← Chapters

ငါ့ချစ်ခြင်းရဲ့ သက်သေ

Vol. 124 Ch. 1847

ငါ့ချစ်ခြင်းရဲ့ သက်သေ

Vol. 124 Ch. 1847

တစ်လှမ်းချင်း တစ်လှမ်း … လင်းရီသည် ချင်ရင်လုံနှင့် ကျန်သူများထံ လျှောက်လှမ်းလာခဲ့ပြီး ၎င်းတို့ လေးယောက်အား ထောင့်တစ်ခုသို့ အတင်းရောက်ရှိသွားစေသည်။

“ မင်း လျှောက်လုပ်လို့ ဝပြီလား … ဒါက ဆေးရုံကွ … မင်း ပရမ်းပတာတွေ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး … မင်း ငါတို့ကို ထိပါးဝံ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားကြည့်စမ်း… “

စစချင်းတုန်းကတော့ သူတို့ လေးယောက်မှာ စိတ်ထဲ အနည်းငယ် သတိထားရုံမျှသာ ရှိသေးသည်။ သို့သော် ယခုအချိန်တွင်တော့ သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်နေမိကြပြီ ဖြစ်၏။

ဤလူက အမှန်တကယ် ရဲတင်းလှပြီး ဘာမဆိုလုပ်ဝံ့သည့် လူစားမျိုးပင်။

“ ကျုပ်သာ အဲ့ဒီ အကျိုးဆက်ဆိုတာကြီးကို ကြောက်နေမယ်ဆိုရင် ဒီနေ့ ဒီနေရာကို လာခဲ့ဦးမယ် ထင်လား …”

ထိုအချိန်မှာပဲ ဆေးရုံ၏ လုံခြုံရေး ဝန်ထမ်းများက ဘတ်တံများ ကိုင်လျက် အခန်းထဲ ပြေးဝင်လာပြီး လင်းရီကို ဝိုင်းထားလိုက်ကြသည်။

“ ဟေ့ကောင် ... မင်း ဘယ်ကလဲ … ဒါ ဆေးရုံ … မင်း ထင်ရာစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး … အခုချက်ချင်း မြန်မြန် ဒီနေရာက ထွက်သွားတော့ … မဟုတ်ရင် ငါတို့ ရဲခေါ်ရလိမ့်မယ်…”

လင်းရီ မျက်ခုံးပင့်၍ လုံခြုံရေး ဝန်ထမ်းများကို ကြည့်လိုက်သည်။ “ ဒီကိစ္စ မင်းတို့နဲ့ မဆိုင်ဘူး … တစ်လရတဲ့ ငွေနည်းနည်းလေးနဲ့ မင်းတို့ အသက်တစ်ချောင်းကို ဒီလိုမျိုး လွင့်ပစ်စရာ မလိုဘူး … မင်းတို့လစာက ဆေးဖိုးပေးဖို့တောင် လောက်ငှမှာ မဟုတ်တဲ့ဟာ ထွက်သွားစမ်း …”

လင်းရီ အေးစက်စွာ ဟိန်းဟောက်လိုက်ပြီး လူသတ်လိုသည့် အရှိန်အဝါတို့က လုံခြုံရေး ဝန်ထမ်း လေးယောက်လုံးကို တုန်ခါသွားစေခဲ့သည်။

သူတို့တွေက မိမိတစ်ကိုယ်ရေ လုံခြုံရေးကို ဦးစားပေးနေခြင်း မဟုတ်သော်လည်း ထိုလူ၏ မျက်လုံးကနေ ထုတ်လွှတ်နေသည့် အရှိန်အဝါတို့ကတော့ အမှန်ပင် စိုးထိတ်ဖို့ ကောင်းလွန်းနေသည်။

ဖြောင်း …

လုံခြုံရေး ဝန်ထမ်းများနှင့် လင်းရီ လေကုန်ခံမနေဘဲ လက်ပင့်မြှောက်၍ ချင်ရင်လုံကို မျက်နှာဖြတ်ရိုက်လိုက်သည်။

