ခင်များတို့က အားနည်းတဲ့လူကိုကျ အနိုင်ကျင့်ပြီး ကိုယ့်ထက်သာတဲ့လူကိုကျ လက်အုပ်ချီတတ်တဲ့ကောင်ပဲ
Vol. 124 Ch. 1846
တိတ်ဆိတ်နေလျက် ရှိသည့် အရေးပေါ် ဆေးကုသခန်းလေးထဲတွင် လင်းရီနှင့် ချောင်ရှင်းတို့အတူ လီချူးဟန်၏ ဘေး၌ ရှိနေသည်။
ဤအတိုင်းလေးပဲနေရင်း … လင်းရီသည် သူမ နောက်ခဏ၌ သတိပြန်လည်လာလေမလားဆိုပြီး မျှော်တလင့်လင့်နှင့် စောင့်ဆိုင်းနေခဲ့၏။
နာရီဝက်ကြာပြီးနောက် ချိုးယွီလော့ထံကနေ ဖုန်းဝင်လာခဲ့ပြီး လင်းရီ ဖုန်းဖြေရန်အတွက် အပြင်သို့ ထွက်သွားခဲ့သည်။
“ ဘာကိစ္စလဲ "
" ငါ နင့်ကို ပြောစရာ ရှိလို့.. ကျောက်မိုနဲ့ တခြားလူတွေ အခု ပြည်ထောင်စု ဆေးရုံမှာ တင်ထားကြတယ် သိလား …”
“ သူတို့တွေ ဒီမှာ ဟုတ်လား …” လင်းရီ အံ့အားသင့်သွားခဲ့သည်။ “ သတိပေးထားတာတောင် ဒီကောင်တွေက ဒီကို လာရဲကြသေးတယ်ပေါ့ …”
“ ငါ့အထင်တော့ ဒီကိစ္စက သူတို့ မိသားစု အကြီးအကဲတွေ စီစဉ်တာကြောင့်လို့ ထင်တယ်…” ချိုးယွီလော့ ပြောလိုက်ပြီး “ အခု ကြည့်ရတာတော့ သူတို့တွေ နင့်ကို ရည်ရွယ်ချက် ရှိရှိ စိန်ခေါ်နေကြတာပဲ … နင့်စကားကိုသာ နာနာခံခံလေး နားထောင်ပေးနေမယ်ဆိုရင် သူတို့ မာနတွေ သိက္ခာတွေ အကုန် ခဝါချရတော့မှာလေ….”
“ အမှန်ပဲ … ဒါပေမယ့် ဒီလူတွေ သတ္တိသိပ်ကောင်းလွန်းတယ်… ကြည့်ရတာ အရိုက်ခံရထားတာတောင် ဘာအမှတ်မှ မရှိတဲ့ပုံပဲ …”
“ ဒီလူတွေကတော့ ဒီအတိုင်းပါပဲ … နင် သူတို့ကို သေအောင် မဖိချေဘူးဆိုရင် ဘယ်တော့မှ ရပ်တန့်သွားကြမယ့် လူတွေ မဟုတ်ဘူး …” ချိုးယွီလော့ ပြောလိုက်သည်။ “ ပြီးတော့ နင် ပြောသလိုပဲ … ကျောက်မိုရဲ့အဖေလေ... နင်ချဲ့နဲ့ ငါ့ဆီ ဖုန်းခေါ်လာတယ် သိလား … ဒါပေမယ့် ငါတို့တော့ ဘာမှ ထွေထူး မပြောပြလိုက်ပါဘူး … နင် ပြည်ထောင်စု ဆေးရုံမှာပဲ ရှိတယ်လို့ ပြောပြလိုက်တယ်…”
“ သူတို့ ဘယ်အခန်းထဲမှာလဲ သိလား …”
“ အကုန်လုံး ခြောက်လွှာက အရိုးအထူးကုဌာနမှာ …”
“ ကောင်းပြီလေ… ငါ တစ်ချက် သွားကြည့်လိုက်ဦးမယ်…” လင်းရီ ပြောလိုက်ပြီး “ နောက်ကျနေပြီ … စောစောနားတော့ …”
“ နင်လည်း ဂရုစိုက်ဦး … အခက်အခဲ တစ်ခုခုဆို ငါတို့ကို ခေါ်ဖို့ မမေ့နဲ့ …”
“ အိုကေ …”
ဖုန်းချပြီးနောက် လင်းရီသည် လူနာခန်းထဲသို့ ပြန်ဝင်၍ ချောင်ရှင်းကို ပြောလိုက်သည်။
“ ဒီမှာ ခဏနေခဲ့ဦး … ကိစ္စရှိလို့ အပြင်ခဏ သွားဦးမယ်… ခဏဆို ပြန်လာမယ်…”
“ အွန်း … ညီမ ဒီမှာပဲ ရှိနေမှာပါ … ဘာမှ စိတ်ပူစရာ မလိုဘူး …”
ပြောပြီးနောက် လင်းရီသည် ၆ လွှာသို့ တက်လာခဲ့၏။
ကျောက်မိုနှင့် တခြားသူများက ၆ လွှာရှိ အရိုးအထူးကု ဌာန၌ ရှိနေကြပြီး အထူးကြပ်မတ် ကုသခြင်းကို ခံနေရလေသည်။
မတူကွဲပြားသည့် ပြင်းထန်ထိခိုက်ဒဏ်ရာတို့ကြောင့် ကူချန်ချွမ်နှင့် လုရွှမ်တို့မှာ ခွဲစိတ်ခန်းထဲသို့ ပို့လိုက်ရပြီး ကျန်လူများကတော့ အခြား ကုသမှုများကို ခံယူနေရသည်။
