ဆွေမျိုးများနှင့် ၀န်ကြီးများကမူ နောက်ထီးနန်းကို မျက်စိကျနေတတ်ကြသည်။ 

မုဖူရှန်း အပြန်အလှန်လှည့်စားတတ်သည့် ပတ်၀န်းကျင်၌ အမြဲနေထိုင်ခဲ့သည်ဟု ဆို၍ရသည်။ 

ရလဒ်အဖြစ် မုဖူရှန်းအတော်လေး သွေးအေးသူဖြစ်လာသည်။ ပေါင်းပင်များက်ု ခုတ်ဖြတ်ရန်အတွက် အမြစ်များကိုပါ ဖယ်ရှားရန် လိုအပ်သည်။ ဒါက မုဖူရှန်း အမြဲယုံကြည်ထားသည့် အခြေခံမူတစ်ခုပေတည်း။ 

တစ်ချိန်တည်းမှာပင် တော်၀င်မိသားစု၏ ပြိုင်ဆိုင်မှုများအကြား အရမ်းကြီး မပေါ်လာနိုင်စေရန်အတွက် မုဖူရှန်း သတိထားရန်နှင့် သူ့အားနည်းချက်များကို ဖုံးကွယ်ထားရန် သင်ယူခဲ့ရသည်။ 

ဒါက လုချန်ရှန်း၏ သတိထားမှုနှင့်တော့ အတိအကျမတူညီပါ။ 

လုချန်ရှန်း ခြိမ်းခြောက်မှု၏ ရင်းမြစ်ကိုပင် ဖြတ်တောက်တတ်သည်။ သူဒါကို လုံး၀‌ထိတွေ့ဆက်ဆံမည်မဟုတ်။ 

တခြားတစ်ဘက်တွင် မုဖူရှန်းက အန္တရာယ်ကို ရင်ဆိုင်ရသောအခါ သတိထားပြီး မလာခင်ကတည်းကပင် သူ့ခွန်အားကို ဖုံးကွယ်ထားလေ့ရှိသည်။ 

သူအန္တရာယ်ကို မငြင်းပယ်သော်လည်း ရင်ဆိုင်လာရသောအခါ သူ့ဝှက်ဖဲများကို ပြသရန် ရွေးချယ်သည်။ 

တစ်ချိန်တည်းမှာပင် သူအကျပ်အတည်းကို လုံး၀ဖြေရှင်းမည်ဖြစ်ကာ အနာဂတ်ပြဿာနာဖြစ်နိုင်ချေ ဘာတစ်ခုကိုမှ ချန်ထားမည်မဟုတ်။ 

ဒါက မုဖူရှန်း၏စတိုင်ဖြစ်သည်။ 

မုဖူရှန်း၏ စကားလုံးများကို ကြားသောအခါ ဖန်ချန်းခေါင်းညိတ်သည်။ 

"ဒီကမ္ဘာကြီးထဲမှာ ဒါက တော်၀င်မိသားစုက ရှင်သန်ခြင်းစည်းမျဉ်းတွေနဲ့ တကယ်ဆင်တူတယ်၊ အပေါ်ယံက လှပတယ်လို့ ထင်ရပေမယ့် အတွင်းမှာတော့ ရက်စက်ပြီး မှောင်မိုက်တယ်" မုဖူရှန်းလေးနက်စွာ ပြောသည်။ 

"မင်းမရက်စက်တတ်ဘူးဆိုရင် တခြားသူတွေက မင်းအပေါ် ပိုပြီးရက်စက်လိမ့်မယ်"

ဖန်ချန်းခေါင်းညိတ်သည်။ 

"ကျွန်တော်နားလည်ပါပြီ"

ဒီအချိန်မှာပင် မုဇီရှင်းလျှောက်လာပြီး ယဲ့ချိုးပိုင်၏ လက်ကိုကိုင်ကာ ပြုံးပြရင်း သိချင်စိတ်ဖြင့် မေးသည်။ 

"ဒါပေမယ့် ဖူရှန်း ဘယ်တုန်းက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်ခဲ့တာလဲ"