ချင်ရင်လုံမှာ ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး စကားတစ်ခွန်းပင် အသံထွက်ဝံ့မနေချေ။

ကျန်သုံးယောက်လည်း သာ၍ ထူးခြားမသွားဘဲ တစ်ယောက်တစ်ချက် မျက်နှာဖြတ်ရိုက်ခံလိုက်ရ၏။ သူတို့အားလုံး၏ စိတ်ထဲတွင် အလွန်အမင်း ရှက်ရွံ့ အရှက်ခွဲခံရသည့် စိတ်က ကြီးစိုးနေသည်။ ယခုလိုမျိုး ပြုမူဆက်ဆံခံရသည့် နေ့တစ်နေ့ ရှိလာလိမ့်ဦးမည်လို့ သူတို့တွေ စိတ်ကူးထဲ၌ပင် မတွေးခဲ့မိကြချေ။

“ တစ်ချို့အရာတွေကို ခင်များတို့တွေ နားလည်ဖို့လိုတယ်…” လင်းရီ၏ လေသံက ရေခဲတမျှ အေးစက်နေပြီး “ ခင်များတို့ကိုယ် ခင်များတို့ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းလှပြီ ထင်မနေနဲ့ … ဒီလိုမျိုး ထပ်ဖြစ်လာရင် ကိုယ့်ဈာပနာပါ တစ်ခါတည်း ပြင်ထားလိုက်တော့ … ဝမ်ထင်ရှန်းတောင် သေသွားခဲ့သေးတာ ခင်များတို့ရော ဘယ်လောက်ကြာကြာနေနိုင်မယ် ထင်လဲ …”

ရှိသမျှလူအားလုံး ကြက်သီးဖြန်းသွားခဲ့ကြ၏။ ဝမ်ထင်ရှန်း၏ သေဆုံးမှုက သူတို့စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုကို ရိုက်သွင်းပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

လင်းရီ ပြောသွားခဲ့သည့်အတိုင်း … ဝမ်ထင်ရှန်းသည်ပင် အသတ်ခံလိုက်ရလေရာ တခြား မဖြစ်နိုင်သည့်အရာက မည်သည့်အရာများ ရှိနိုင်ပါဦးမည်နည်း။

“ ကျုပ် မတိုင်ခင်တုန်းက ရှင်းအောင် ပြောခဲ့ပြီးပြီ … ခင်များတို့တွေကို ပြည်ထောင်စုဆေးရုံ လာဖို့ ခွင့်မပြုထားဘူး … ခင်များတို့သားတွေ ဘယ်လိုအခြေအနေရောက်လို့ ဘယ်လိုတွေ ကုသနေရလဲ ကျုပ် စိတ်မဝင်စားဘူး … ဆယ်မိနစ် ….. ဆယ်မိနစ် အတွင်း ခင်များတို့ တစ်ယောက်မှကို ကျုပ် ဒီမှာ မမြင်ချင်ဘူး … လျစ်လျူရှုနေဦးမယ်ဆိုရင်တော့ အကျိုးဆက်တွေအတွက် ပြင်ဆင်ထားပေါ့ … ကျုပ် နောက်တစ်ကြိမ် ထပ်ပြီး သတိပေးနေမှာ မဟုတ်ဘူး …”

“ ဒါပေမယ့် ငါ့သားက ခွဲစိတ်နေတုန်းလေ … ဆယ်မိနစ် အတွင်းက . . . . . . . “

လင်းရီ ဘာမျှ မဆိုဘဲ ဘေးရှိ ရေနွေးပုလင်းကို ကူဖန့်ထံ ကောက်ပေါက်လိုက်သည်။

“ ကျုပ် သတိပေးခဲ့တာကို စောက်ကျိုးနည်း ခင်များတို့က ဒီလာပြီး ဆေးရုံတင်တယ်… စောက်ဂရုမစိုက်ဘူး … ဆယ်မိနစ်ပဲ အချိန်ပေးမယ်…”