ထိုအချိန်တွင် မိသားစုကြီး ငါးခု၏ အကြီးအကဲတို့က သူတို့၏ နောက်ထပ် ခြေလှမ်းသစ် အစီအစဉ်ကို ဆွေးနွေးရန်အတွက် စုဝေးလိုက်ကြ၏။
“ လောင်ကျောက် … ဘယ်သူလဲ မင်းသိပြီလား …” ချင်ရင်လုံ မေးလိုက်သည်။
“ ချိုးယွီလော့ ပြောတာတော့ သူ အဲ့လူကို မသိဘူးဆိုပဲ .. သူပြောတာ အဲ့လူလည်း အခု ဒီဆေးရုံထဲမှာ ရှိနေတယ်… အဲ့တာက လွဲပြီး တခြား ဘာသတင်းမှ မသိရဘူး …” ကျောက်ဟော် ပြောလိုက်သည်။ “ ဒါပေမယ့် အဲ့ဒီလူက လင်းရီနဲ့ အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ရှိနေမယ်ဆိုတာတော့ သေချာတယ်.. မဟုတ်ရင် အရှုပ်အထွေးထဲ ဝင်ပါပြီး ငါတို့ကို ဆန့်ကျင်မှာ မဟုတ်ဘူး ..”
ကျန်မိသားစုတို့ကလည်း မသိစိတ်အလျောက် ခေါင်းညိမ့်မိလိုက်ကြသည်။ ဤသည်က အတော်လေး ယုတ္တိရှိ၏။
“ ဒါကြောင့်မို့ … ငါတို့ကလေးတွေကို ဒီလိုမျိုး ဖြစ်အောင် လုပ်သွားတဲ့လူက အခု ၂၂ လွှာမှာ ရှိနေလောက်တယ်… ငါတို့ ဒီကပြီးရင် ငါတို့လူတွေခေါ်ပြီး အဲ့ဒီကို သွားကြတာပေါ့ …” ကျောက်ဟော် ပြောလိုက်ပြီး “ ဘုန်းကြီး ထွက်ပြေးရင်တောင် ကျောင်းကတော့ ပြေးလို့ မရဘူး … လီချူးဟန်နဲ့ တွေ့ပြီး အမှန်တရား သိရအောင် လုပ်ဖို့က မခဲယဉ်းပါဘူး … ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ လက်စား ချေကိုချေရမယ်…”
“ အခု လင်းရီက သေပြီ .. လင်းကျင်ကျန့်ကလည်း ရန်ကျင်းမှာ မရှိတော့ဘူး … ရှိလည်း ဒီလို အသေးမွှား ကိစ္စလေးကို ဂရုစိုက်နေမှာ မဟုတ်ဘူး … ငါတို့ စိတ်တိုင်းကျ ကိုင်တွယ်လို့ရတယ်…”
“ ဒါပေမယ့် ပြဿနာက ဒီခုလိုဖြစ်အောင် ဖန်တီးသွားတဲ့လူက တော်တော် စကေးကောင်းတဲ့ လူဖြစ်နေတာပဲ … ငါ့သားကတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး … ငါတို့သာ တကယ်လို့ ထိတွေ့တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့ရဲ့ ဘော်ဒီဂတ်တွေတောင် ကိုင်တွယ်ဖို့ ခက်ခဲမှာကို စိုးရိမ်မိတယ်…”
“ အဆင်ပြေတယ်… ငါ ပိုသန်မာတဲ့လူတစ်ချို့နဲ့ ဆက်သွယ်လို့ရတယ်…” ကူဖန့် ပြောလိုက်၏။
“ မင်း ရှာနိုင်တဲ့လူက ဘယ်လောက် သန်မာမှာ …” ချင်ရင်လုံ မေးမြန်းလိုက်သည်။
“ ပူစရာမလိုဘူး … အဆင်ပြေစေရမယ်…” ကူဖန့် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ “ သူတို့ အကုန်လုံးက ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၄ကပဲ … ပြီးတော့ ငါ နှစ်ယောက် တွေ့ထားတယ်… သူတို့နဲ့တင် ဒီကိစ္စ ကိုင်တွယ်ဖို့က လုံလောက်တာထက်တောင် ပိုတယ်…”
ကူဖန့် ရှာတွေ့ထားသည့် လူများက ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၄ က လူများ ဖြစ်သည်ကို သိတော့ ရှိနေကြသည့် လူတိုင်း ထွေထူးလုပ်၍ စိတ်ပူမနေကြတော့ချေ။
ထိုအခိုက်အတန့်တွင် လူနာအခန်း တံခါး တွန်းပွင့်လာပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဝင်ရောက်လာသည်။