ယဲ့ချိုးပိုင်အားကိုးရာမဲ့စွာပြောသည်။ 

"ငါတို့လည်း မကြာသေးခင်ကမှ သိရတာ၊ အဲဒီအချိန်က ငါတို့တောင် နည်းနည်းအံ့ဩသွားကြသေးတယ်၊ ဒီကလေးဘာလို့ ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာလဲ"

"ဒါ့အပြင် အဲဒီ‌လျှို့ဝှက်နယ်မြေတွေမှာရော အရင်နယ်မြေတွေမှာရော သူက ကန့်သတ်မခံထားရဘူးလား၊ ဒါမှမဟုတ် သူ့နယ်ပယ်ကို ဖိနှိပ်ထားတာလား"

မုဖူရှန်း သူ့ညီအစ်ကိုများဆီကနေ ဘာတစ်ခုမှ ဖုံးကွယ်ထားပေ။ သို့စေကာမူ အပြင်လူများ နားထောင်နေခြင်းကနေ ကာကွယ်ရန်အတွက် သူလျှို့ဝှက်အသံပို့လိုက်၏။ 

"ကျွန်တော်အဲတုန်းက အဆင့်မချိုးဖျက်ခဲ့ဘူး"

"ဆရာ ကျွန်တော့်ကို တပည့်အဖြစ် လက်မခံသေးခင်က ကျွန်တော့်ရဲ့ကျင့်ကြံခြင်းက ဝိဉာဉ်ချီအများစုကို အထူးအိတ်တစ်လုံးလို ပြောင်းပစ်ဖို့အတွက် အထူးနည်းလမ်းတစ်ခုကို သုံးဖို့ အမြဲရွေးချယ်ခဲ့တယ်၊ နောက်တော့ ဆရာ့ရဲ့လမ်းညွှန်မှုအောက်မှာ ကျွန်တော် တာအိုအဆောင်တွေနဲ့ ထိတွေ့လာရပြီး အထူးအိတ်ကို အဆောင်တစ်ခုအဖြစ် ပြောင်းပစ်လိုက်တယ်"

"ကံကောင်းချင်တော့ ကျွန်တော့်ပါရမီက မဆိုးဘူးလေ၊ ဝိဉာဉ်ချီနဲ့ ကျွန်တော့်ဆက်နွှယ်မှုက အရမ်းမြင့်မားတယ်၊ ဒါ့အပြင် ကိုးသွယ်ရှေးဦးမိုးကြိုးနည်းစနစ်က ဝိဉာဉ်ချီနဲ့ အင်မော်တယ်ချီကို စစ်ထုတ်ရာမှာ အတော်လေးထိရောက်တယ်၊ နယ်ပယ်ပုံမှန်တိုးတက်လာတာကို သေချာစေတဲ့ အခြေအနေမှာ ဝိဉာဉ်ချီအဆောင်စုစည်းထားတဲ့ ပမာဏကလည်း တိုးလာတာပေါ့"

"ကျွန်တော် အင်မော်တယ်နယ်မြေကို ရောက်ပြီး ပိုအဆင့်မြင့်လူတွေနဲ့ ထိတွေ့လာရတဲ့အခါ အစ်ကိုကြီးလည်း ကျွန်တော့်စရိုက်ကို သိတာပဲ၊ ကျွမ်းကျင်သူတစ်ယောက် ရုတ်တရက်တိုက်ခိုက်လာမှာကို ကျွန်တော်ကြောက်တယ်လေ၊ အဲဒါကြောင့် အင်မော်တယ်တွေ့ဆုံခြင်း ကောင်းကင်ထိုးဖောက်တောင်ကို ‌ဖြတ်သန်းကျော်လွှားပြီးနောက်မှာ ကျွန်တော် အဲဒီဝိဉာဉ်ချီအဆောင်အားလုံးကို အင်မော်တယ်ချီအဖြစ် ပြောင်းပစ်ခဲ့ပြီး စတင်စုပ်ယူခဲ့တယ်၊ အဲနောက်မှာ ကျွန်တော် အဆင့်ချိုးဖျက်ခဲ့တာပဲ...."

ယဲ့ချိုးပိုင်၊ ဖန်ချန်းနှင့် မုဇီရှင်းတို့ မျက်လုံးပြူးနေကြသည်။ 

ဒီလိုအရာမျိုးတကယ်ရှိတာလား!

