ယွမ်သန်းချီတန်တဲ့ဝိုင်!
Vol. 61 Ch. 915
ချင်လင်က ဥက္ကဌပေါင်စကားကြောင့် ပြုံးလိုက်သည်_
"ဥက္ကဌပေါင်ကိုယ်တိုင်မြည်းကြည့်ပါ!''
ချင်လင်၏ယုံကြည်ချက်ရှိသောပုံစံကြောင့် ဥက္ကဌပေါင်ရင်အခုန်မြန်သွားသည်။
ဒါအမှန်ပင်။
မဟုတ်ရင် သူဌေးချင်ဘာလို့ဒီလောက်ယုံကြည်ချက်ရှိနေမလဲ?
နောက်ပြီး သူဌေးချင်ကသူ့ကိုလိမ်စရာအကြောင်းမရှိ။
"ဥက္ကဌပေါင်''
လီရှင်းက တုံ့ဆိုင်းမနေဘဲ_
"ချင်လင်ကမြည်းဆိုမှတော့ ကျွန်တော်တို့မြည်းကြတာပေါ့''
သူ့စကားက မျှော်လင့်ချက်အပြည့်နှင့်။ သူ့ကိုယ်သူပါတန်းထည့်ပြီး 'ကျွန်တော်တို့'ဖြစ်သွားသည်။
သူကပြောရင်းဆိုရင်း ဘေးမှယောက်ချိုဇွန်းယူပြီး နှစ် ၅၀ မောက်ထိုက်စည်ကိုဖွင့်ကာ ဇွန်းနှင့်ခပ်သည်။
သူကချက်ချင်း ပါးစပ်ထဲထည့်မြည်းလိုက်၏။ တစ်ငုံသောက်ပြီး စွဲသွားပုံနှင့်_
"ဒီအရသာ.. ဒီအနံ့''
ထိုသို့ရေရွတ်ပြီး ဥက္ကဌပေါင်ဆီဇွန်းပေးလိုက်သည်_
"ဥက္ကဌပေါင် မြည်းကြည့်!''
ဥက္ကဌပေါင်မှာ သက်တမ်းများမြင်ပြီးကတည်းက လန့်နေပြီ။ အခုချိန် စူးစမ်းချင်စိတ်ကို ဘယ်မြိုသိပ်ထားနိုင်မလဲ? သူကဇွန်းယူပြီး ပါးစပ်ထဲထည့်မြည်းလိုက်သည်။
တခဏချင်း နှစ် ၅၀ မောက်ထိုက်၏နူးနူးညံ့ညံ့အရသာက လည်ချောင်းထဲစီးဝင်သွားသည်။
"တကယ် နှစ် ၅၀ ကျော်နေပြီ!''
ဥက္ကဌပေါင်က သက်တမ်းကိုမြည်းကြည့်ပြီး လုံးဝအံ့ဩသွားသည်။
လီရှင်းကဇွန်းပြန်ယူပြီး နှစ် ၆၀ မောက်ထိုက်ကိုဖွင့်ကာ တစ်ဇွန်းခပ်မြည်းကြည့်သည်။ နှစ် ၆၀ မောက်ထိုက်က ပိုစွဲမက်စရာ။
ဥက္ကဌပေါင်ကိုဇွန်းပေးလိုက်သောအခါ ဥက္ကဌပေါင်ကမြည်းပြီး အရင်ထက်ဂနာမငြိမ်ဖြစ်လာသည်။
တကယ် နှစ် ၆၀ မောက်ထိုက်ပဲ။
ငယ်ငယ်က ဒီဝိုင်ကိုခွက်လေးနှင့်သာသောက်ဖူးသည်။ ဝိုင်စုဆောင်းသူကြီးတစ်ယောက်ဆီမှ မြည်းခဲ့ခြင်းပင်။
သူ့မှာ ပုလင်းလေးနှင့်သာရှိသည်။ အဲဒီနောက်ပိုင်း နှစ် ၆၀ ကျော်မောက်ထိုက်ကိုမမြင်ရတော့။
ဝိုင်သရဲလီရှင်းက ဂရုမစိုက်။ သူကဇွန်းကိုင်ပြီး စည်ပိုင်းတစ်လုံးပြီးတစ်လုံးမြည်းသည်။ သူအရသာခံပြီးလျှင် ဥက္ကဌပေါင်ကိုမြည်းခိုင်းသည်။
နောက်ဆုံး ဥက္ကဌပေါင်ထုံသွားတော့သည်။
သူအိပ်မက်မက်နေသလိုပင်။ ဒီဝိုင်တွေအားလုံးက အစစ်တွေ။ ပြီးတော့သက်တမ်းရင့်တွေ။
"သူဌေးချင်... ဒီဝိုင်တွေဘယ်လိုလုပ်ပြီးရလဲ?''