အမျိုးသား၏ နာမည်က ကျူးကျွင်းချီ ဖြစ်ပြီး အမျိုးသမီး၏ နာမည်က ဝေ့ရွှယ် ဖြစ်၏။ သူတို့ နှစ်ဦးလုံးက ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၄ အဖွဲ့ဝင်ဟောင်းများပင်။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် လင်းရီ ဂျပန်တွင် မစ်ရှင် တစ်ခု ထမ်းဆောင်စဉ်က လျိုဟုန် စိတ်ပူပြီး အတူထည့်ပေးလိုက်သည့် လူတို့ကလည်း ဤ ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့ ဖြစ်လေသည်။
ကံဆိုးခဲ့သည်မှာတော့ ဤလူ နှစ်ယောက်ကလည်း အတိတ်က လင်းရီ၏ သင်ခန်းစာ ပေးခြင်းကို ခံခဲ့ရသူများ ဖြစ်နေခဲ့သည်။
“ မင်းတို့ လာကြပြီပဲ …”
သူတို့ နှစ်ယောက် ဝင်လာသည်ကို မြင်တော့ ကူဖန့် ရှေ့သို့ တက်ပြီး နှုတ်ဆက်လိုက်သည်။
“ လူကြီးမင်းကူ … ခင်များ တစ်ခုခုလိုအပ်တယ်ဆိုလည်း ပြောလိုက် … ကျုပ်တို့ တတ်နိုင်တဲ့ထဲကဆိုလို့ကတော့ လုံးဝ မငြင်းဘူး …”
ကျူးကျွင်းချီသည် ဟွာရှ၌ ဤလူများ၏ လွှမ်းမိုးနိုင်စွမ်းကို ကောင်းကောင်းသိနေပြီး စကားပြောဆိုရာ၌ အတော်လေး လိုက်လိုက်လျောလျော ရှိကာ ယဉ်ကျေးနေခဲ့သည်။
ယခုလို ဖြစ်ရသည်ကလည်း သူ၏ လက်ရှိ အနေအထားက ကျုံးဝေ့တပ်ဖွဲ့ထဲ ဆက်ရှိနေနိုင်ဖို့ မသေချာသောကြောင့်ပင်။ ထို့ကြောင့် အနာဂတ်ဖြောင့်ဖြူးရေးအတွက် လမ်းသစ်တစ်ချို့ ခင်းထားရင်း … အကယ်၍ သူသာ ရှေ့ရှိ ဤလူများနှင့် မိတ်ဆွေ ဖြစ်နိုင်မည်ဆိုပါက သူ့မိသားစု၏ အနာဂတ်အတွက်လည်း အကျိုးအမြတ်များမှာပင်။
“ ငါ မင်းတို့နှစ်ယောက်ကို ဒီနေ့ ဖိတ်လိုက်တယ်ဆိုတာ အဓိကကတော့ လူတစ်ယောက်ကို သင်ခန်းစာ ပေးဖို့ပဲ … တစ်ဖက်လူရဲ့ လယ်ဗယ်က အတော်မြင့်တယ်… ငါတို့ ဘော်ဒီဂတ်တွေက သာမန်လူတွေချည်းပဲဆိုတော့ မင်းတို့နှစ်ယောက်ကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတော့တာပဲကွာ …”
“ ဒီလောက်လေးကတော့ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး … ဟွာရှထဲမှာ ကျုပ်တို့ရဲ့ ပြိုင်ဘက်က သိပ်များများစားစား မရှိဘူး …”
ကျူးကျွင်းချီ ကြွားဝါပြောဆိုနေခြင်း မဟုတ်ပေ။
ရှန်းလုံ အသင်းကလွဲ၍ အသင်း ၄ မှာ ကျုံးဝေ့တပ်ဖွဲ့ထဲ၌ တိုက်ခိုက်ရေး အင်အား အမြင့်မားဆုံးဖြစ်ပြီး အဖွဲ့ဝင်များ၏ စံနှုန်းသည်လည်း ဟွာရှ၏ လုံးဝ ထိပ်တန်းပင်။
ယခုလို အပြင်လူ တစ်ယောက်အား သင်ခန်းစာ ပေးဖို့ဆိုသည်က သူတို့အတွက် ခက်ခဲလှသည့် ကိစ္စရပ်တစ်ခု ဟုတ်မနေချေ။
“ ဒါဆို အခုပဲ သွားကြမယ်… ၂၂ လွှာကို သွားကြတာပေါ့ … အဲ့လူ အဲ့မှာ ရှိနေလောက်တယ်…”
“ အဖေ … အဲ့ကောင်ကို ဖမ်းပြီးရင် ကျုပ်ရှေ့ ခေါ်ခဲ့ပေးစမ်းပါ .. ကျုပ် သူ့ခြေထောက်တွေကို ကိုယ့်လက်နဲ့ကိုယ် ရိုက်ချိုးပစ်ချင်တယ်… ဒီကောင့် တစ်ဘဝလုံးကို ဝှီးချဲပေါ်မှာပဲ အချိန်ဖြုန်းခိုင်းပစ်မယ်…”