"ဒါပေမယ့် စီနီယာအစ်ကို နယ်ပယ်ကို ဖုံးထားရင်ရပြီလေ၊ ဒီလောက်အများကြီး ဒုက္ခခံနေစရာလိုလို့လား" ဖန်ချန်းပဟေဠိဖြစ်နေသည်။ 

သို့စေကာမူ မုဖူရှန်းပြုံးသည်။ 

"မင်းနယ်ပယ်ကို ဖုံးထားရင်တောင် တစ်ဘက်လူရဲ့ နည်းလမ်းတွေက မင်းထက်ပိုအားကောင်းပြီး မင်းနယ်ပယ်ထက်ပိုမြင့်နေရင် တစ်ချက်တည်းနဲ့ မြင်နိုင်မှာပဲ၊ ဒါကြောင့် စိတ်အချရဆုံးနည်းက ဝိဉာဉ်ချီကို အရင်ဆုံးသိုလှောင်သိမ်းဆည်းထားပြီး အခြေခံကောင်းတစ်ခု တည်ဆောက်ဖို့ပဲ၊ မင်း အရေးတကြီးလိုလာတဲ့အခါကျရင် ဒီအရာတွေကို မှီခိုအားကိုးပြီး ချိုးဖျက်နိုင်တာပဲလေ"

သို့သော် ဒါကအဓိကအချက်မဟုတ်ပါ။ 

ပိုအရေးကြီးတာက မုဖူရှန်း သူ့ကျင့်ကြံခြင်းအဆင့် နောက်ကျကျန်မနေစေရန် သေချာအောင်လုပ်ရင်း ဝိဉာဉ်ချီအများကြီးကို ‌သိုလှောင်ထားနိုင်သည်။ 

ဒါကပင် မုဖူရှန်း၏ပါရမီက အတော်လေး ကြောက်စရာကောင်းတာကို ပြသရန်အတွက် လုံလောက်နေလေပြီ။ 

ယဲ့ချိုးပိုင် အကူအညီမဲ့စွာပြုံးရင်း ခေါင်းခါယမ်းသည်။ 

ဟူး...၊ ငါဘာပြောရမှန်းတောင် မသိတော့ဘူး"

ယခုလိုကောင်းကင်ဘုဲကိုပင် ဆန့်ကျင်နေသည့် နည်းလမ်းမျိုးကို မုဖူရှန်းတစ်ယောက်သာလျှင် တွေးနိုင်ပေသည်။ 

မုဇီရှင်းရယ်မောလိုက်မိသည်။ 

မုဖူရှန်း သူတို့၏အားကိုးရာမဲ့နေသည့် အမူအရာများကို ကြည့်ပြီး စိတ်ဆိုးမာန်ဆိုးနှာခေါင်းရှုံ့သည်။ 

"ဒါကအလုပ်ဖြစ်နေသရွေ့ အဆင်ပြေတယ်လေ"

"ဒီကနေကြည့်ရမယ်ဆိုရင် စီနီယာအစ်ကိုမုမှာ ပိုအားကောင်းတဲ့ဝှက်ဖဲတစ်ခု ရှိရမယ်မလား" ဖန်ချန်း မုဖူရှန်းကို စိုက်ကြည့်သည်။ 

မုဖူရှန်း၏အမူအရာက တစ်ခဏမျှ အေးခဲသွားပြီးနောက် ထွက်သွားတော့သည်။ 

"ဒီနေ့ရာသီဥတုက တကယ်ကောင်းတာပဲ၊ အဆောင်တွေကို လေ့လာဖို့အတွက် အတော်လေးသင့်တော်တယ်...."