ပူလောင်‌နေသည့် ရေနွေးတို့က ကူဖန့်ကို ပင်းအပ်များပေါ်၌ တက်ထိုင်မိသွားသကဲ့သို့ ဂနာမငြိမ် ဖြစ်သွားစေခဲ့ပြီး စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။ သူ အဝတ်များကို လျင်မြန်စွာ ချွတ်ပစ်၍ အသားလောင်သွားမှာကို ကြောက်ရွံ့နေသည်။

“ ဆယ်မိနစ် အတွင်း ဒီဆေးရုံကနေ ထွက်သွားမလား တစ်ခုခုရွေး …”

“ အေးပါ အေးပါ … ငါတို့ ကျိန်းသေပေါက် ဆယ်မိနစ် အတွင်း ထွက်သွားပေးပါ့မယ်ကွာ …”

မိသားစုကြီး ငါးခုလုံးက သဘောတူညီစွာဖြင့် ထပ်ခါတလဲလဲ ခေါင်းညိမ့်ပြလိုက်ကြသည်။ လင်းရီကို စကားတစ်ခွန်းလေးပင် ပြန်ခံ မပြောဝံ့ကြတော့ချေ။

မိသားစုကြီး ငါးခုကို ကိုင်တွယ် ဖြေရှင်းပြီးနောက် လင်းရီ နောက်သို့လှည့်ကာ အခန်းထဲက ပြန်ထွက်လာခဲ့သည်။

ထို့နောက် ဓာတ်လှေကားဖြင့် ၂၂ လွှာသို့ ပြန်တက်လာလေသည်။

အရေးပေါ်ကုသခန်းထဲကို ရောက်တော့ ချောင်ရှင်း မတ်တပ်ရပ်လိုက်ပြီး “ အစ်ကိုရီ … အားလုံးဖြေရှင်းပြီးသွားပြီလား … သူတို့တွေ ထပ်မလာတော့ဘူးမလား …”

လင်းရီ နွေးထွေးစွာ ပြုံးလျက် ခေါင်းညိမ့်ပြလိုက်၏။ “ မပူနဲ့တော့ … အဆင်ပြေသွားပြီ … သူတို့ အသက်မရှင်ချင်တော့သရွေ့တော့ လာမှာ မဟုတ်တော့ဘူး …”

လင်းရီ၏ စကားကိုကြားတော့‌ ချောင်ရှင်းမှာ အများအပြား စိတ်သက်သာ ရသွားခဲ့သည်။

အစ်မလီရဲ့ အခြေအနေက ဆက်တိုက်တိုးတက်နေပြီး ပြန်လည် သတိရလာဖို့ဆိုသည်က အချိန်တစ်ခုမျှသာ ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ လာနှောင့်ယှက်သည်ကို ချောင်ရှင်း မဖြစ်စေလိုပေ။

လီချူးဟန်ဘေးတွင် ဝင်ထိုင်လိုက်ရင်း လင်းရီ သူမ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားကာ မလွှတ်ချရက် ဖြစ်နေသည်။

“ အစ်ကိုရီ … ရှင်ခဏလောက် သွားနားလိုက်ဦးလေ… ညီမ ဒီမှာ ကြည့်ထားပေးလိုက်မယ်… အဆင်ပြေမှာပါ …” ချောင်ရှင်း ပြောလိုက်သည်။

“ နောက်မှပြောကြတာပေါ့ … ငါ မရတော့ဘူးထင်တဲ့အခါကျ ခဏလောက် သွားလဲလိုက်မယ်… အခုတော့ ငါ သူ့ကို နည်းနည်း ပိုပြီး အဖော်ပြုပေးချင်သေးတယ်…”