“ မပူနဲ့ … သူတို့ ဘာလုပ်ရမလဲ သိတယ်… ဒီမှာပဲ အေးဆေး စောင့်နေလိုက် ..” ကျောက်ဟော် သူ့သားကို အာမခံပေးလိုက်၏။
စီစဉ်စရာ ရှိသည်များကို စီစဉ်ပြီးနောက် မိသားစုကြီး ငါးခုမှာ ကျူးကျွင်းချီနှင့် ဝေ့ရွှယ်ကို အခန်းထဲက ခေါ်သွားဖို့လုပ်သည်။
သို့ပေမယ့် ထိုအချိန်မှာပဲ လူနာအခန်းတံခါးမှာ ဘန်းခနဲ ကန်ဖွင့်ခံလိုက်ရပြီး လင်းရီ ဝင်ရောက်လာခဲ့၏။
လင်းရီ၏ ပုံစံက ယခင်အတိုင်းပင်။ မာ့စ်နှင့် လျှာထုပ်ဦးထုပ်ကို ဆောင်းထားပြီး မျက်လုံးများကိုသာ မြင်တွေ့နေရကာမည်သူကမျှ သူ၏ သွင်ပြင် အစစ်အမှန်ကို မမြင်တွေ့ရပေ။
လင်းရီကို မြင်တော့ ကျောက်မို၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး အံတင်းတင်းကြိတ်ကာ လက်ညိုးထိုးပြလိုက်သည်။
“ အဖေ … ကျွန်တော့်ကို ဒီလိုဖြစ်အောင်လုပ်တာ အဲ့ကောင်ပဲ …”
ထိုစကား ကြားတော့ ကျောက်ဟော်နှင့် ကျန်အကြီးအကဲများ၏ မျက်နှာအမူအရာမှာ အေးစက်သွားခဲ့ကြသည်။ သူတို့ သွားရှာတော့မည့် အချိန်မှာပဲ သူတို့ ရှာနေသည့် လူက သူတို့ဆီ လာရှာနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။ ဤအကောင်ကား သတ္တိတော်တော် ကောင်းလွန်းလှ၏။
လင်းရီ၏ အကြည့်က ကျောက်မိုနှင့် တခြားသူများထံသို့ ကျရောက်သွားခဲ့သည်။
“ ငါ မင်းတို့ကောင်တွေကို ဘားမှာတုန်းက ဒီဆေးရုံကို အရိပ်တောင် မနင်းဖို့ သတိမပေးခဲ့ဘူးလား … ဘာကိစ္စ နားမထောင်တာ …”
“ ကောင်လေး …. မင်း ဘယ်သူလဲ ငါ စောက်ဂရုမစိုက်ဘူး … မင်း ငါ့သားရဲ့ ခြေထောက်ကို ရိုက်ချိုးခဲ့တယ်… ဒီအတွက် မင်း ပြန်ပေးဆပ်ရမယ်… “
လင်းရီသည် တံခါးပေါက်ကို မှီရင်း ခပ်အေးအေး လေသံဖြင့် “ ခင်များတို့လူတွေက ဘာလို့ ကျိုးကြောင်းမဆီလျော်နိုင်ကြရတာ … ခင်များတို့ရဲ့ သားတွေသာ လူတွေခေါ်လာပြီး ပြဿနာ မရှာခဲ့ရင် ကျုပ်ကလည်း သူတို့ ခြေထောက်တွေကို ရိုက်ချိုးစရာ အကြောင်း ရှိခဲ့မှာ မဟုတ်ဘူး … အခုကျတော့ ကျုပ်ကို ပြန်ပေးဆပ်ရမယ့် စကားတွေတောင် ပြောနေလိုက်သေးတယ်… ခင်များတို့လူတွေ ဘာစဉ်းစားနေလဲဆိုတာ ကျုပ် တကယ် မစဉ်းစားတတ်တော့ဘူး …”
ကျောက်ဟော် အေးစက်တင်းမာသည့် မျက်နှာထားဖြင့် ဖြစ်သွားခဲ့ပြီး “ မင်းက ငါတို့နဲ့ ကျိုးကြောင်းဆီလျော်ချင်တယ်… မင်းက အဲ့လိုလုပ်ဖို့ အရည်အချင်း မှီလို့လား …”
“ ကျုပ် မှတ်မိသာ မှန်မယ်ဆိုရင် ရှေ့ရက်တုန်းက ခင်များတို့တွေ ဈာပနာတစ်ခုမှာ ပြဿနာ သွားရှာတဲ့အချိန် ခင်များတို့ထဲက တစ်ယောက် လင်းကျင်ကျန့်ရဲ့ ဖိအားပေးပြီး ဒူးထောက်ခိုင်းတာကို ခံလိုက်ရတယ် မလား … ကျန်တဲ့ ခင်များတို့ကလည်း ဖိနှိပ်ခံလိုက်ရပြီး ဦးညွှတ်လိုက်ရသေးတယ်… အဲ့တုန်းကတော့ ခင်များတို့တွေ ဒီလိုမျိုး မောက်မာ၀ံ့နေတာကို မမြင်မိပါဘူး …ဆိုတော့ ခင်များတို့တွေက အားနည်းသူတွေသာ အနိုင်ကျင့်ဖို့သိပြီး အားကြီးတဲ့လူတွေကိုကျ လက်အုပ်ချီတတ်ကြတဲ့ကောင်တွေပေါ့ ….”