မုဖူရှန်းထွက်ပြေးသွားတာကို ကြည့်ရင်း ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် ရယ်မောလိုက်မိကြသည်။ 

ယဲ့ချိုးပိုင်တို့ ထပ်ပြီးမပါ၀င်ကြတော့ပါ။ 

သူတို့တိုက်ပွဲများနှင့် ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များကနေ အများကြီး ရလာခဲ့ကြသည်။ သူတို့ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ရန်အတွက် သူတို့ အချိန်လိုအပ်သည်။ 

ဒီတိုက်ပွဲအနည်းငယ်အတွင်း ယဲ့ချိုးပိုင် ဓားနတ်ဘုရားဆန္ဒထဲက ဓားတာအိုနိယာမအမျှင်စတစ်ခု အမှန်တကယ်ပင် အများကြီး ကျယ်ပြန့်သွားတာကို သဘောပေါက်သွားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် သူ့နယ်ပယ်က ပိုပို၍ တည်ငြိမ်လာခဲ့သည်။ 

အကယ်၍ ယဲ့ချိုးပိုင်သာဆန္ဒရှိပါက နတ်ဘုရင်နယ်ပယ်နောက်ပိုင်းအဆင့်ကို အချိန်မရွေး ချိုးဖျက်နိုင်သည်ဟု ဆို၍ရသည်။ 

ဖန်ချန်း အစီအရင်များကို ထိန်းချုပ်ရာ၌ ပိုပို၍ကျွမ်းကျင်လာသည်။ သူ့၏ စိတ်ဓာတ်ကြံ့ခိုင်မှုက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို လုံး၀ချိုးဖျက်သွားစေခဲ့သည်။ 

မုဖူရှန်းကရော၊ သူက အဆောင်စာအုပ်ကို ဂရုတစိုက် လေ့လာနေခဲ့သည်။ 

နှင်းခဲဂိုဏ်းကလည်း စစ်မြေပြင်ကို စတင်ရှင်းလင်းသည်။ တစ်ချိန်တည်းမှာပင် သူတို့ ရေခဲနတ်ဘုရားဗိမာန်၊ ရေခဲမြစ်ချိုင့်ဝှမ်းနှင့် အေးစိမ့်ရေခဲခန်းမတို့၏ အရင်းအမြစ်များကို စတင်စုဆောင်းခဲ့ကြသည်။

နှင်းခဲဂိုဏ်းက မြောက်၀င်ရိုးစွန်းကြယ်ဒေသကို အုပ်ချုပ်တော့မည်ဖြစ်လေရာ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများက ဂိုဏ်းထဲတွင် ၀င်ချင်ကြသည်။ 

နှင်းခဲဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့် ဖွံ့ဖြိုးမှုကလည်း အဆက်မပြတ် ကျယ်ပြန့်လာခဲ့သည်။ 

ဒီနေ့မှာပင် ယဲ့ချိုးပိုင်နှင့် မုဇီရှင်းတို့ နှင်းခဲခန်းမထဲကို ရောက်လာခဲ့ကြသည်။ 

ဒါကိုမြင်သော် နှင်းခဲဂိုဏ်းချုပ်နှင့် အကြီးအကဲတစ်ချို့ လုပ်နေတာတွေကို ရပ်လိုက်ကြ၏။ 

မုဇီရှင်း ဂိုဏ်းချုပ်ကိုကြည့်ပြီးနောက် ဒူးထောက်လိုက်သည်။ 

ယဲ့ချိုးပိုင်လည်း အလားတူလုပ်ဆောင်သည်။ 

"ပြုစုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးပါ၊ ဂိုဏ်းချုပ်"

ဒါကိုမြင်သောအခါ နှင်းခဲဂိုဏ်းချုပ် ခါးသီးစွာရယ်မောသည်။ 

"ငါဒါကိုသိပါတယ်"

မုဇီရှင်း၏ တာအိုလက်တွဲဖော်ယဲ့ချိုးပိုင်က အတော်လေးပါရမီရှိပြီး နတ်ဘုရင်နယ်ပယ်မှာတင် ဓားနတ်ဘုရားနယ်ပယ်သို့ တက်လှမ်းသွားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် သူ့ဂျူနီယာညီလေးက အဆောင်များ၏ အကူအညီနှင့် နတ်သခင်နယ်ပယ်ကိုပင် ရောက်နိုင်သော ကြောက်စရာကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ 