လင်းရီအဖို့ …. ဤသည်က ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရရှိလာသည့် ပျော်ရွှင်မှုတစ်ခုပင်။ ချောင်ရှင်းကဲ့သို့သော တစ်စုံတစ်ယောက်က ဆုံးရှုံးပြီးသည့်နောက် ပြန်လည်ရရှိလာသည့် ခံစားချက်ကို ထဲထဲဝင်ဝင် ခံစားနားလည်ပေးနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

ညဉ့်နက် အချိန်အခါ၌ ဧရာမ မြို့ပြကြီး တစ်ခုဖြစ်သည့် ရန်ကျင်းမြို့သည်ပင် တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။

အသံတစ်သံသော်မျှ ကြားနေရခြင်း မရှိ။ အရေးပေါ် ဆေးကုခန်းမှာလည်း ပုံမှန်မဟုတ် တိတ်ဆိတ်ငြိမ်သက်နေပြီး ချောင်ရှင်း၏ တိုးညှင်းသည့် ဟောက်သံသဲ့သဲ့ကိုသာလျှင် ကြားနေရသည်။

လင်းရီ သူ့လက်ကို လီချူးဟန်၏ ကုတင်ဘေးတွင် တင်ထားရင်း …

သူ အိပ်ပျော်နေသည်မှာ နာရီဝက်ရှိသွားခဲ့လေပြီ။ ကောင်းကောင်း အနားမရခဲ့သည့် နေ့တို့က ရက်ဆက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်၏ အကန့်အသတ်သို့ပင် ရောက်ရှိသွားခဲ့သည်။ စိတ်နှင့်ကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည်ပျိုးထောင်ရန် အကောင်းဆုံးသောနည်းလမ်းက အိပ်စက်ခြင်းပင်။

နေ့အတွေး ၊ ညအိပ်မက်ဆိုသည့် စကားအတိုင်း….

အိပ်မောကျနေသည့် လင်းရီသည် အရာများစွာကို အိပ်မက်မက်နေလျက် ရှိ၏။

သူနှင့် ချောင်ရှင်းတို့ ဟွာရှန်းဆေးရုံသို့ ရောက်ရှိကြောင်း အစီရင်ခံသည့် အချိန်၌ သူမက ဝန်ထမ်းရေးရာ ဌာနသို့ ရောက်လာပြီး သူတို့နှစ်ယောက်လုံးကို နှလုံးခွဲစိတ်ဌာနသို့‌ ခေါ်ဆောင်လာခဲ့ပေးသည်။

ထို့နောက် … အားလုံးကို အတိုက်အခံ ပြုလုပ်၍ ရန်ကွမ်းရှကို ခွဲစိတ်ရန်အတွက် သူ့အား ခွင့်ပြုပေးခဲ့သည်။

၎င်းနောက် သူတို့နှစ်ဦး ပေချောင်မြို့သို့ အလုပ်ခရီး အတူထွက်ကြသည်။ ပင်လယ်သို့ ခရီး အတူသွားခဲ့ကြသည်။ အတူတူပူးပေါင်း၍ မရေမတွက်နိုင်သည့် ခွဲစိတ်မှုများအား ဆောင်ရွက်ခဲ့ကြသည်။

အစမှ အဆုံးထိတိုင်အောင် လီချူးဟန်သည် အမြဲတမ်း စောဒကတက်ခြင်းအလျဉ်းမရှိဘဲ အလုပ်ကြိုးစားခဲ့ကာ အလွန်အမင်း ညင်သာသိမ်မွေ့ခဲ့၏။

သို့ပေမယ့် နက်နက်ရှိုင်းရှိုင်းတွင်တော့ သူမက အင်မတန် ခေါင်းမာသည့် လူစားမျိုးပင်။ သူမ စိတ်ပိုင်းဖြတ်ထားသည့် အရာတစ်ချို့၌ မိမိဘက်က လုံလောက်သည့် သက်သေသက်ကာယတို့ဖြင့် သူမကို မဖြောင်းဖျနိုင်ဘူးဆိုပါက သူမ၏ ယုံကြည်ချက်ကိုသာ စွဲမြဲစွာ ဆက်လက် ဆုပ်ကိုင်ထားပေလိမ့်မည်။