မိသားစုကြီး ငါးခုရှိ လူများမှာ မျက်နှာ မလှကြတော့ချေ။
ဈာပနာနေ့တုန်းက ဖြစ်ခဲ့သည် ကိစ္စမှာ သူတို့တွေ ဘယ်တော့မှ အစပြန်မဖော်ချင်တော့သည့် ကိစ္စတစ်ခု ဖြစ်လေသည်။
အထူးသဖြင့် ချင်မိသားစုပင်။ သူ့မှာ လူရှေ့သူရှေ့၌ လင်းကျင်ကျန့်၏ အတင်းအကြပ် ဒူးထောက်စေခိုင်းခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။ ဤသည်က သူတို့အဖို့ ဧရာမ အရှက်ခွဲခံရမှုကြီးပင်။
“ မင်းနဲ့ ဖြုန်းဖို့ ငါတို့မှာ အချိန်မရှိဘူး ..”
ချင်ရင်လုံ အေးတိအေးစက် နှာခေါင်းရှုံ့၍ “ မင်း ဘယ်သူဆိုတာလည်း ငါ ဂရုမစိုက်ဘူး … မင်း မျက်နှာကွယ်ထားရင်တောင် ဒီလိုလှည့်ကွက်လေးက အသုံးမဝင်ဘူး … မင်းရဲ့ သွေးနဲ့ ပြန်ပေးဆပ်ရအောင် ငါတို့ လုပ်မယ်…”
“ သွေးနဲ့ ပြန်ပေးဆပ်ရမယ်ဆိုပါလား …” လင်းရီ ခပ်ထေ့ထေ့ ပြုံးလိုက်၍ “ ခင်များတို့မှာ အဲ့လိုအစွမ်းအစမျိုး ရှိတာ ကျုပ် မမြင်မိဘူး …”
“ ငါတို့ သိလို့ မင်းကို ကိုင်တွယ်ဖို့ဆိုပြီး သန်မာတဲ့လူ ခေါ်ထားတယ်.. မင်းတော့ ဒီနေ့ ကျားခံတွင်းထဲမှ တည့်ခုန်ချမိတာပဲ … မင်းခြေထောက်တွေ မကျိုးဘဲ ဒီနေ့ ကိစ္စ မပြီးစေရဘူး …”
လင်းရီ မည်သို့မျှ မတုံ့ပြန်ချေ။ သူ၏ အကြည့်က လူအုပ်ကြီးထဲသို့ ဖြတ်သန်းသွားပြီး နောက်ဆုံး၌ ကျူးကျွင်းချီနှင့် ဝေ့ရွှယ်တို့ထံ အကြည့်ရောက်သွားခဲ့သည်။
သူ အစကတည်းကရင် ဤလူနှစ်ယောက်ကို သတိပြုမိပြီး ဖြစ်သည်။ သူတို့ပုံစံက စိတ်ထဲ ရင်းနှီးနေသယောင် ဖြစ်နေသည်။ သေချာပြန်စဉ်းစားကြည့်ပြီးတော့မှ ၎င်းတို့က မည်သူတွေလဲဆိုတာကို လင်းရီ ပြန်သတိရသွားခဲ့သည်။
၎င်းတို့က အသင်း ၄ အဖွဲ့ဝင်များပင်။
ယခင် … ဂျပန်၌ မစ်ရှင် တစခု လုပ်စဉ်က လျိုဟုန်မှာ သူ၏ လုံခြုံရေးကို စိုးရိမ်ပြီး သူတို့နှစ်ယောက်ကိုပါ သူနှင့်အတူ စေလွှတ်လိုက်သည်။
အချိုးမပြေ၍လည်း စခန်းမှာကတည်းကပင် လင်းရီ၏ မာန်စွန်ချိုးခြင်းကို ခံလိုက်ရသေး၏။
တွေးကြည့်လိုက်တော့ ချင်ရင်လုံနှင့် သူ့အဖွဲ့က သူ့လက်ချက်နှင့် မှောက်ပြီးသား နှစ်ကောင်ကို အားကိုးပြီး ပုဆိန်ရိုး လုပ်ပြနေသည်မှာ တော်တော်လေးတော့ ရယ်ချင်စရာ ကောင်းလှသည်။
ဘယ်လိုရှုထောင့်ကနေပဲ ကြည့်ကြည့် ၎င်းတို့၏ တည်ရှိနေမှုကြီးက ဟာသတစ်ခုလိုပင်။
တစ်ချိန်တည်းတွင် ကျူးကျွင်ချီနှင့် ဝေ့ရွှယ်တို့က သူတို့၏ အကြည့်ကို လင်းရီထံသို့ အကဲခတ်လိုက်၏။ ထို့နောက် ကူဖန့်ကို ကြည့်ရင်း “ ဒီလူလား …”
“ အမှန်ပဲ …”
ကူဖန့် တုံ့ပြန်လိုက်ပြီး “ သူက ဒီတိုင်း ဘာ အရေးမှမပါတဲ့ လူပဲ … မင်းတို့ လှုပ်ရှားတဲ့အခါကျရင် ဘာမှထိန်းထားနေစရာမလိုဘူး … လူမသေသရွေ့ ကျန်တာ ငါတို့ ကိုင်တွယ်လိုက်မယ်…”
“ ကျုပ်တို့ ကြားချင်တာလည်း အဲ့တာပဲ ….”