ဒီလိုဆိုပါက သူတို့နောက်ကွယ်က စွမ်းမားက အင်မတန်ကြောက်စရာကောင်းမည်မှာ သေချာသည်။ 

အနည်းဆုံးတော့ ဒါက သူတို့နှင်းခဲဂိုဏ်း ယှဉ်နိုင်သည့် အရာတစ်ခုမဟုတ်ပါ။ 

ထို့ကြောင့် မုဇီရှင်း ဒီနောက်ပိုင်းတွင် နှင်းခဲဂိုဏ်းတွင် နေတော့မည်မဟုတ်။ 

"ငါနင့်ကိုမတားပါဘူး၊ ဒါပေမယ့်...." နှင်းခဲဂိုဏ်းချုပ် အပြုံးနှင့်အတူ ရှေ့တိုးလာပြီး မုဇီရှင်း၏ ခေါင်းကို ထိသည်။ 

"နှင်းခဲဂိုဏ်းက အမြဲနင့်ရဲ့ဒိုင်းတစ်ခု ဖြစ်နေမှာပါ၊ ဒီဒိုင်းက အရမ်းမခိုင်မာဘူးလို့ ထင်ရပေမယ့် နှင်းတစ်ချို့ကို ပိတ်ဆို့ထားနိုင်ပြီး နင့်ပခုံးပေါ် မကျစေဖို့ တားဆီးပေးနိုင်ပါသေးတယ်"

အကြီးအကဲတစ်ချို့ကလည်း ပြုံးရင်း ခေါင်းညိတ်ကြသည်။ 

မုဇီရှင်း၏မျက်လုံးများက နီရဲသွားကြ၏။ 

"နင့်ရဲ့ပါရမီနဲ့ဆိုရင် နင်သေချာပေါက် ပိုမြင့်တဲ့အဆင့်တစ်ခုကို ရောက်နိုင်မှာပါ၊ နင့်ကို ဒီနေရာက မပိုင်ပါဘူး၊ ရှေ့ဆက်ပြီး ငြိမ်းချမ်းစွာနဲ့ စိန်ခေါ်တိုက်ပွဲ၀င်လိုက်ပါ"

မုဇီရှင်း လေးလံစွာခေါင်းညိတ်ရင်း ငိုလိုက်မိသည်။ သူမ၏အနည်းငယ်နီရဲနေသော နှာခေါင်းလေးက ရှုံ့တွနေသည်။ 

ထို့နောက် နှင်းခဲဂိုဏ်းချုပ် ယဲ့ချိုးပိုင်ကို လှည့်ကြည့်ကာ ရုတ်တရက် လေးနက်သည့် အသံဖြင့်ပြောသည်။ 

"မင်း ဇီရှင်းကို ထိခိုက်နာကျင်စေမယ်လို့ ငါမထင်ပေမယ့် သူ့ကို၀မ်းနည်းအောင် တကယ်ပဲ တစ်ခုခုလုပ်ခဲ့မယ်ဆိုရင်တော့ ငါတို့နှင်းခဲဂိုဏ်းက မင်းရဲ့ပြိုင်ဘက် မဟုတ်ရင်တောင် မင်းဆီက တရားမျှတမှုကို ရှာဖွေမယ်"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ကျွန်တော် စီနီယာ့ကို ဒီအခွင့်အရေးမပေးပါဘူး"

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ နှုတ်ဆက်ပြီး အဓိကကိစ္စတစ်ခုကို လုံး၀ပြီးမြောက်ရန်အတွက် မုမိသားစုနှင့် ထာ၀ရသက်တမ်းကမ္ဘာကို ပြန်တော့မည့်အချိန် ကောင်းကင်ထက်တွင် တိမ်များက ပွင့်သွားပြီး နတ်အလင်းတစ်ခု ဆင်းသက်လာခဲ့သည်။ 

နတ်အလင်းထဲတွင် အဖြူရောင်၀တ်ရုံ ၀တ်ဆင်ထားကြသည့် ပုံရိပ်အနည်းငယ် ရှိနေသည်။ 

"ကြီးကြပ်ရေးဗိမာန်က တစ်ယောက်ယောက် ရောက်လာပါတယ်၊ နှင်းခဲဂိုဏ်း၊ အမိန့်ကို စောင့်စားပါ"

အပိုင်း(1064) coming။ 

All Chapters