လင်းရီ ဤအကြောင်းအရာများအား တွေးမိလေလေ ၊ ပိုပြီး နေမထိထိုင်မသာ ဖြစ်လာလေလေပင်။ သူနှင့် သိခဲ့သည့် တစ်လျှောက်လုံး၌ လီချူးဟန်သည် ဘယ်တော့မှ ယှဉ်ပြိုင်ခြင်း မရှိသကဲ့သို့ တိုက်ခိုက်ရယူခြင်းမျိုးလည်း မရှိခဲ့ပေ။ ရာထူးအတွက်ပင်ဖြစ်စေ၊ သို့မဟုတ် တစ်ခုခု အတွက်ပဲ ဖြစ်စေ။ သူမက သာယာအေးချမ်းသည့် ပတ်ဝန်းကျင်လေး တစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။ ထိုအရာသည်ကား … သူမအဖို့ လက်ဇရီဆန်သည့် ဘဝတစ်ခုဖြစ်၏။

သူမ၏ ဘဝထဲတွင် ဆေးဂျာနယ်များ ဖတ်ရှုခြင်းနှင့် ကားပြိုင်ခြင်းဟူသည့် ဝါသနာ နှစ်ခုသာလျှင် ရှိသည်။

မရေမတွက်နိုင်သည့် ဆေးစာရွက်တို့က ဤကမ္ဘာရှိ သူမ၏ ကိုယ်ပိုင် value တစ်ခု ဖြစ်၏။ ထို့ပြင် မီးလျှံကဲ့သို့ ရဲရဲတောက် အနီရောင် Type-R က ဤကမ္ဘာကြီးထဲမှ လွတ်မြောက်စေသည့် ကိရိယာတစ်ခုဖြစ်သည်။

ပြေးလမ်းထက်တွင် အရှိန်ပြင်းပြင်းဖြင့် ကားမောင်းရင်း … ကံကြမ္မာအလှည့်အပြောင်းတို့အား ချိုးကွေ့ပစ်မည်။ ဝမ်းနည်းမှုတို့အား ခါချထားရစ်ခဲ့မည်။

အိပ်မောကျနေရင်းဖြင့် လင်းရီ မျက်ရည်တို့ အလိုလို စီးကျလာခဲ့မိသည်။

သူ …. သူမကို စကားတစ်ခွန်းမပြောဘဲ ထွက်သွားခဲ့သည့် အိပ်မက်ကို သူ မက်နေခဲ့၏။ သူမ ဘယ်လောက်ပဲ အော်ခေါ်နေပါစေ သူက မကြားသယောင်သာ ပြုမူနေသည်။ သူမ၏ အကြည့်တို့က သူ့ထံပါး၌သာ စွဲစွဲမြဲမြဲ ရှိနေခဲ့၏။ ပြီးနောက် သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကလည်း ဖြည်းဖြည်းချင်း ဝေးသည်ထက် ဝေးကွာလာခဲ့တော့သည်။

သူမ သူ့နောက်သို့ ပြေးလိုက်ချင်သည်။ သို့သော် ခြေတစ်စုံက သံကြိုးခတ်ခံထားရဟန်တူသည်။ သူမ သူ့အနားသို့ ချဉ်းကပ်လာချင်သည်။ သို့သော် လှမ်းနေသည့် အကွာအဝေးက တိုင်းတာမရနိုင်အောင် ဖြစ်နေခဲ့သည်။