နှစ်ယောက်မှာ နီးကပ်စွာ လျှောက်လာရင်း လင်းရီကို ကြည့်၍ “ ငါတို့ကိုယ်ငါတို့ မိတ်ဆက်ပေးမယ်… ငါတို့က ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၄ ကပဲ … မင်းလည်း တန်းထျန်ထဲက အတွင်းအား ထုတ်တဲ့ နည်းလမ်းကို သိမှာတော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်း ၄ က ဘာလဲ ဆိုတာ မင်းသိသင့်ပါတယ်… ဒီလိုအခြေအနေမျိုးမှာ ရုန်းကန်နေလို့ . . . . . . .”
ဝှစ် …
လင်းရီ အချိန်ဖြုန်းမနေဘဲ ကျူးကျွင်းချီကို ကန်ကျောက်လိုက်သည်။
တစ်ဖက်သူမှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ လင်းရီ၏ ကန်ချောက်ကြောင့် နောက်သို့ လွင့်သွားခဲ့ရ၏။ အနောက်တွင် ရှိနေသည့် ကူဖန့်လည်း ထိခိုက်သွားခဲ့ရလေသည်။
မင်းမြေနိုးပဲ …
လင်းရီ၏ ရုတ်ချည်းတိုက်ခိုက်လာမှုကြောင့် ကျူးကျွင်းချီမှာ ကြက်သေသေသွားသကဲ့သို့ ထိတ်လည်း ထိတ်လန့်သွားခဲ့ရသည်။ မိသားစု ငါးခုရှိ လူများလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့ကြ၏။
ကျူးကျွင်းချီဆိုသည်မှာ အသင်း ၄ က လာခဲ့သည့်လူပင်။ သူ၏ ခွန်အားနှင့် စပ်လျဉ်း၍လည်း သံသယ ဝင်နေရန် မလိုချေ။ ယခု ထိုလူက တကယ်ကြီး လွင့်ထွက်အောင် ကန်ခံလိုက်ရသည်တဲ့လော။
ငိုးပဲ …
ကျူးကျွင်းချီသည် ဦးထုပ်နှင့်လူက မပြောမဆိုနှင့် တိုက်ခိုက်လာလိမ့်မည်လို့ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူ ချက်ချင်းဆိုသလို ရှက်ရွံ့မိသွားခဲ့၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် လင်းရီထံသို့ ပြေးဝင်လာသည်။
သူတို့နှစ်ဦး နောက်ဆုံး တိုက်ခိုက်ခဲ့သည်မှာ နှစ်ဝက်အကြာကပင်။
ဤအတောအတွင်း ကျူးကျွင်းချီ အများအပြား တိုးတက်လာခဲ့သည်ကို လင်းရီ မြင်တွေ့နေရသည်။
တိလိရာ့ကျွန်းက လူများအား လေ့ကျင့်ပေးဖို့ အကောင်းဆုံး နေရာတစ်ခုဆိုသည်မှာ သိသာလေသည်။ သို့ပေမယ့်လည်း ကျူးကျွင်းချီ သို့မဟုတ် ဝေ့ရွှယ်သည် လင်းရီ၏ ပြိုင်ဘက် ဖြစ်ဖို့ ဝေးကွာနေသေး၏။
ကျူးကျွင်းချီ၏ လက်သီးက လင်းရီ၏ မျက်နှာအနားသို့ နီးကပ်လာပြီး လေဝှေ့သံများကိုပါ လင်းရီ ကြားနေရသည်။
လင်းရီ ခေါင်းကို အနည်းငယ် ငဲ့စောင်းပြီး ညာဘက်လက်ကို မြှောက်၍ ကျူးကျွင်းချီ၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။
ကျုးကျွင်းချီကလည်း တိုက်ပွဲ အတွေ့အကြုံ အများအပြား ရှိထားသည့်လူပင်။ သူချက်ချင်းပဲ စိတ်ပြောင်း၍ ခြေကန်ချက် တစ်ခုထုတ်လိုက်၏။ သို့သော် ဤသို့သော တိုက်ခိုက်မှုမျိုးက လင်းရီအတွက် အင်မတန် အားနည်းနေခဲ့သည်။
ကျူးကျွင်းချီက အသာစီးရနေသည့်တိုင် လင်းရီ ခြေထောက်နှင့် ကန်လိုက်သေး၏။
ဘန်း …