နောက်ဆုံး ဥက္ကဌပေါင်ကသိချင်စိတ်ကိုမထိန်းနိုင်တော့ဘဲမေးလိုက်သည်။
အဲဒီနှစ်တွေတုန်းက မောက်ထိုက်ကုမ္ပဏီမှာ ဘာမှတ်တမ်းမှမရှိ။ အဲဒီအချိန်က ဝိုင်ထုတ်လုပ်ရေးကို လုံးဝအထိန်းအချုပ်မရှိပေ။ ထုတ်လုပ်တဲ့နှစ်တောင် မှတ်မထားကြ။
ထို့ကြောင့် အဲဒီအချိန်ကဝိုင်ကို အတုအစစ်ခွဲဖို့နေနေသာသာ အမျိုးအစားခွဲထားဖို့မဖြစ်နိုင်ချေ။ အရသာနဲ့ပဲခွဲရမည်။
သူဌေးချင်ရဲ့ဝိုင်ကအစစ်ဆိုတာ မယုံစရာမရှိ။
"ဒီဝိုင်တွေရဲ့အရင်းအမြစ်ကို ကျွန်တော်သေချာမသိဘူး''
ချင်လင်က ရှင်းပြသည်_
"လူကြီးတစ်ယောက်ဆီက ကျွန်တော်လက်လွှဲယူထားတာ... ကျန်တာတော့ ကျွန်တော်အများကြီးပြောလို့မရဘူး''
သူ့စကားကြောင့် လီရှင်းကချက်ချင်း 'ငါသိပြီးသား'ဆိုသောပုံစံနှင့်_
"ချင်လင်... လောင်ချန်နဲ့ငါက ခန့်မှန်းပြီးသားပါ... မင်းရဲ့ဝိုင်လုပ်နည်း ဝိုင်စိမ်နည်းတွေကို အဲဒီလူကြီးကသင်ပေးတာမလား? ချင်းလင်ဆေးဖက်ဝင်ဝိုင်က လူတိုင်းလုပ်နိုင်တဲ့ဟာမှမဟုတ်တာ''
ဥက္ကဌပေါင်က လီရှင်းစကားကိုသံသယမရှိဘဲ နည်းနည်းစိတ်လှုပ်ရှားသွားသည်။ သူဌေးချင်ပြောတဲ့လူကြီးက အရမ်းလေးစားစရာကောင်းတဲ့ကျွမ်းကျင်သမ္ဘာရင့်ကြီးဖြစ်မည်။
မဟုတ်ရင် ဝိုင်လုပ်ငန်းကလူတွေအားကျရလောက်တဲ့၊ရူးသွားနိုင်လောက်တဲ့ ဒီလိုဝိုင်ကောင်းတွေအများကြီးချန်ထားနိုင်မည်မဟုတ်ပေ။
ဥက္ကဌပေါင်က သူလာရင်းကိစ္စကိုသတိရပြီး_
"သူဌေးချင်... တို့အဖွဲ့အစည်းကို သက်တမ်းရင့်ဝိုင်နည်းနည်းရောင်းပေးပါလား... ဒီဝိုင်တွေနဲ့ဆို နိုင်ငံတကာအရက်ဖလှယ်ပွဲမှာ ပိုင်ကျိုရဲ့နာမည်ကိုပြန်အဖတ်ဆယ်နိုင်ပြီ''
သူက တရုတ်အရက်ဖြူအဖွဲ့အစည်းဥက္ကဌဖြစ်သည်။ နိုင်ငံတကာအရက်ဖလှယ်ပွဲမှာ နိုင်ငံခြားဝိုင်ကုန်သည်အသင်းက နာမည်ကြီးနန်းတော်တစ်ခုမှအထူးနိုင်ငံခြားဝိုင်တစ်သုတ် ထုတ်လာမည်မှန်း သူသိသည်။
အဲဒီဝိုင်တစ်သုတ်က ကောင်းကောင်းထိန်းသိမ်းထားသောသက်တမ်းရင့်ဝိုင်တစ်သုတ်ဖြစ်မည်။ အရင် နိုင်ငံတကာအရက်ဖလှယ်ပွဲမှာထုတ်လာသောဝိုင်ထက်ပိုကောင်းလိမ့်မည်။