သူမ အသံတို့ ပြာငင်သည်အထိ အော်ဟစ်နေစေကာမူ အသုံးမဝင်ပေ။

အဆိုပါ ကူကယ်ရာမဲ့သည့် အိပ်မက်ထဲ၌ မျက်ရည်မြစ်တစ်စင်း ဖြစ်လာသည်ထိအောင် သူမ ငိုကြွေးနေခဲ့မိသည်။

သို့သော် .. မျှော်လင့်ချက်တို့ ပျက်သုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အဆိုပါ အိပ်မက်အတွင်း ရုတ်တရက်ဆိုသလို လင်းရီသည် နူးညံ့သည့် လက်ချောင်းတို့က သူ့မျက်နှာအား လာရောက်ထိတွေ့မှုကို ခံစားမိလိုက်သည်။

အဆိုပါ ထိတွေ့မှုက ညင်သာသည်။ သို့ပေမယ့် စစ်မှန်၏။

စစ်မှန်လွန်း၍ အိပ်မက်နှင့်ပင် မတူညီခဲ့ချေ။

လင်းရီ ချက်ချင်း လန့်နိုးလာခဲ့ပြီး အဆိုပါ ညင်သာသည့် ထိတွေ့မှုကလည်း ပျောက်ကွယ်သွားခဲ့သည်ကို သတိပြုမိလိုက်သည်။

ယင်းအစား အနည်းငယ် အေးစက်စက် ဖြစ်နေခဲ့လေသည်။

ထိုအချိန်မှာပဲ သူ ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းတို့က မျက်ရည်တို့ဖြင့် ပြည့်နှက်နေခဲ့၏။

လီချူးဟန်က သူ့ကို ညင်သာသိမ်မွေ့မှုတို့ ပြည့်လျှံနေသော အကြည့်မျက်ဝန်းတို့ဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

သူမ၏ မျက်နှာက ဖြူလျော်နေသော်ငြား မျက်ဝန်းတို့က ချစ်ခြင်း မေတ္တာတို့ဖြင့် ပြည့်နှက်နေခဲ့ကာ သူမ၏ မျက်လုံးထောင့်စွန်းကနေ ကြည်လင်သည့် မျက်ရည်နှစ်စက်က စီးကျလာခဲ့၏။

သူမက တစ်စုံတစ်ရာကို ပြောချင်နေဟန် တူသည်။ ကြည့်ရသည်မှာ သူမတွင် ပြောချင်နေသည့် စကားလုံးတို့က ထောင်သောင်းမက ရှိနေပုံရသော်လည်း အားနည်းလွန်း၍ စကားလုံးတို့က လျှာဖျား၌သာ တစ်စို့နေခဲ့လေသည်။

သို့တိုင်အောင် သူမ ပြင်းထန်စွာ စတင်ငိုကြွေးခဲ့၏။ သူမ၏ စိတ်ခံစားချက်တို့ကို မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။ သူနှင့် ပြန်တွေ့ခွင့်ရတဲ့အတွက် သူမ သိပ်ဝမ်းသာသည်။

လင်းရီလည်း သူမ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ့ စိတ်ခံစားချက်တို့အား မည်သို့ ဖော်ညွှန်းရမှန်း မသိ ဖြစ်နေခဲ့၏။

ဒါမှမဟုတ် …

ဖြစ်ကောင်းဖြစ်နိုင်သည်က ယခုအချိန်တွင် သူ ဘာမျှ ပြောဖို့ မလိုအပ်သည်လည်း ဖြစ်နိုင်သည်။ စီးကျနေသည့် မျက်ရည်တို့က သူပြောချင်နေသည့် စကားလုံးပေါင်း သောင်းနှင့်ချီကို ကိုယ်စားပြုပေးလိမ့်မည်။

ဤသည်က သူ၏ ချစ်ခြင်းမေတ္တာအတွက် အကောင်းဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး သူမကို လက်လွတ်ဆုံးရှုံးခွင့် မပေးနိုင်သည့် အကောင်းဆုံးသော သက်သေပြချက်တစ်ခုပင်။

All Chapters