ခြေသလုံးကြွက်သား နှစ်ခုက ဆုံတွေ့သွားခဲ့ပြီး ခပ်အုပ်အုပ်အသံ တစ်ခု ထွက်ပေါ်လာခဲ့ကာ ကြည့်ရှုရုံမျှနှင့်တင် လူကို နာကျင်လာစေသည်။
လင်းရီ၏ အမူအရာမှာ မည်သို့မျှ ပြောင်းလဲမသွားခဲ့ချေ။ သို့သော် ကျူးကျွင်းချီမှာတော့ အမူအရာ မဟန်ပေ။
သူ့မှာ စတီးသံပြားကြီး တစ်ခုအား ကန်ကျောက်မိလိုက်သည့်နှယ် ခံစားသွားခဲ့ရသည်။
အရိုး ကျိုးအက်သွားခဲ့သည့် နာကျင်မှုက သည်းမခံနိုင်တော့သည့် အဆင့်သို့တိုင် ရောက်ရှိလာသည့်အခါ၌ သူ မနေနိုင်ဘဲ အော်ဟစ်မိတော့၏။
“ အားးးးးးးးး”
ကျုးကျွင်းချီ အော်ဟစ်၍ သူ့ခြေထောက်ကို ပိုက်ထားသည်။ တစ်ဖက်တည်း ခုန်ဆွခုန်ဆွ ဖြစ်နေပြီး အချိန်အတော်ကြသည်ထိတိုင်အောင် မတည်ငြိမ်နိုင်ဘဲ ဖြစ်နေသည်။
“ လောင်ကျိုး …”
ဝေ့ရွှယ် မြည်တမ်းလိုက်၏။ ယခု မတိုင်မီက သူမသည် ကျူးကျွင်းချီ ရှုံးနိမ့်သွားလိမ့်မည်လို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။
နိုင်ငံအတွင်း၌ ရှန်းလုံ အသင်းနှင့် လင်းရီကိုဖယ်ထားလိုက်မည်ဆိုပါက ကျုံးဝေ့ တပ်ဖွဲ့၏ အသင်း ၄ သည် ခွန်အားအရာ၌ တကယ့်ကို အထိတ်အထိပ်ဖြစ်သည့် လူစားမျိုးတို့နှင့် ဖွဲ့စည်းထားသည်ဟု ပြော၍ရသည်။
ယခုလို ရလဒ်မျိုး ဖြစ်ပေါ်လာလိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့မိတာတော့ အမှန်ပင်။
“ ငါ အဆင်ပြေတယ်… သူ့ကိုသွားပြီး ကြည့်ရှင်းလိုက် …”
ဝေ့ရွှယ် ခေါင်းညိမ့်လိုက်ပြီး လင်းရီထံသို့ တန်းမတ်စွာ ပြေးလာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ လင်းရီ လုံးဝ သက်ညှာမပေးတော့ချေ။
ဝေ့ရွှယ် သူ့အနားသို့ ရောက်လာသည်နှင့် လင်းရီ သူမ၏ မျက်နှာကို ထောင့်ကျကျမှ ဖြတ်ရိုက်ပစ်လိုက်၏။
ထို့နောက် ခြေကန်ချက် တစ်ခုက တွဲလျက် လိုက်ပါလာပြီး နောက်သို့ လွင့်ထွက်သွားစေကာ ကျိုးကျွင်းချီထက်ပင် ဆိုးရွားသည့် အခြေအနေသို့ ကျရောက်သွားခဲ့တော့သည်။
မိန်းကလေးမို့ ညင်ညင်သာသာလေး လုပ်ပေးမယ် ထင်လား …
မထင်လိုက်နဲ့ …
နှစ်ယောက်လုံး အမှောက်သိပ်ခံလိုက်ရသည်ကို မြင်တော့ မိသားစုကြီး ငါးခုရှိ လူတို့မှာ မျက်နှာအမူအရာများ မကောင်းကြတော့ချေ။
သူတို့ အားကိုးထားသည့် အသင်း ၄ ၏ အဖွဲ့ဝင် နှစ်ယောက်မှာ ဤသို့ လွယ်လင့်တကူ အနိုင်ယူခံရလိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားပါချေ။
“ မင်း … မင်း ဘယ်သူလဲ … မင်းလည်း ကျုံးဝေ့တပ်ဖွဲ့ကပဲလား …”
ကျူးကျွင်းချီသည် ကြမ်းပြင်မှ ကုန်းရုန်းထပြီး သွားကို တင်းတင်းကြိတ်လျက် မေးလိုက်သည်။
“ ဒီမေးခွန်းရဲ့ အဖြေကို မင်းသိဖို့ မလိုဘူး …” လင်းရီပြောလိုက်ပြီး “ မင်းရဲ့ အကြီးဆုံးအမှားက ဒီကိစ္စထဲ ဝင်ပါမိတာပဲ …”
ကျူးကျွင်းချီ၏ မျက်နှာမှာ မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ သို့ပေမယ့်လည်း သူ ပြန်ခံ မပြောဝံ့ခဲ့ချေ။