တစ်ဖက်ကဒါကိုအခွင့်ကောင်းယူပြီး သူတို့ပြည်တွင်းအရက်လောကကိုအထိနာအောင်လုပ်ဖို့ကြံစည်နေသည်။ အဲဒီအချိန်မှာ အရက်ဖြူကသူတို့နိုင်ငံခြားအရက်လောက်မကောင်းကြောင်း တမင်သက်သက်ကြော်ငြာပြီး စျေးကွက်ကိုပိုသိမ်းပိုက်သွားလိမ့်မည်။
ဒီတော့ ဒီတစ်ခါ နှစ် ၅၀ ဝိုင်က နည်းနည်းမသေချာ။ နှစ် ၆၀ က သေချာပေါက်နိုင်မည်ဖြစ်ပြီး နှစ် ၇၀ ဆို အနိုင်ကျင့်သလိုတောင်ဖြစ်မည်။
သူဌေးချင်သာ နှစ် ၇၀ ဝိုင်ရောင်းမယ်ဆိုရင် မောက်ထိုက်ဖြစ်ဖြစ်၊ ဖန်းကျိုဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားဝိုင်ဆိုရင်တောင် နိုင်ငံခြားဝိုင်ကုန်သည်တွေ အချည်းနှီးဖြစ်ကုန်လိမ့်မည်။
ချင်လင်က ရယ်လိုက်ပြီး_
"ကျွန်တော် သက်တမ်းရင့်ဝိုင်တွေရောင်းပေးနိုင်ပါတယ် ဥက္ကဌပေါင်... ဒါပေမဲ့ မောက်ထိုက်နဲ့ဖန်းကျိုတော့မဟုတ်ဘူး... ချင်းလင်ဝိုင်ပဲ... ဥက္ကဌပေါင် ကျွန်တော့်နောက်လိုက်ခဲ့ပါ''
သူ့စကားကြောင့် ဥက္ကဌပေါင်နှင့်လီရှင်းကြောင်သွားသည်။
ချင်းလင်ဝိုင်က ထွက်တာမကြာသေးဘူးမလား?
အထူးသဖြင့် လီရှင်းပင်။ ချင်းလင်ဝိုင် ဘယ်အချိန်ကထွက်လဲ သူသိသည်။
သို့သော် သူတို့နှစ်ဦးက အချဉ်မဟုတ်။ ချက်ချင်းတွေးမိသည်။
ဒီချင်းလင်ဝိုင်ကို ချင်လင်လုပ်တာမဟုတ်၊ ဟိုလူကြီးလုပ်တာဖြစ်မည်။ အဲဒီလူကြီးမဟုတ်ရင် အဲဒီလူကြီးရဲ့ဆရာပေါ့။
အရင်က ဒီဝိုင်ကိုချင်းလင်ဝိုင်လို့မခေါ်။ အခု ချင်လင်လက်ထဲကျမှ သူ့သဘောကျ 'ချင်းလင်ဝိုင်' လို့ခေါ်ခြင်းဖြစ်မည်။
ဥက္ကဌပေါင်နှင့်လီရှင်းက ဝိုင်စည်အများကြီးရှိသောနောက်ထပ်ထောင့်တစ်နေရာကိုရောက်လာသည်။ ထိုအပေါ်တွင် ချင်းလင်ဝိုင်နှင့်သက်တမ်းကိုရေးထားသည်။
"နှစ် ၅၀.. နှစ် ၆၀.. နှစ် ၇၀!''
လီရှင်းကမှန်းထားတာတောင် နှစ် ၇၀ ချင်းလင်ဝိုင်ကိုမြင်ပြီး အံ့ဩနေသေးသည်။
ဝိုင်ပိုးထလာသောကြောင့် သူလည်းဇွန်းယူပြီး နှစ် ၇၀ ချင်းလင်ဝိုင်ကိုဖွင့်လိုက်သည်။ ဇွန်းနှင့်ခပ်ပြီးနောက် မြည်းကြည့်သည်။
"ဒီဝိုင်!''
လီရှင်းကသတိလက်လွတ်နှင့် ဇွန်းကိုဥက္ကဌပေါင်ဆီပေးလိုက်၏။
လီရှင်းမျက်နှာကို ဥက္ကဌပေါင်သတိထားမိသည်။ သူကဇဝေဇဝါနှင့်ဇွန်းယူပြီး မြည်းလိုက်ရာ သူလည်းအံ့ဩသွားပြီး_
"ဒီဝိုင်က မောက်ထိုက်နဲ့ဖန်းကျိုထက်တောင် အနံ့ပိုကောင်း အရသာပိုရှိနေတယ်!''