သူ့ဘက်က ရှုံးနိမ့်ပြီးဖြစ်၏။ ရှုံးနိမ့်သူက ရှုံးနိမ့်သူအလျောက် အခြားအရာများအား ပြောဆိုခွင့် မရှိပေ။
“ လူတွေ ထပ်ရှာလိုက်ဦးလေ … ခင်များတို့တွေ ဘယ်သူ့ကို ရှာနိုင်ဦးမလဲ ကျုပ်ကြည့်စမ်းဦးမယ်…”
မသိစိတ်အလျောက် မိသားစုကြီးငါးခုရှိ လူများမှာ အလိုအလျောက် နောက်သို့ ဆုတ်ကုန်ကြ၏။
“ ငါပြောမယ်… မင်း မဆင်မခြင် လျှောက်လုပ်ဖို့ မကြိုးစားနဲ့ … မင်းငါတို့ကို ထိဝံ့ရင် မင်းအတွက်လည်း မကောင်းစေရဘူး …”
“ အဲ့လိုလား … ဒါဆို ထိကြည့်ရင် ဘယ်လိုဖြစ်မလဲ ကျုပ် သိချင်မိသွားပြီ …”
ပြောရင်းဖြင့် လင်းရီ လက်မြှောက်၍ ကျောက်ဟော်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ အိုး … ကျုပ် လက်ချော်ပြီး ရိုက်လိုက်မိပြီ .... ဘယ်လိုလုပ်မလဲ …”
“ ဘာလဲ … မကျေနပ်ဘူးလား …”
လင်းရီ ထပ်ပြီး ပိတ်ကန်လိုက်၏။ ကျောက်ဟော်မှာ နောက်သို့ လွင့်ထွက်သွားခဲ့ပြီး ခေါင်းမှာ ဘေးရှိ ပြတင်းပေါက်ဘောင်နှင့် သွားရိုက်မိလေသည်။
“ အဖေ ….”
ကျောက်မို ခံပြင်းဒေါသ ဖြစ်မိသွား၏။ သူ ကုတင်ပေါ်က ဆင်းပြီး လင်းရီကို ရိုက်နှက်ချင်နေပါသော်လည်း ခြေထောက်က ကျောက်ပတ်တီး စည်းထားရ၍ စိတ်သွားတိုင်း ကိုယ်ပါဖို့က မဖြစ်နိုင်ချေ။
ကျောက်ဟော်မှာ ဘာစကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ကြမ်းပြင်တွင် လဲလျောင်းနေလျက် ရှိ၏။ သူ၏ ကိုယ်မှာ လင်းရီ၏ ရိုက်နှက်ခြင်းကို ခံထားရ၍ အပြင်းအထန် တုန်ခါနေသည်။
ယခု အချိန်မှသာ လင်းရီသည် သူ့ အဖေ စီစဉ်ပေးသွားခဲ့သည့် သေလူဟူသည့် အထောက်အထားက မည်မျှ ကောင်းသလဲဆိုတာကို သတိပြုမိလိုက်တော့သည်။
သူ မနှစ်သက်သည့် လူတိုင်းကို စိတ်ရှိသလို ပြုမူနိုင်သည်။
မည်သို့ပင်ဆိုစေ သူက သေလူဖြစ်၏။ သူ့အပေါ် သံသယဝင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
လင်းရီ တစ်ဖက်သို့လှည့်ပြီး ကျန်လေးယောက်ကို ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူတို့ လင်းရီကို ပြန်ကြည့်သည့် အကြည့်တို့က ယခင်ကနှင့် မတူညီတော့ဘဲ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
သူက ကျောက်ဟော်ကိုတောင် ရိုက်နှက်ဝံ့တယ်ဆိုတော့ … တခြားသူတွေဆိုရင် ပြောမနေနဲ့တော့ပေါ့ …
“ စိတ်အေးအေးထား … ကိစ္စတွေကို ကောင်းကောင်းပြောပြီး ဖြေရှင်းလို့ရတယ်…”
“ ကောင်းကောင်းပြောပြီး ဟုတ်လား …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ကို အစကတည်းကရင် ခင်များတို့တွေနဲ့ ရန်သူဖြစ်ချင်နေတယ်လို့ ထင်လား … ဒီကောင်တွေသာ လာပြီး ပြဿနာ မရှာခဲ့ရင် ကျုပ်ကရော ဒီနေ့ ဒီကို လာခဲ့ဖြစ်လိမ့်မယ်လို့ ထင်သလား …”